ခိုင်ကြည်သစ် ● ညီလေးရေ


ခိုင်ကြည်သစ် ● ညီလေးရေ
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၇

ညီလေးရေ
မင်းတို့ တောင်ပေါ်မှာ
သေနတ်သံ သည်းထန်နေဆဲ
အစ်ကိုတို့ မြေပြန့်မှာလည်း
၉ မမ ကျည်ဆံတွေ ဝဲပျံနေဆဲ။

ညီလေးရေ
တောင်ပေါ်သားတွေ
ပင်လုံအခွင့်အရေး အပြည့်မရသေးဘူး
မြေပြန့်သားတွေလည်း
သူခိုးကို သူခိုးလို့ခေါ်ခွင့် အပြည့်မရသေးဘူး။

ညီလေးရေ
တောင်ပေါ်သားတွေ ခွဲခြားခံရတုန်းပဲ
မြေပြန့်သားတွေလည်း
အာဏာဓားပြတွေအောက် တဆင့်နိမ့်နေနေရဆဲ။

ညီလေးရေ
အတွေးအမြင်နဲ့ အတွေ့အကြုံ
ရပ်တည်ပုံနဲ့ ခံစားချက်
နေရပ်နဲ့ အတိတ်သမိုင်း
မတူကွဲတဲ့ တို့တိုင်းရင်းသားတွေ
အယူအစွဲတွေ မကင်းနိုင်သမျှ
ရန်သူအစစ်ကို မရှင်းနိုင်သမျှ
တောင်တန်းနဲ့ ပြည်မဟာ
ဓားပြဗိုလ်ရဲ့မယားပါသားတွေဘဝပါ။ ။

ခိုင်ကြည်သစ်