သားကြီးမောင်ဇေယျ - သမဂ္ဂ အိပ်မက်



သားကြီးမောင်ဇေယျ - သမဂ္ဂ အိပ်မက်
(မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂၀၁၇


အဓိပတိလမ်းဖက်ကို ချိုးကွေ့လိုက်တော့ ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို ဘွားကနဲ့ တွေ့လိုက်ပါတယ်။

တကယ်တော့ ၁၉၇၂ ခုနှစ် ကျွန်တော် တက္ကသိုလ်ရောက်ခါစ မန္တလေးဆောင်ပေါ်က လှမ်းမြင်နေရတဲ့ မြေကွက်လပ်နေရာပါ။ အဲဒီတုန်းက မန္တလေးဆောင်ပေါ်ကနေလှမ်းကြည့် လိုက်တိုင်း ခြုံနွယ်ပိတ်ပေါင်းတွေဖုံးနေတဲ့ နေတဲ့နေရာ။ အဲဒီနေရာက ရေညှိတွေတက်နေတဲ့ အထီးကျန် ကျောက်တိုင်ပုပုလေး ကလေး ကို ငေးရင်း အတွေးတွေ ပျံလွင့်နေခဲ့ရ။ 

ဟိုးရှေးရှေးတုန်းက ဒီနေရာမှာ ကျောင်းသားသမဂ္ဂ ဆိုတာရှိသတဲ့။ အဲဒီကျောင်းသားသမဂ္ဂ မှာ မြန်မာ့လွတ်လပ်ရေးကိုတိုက်ပွဲဝင် ကျောင်းသားတွေကို မွေးထုတ်ပေးတာပေါ့။ ဟို မှာ အထီကျန် ရပ်ခံ နေတဲ့ ကျောက်တိုင်ပုပု ကလေးကတော့ ကိုလိုနီနယ်ချဲ့ရဲ့ လက်ချက်နဲ့ ကျဆုံးသွားတဲ့ ဗိုလ်အောင်ကျော် ဆိုတဲ့ကျောင်းသားလေး တစ်ယောက်ကို ဂုဏ်ပြု စိုက်ထူထား တာလေ။ ခုတော့ . . . . ခြုံနွယ်ပိတ်ပေါင်းတွေ၊ အဲဒီခြုံနွယ်တွေ အောက်မှာ လဲလျှောင်နေတဲ့ အုပ်တိုင်တချို့။ ...

ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို ၀ါကျံကျံစာအုပ်အဟောင်းတွေထဲမှာ ဝေေ၀၀ါးဝါးတွေ့ခဲ့ရတဲ့အခါ ရင်တွေခုန်ခဲ့ရ။ ကျောင်းသားတစ်ယောက်နဲ့တစ်ယောက် တိုးတိုးတိတ်တိတ် လက်ဆင့်ကမ်းခဲ့ရ။ တိတ်တခိုး သက်ပြင်းချခဲ့ရ။

၁၉၇၅ ဦးသန့်အရေးအခင်းမှာ ဦးသန့်ရုပ်ကလပ်ကို ဒီနေရာမှာ မြုပ်နှံဖို့ ကြိုးစားရင်း ကျောင်းသားသမဂ္ဂ ပြန်လည်တည်ဆောင်ဖို့ အားထုတ်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် အဓိပတိလမ်းတလျှောက် က ကျောင်းသားသမဂ္ဂ ပြန်လည်တည်ဆောက်ရေး ကြွေးကြော်သံဟာ သံတိုင်တွေနောက်ကွယ်ကိုရောက်ခဲ့ပြီး ထောင်နံရံတွေမှာသာ ပဲတင်ထပ်စေခဲ့တာပါ။
အဲဒီတုန်းက ထောင်တွေထဲမှာ အော်သံဟစ်သံ တောက်ခေါက်သံတွေနဲ့အတူ *မော်တော်ဆိုင်ကယ်စီး၊ *လေယာဉ်ပျံစီး ခဲ့ရ။ သံချောင်းခေါက်လို့ အိပ်ချိန် လို့ အော်လိုက်တဲ့ အသံဗြဲကြီးကိုလစ်လျှူရှုရင်း ကျောင်သားသမဂ္ဂ ဘယ်လို ပြန်ဆောက်မလဲ ဆိုတာကို ၀ိုင်းဖွဲ့ တိုင်ပင်ခဲ့ကြ၊ စိတ်ကူးတွေယဉ်ခဲ့ကြ။ အိပ်မက်တွေ မက်ခဲ့ရ။ ခုတော့ ကျောင်းသားသမဂ္ဂကြီးကို စာအုပ်ဟောင်းတွေ၊ ဓါတ်ပုံဟောင်းတွေ ထဲက အတိုင်းတွေ့လိုက်ရပြီ။
‘ခင်ဗျား လာမယ်ဆိုလို့ ကျုပ်စောင့်နေတာ’
မျက်လုံးမှေးမှေး အသားညိုညို ချင်းလူမျိုး ဗိသုကာကျောင်းသား ဟောင်း ကိပ်ခိုလျှန် က ဂိတ်ဝက အုပ်ခုံကလေးပေါ်ကထလာရင်း ကျွန်တော့်ကိုစီးကြိုလိုက်ပါတယ်။
ကျွန်တော်တို့ ဂိတ်ဝကနေ သမဂ္ဂ အဆောက်အဦကလှမ်းကြည့်ရင်း
‘ အရင်တုန်းက အဆောက်အဦ အတိုင်းပဲနော်’
ကျွန်တော် တအံတသြ ငေးရင်းပြောမိပါတယ်။
ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အဆောက်အဦဟာ ၁၉၂၇ ခုနှစ်က သူဋ္ဌေးကြီးဦးညိုရဲ့ ဆောက်လုပ်လှူဒါန်းမှုနဲ့ ပေါ်ပေါက်လာတာပါ။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်စစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ တွေရဲ့ ဖြစ်ဖျားခံရာ ဖြစ်ပါတယ်။ ဒီသမိုင်းတွေကို သိတဲ့ ကိပ် ကတော့ သူ့မျက်ပေါက်ကျဉ်းကျဉ်းကလေး ပိတ်သွားတဲ့အထိ ပြုံးပြုံးကြီးကြည့်ရင်း
‘ကျွန်တော့်အမြင်ကတော့ ဒီလို အမှတ်တရ အဆောက်အဦတွေ ပြန်လည်တည်ဆောက်တဲ့အခါ ရှေးဟောင်းလက်ရာတွေ၊ သမိုင်းဆိုင်ရာ အချက်အလက်တွေ၊ ခံစားချက်တွေကို ပြန်လည်သတိရဖို့ တင်မကပါဘူး သခဏ်းစာယူဖို့လည်းလိုတယ်၊ ခေတ်မီဖို့ လည်းလိုတယ်လေ အဲဒီ မတူညီတဲ့ အချက်တွေ ရဲ့ ပဋိပက္ခ တွေကို တပြိုင်ထဲဖြေရှင်း ရတာ ကျွန်တော် စိတ်ဝင်စားတယ်’
သူ့စကားကိုနားထောင်ရင်း ကျွန်တော် ကျောင်းသားသမဂ္ဂ ၀န်းထဲကို ၀င်လိုက်ပါတယ်။ ခြေလှမ်း သုံးလေးလှမ်း လောက် လှမ်းလိုက်တော့ ဗိုလ်အောင်ကျော် ကျောက်တိုင်ကို ဦးတိုက်မိပါတယ်။ ကျောက်တိုင်ပုကလေးဟာ ရေညှိတွေ အလိမ်းလိမ်း နဲ့ ဗိုလ်အောင်ကျော် လို့ရေးထိုးထားတဲ့ စာတမ်းဟာလည်း ဆေးရောင်တွေ မှိန်မပျပျနဲ့ပါ။ ဒါပေမယ့် ကျောက်သားမှာ ထွင်းထာတာမို့ ဖတ်လို့ကောင်းကောင်း ရပါသေးတယ်။
‘ဒီကျောက်တိုင်ကို အခုလို အဟောင်းအတိုင်းထားတာ လောကဓံကို ကြံကြံခံနိုင်တယ်ဆိုတဲ့အကြောင်းပြောပြချင်လို့ပါ။ ကျောက်တိုင်ပုံစံကလည်း လေးထောင့် စပ်စပ်မို့ ခိုင်မာတယ် တည်ကြည်တယ် ဆိုတာကို ပြဆိုပြီးသားလေ’
ကိပ်က ကျွန်တော့်ကို ရှင်းပြပါတယ်။
နောက်ထပ်ရှေ့ကိုခြေလှမ်း တစ်လှမ်းလောက်လှမ်းလိုက်တဲ့အခါ ကျွန်တော့် မျက်စိရှေ့က ကျောင်းသားသမဂ္ဂ အဆောင်အဦးကြီးဟာပျောက်သွားပြီး ပြိုပျက်နေတဲ့ အင်္ဂတေတုံး နဲ့ လဲပြိုနေတဲ့ သံတိုင်ကြီးတွေ ကို စိန်ပန်းပင်တွေကြားမှာ တွေ့လိုက်ရပါတယ်။ အစိမ်းရောင် စိန်ပန်းတောအုပ် ထဲမှာ အနီရောင်စိန်ပန်းပွင့် တွေက မြေပြင်မှာ ကြွေလို့။
‘အခုလို စိန်ပန်းနီတွေ မြေပြင်မှာကြွနေတဲ့ ရူခင်း က ၇ ဂျူလိုင်မှာ ကျဆုံးခဲ့တဲ့ ကျောင်းသားတွေကို ဂုဏ်ပြုတဲ့ landscape ကို ဖန်တည်းထားတာလေ’
‘ ခုန က မြင်လိုက်တဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကရော ဘယ်ရောက်သွားတာလဲဗျာ့’
‘ အဲဒါက ပုံရိပ်ယောင် ပါ။ 3D Hologram နည်းပညာနဲ့ ပုံဖေါ်ထားတာပါ။ အဓိပတိ လမ်းပေါ်က ကြည့်ရင် ဟိုးတုန်းက သမဂ္ဂ အဆောက်အဦ ကြီးကို မြင်ရမယ်။ ဒါပေမယ့် သမဂ္ဂ ၀န်းထဲ ရောက်လို့ ဗိုလ်အောင်ကျော် ကျောက်တိုင်ကို ဦးတိုက်ပြီး နောက်ထပ် ခြေတလှမ်း လှမ်းလိုက်တာနဲ့ ခင်ဗျားအခုမြင်နေရတဲ့ စိန်ပန်းပွင့်နီနီတွေ ကြွေနေတဲ့ စိန်ပန်းတော ကြီးနဲ့ ပြိုပျက်နေတဲ့ ကျောက်ပုံကြီးကိုမြင်ရမှာပါ။’
မြေပြင်မှာ လဲလျှောင်နေတဲ့ စိန်ပန်းနီနီပေါ် ဂျူလိုင်မိုးစက်ကလေးတွေ ကြွေကျနေသံ ကလည်း ကြေကွဲဖွယ် ခတ်လေးလေး စီးချက် ကလေးတွေပါ။ ဒီရှုမျှော်ခင်းထဲရောက်နေတဲ့သူရဲ့ရင်ခုန်သံနဲ့ ဟန်ချက်ညီနေပါတယ်။
ခတ်လှန်းလှန်းက ပြိုပျက်နေတဲ့ အုပ်ပုံနားကိုရောက်သွားတော့ အဲဒီအုပ်ပုံမှာ ၇ ဂျူလိုင် တုန်းက ကျဆုံးခဲ့တဲ့ ကျောင်းသားတွေရဲ့ နာမည်တွေကိုရေးထိုးထားပါတယ်။
အမှတ်တရ အုပ်ပုံကြီးနားကို တဖြည်းဖြည်းတိုးသွားတဲ့အခါ အုပ်ပုံကြီးအောက်ကို ဆင်းသွားတဲ့ မြက်ခင်းလှေကားကလေးကိုတွေ့ပါတယ်။ လှေခါးအတိုင်းဆင်းသွားတော့ အလင်းရောင်ဟာ တဖြည်းဖြည်းမှိန်လာပြီး သမဂ္ဂ သီချင်းသာဟာ တဖြည်းဖြည်း တိုးထွက်လာပါတယ်။
သီချင်းသံ လာရာ ဘက်ကို စီမျှောလိုက်ပါသွားတဲ့အခါ လျှပ်စစ်ဖယောင်းတိုင်တွေ ထွန်းထားတဲ့ အခန်းကျယ်ကြီးတခုထဲကိုရောက်သွားတာ သတိထားမိပါတယ်။
‘ခင်ဗျား ဒီမျက်မှန်တပ်လိုက်လေ’
ကိပ် ပေးတဲ့ မျက်မှန်ကလေးကို တတ်လိုက်ပါတယ်။ မျက်မှန်ကိုင်းမှာ နားကျပ်တစုံပါ ကပ်ထားတာမို့ သမဂ္ဂသီချင်းသံဟာ ပိုမိုပီပြင်လာပါတယ်။
ကျွန်တော့်ရှေ့က မြင်ကွင်းဟာလည်း ပြောင်းသွားပါပြီ။ အစည်းဝေးခန်းတခု။ သမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်ဆန်းဟာ သူ့ထိုင်ခုံပေါ်က ထပြီး ဒေါမာန်ပါပါနဲ့ပြောနေပါတယ်။ အခြားကျောင်းသားကျောင်းသူတချို့က သူနဲ့ အပြန်အလှန်ငြင်းခုံနေပါတယ်။ သူတို့ရှေ့က စာပွဲခုံပေါ်မှာ အိုဝေ စာစောင် ကို ဖြန့်ချထားတာကိုကြည့်ခြင်းအားဖြင့် သူတို့ အိုးဝေ စာစောင်နဲ့ ပါတ်သက်လို့ အငြင်းအခုံဖြစ်နေတယ်လို့ ခန့်မှန်းနိုင်ပါတယ်။
ကျွန်တော်သူတို့စာပွဲ ဘေးက ဖြတ်လျှောက်သွားပါတယ်။ ဘိုကေပြောင်ပြောင်၊ ဘွတ်ဖိနပ်ပြောင်ပြောင် ဘန်ကောက်လုံဖြည်ပြောင်ပြောင်နဲ့ ကျောင်းသားတစ်ယောက်က ကျွန်တော့်နားက ဖြတ်လျှောက်သွားပါတယ်။ ကျွန်တော့်ကိုတော့ တချက်ကလေးတောင်း ငဲ့ မကြည့်ခဲ့။
ဟော ဟိုမှာ မျက်နှာသွယ်သွယ် ကိုယ်လုံးသွယ်သွယ်၊ ဘောင်းဘီဖြူ ကုတ်အင်္ကျီ အဖြူနဲ့ကျောင်းသားတစ်ယောက်။ သူက သူ့ခါးဝက်လောက်ရှိတဲ့ ရေးပြီးကာစ ကျောင်းသားသမဂ္ဂပုံ ဆီဆေးပန်းချီကား ကြီးကို မနိုင်တနိုင် မ လာက နံရံမှာ ချိတ်ဖို့လုပ်နေပါတယ်။ သူက ပန်းချီမောင်နန်းဝေ။
သူ့ရှေ့က ဖြတ်လျှောက်သွားတော ကျွန်တော့်ကို သူမကြည့်။ သူ့ပန်းချီကား ချိတ်ဖို့ကိုသာသူအာရုံရောက်နေပါတယ်။
မကြာခင် မြင်ခွာသံတွေ အဆက်မပြတ်ပေါ်လာပါတယ်။
သပိတ်သပိတ် မှောက်မှောက်၊ မီးဒုတ်မီးဒုတ် ရှို့ရှို့။ ကြွေးကြော်သံတွေ ဆူညံလာတယ်။ ကိုဗဟိန်းရဲ့ မြင်းခွာတချက်ပေါက်ရင် မီဟုန်းဟုန်းတောက်စေရမယ် ဆိုတဲ့ မိန့်ခွန်းသံ။ ဗိုလ်အောင်ကျော် ဈာပန မှ ငိုရှိုက်သံ။
လေယာဉ်ပျံ အချက်ပေးဥသြဆွဲသံတွေ အဆက်မပြတ် ထွက်ပေါ်လာပြီး ဗုံးသံတွေ တ၀ုန်းဝုန်း ကျွန်တော့်နားမှာ ပေါက်ကွဲနေပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်ပြီ။ ယူနီယံဂျက်အလံ၊ နေ၀န်းနီ ဂျပန်အလံ၊ ဒေါင်းတံဆိပ် သုံရောင်ခြယ် BIA ၊ BDA အလံ၊ ကြယ်ငါးပွင့်အလံ အလံတွေတခုပြီးတခု ပေါ်လိုက်ပျောက်လိုက်။
ဝုန်းကနဲ အသံနက်ကြီးပေါ်လာပြီး ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးပြိုကျသွားသံ။
ကျောင်းသားတွေ သွေးအလိမ်းလိမ်း ဟိုပြေးဒီပြေး။ ဂျီသရီး သေနတ်သံများအဆက်မပြတ်ထွက်ပေါ်။ ဗိုလ်ချုပ်နေ၀င်းရဲ့ ဒါး ဒါးချင်း လှံလှံခြင်းမိန့်ခွန်းသံ က ကျယ်သည်ထက် ကျယ်လာ။
ဦးသန့်ရုပ်ကလပ်၊ သခင်ကိုယ်တော်မှိုင်း ပုံ ကိုင်ထားတဲ့ ကျောင်းသားတွေ ရဲ့ကြွေးကြော်သံ ။
၈၈ အရေးတော်ပုံ အဓိပတိလမ်းထိပ်မှာ မင်းကိုနိုင် မိန့်ခွန်းပြောသံ၊ သေနတ်သံများ
လူတချို့ကျွန်တော့်ဘေးနားမှ ဖြတ်သွားကြ။
ခွပ်ဒေါင်းအလံတွေ တလူလူလွင့်။ လက်ပံတန်သပိတ်။ ဖြိုးဖြိုးအောင်၊ ကျော်ကိုကို၊ မင်းသွေးသစ်၊ ဇေယျလွင် ကျောင်းသားခေါင်းဆောင်တွေ အသစ်တွေ ပေါ်လာ။
လူစုခွဲဖို့ သတိပေးသံ၊ ရိုက်သံနှက်သံ၊ ဒီမိုကရေစီပညာရေးကြွေးကြော်သံ။
တကယ်ဖြစ်နေတဲ့ သတ်ကွင်းထဲမှာ ကိုယ် ကိုယ်တိုင် ရောက်နေသလို။ ကျောင်းသားသမိုင်းရဲ့ ရင်ခုန်သံတွေ ကျွန်တော့်ရင်ထဲကိုရိုက်ခတ်သွား။

‘မျက်မှန်ချွတ်လိုက်လေ မောသွားပြီလား’
ကျွန်တော် သမိုင်းထဲကို ကိုယ်တိုင် အလည်ရောက်လို့ ပြန်ခဲ့ပြီ။
မျက်မှာ ချွတ်လိုက်ပြီး ကိပ် ကိုပေးလိုက်ပါတယ်။ ဟိုဘက်ခန်းကိုသွားကြည့်ဦးမလား။ သူခေါ်ရာကို လိုက်သွားလိုက်ပါတယ်။
အစည်းဝေးခန်းထဲမှာ ကျောင်းသားတချို့ စစ်ဘေးရှောင် တွေအတွက် ဘယ်လိုကူညီရမယ်ဆိုတာဆွေးနွေးနေကြပါတယ်။ ဆံပင်ဂုတ်ဝဲ မျက်မှန်ပါးပါး ဂျင်းဘောင်းဘီအပြာနဲ့ ကျောင်းသူတစ်ယောက်က လက်နက်ကိုင်အားလုံးရဲ့ မိခင်တွေ စုပေါင်းပြီး ငြိမ်းချမ်းရေးလှုပ်ရှားမှုပြုဖို့ အကြံပြုသွားပါတယ်။
ကျွန်တော်တို့လွတ်နေတဲ့နောက်တန်းနေရာမှာဝင်ထိုင်ရင်းသူတို့ပြောနေ ဆိုနေတာတွေကို နားထောင်ပါတယ်။
မကြာခင် ကျောင်းသားတစ်ယောက် ရောက်လာပြီး ရေနွေးကြမ်းနဲ့ ကောက်ညှင်းပြန်ပေါင်းထုပ် ပူပူလေးတပွဲကို လာချပါတယ်။ ပြန်ပေါင်းထုပ်ပူပူကလေးကို အသာလေး ကိုင်မိလိုက်ကာရှိသေး
‘ကိုဇေကြီး အဆောင်ပိတ်ခါနီးပြီ တန်းစီရတော့မယ် ပြန်ရအောင်’
အင်းစိန်ထောင်အဆောင် ၃ က တန်းစီးအောင်မြင့်ရဲ့ အားလုံးငြိမ် ဆိုတဲ့အသံဟာ ပြန်ပေါင်းထုတ်ကို ယူတော့မယ့် ကျွန်တော့်လက်ကို တွန့်သွားစေပါတယ်။
ကျွန်တော်တို့ အင်စိန်ထောင်ထဲ ပုံစံ ထိုင်ဖို့အမီ ပြန်ရောက်သွားပါတယ်။
ကျွန်တော်ရော ကိပ် ပါ အလုအယက် တန်းစီ၊ ခေါင်းငုံ့၊ လက်ကိုခေါင်းပေါ်တင်၊ စောင့်စောင့်ထိုင် ကာ ပုံစံထိုင်လိုက်ကြပါတယ်။ ဘေးမှာ ရခိုင်ကျောင်းသား ဦးလှစော၊ နာဂ ကျောင်းသား ထွန်းကြည်၊ မွန်ကျောင်းသား ချစ်ကြိုင် နဲ့ အခြားကျောင်းသား သုံးလေးယောက် က ကျွန်တော်တို့နဲ့ အတူ။
မုဒိန်း၊ ခါးပိုက်နှိုက်၊ ဓါးပြ၊ သူခိုး၊ စစ်ပြေး၊ စတဲ့ ရာဇ၀တ်သားတွေက ကြိမ်လုံးတွေတ၀င့်ဝင့်၊ သားရေပတ် တယမ်းယမ်း နဲ့ ကျွန်တော်တို့ကို ပုံစံပေးဖို့ အသင့်ဖြစ်နေပါပြီ။ သူတို့ အဆောင်မှူး ဆာဂျင်သိန်းမြိုင်ရဲ့ ‘ ရိုက်’ ဆိုတဲ့ အမိန့်ကိုနာခံဖို့ အသင့်ဖြစ်နေပါပြီ။
ကျွန်တော်ဇောချွေးတွေပြန်လာပါတယ်။ အသက်ရူလို့မ၀ တော့ပါ။
လန့်နိုးတော့ DVB က သတင်းကြေညာသူ ခိုင်ပန်းနုရဲ့ အသံကိုပြတ်တောင်းပြတ်တောင်းကြားလိုက်ရပါတယ်။
ကျောင်းသားသမဂ္ဂ အသစ်ပြန်ဆောက်ဖို့ ကျောင်းသားတွေ ဆွေးနွေးကြမယ်တဲ့။
အထက်တန်းကျောင်းတွေ အပါအ၀င် ကျောင်းတိုင်းကျောင်းတိုင်းမှာ ကျောင်းသားသမဂ္ဂ တွေ အမြန်ဆုံးတရားဝင်ဖွဲ့စည်းခွင့်ရပါစေ၊ သမဂ္ဂ ပြန်လည်တည်ဆောင်ရေး မှာ ကျောင်သားသမဂ္ဂ အားလုံးပါဝင်နိုင်ပါစေ။
ကျွန်တော်မျက်စိ မဖွင့်ရဲပဲ ဆုတောင်းနေမိပါတယ်။
သားကြီးမောင်ဇေယျ
(၂၄-၂-၂၀၁၇)
*မော်တော်ဆိုင်ကယ်စီး = မဆလ အစိုးရလက်ထက် စစ်ထောက်လှန်းရေးက ကျောင်းသားများကို နှိပ်စက်နည်း တမျိုးဖြစ်ပါတယ်။ ခြေဖျားနှစ်ဖက်ထောက်၊ ပေါင်နှစ်လုံးဖြဲ၊ ဒူးကွေး၊ ထားပြီး ပါစပ်က တဖွတ်ဖွတ်အဆက်မပြတ်အော်ရပါတယ်။ အော်တာရပ်သွားတဲ့အခါ နောက်က ဆောင့်ကန်တာကိုခံရပါတယ်။ ခြေဖနှောင့် အောက်မှာတော့ ဆေးလိပ်မီး ထောင်ထားပါတယ်။

*လေယာဉ်ပျံစီး = မဆလ အစိုးရလက်ထက် စစ်ထောက်လှန်းရေးက ကျောင်းသားများကို နှိပ်စက်နည်း တမျိုးဖြစ်ပါတယ်။ လက်နှစ်ဖက်ဆန့်တန်း၊ ခြေထောက်တဖက်မြှောက်၊ ပါးစပ်က တ၀ူးဝူးအော်၊ ရပ်သွားလျှင် အရိုက်ခံရပါတယ်။