ဗိုလ်ထက်မင်း - ၂၁ရာစု ပင်လုံညီလာခံကို စိန်ခေါ်လာကြခြင်း (အပိုင်း ၁)



ဗိုလ်ထက်မင်း - ၂၁ရာစု ပင်လုံညီလာခံကို စိန်ခေါ်လာကြခြင်း (အပိုင်း ၁)
(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၁၇



၁။ ၂၁ ပင်လုံညီလာခံ (ဒုတိယအကြိမ်) ကို ဖေဖေါ်ဝါရီလ ၁၂ရက် ပြည်ထောင်စုနေ့နဲ့ တိုက်ဆိုင်စွာကျင်းပ နိုင်ဖို့ ဦးစွာ လျာထားခဲ့ဟန်တူပါတယ်။ ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွေ ဖြစ်ပွါးခဲ့တာရယ်၊ UPDJC နဲ့ DPN နှစ်ဖက်ဆွေးနွေးပွဲတွေမှာ တိုးတက်မှုရလဒ် မပေါ်ထွက်ဘဲတုန့်ဆိုင်းနေတာကြောင့် ပင်လုံညီလာခံကျင်းပမည့်ရက်ကို ဖေဖေါ်ဝါရီလ ၂၈ရက်နေ့သို့ ရွှေ့ဆိုင်းခဲ့ရပါတယ်။ တဖန် ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပခိုင်းခဲ့ရာမှ ချင်းပြည်နယ်ကို ပြန်လည်ခွင့်ပြုခဲ့လို့ အချိန်မှီစေဖို့ ၂၁ပင်လုံညီလာခံကို မတ်လ ၁၅ ရက်ထိ ထပ်မံရွှေ့ဆိုင်းခဲ့ရပြန်ပါတယ်။

၂။ UNFC ဟာ သူတို့တောင်းဆိုထားတဲ့ NCA လက်မှတ်ထိုးနိုင်ဖို့ (၈)ချက်ကို အစိုးရနဲ့ တပ်မတော်က ယနေ့အထိတုန့်ပြန်မှု မလုပ်သေးတဲ့အတွက် NCA လက်မှတ်ထိုးမှာ မဟုတ်တာကြောင့် ညီလာခံတက်ရောက်ဖို့ အလားအလာ နည်းပါးနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က UNFC ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ခေါ်ယူပေမဲ့ သူတို့က ခရီးလွန်နေသယောင်၊ ဆက်သွယ်မှု မရသယောင် တုန့်ပြန်လာကြပါတယ်။ ဒါပေမဲ့ UWSA (၀ခေါင်းဆောင်တွေ) က ခေါ်တဲ့ ဖေဖေါ်ဝါရီလ ၂၃ရက် အစည်းအဝေးကျတော့ KIAနဲ့ အပါင်းအပါ မြောက်ပိုင်းအဖွဲ့တွေ သွားရောက်တက်နေကြလာတာတော့ ထူးဆန်းနေသလို ဖြစ်နေပါတယ်။ အဲဒီအစည်းအဝေးမှာ NCA ဆွေးနွေးပွဲတွေမှာ ဖိတ်ကြားရက်သားနဲ့  မတက်ရောက်ခဲ့သလို NCA လက်မှတ် ထိုးဖို့ တောက်လျောက်ငြင်းဆန်ခဲ့တဲ့ UWSA ဟာ  ထူးထူးခြားခြား NCA အပေါ် သဘောထားတွေ ပင်လုံအပေါ် သဘောထားတွေ ထုတ်ပြန်လာပါတော့တယ်။ ပြောတာတွေကတော့ - NCA ကို ဖျက်ပြီး တိုင်းရင်းသားတွေ လက်ခံတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လမ်းသစ်တစ်ရပ်ကို ထွင်ရမယ်၊ တဖန် သူတို့သဘောတူထားတဲ့ NCA စာချုပ်ကိုပင် ထပ်ပြီး ပြင်ချင်သေးတယ် ဆိုပြီး ပေါ်ထွက်ခဲ့ပါတယ်။ ဒါကြောင့် UWSA, UNFC အဖွဲ့တွေရဲ့ ဖြစ်စဉ်တွေဟာ ၂၁ ရာစုံ ပင်လုံကို ကြီးမားတဲ့ စိန်ခေါ်မှု တွေဘဲ ဖြစ်ပါတယ်။

၃။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စုနေ့အခမ်းအနား ပင်လုံမှာတုံးက လက်မှတ်မထိုးတဲ့ အဖွဲ့တွေကို လက်မှတ်ထိုးဖို့ အောက်ပါအတိုင်း တိုက်တွန်းသွားပါတယ်-

အခုဆိုရင် ကျွန်မတို့ငြိမ်းချမ်းရေးရဖို့အတွက် ဆွေးနွေးညှိနှိုင်းတိုင်ပင်နေတဲ့ အခါ ယုံကြည်မှုရဖို့ လိုတယ်ဆိုတာ ထပ်တလဲလဲ ပြောကြပါတယ်။ စစ်မှန်တဲ့ ယုံကြည်မှု ရှိရမယ်ဆိုတော့ အများကတော့ ယုံကြည်မှုဆိုတာဟာ အခုကွဲပြားနေတဲ့ အစုအဖွဲ့ တွေကြားထဲမှာ ယုံကြည်မှုရအောင် လုပ်ခြင်းလို့ပဲ နားလည်ကြပါတယ်။ ကျွန်မကတော့ အရေးအကြီးဆုံးယုံကြည်မှုဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်ခြင်း လို့ပဲ ဒီလိုပဲသတ်မှတ် ပါတယ်။
ကျွန်မတို့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာပါနေတဲ့ အစုအဖွဲ့ပုဂ္ဂိုလ်များအားလုံးဟာ ကိုယ့်ကိုယ်ကို ယုံကြည်တယ်၊ ကိုယ်ဟာ ကိုယ့်နိုင်ငံအကျိုးအတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ ဆောင်ရွက်နိုင်တဲ့ အရည်အချင်း ရှိတယ်ဆိုတဲ့ ယုံကြည်ဖို့ဟာ ပထမလိုအပ် ချက်ဖြစ်ပါတယ်။ ဒီလိုယုံကြည်မှုရှိပြီဆိုရင် ငြိမ်းချမ်းရေးညီလာခံမှာ မပါဝင်နိုင်တဲ့သူ တစ်ယောက်မှရှိမှာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခြင်းအားဖြင့် ကိုယ်ဟာ ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်ထောင်စုအတွက် အကောင်းဆုံးလုပ်ပေးချင်တဲ့ စေတနာရှိတယ်၊ လုပ်ပေးနိုင်တဲ့စွမ်းရည်ရှိတယ်ဆိုတာကို ယုံကြည်သောအားဖြင့် ကျွန်မတို့ရဲ့ (၂၁)ရာစုပင်လုံညီလာခံမှာ အားလုံးပဲ ပါဝင်ကြပါလို့ ကျွန်မအနေနဲ့ ဆော်သြချင်ပါ တယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိပဲနဲ့ အခြားအစုအဖွဲ့ပုဂ္ဂိုလ်တွေကို ယုံကြည်ဖို့ဆို တာ မလွယ်ပါဘူး။ ဒါကြောင့် ပထမဦးဆုံး ယုံကြည်မှုဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို အားမွေးကြပါ၊ ရှင်သန်အောင် လုပ်ကြပါ၊ ငါတို့ဟာ ငါတို့ရဲ့ လာမယ့် မျိုးဆက်တွေအားလုံးအကျိုးအတွက် လုပ်နိုင်ရည်ရှိတယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ပင်လုံကို ချဉ်းကပ်ကြပါ။
၎။ ဒေါ်စုက တိုင်းရင်းသားလက်နက်ကိုင်တွေကို ၂၁ ရာစုပင်လုံမှာ စုဝေးကြဖို့ အထူးမေတ္တာရပ်ခံလျက်ရှိပါတယ်။  ဒီမိုလိုလားတဲ့ အရာရှိတချို့ ယူဆတာက ဒေါ်စုဟာ ညီလာခံမှာ အခြေခံဥပဒေ ပြင်ဆင်ပေးနိုင်ဖို့အရေး အဓိကကာကွယ်စောင့်ရှောက်နေတဲ့ တပ်မတော်ကို ဖျောင်းဖျနားချနိင်ဖို့ဖြစ်ဖြစ်၊ ဖိအားပေးလို့ရင်ဘဲဖြစ်ဖြစ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့စုစည်းမှုအားကို ရယူပြီး အခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်းအပေါ် ဆွဲတင်နေတယ်လို့ မြင်ကြပါတယ်။ ဒါကို လက်မှတ်မထိုးနိုင်တဲ့အဖွဲ့တွေ သဘောပေါက်ဟန် မတူဖူးလို့ပြောကြပါတယ်။ သူတို့က အခြေခံဥပဒေပြင်ပြီးမှ လက်မှတ်ထိုးချင်တဲ့သဘောရှိပြီး UWSA က ပြုလုပ်တဲ့ အစည်းအဝေးမှာ NCAကို ဝေဖန်ပြီး ငြိမ်းချမ်းရေးလမ်းအသစ်ထွင်မယ်လို့တောင် ကြေညာလာတာကို အံ့ဩဖွယ်ရာ သိလိုက်ရပါတယ်။

၎။ စာရေးသူက ဒီနေရာမှာ UWSA ဟာ ယခင်ရှေ့တန်းအတွေ့အကြုံများအရ တပ်မတော်ကို ကူညီပေးလို့ သစ္စာရှိသူ၊ ကျေးဇူးသိတတ်သူ၊ ဒီထက်ချဲ့လိုက်ရင် ပြည်ထောင်စုမှ ခွဲမထွက်နိုင်ဖူးလို့ ယူဆချက် ရှိပါတယ်။ ဒါကို လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့မှ မိတ်ဆွေတစ်ဦးက လက်မခံပါဘူး။ သူ့ဘက်က မြင်တာ ခရိုင်းမီးယားလို ဦးတည်နေတယ်ဆိုတာ မှန်သွားပြီလို့ဆိုချင်ပါတယ်။ ကရိုင်းမီးယားလို ဆိုတာက ပြည်ထောင်စုကနေ ပြည်နယ်တွေ အစိတ်စိတ်ကွဲကုန်တာကို ပြောချင်တာပါ။

အခုတော့ ဖေဖော်ဝါရီ ၂၃ ၀ပြည်နယ်က တိုင်းရင်းသားထိပ်သီးညီလာခံကနေ တရုတ်အကျိုးစီးပွားကို ဦးစားပေးဖို့နဲ့ အကျိုးစီးပွားချင်းတူတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အတူတကွ ဘုံသဘောထား ရှိဖို့ ကြေငြာလိုက်ဟာ သက်သေပြချက် ဖြစ်ပါတယ်။

တကယ်တော့ UWSA ဟာ  သစ္စာရှိဟန်၊ မင်းသားခေါင်းစွပ်ဘီးလူးဆိုတာ ယခုသူတို့ ထုတ်ပြန်ချက်က သက်သေပြလိုက်ပါတယ်။  UWSAဟာ လူမျိုးကြီးတစ်ရပ်အနေနဲ့ မဖြစ်နိုင်တဲ့ ပြည်နယ်အဆင့်တောင်းဆိုမှု မရနိုင်တော့မှန်း သိလာလို့  ထိပ်တိုက်ရင်ဆိုင်ရေးလမ်းကြောင်းအပေါ် ဆွဲတင်လိုက်တာဖြစ်ပါတယ်။ သူတို့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေးရေး စတင်ကတည်းက ဖိတ်ကြားလျက်သားနဲ့ လစ်လျုရှုခဲ့သလို လက်မှတ်ထိုးဖို့ တောက်လျောက် ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ သူတို့မျှော်နေတဲ့ တရုတ်ကော ဘာလုပ်မှာလဲ၊ တားမှာလား၊ ဒါမှမဟုတ် သိလျက်နဲ့ Power Game ကစားတာလား မေးရပါမယ်။ စေတနာမှန်ရင်တော့ တရုတ်က UWSA ကို တားသင့်ပါတယ်။ 

UNFC ဘက်ကကော အားလုံးပေါင်းသွားတာ သေချာလား (KNPP ဦးခူးရယ်က ၂၄ရက်နေ့ ထိ ၂၁ပင်လုံလမ်း အတိုင်းသွားမယ်လို့ပြောနေတုံး) 

တပ်မတော်ကကော ဘာဆက်လုပ်မှာလဲ။ ငြိမ်းချမ်းရေး မလိုလားတဲ့သဘောထားထုတ်ပြန်လိုက်တဲ့ ၀ဦးဆောင်တဲ့ မဟာမိတ်တွေနဲ့ သူတို့လုပ်ရပ်တွေက တိုက်ပွဲကို စတင် ခေါ်နေတာကို ဘယ်လုံတုန့်ပြန်မှာလဲ၊ ပြည်သူတွေကို မသနားကြတော့ဖူးလား။

ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေက ငြိမ်းချမ်းရေးဖြစ်စဉ်တွေအပေါ် ထောက်ခံနေမှုတွေ ရှိနေတာကို  တရုတ်က ရုပ်သိမ်းစေချင်လို့လား စတဲ့ မေးခွန်းတွေ ပေါ်ထွက်လာပါတယ်။ 

သူတို့က ညီညွတ်ကြတယ် ပြောကြပေမဲ့ လက်ရှိ NCA စာချုပ်ကို ထပ်ပြီး ပြင်ချင်သေးတယ် ဆိုတဲ့သူတွေနဲ့၊ တောင်းဆိုထားတဲ့ ၈ ချက်ကိုဘဲ လက်ခံရင်ဘဲ ထိုးမည့်သူတွေနဲ့၊ နောက်ဆုံး ရှုပ်ပါတယ်ဆိုကွာ အသစ်ထပ်ဆွဲဆိုပြီး လက်ရှိစာချုပ်ကို ဖျက်ချင်သူတွေနဲ့ အသံဗလံပေါင်းစုံထွက်လာပါတယ်။

၅။ ဒါဆိုရင် သူတို့အသစ်ရေးဆွဲမယ်ဆိုရင် တိုင်းရင်းသားအားလုံးက လက်ခံလိမ့်မယ်လို့ အာမ ခံသလားဆိုတာ စာရေးသူက ပြည်သူတွေကိုယ်စား မေးလိုက်ချင်ပါတယ်။ ပြည်သူတွေဆီမှ တိကျသေချာတဲ့ အဖြေတခု
တော့ ရှိပါတယ်။ ဒါကတော့ တပ်မတော်လည်း ဘေးရှောင်နေ၊ အဲဒီ့ တိုင်းရင်းသားတွေကို ကိုယ်စားပြုပါတယ်လို့ သူတို့ကိုယ်သူတို့ဆိုနေတဲ့ လက်မှတ်မထိုးသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေ သေနတ်ဘေးချပြီး ရွာထဲမ၀င်ခိုင်းဘဲ  ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ထဲ တိုင်းရင်းသားတွေဆီသွားပြီးတော့ ဘယ်သူ့ကို ထောက်ခံသလဲ မေးကြည့်ရင် မြန်မာစကား မပြောတတ်ပေမဲ့ လက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရင်ဘတ်ကို ပုတ်ပြကြမှာ သေချာ ပါတယ်။

 သူတို့ဟာ ကိုယ်ကျိုးစီးပွားကိုစွန့်လွတ်ရမှာကို ၀န်လေးနေဟန်ရှိတယ်လို့ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တစ်ဦးက ပြောလာပါတယ်။ အလားတူပဲ တပ်မတော်အရာရှိတစ်ဦးက သုံးသပ်တာကတော့ သူတို့တွေက  လက်မှတ်ထိုးလိုက်ရင် ချည်နောင်မှုလို ခံစားရတာမို့ ပြည်သူတွေရဲ့ ငြိမ်းချမ်းရေးလိုလားချက်ကို မျက်ကွယ်ပြု ထားကြတယ်လို့ ဆိုပါတယ်။ 

သူက ဆက်လက်ပြီး အဲဒီအဖွဲ့တွေဟာ စစ်အာဏာရှင်လက်ထက်က မြန်မာပြည်ထဲမှာ အခွင့်ထူးခံ စီးပွားရေးသောင်းကျန်းသူများလည်း ပါဝင်ပြီး တကယ်တမ်း တပ်မတော်ရဲ့ မကင်းရာမကင်းကြောင်း စောင့်ရှောက်ပေးခဲ့ရတဲ့ ကျေးဇူးတောင် မေ့ပစ်ကာ အတ္တလွန်ကဲ မာန်မာနကြီးပုံနဲ့ လက်ရှိ ညီလာခံမှာ ဘယ်လိုလုပ်ဆက်သွားကြလေမလဲဆိုတာ မေးခွန်း ထုတ်ခဲ့ပါတယ်။ 

၆။ သူတို့ဟာ အခြေခံဥပဒေပြင်ဆင်ရင် အဓိကထားရမည့်အချက်ဖြစ်တဲ့ တပ်မတော်ကလိုလားတဲ့ ဗဟိုပြည်ထောင်စုအစိုးရ အားကောင်းတဲ့ ဖက်ဒရယ်နဲ့ တိုင်းဒေသကြီးပြည်နယ်အစိုးရတွေမှာ လုပ်ပိုင်ခွင့် အားကောင်းတဲ့ ဖက်ဒရယ်ဆိုပြီး အားပြိုင်ကြဖို့ ရှိနေရာ ကြိုတင်ပြင်ဆင်ပြီး အတော်ညှိယူရမှာကို မေ့နေဟန် တူပါတယ်။ 

သူတို့ကတော့ လက်နက် မကိုင်ရတော့ရင်ဘဲ သိမ်ငယ်သလို ခံစားနေလို့ တပ်ချုပ်ရဲ့ ဆန္ဒ စောပြီး ပြောလိုက်တဲ့ DDR SSR ကိစ္စ အပေါ် အတော်ဘဲ စိုးရိမ်သောကဖြစ်နေဟန်တူပါတယ်။ ဒီမိုကရေစီ ဘယ်နိုင်ငံမဆို တပ်မတော်တခုတည်းသာ ရှိရမယ်ဆိုတာ၊ စစ်တပ်ဆိုတာ အမိန့်တခုတည်းသာဖြစ်ရလို့ တစုံတစ်ယောက်ကသာ လာရမယ်ဆိုတဲ့ နိယာမတရား အမှန်တရားလက်ခံရမယ်။ တကယ်လို့ တပ်မတော်လက်အောက်ခံ မလုပ်ချင်ဖူးဆိုရင်တော့ မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့်အနေနဲ့ လက်နက်ငယ်တွေကို ဆက်လက် ကိုင်ဆောင်ခွင့် ရတဲ့ ပြည်နယ်လုံခြုံရေးတပ်ဖွဲ့ သို့မဟုတ် ရဲတပ်ဖွဲ့အနေနဲ့ အသွင်ပြောင်းကာ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ကို ၀င်ရတော့မှာဖြစ်တယ်။ 

ဒါကို လက်မခံချင်သေးတဲ့ လက်နက်ကိုင်ခေါင်းဆောင်တွေကို မေးချင်တာက ကိုယ်ပိုင်ပြည်နယ်မှာလည်း အုပ်ချုပ်ခွင့်လည်းရပြီ၊ ကိုယ်ပိုင်လွှတ်တော်လည်းရှိပြီမို့ မိမိကိုယ်ကျိုးစီးပွားကို  ကာကွယ်တဲ့ ဥပဒေလည်း ထုတ်ချင်သလို ထုတ်လို့ ရပြီ၊ ဆိုရင်တောင် ကျေနပ်ရောင်ရဲ မတင်းတိမ်နိုင်သေးဘဲ ကိုယ်ပိုင် စစ်တပ်ကြီးထောင်ချင်နေသေးတယ် ဆိုရင်တော့ ဘယ်လိုပဲ ခွဲမထွက်ပါဖူးဆိုတဲ့ စကားဟာ ဘကြီးအောင်ညာတာဘဲ ဖြစ်ပါလိမ့်မယ်။ ကိုယ့်လူမျိုးကို သေနတ်နဲ့ ထောက်ပြီး မဲဆန္ဒ အများစုနဲ့ အချိန်မရွေး ခွဲထွက်ပိုင်ခွင့်ရှိနေပါတယ်။ လက်ရှိလူတွေက ကတိပေးပေမဲ့ ယုံကြည်မှု ပေးဆပ်လိုက်ဦးတော့ နောက်ပိုင်း လူငယ် တချို့က ၀မ်ပေါင်နိုင်ငံထူထောင်ရင် ဘယ်လိုလုပ်မလဲဆိုတာ အမေးရှိနေပါတယ်။ သူတို့လူကြီးပိုင်း တချို့က ဒေါ်စုကို ယုံတယ်ပြောပြီး လက်တွေ့နယ်ပယ်ကျတော့ မယုံကြည်လောက်တဲ့ အပြောအဆိုအပြုအမူ တွေ တွေ့နေရပါတယ်။ သူတို့ပယောဂ မကင်းတဲ့ မြစ်ကြီးနား မဂျွယ်ခန်းမအခမ်းအနားတခုမှာ ၀မ်ပေါင်နိုင်ငံ ထူထောင်မယ်လို့ ပြောသွားတယ်လို့ ပြည်နယ်ရဲမင်းကြီးက ပြောသွားပါတယ်။ 

(ဆက်လက်ဖော်ပြပါမည်)