ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ခင်ဇော်မိုး - ကြွေ

သန်းဌေးမောင်


ခင်ဇော်မိုး - ကြွေ
(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၁၇

ငါ့ကိုယ်ငါထက် မင်းကိုပိုချစ်မိတဲ့အခါ မင်းရဲ့ပျော်ရွှင်မှုတွေသာ အရေးပါဆုံးအရာ ဖြစ်လာတယ်။ တခါတလေ အဆင်မပြေမှုတွေကြားမှာ ငါတယောက်ထဲနေရထိုင်ရတဲ့အခါ လောကကြီးဟာ အဓိပ္ပာယ်​မဲ့လွန်းတယ်။ လောကကြီးဟာ မေတ္တာတရားခေါင်းပါးလွန်းတယ် လို့ ငါမြင်တယ်။ တကယ်ဆို ငါ့ဘေးမှာ မင်းရှိစေချင်ခဲ့တာ။ မင်းရှိဖို့ လိုအပ်ခဲ့တာပါ။ တကယ်လက်တွေ့မှာ မင်းမျက်နှာကိုငေးကြည့်ခွင့်တောင်မရှိဘူး။ မင်းစကားသံကို ကြားခွင့်မရဘူး။ မင်းကိုစွဲလန်းမိတဲ့အချိန်ကစလို့ ငါဟာ ပင်ပန်းဆင်းရဲမှုကို စတင်တွေ့ရှိခဲ့ ခြင်းပဲ။ မြတ်နိုးရတဲ့သူ၊ ချစ်ရတဲ့သူဆီကဆိုရင် ဒဏ်ရာကိုတောင်မြတ်နိုးမိတာ။ ဝေဒနာကိုတောင် ချိုမြတယ်အထင်နဲ့ ရူးရူးမူးမူးခံစားချင်မိတာ။

မင်းမသိပဲ နင့်​နင့်​သီးသီးလွမ်းနေရတာ သိပ်ပင်ပန်းတာပဲ အချစ်ရယ်။ ငါက တိတိပပ မင်းတယောက်တည်းကိုချစ်တာ။ ငါ့မှာတချိန်က မင်းအကြည့်လေးတွေ လွမ်းနေရတယ်။ မင်းမျက်လုံးလေးတွေကို အရင်လိုငါ့လက်တွေနဲ့ စမ်းကြည့်ချင်တုန်း။ မင်းနှုတ်ခမ်းသားတွေကို ငါ့လက်နဲ့ တို့ထိကစားချင်တုန်း။ တကယ်ဆို အရင်ကထက်ကို ဝေးလေ လွမ်းလေအဖြစ်နဲ့ မဆုံနိုင်လည်း မင်းကိုမှချစ်နေမိတုန်း။ အတူတူငေးကြည့်ဖူးတဲ့ မြစ်ရေပြင်နဲ့ အတူတူ နားထောင်ခဲ့တဲ့ မြစ်ရေစီးသံကို မင်းဘယ်သူနဲ့များခံစားနားထောင်နေသလဲ။ အချစ်ဟာ အထင်ကြီးလေးစားခြင်းပါကွဲ့။ မင်းမညာဘူးလို့ ငါထင်မိတယ်။ ငါခိုလှုံဖူးတဲ့မင်းရင်ခွင်မှာ အခြားကိုယ်သင်းရနံ့ကို ပွေ့ဖက်ထားလိမ်မယ်လို့ မယုံကြည်နိုင်တာ။ တယုတယအကြင်နာစကားတွေ ဘယ်သူ့နှလုံးသားကိုမှ တေးသီပြမယ်လို့ မယုံစားခဲ့ဘူး။ ပြောပါအုံး၊ ဝေးနေခိုက်မှာ ဘယ်လိုလောကဓံရဲ့ထိပါးမှုကြောင့် မေ့သွားရပါသလဲ။ ဘယ်လိုကဝေသည်မလေးရဲ့ ပြုစားမှုကြောင့် မမှတ်မိရတော့ပါသလဲ။ ဘယ်လိုပယောဂကြောင့် မင်းနှုတ်ခမ်းတွေ ဆွံ့အသွားရပါသလဲ။ တချိန်က ဟိုးနှစ်တွေဆီက ဆိုပေမယ့် ငါ့အတွက်တော့ မနေ့တနေ့ကလိုပါပဲ။ အဲ့ဒီအချိန်ကပုံရိပ်တွေ ဘယ်သူ ခိုးဝှက်သွားလို့ပါလဲ။ ငါဟာ တနေ့တရက်မှ မင်းကိုမမေ့ခဲ့ဘူး။ တချိန်က အကြောင်းတွေ တွေးပြီး လွမ်းရတယ်။ မင်းစကားသံတွေကြားယောင်ပြီး ငါတယောက်တည်း ပြုံးမိနေတယ်။ တခါတလေ ငါ့တို့အနာဂတ်လေးကို လောက်စာလုံးသလို စိတ်တိုင်းကျစိတ်ကူးယဉ်ပြီး ငါ့ပျော်မိပါရဲ့။ ငါရင်မောမိရပါရဲ့။

မင်းကတော့ သူငယ်ချင်းတွေနဲ့အသွားမပျက်ဘူး။ သူငယ်ချင်းတွေနဲ့ အစားမပျက်ဘူး။ ငါ့မှာ မင်းကိုလွမ်းစိတ်နဲ့ ကိုယ်၊စိတ်၊နှလုံး သုံးပါးစလုံးနုံးချိနွမ်းလျနေလှပါပြီ။ အသံတိတ်ကြိတ်ကြိတ်ငိုမိတာ။ ငါ့စာအုပ်လေးတွေထဲမှာပဲ မင်းကိုဘယ်လောက် လွမ်းတဲ့အကြောင်း၊ မင်းကိုဘယ်လောက်ချစ်တဲ့အကြောင်း ပြောပြခွင့်ရတာ။ ငါ့မျက်ရည်တွေဟာ စာရွက်တွေပေါ်နဲ့ခေါင်းအုံးပေါ်မှာ ပေရေနေတယ်။ တခါတလေ မွန်းကြပ်လွန်းတာမို့ `လွမ်းတယ်​´လို့ တိုးတိုးလေးညည်းပြီး ကြိတ်ငိုမိတယ်။ ငါ့တကိုယ်လုံးပေါ်ကို နာကျင်ကြေကွဲစရာတွေ ရွာချနေတာ။ အားကိုးတကြီးဖက်တွယ်စရာမရှိတဲ့နောက် စိတ္တဇသမားတဦးလို ငါ့ခံစားမှုတွေ ချောက်ချားနေတယ်။ မင်းနှုတ်ခမ်းကပြောမယ့်စကားလုံးတွေကို ကြောက်ရွံ့နေသလို ၊ ဟိုမိန်းမချောလေးရဲ့ အပြုံးတွေနဲ့စကားလုံးတွေလည်း ငါသိပ်ကြောက်နေမိပြီ။ လူစဉ်​မမီတဲ့လူလို ငါ့စိတ်တွေသိမ်ငယ်နေတယ်။ မဖွင့်ဟဖြစ်တော့တဲ့စကားလုံးတွေဟာ ငါ့မျက်လုံးတွေထဲက ယိုစိမ့်ကျနေတယ်။ နာကျင်မှုတွေဟာ နံရံကပ်အစာတွေကွာကျသလို ကွာကျလာမလားလို့ အရူးတယောက်လို ငါ့ဦးခေါင်းကိုတသွင်သွင်ရမ်းခါးနေမိတယ်။ မင်းကိုချစ်တဲ့စိတ်နဲ့ နာကျင်စရာတွေကို မုန်းတီးစိတ်နဲ့ လူ လူပြီးငိုကြွေးမိတယ်။ အသိတရားဟာ စိတ်ခံစားမှုကို ဖမ်းချူပ်နိုင်စွမ်းမရှိသလို တားဆီနိုင်စွမ်းမဲ့တယ်။ ငါ့အခန်းကျင်းလေးထဲမှာ ငါကြိုးစားပြီးအသက်ရှူ ခဲ့ရတယ်။

နှစ်ထမ်းကြာမြင့်ပေမယ့် ခိုင်မာနေတဲ့ငါ့ချစ်ခြင်းတွေ၊ မင်းအပေါ်စွဲလန်းမှုတွေကြား ငါ့မှာ ပင်ပန်းလွန်းလှတာမို့ ဆေးလိပ်ဖျားက ပြာစတွေခါချသလို မင်းအပေါ်စွဲလန်းယစ်မှုးခြင်းတွေ ခါချပစ်လိုက်ချင်မိတယ်။ အတ္တမကင်းတဲ့ ပိုင်ဆိုင်လိုတဲ့ချစ်ခြင်းကြား ငါ့မှာပင်ပန်းလွန်းလှပြီမို့။

ငါ့မျက်ရည်တွေဟာ အသံတိတ်စီးဆင်းတယ်။ ငါနှလုံးခုန်ခြင်းက ကမ္ဘာပျက်သလို ရင်ထဲမှာဝုန်းဒိုင်းကြဲနေတယ်။ အော်မငိုမိဖို့ ငါ့နှုတ်ခမ်းတွေကို ပိတ်စေ့ထားရတယ်။ ဘယ်ကိုမှပြေးထွက်မသွားမိဖို့ ငါ့လက်တွေကိုပဲ ငါတင်းတင်းကြပ်ကြပ်ဆုပ်ထားရတယ်။ အ၀တ်တစ်စလို ပုံကျမသွားဖို့ ငါ့ခြေထောက်တွေဆီ အားဖြည့်ထားရတယ်။ အသက်ဝင်လှပတဲ့ မင်းအပြုံးကိုမြင်ရတော့ အမိန်စာကိုဖတ်မိသလိုပဲ။ မင်းပျော်တယ်ဆိုရင် ကမ္ဘာလောကကြီးဟာ တရားမျှတမှုရှိတယ်။

မင်းဆန္ဒမှန်သမျှ ဘယ်တော့မှမကန့်ကွက်ဘူး။ မင်းအပြုံးဟာ ကမ္ဘာကိုတောင်အေးချမ်းစေမယ် ထင်တာ။ မင်းဖွဲ့တဲ့ကဗျာ မင်းကြိုက်တဲ့ခေါင်းစဉ်တပ်လိုက်ပေါ့။ ၀တ္ထုတပုဒ်ကို ကဗျာလို့ ခေါင်းစဉ်တပ်လည်း ကဗျာလို့ပဲလက်ခံပါတယ်။ `အက်ဆေးကောင်းတော့ ၀တ္ထုဖြစ်ပြီး ၀တ္ထုကောင်းတော့ အက်ဆေးဖြစ်သတဲ့´။ ငါလည်းမင်းကိုသိပ်ချစ်တော့ အခြားတယောက် နဲ့မင်းပျော်နေလည်း ၊ မင်းနဲ့ငါပျော်ခွင့်ရသလို သက်ရောက်ပါတယ်။ ဘယ်တော့မှ မင်းကိုမနှောင့်ယှက်ဘူး။ ဘယ်တော့မှမင်းကို အပြစ်မတင်ဘူး။ ငါမရတဲ့ ချစ်ခြင်း၊ ကြင်နာခြင်း၊ ယုယုယယမြတ်နိုးခြင်းတို့ ရရှိပါစေတော့။ မင်းရဲ့ပျော်ရွှင်သာယာမှုတွေ တည်တံ့ပါစေတော့။ ငါ့မျက်ရည်တွေပေါ် ပင်လယ်ပျော်လှိုင်းစီးကြရော့ကွယ်။


ငါ့နာကျင်မှုတို့တိုင်တည်ပြီး ကြယ်ကြွေချိန်ဆုတောင်းသလို နောက်နောင်ဘ၀တွေ မနာကျင်ရ စေဖို့၊ ကြယ်ကြွေငေးသလို မင်းတို့ပျော်ရွှင်ခြင်းတို့ကို ငေးပြီး ဆုတောင်းမိတယ်။

တဦးတယောက်ကဆိုတာထက် မင်းကလို့ပြောရင် ပိုပြီးမှန်လိမ့်မယ်။ မင်းလှည့်စား လိမ်ညာမှာကို ငါသိပ်ကြောက်တာ။ သိပ်စိုးရိမ်တာ။ အဲ့ဒီခံစားမှုတွေ ငါ့အသွေးအသားတွေထဲ စိမ့်ဝင်လာမှာကို နေ့နေ့ညညစိုးရိမ်နေတော့တာ။ `တခါသေဖူး ပျဉ်ဖိုးနားလည်´သတဲ့။ လှည့်စားလိမ်ညာခံရတဲ့ခံစားမှု အရသာကို ငါကောင်းကောင်းနားလည်ခဲ့ရပြီးပြီလေ။ ယုံကြည်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေ ကို သက်ရှိထင်ရှား မီးမြိုက်ခံလိုက်ရတာ။ အရှင်လတ်လတ်အသားစိမ်း လှီးဖဲ့ခံရတာ။ အဲ့ဒီခံစားနာကျင်မှုတွေဟာ ငါအသွေးအသားထဲ လှည့်နေပြီး ငါ့ဘ၀တခုလုံးကို ပိန်းပိတ်နေအောင်မှောင်မိုက်သွားတာ။ ခံနိုင်ရည်မဲ့သူမို့လား။ ပျော့ညံ့ညံ့သမားတဦးမို့လား။ အဲ့ဒီအမှောင်ကမ္ဘာထဲ ၅ နှစ်တိုင်တိုင်ငိုကြွေးနေခဲ့တော့တာ။ အဲ့ဒီအမှောင်ထဲ ငါ့ဘ၀ကိုငါ စမ်းမတွေ့တော့ဘူး။ မင်းပေးခဲ့ဖူးတဲ့ နာကျင်မှုကို ငါမက်မက်စက်စက် ခံစားပေးခဲ့ပါတယ်။

ပျော်ရွှင်မှုကိုဖွင့်ထုတ်မပြနိုင်တာဖြစ်ဖြစ်၊ နာကျင်ကြေကွဲမှုတွေ ဖွင့်ဟခွင့်မရပဲ ကြိတ်ကြိတ်လေးခံစားရတာပဲဖြစ်ဖြစ် ပြောခွင့်မရခြင်း၊ ဖန်တီးခွင့်မရခြင်းဟာလည်း ကျိန်စာသင့်ခြင်းပါပဲ။ ငါဟာ ဘယ်သူမှမသိအောင် အခန်းလေးထဲမှာကြိတ်ကြိတ်ပြီးငိုရတာ ၊ စာရွက်တွေပေါ်တပေါက်ပေါက်ခုန်းဆင်းတတ်တဲ့မျက်ရည်တွေ ၊ ခေါင်အုံးထက်မှာလျှောဆင်းတဲ့မျက်ရည်တွေ အားလုံး ကျိန်စာသင့်ခံရသလိုပါပဲ။

နေ့နေ့ညည မင်းကိုလွမ်းနေမိတာ။ မင်းကိုတမ်းတနေမိတာ။ မင်းကိုမှ ငါ့နှလုံးသားကလိုအပ်နေခဲ့တာ။ ဒါကို ၀ဋ်ကြွေးလို့ခေါ်မလား။ သစ်ရွက်ကလေးကို လေတိုးသလို မင်းရင်ခွင်ထဲမှာတိုးဝှေ့နေချင်မိတာ။
ငါ့အလွမ်းဟာ တကိုယ်တော်ဆန္ဒပြသူလို တယောက်တည်းရူးရူးမိုက်မိုက်လွမ်းတယ်။ မင်းသတိမရလည်း ငါသတိရတယ်။ မင်းမလွမ်းလည်း ငါလွမ်းတယ်။ မင်းမချစ်တော့ပေမယ့် ငါ့ကတော့အရင်ကထက် ပိုချစ်တယ်။ ငါဟာ ကမ္ဘာနဲ့ဝေးဝေးမှာလွင့်နေရတဲ့ ကြယ်တလုံးလို မင်းနဲ့ဝေးဝေးမှာလွင့်နေတယ်။ ပြီးတော့ ငါဟာဘယ်ကိုကြွေလွင့်လို့ကြွေမှန်းမသိတဲ့ ကြယ်ကလေးလိုပေါ့။ ဘယ်လောက်ထိနက်ရှိုင်းထဲနေရာထိ ထိုးကျနေသလဲဆိုတာ ငါကိုယ်တိုင်မသိနိုင်ပါဘူး။

ခင်ဇော်မိုး
၂၇. ၁. ၂၀၁၇