မိုက်ခဲစိန် - လျို့ဝှက်ချက်တွေ ပေါက်ကြားမှုတွေထဲက သမ္မတကြီး ထရန့်



မိုက်ခဲစိန် - လျို့ဝှက်ချက်တွေ ပေါက်ကြားမှုတွေထဲက သမ္မတကြီး ထရန့်
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇

ဒီတခါလည်း သမ္မတကြီး ထရန့်ကတော့ ပြောလို့မကုန် မိုးမြေ မဆုံးနိုင်အောင်ပါပဲ။ ဖေဖော်ဝါရီ ပထမပတ်မှာ ပြည်ထောင်စု တရားရုံးက ထရန့်တချက်လွှတ်အမိန့်နဲ့ မူဆလင်နိုင်ငံ ၇ နိုင်ငံက လူတွေကို ပိတ်ပင်တာဟာ အခြေခံဥပဒေနဲ့ မညီဘူး ဆိုပြီး ပယ်ချလိုက်ပါတယ်။ ဒါကို ထရန့်က လက်တုန့်ပြန်ဦးမယ်လို့ ကြုံးဝါးပါတယ်။

သမ္မတကြီး ထရန့်က ရွေးကောက်ပွဲကာလတုန်းကအတိုင်း အချိုးက မပြောင်းပါဘူး။ တွစ်တာအကောင့်ကနေ ဗလွတ်ရွှတ်တတွေ ပြောနေ၊ သူမကြိုက်တဲ့သူတွေကို မှိုချိုးမျှစ်ချိုးတွေ ပြောနေတုန်းပါပဲ။ အမေရိကန်ပြည်ထောင်စုကြီးရဲ့ ရေမြေ့သနင်း ပြည့်ရှင်မင်းကြီး ဖြစ်လာတော့ ပိုတောင်မှ ဆိုးလာသေးတယ် ပြောရမှာပါ။ နောက်တပတ်မှာ တရားမ၀င် တပြည်သားတွေကို တားဆီး နှိပ်ကွပ်မယ့် တချက်လွှတ်တွေ ထပ်ထုတ်ပြန်ပြဦးမယ်လို့ ဆိုလိုက်ပါတယ်။ သည်ကြားထဲမှာ လူဝင်မှုကြီးကြပ်ရေး ၊ အကောက်ခွန်နဲ့ နယ်ခြားစောင့် ပုလိပ်တွေက တရားမ၀င်တွေကို နေရာ မရွေး အချိန်မရွေး စစ်ဆေး ထိန်းသိမ်းပြီး မောင်းထုတ်ခွင့် သမ္မတက အမိန့်ပေးထားတယ်လို့ သတင်းထွက်လာပါတယ်။ လက်ရှိမှာ ပုလိပ်တွေက တရားမ၀င်တွေ လိုက်ဖမ်းနေလို့ တရားဝင် ၀င် မ၀င်ဝင် လူတွေခင်ဗျာ ကျီးလန့်စာစားဖြစ်နေကြရပါတယ်။ (နိုင်ငံသားတွေ၊ လူဖြူတွေက ပြသနာမရှိပါ၊ အသားအရောင်ရှိသူတွေကတော့ လန့်ကြတာပေါ့ ခင်ဗျာ)။

သမ္မတကြီးက ခန့်အပ်တဲ့ ၀န်ကြီးတွေကိုလည်း သူတို့အထက်လွှတ်တော်မှာ ကြားနာပြီး အတည်ပြုတဲ့ဆီမှာလည်း အရာရာနဲ့ အကြောင်းကြောင်းချည်းပါပဲ။ ပညာရေးဝန်ကြီး အမည်သွင်းခံရသူက သူဌေးမကြီး၊ သူက အစိုးရကျောင်းတက်ခဲ့ဖူးသူ မဟုတ်၊ သူက ကိုယ်ပိုင်ကျောင်းတက်လာသူဆိုတော့ သူက အစိုးရပညာရေးနဲ့ ကျောင်းစနစ်ကို ဘယ်လိုလုပ် နားလည်မှာတုန်း။ အဲသလို ဒေါင်ဒေါင်မည်တွေကို ၀န်ကြီးတွေ ခန့်တာပါ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို စိတ်မ၀င်စားသူ ဆန့်ကျင်သူကို ပတ်ဝန်းကျင်အရေးဝန်ကြီး နေရာပေးပါတယ်။ အလုပ်သမားတွေကို ဖိနှိပ်တဲ့ လုပ်ငန်းရှင် ဘီလျံနာကို အလုပ်သမားဝန်ကြီး ခန့်ပါတယ်။ သူကတော့ တိုင်းပြည်ကောင်စားဖို့ သူပဲ အသိဆုံး အတတ်ဆုံးမို့ ဒီလူတွေက အသင့်မြတ်ဆုံး ဖြစ်တယ်လို့ မျက်စိမှိတ် နှုတ်ခမ်းထော်ပြီး အော်နေတော့တာပဲ။

ထရန့်က မီဒီယာတွေကို စစ်ကြေငြာပါတယ်။ သူတို့တွေဟာ တိုင်းပြည်ကို သတင်းမှားတွေနဲ့ မှိုင်းတိုက်နေတယ်။ လမ်းမှားပို့နေတယ်လို့ စွပ်စွဲထားပါတယ်။ အစိုးရရဲ့ ထောက်လှမ်းရေးဌာန ပြည်ထဲရေးဌာန အားလုံးကို လျို့ဝှက်သတင်းတွေ ပေါက်ကြားစေသူတွေလို့ ရန်တွေ့ပါတယ်။ မယောင်ရာ ဆီလူးနေတယ်လို့ ရန်စကားပြောပါတယ်။ အခုချိန်မှာ ရုရှားက အမေရိကန်ပြည်တွင်းရေးကို စွက်ဖက်နေတယ်၊ ရွေးကောက်ပွဲမှာ ထိုးဖောက်မှုတယ်ဆိုပြီး မီဒီယာတွေက ထုတ်ဖော် နေချိန်၊ ထောက်လှမ်းရေးတွေ ပြည်ထဲရေးတွေကလည်း အဲသည်နောက်ကို အမှုလိုက်ချိန်မှာ ထရန့်က တူးတူးခါးခါးငြင်းနေတာပါ။ ငြင်းနေတဲ့ကြားကပဲ အယင်တပတ်မှာ သူရဲ့ လုံခြုံရေးအကြံပေးအကြီးဆုံးဟာ ရုရှားသံအမတ်ကြီးနဲ့ ရွေးကောက်ပွဲအလွန်မှာ တရားမ၀င်ဆက်သွယ်စကားပြောတယ်ဆိုတဲ့ လျို့ဝှက်ချက် ပေါက်ကြား လူသိကုန်လို့ ရာထူးကနေ နှုတ်ထွက်ပါကြောင်း ကြေညာခဲ့ရပါတယ်။ ထရန့်ကိုယ်တိုင်က ရွေးကောက်ပွဲ မဲဆွယ်စဉ်ကတည်းက တဖက်ပြိုင်ဘက်တွေရဲ့ လျို့ဝှက်ချက်တွေကို ဖောက်ထွင်းပေးဖို့ ရုရှားကို လူသိရှင်ကြား တောင်းဆိုတဲ့ ဖိတ်ခေါ်စကားတွေ ပြောခဲ့တာပါ။ အဲသလို ပေါက်ကြားခဲ့တဲ့ အကြောင်းတွေနဲ့ တဖက်ပြိုင်ဘက် ဟီလာရီကလင်တန်တို့ အားလုံးကို ထရန့်က တိုက်ခိုက်ခဲ့သေးတာ။ အခုတော့ သူသမ္မတဖြစ်မှ အိမ်ဖြူတော်အတွင်းသတွင်းတွေ ပေါက်ကြားပြန်တော့ သူက မီဒီယာတွေ အမေရိကန်ထောက်လှမ်းရေးကို အပြစ်တင်ပြန်ပါတော့တယ်။ သူဟာ ပျက်စီးယိုယွင်းနေတဲ့ အမွေဆိုးတွေ လက်ခံထားရတယ်လို့ ငိုပြလိုက်ပါသေးတယ်။

လျို့ဝှက်ချက်တွေ သမ္မတအိမ်ဖြူတော်ကနေ ဘယ်လိုလုပ်ပေါက်ကြားနေရတာတုန်းလို့ လူတွေက မေးစရာ ဖြစ်လာပါတယ်။ သမ္မတကြီးဟာ အကောင်းပြောတာပဲ ခံချင်တယ်၊ သူများထက် သာချင်တယ်၊ သဘောထားမတိုက်ဆိုင်သူတွေကို နင်းချေတယ်၊ စတဲ့ အတင်းအဖျင်းတွေကလည်း အိမ်ဖြူတော်က ၀န်ထမ်းတွေကြားထဲကနေ ပေါက်ကြားနေတာပါ။ ၀န်ထမ်းတွေ အချင်းချင်း မယုံမကြည် သံသယတွေ ဖြစ် အပျြိင်အဆိုင်တွေ လုပ် ဒါမျိုးတွေကနေ အတင်းအဖျင်းတွေ ပေါက်ကြားကုန်တာမျိုးတွေဟာ သတင်းအမှန် အဖြစ်မှန်တွေ စီးဆင်းခွင့်မရတဲ့ ပတ်ဝန်းကျင်တွေမှာ ဖြစ်တတ်ပါတယ်။ အခုလည်း အဲသည်လို ဖြစ်နေပြီလို့ ဆိုကြပါတယ်။

တရုတ်သမ္မတနဲ့ ဖုန်းမပြောခင် ထိုင်ဝမ်ခေါင်းဆောင်နဲ့ အရင်ဆက်သွယ်ပါတယ်။ နိုင်ငံခြားရေးထုံးစံက တရုတ်ပြည်တပြည်ထဲလို့ အမေရိကန်က လက်ခံထားတာပါ။ ထိုင်ဝမ်က ဒုတိယဦးစားပေးပါ။ ထရန့်က ပြောင်းပြန်လုပ်ပါတယ်။ နောက်တော့ သတင်းတွေ ထွက်လာတာက တရုတ်က ထရန့်ကို ထရိတ်မတ်လို့ခေါ်တဲ့ ကုန်ပစ္စည်းမှတ်ပုံတင်ခွင့်တခု ပေးလိုက်တယ်လို့ဆိုပါတယ်။ ဒေါ်လာ သန်းချီတန်တဲ့ အကျိုးစီးပွားပါ။ ဒါနဲ့ပဲ ထရန့်က တရုတ်ပြည် တပြည်တည်း ပေါ်လစီကို လက်ခံကြောင်း အပြောတွေ ပြောင်းသွားတယ် တဲ့။ ဒါကိုလည်း ပြည်သူတွေက စုံစမ်းဖော်ထုတ်ဖို့ တာဝန်ရှိပါတယ်။

အစ္စရေးခေါင်းဆောင်နဲ့ တွေ့တော့လည်း ၂ နိုင်ငံစနစ်ကို လက်ခံတယ်လို့ ပြတ်ပြတ်သားသား ပြောရမှာ (အစ္စရေး နဲ့ ပါလစ္စတိုင်း ၂ ပြည်ထောင် တည်ရှိရေး) သူက အူလည်လည်နဲ့ အစ္စရေးတပြည်တည်းလည်း ကောင်းသလိုလို ပြောပါတယ်။ ဒါနဲ့ပဲ အမေရိကန်နိုင်ငံခြားရေး ရုံးနဲ့ အမေရိကန်ကုလကိုယ်စားလှယ်က ၂ပြည်ထောင်စနစ်ကို ဆက်သွားရမယ်ဆိုတာ အမှန်ဖြစ်ကြောင်း နောက်ကလိုက်ပြီး ထုတ်ပြန်ရပါတယ်။

ပြောလို့မကုန်နိုင်လောက်အောင် ကနေဒါခေါင်းဆောင်၊ ဂျပန်ခေါင်းဆောင်တွေနဲ့ တွေ့စဉ်ကလည်း အရာရာနဲ့ အကြောင်းကြောင်း၊ ပြည်ပက တိုင်းပြည်ခေါင်းဆောင်တွေနဲ့ စကားပြောတော့လည်း အိုးနင်းခွက်နင်းတွေချည်းပဲတဲ့။ ထရန့်က လူသိရှင်ကြား အင်တာဗျူးတခုမှာ ရုရှားခေါင်းဆောင် ပူတင်ကို အလွန်ကြည်ညိုကြောင်း ပြောပြန်ပါတယ်။ သတင်းသမားက ပူတင်ကို လူတွေက လူသတ်သမားလို့ စွပ်စွဲကြတယ်လို့ မေးတော့ ထရန့်က ပြန်ဖြေပါတယ်။ “အမေရိကန်တွေကကော လူမသတ်တာ ကျနေတာပဲ” တဲ့။ ပြောချင်တာက အမေရိကန်ခေါင်းဆောင်တွေလည်း လူသတ်သမားတွေပဲ လို့ဆိုချင်တာပါ။ ငါးပါးမှောက်တာပေါ့နော်။ ဒါနဲ့ပဲ ပူတင်နဲ့ ထရန့်တို့ ဖုန်းပြောကြပါတယ်။ ပူတင်ကမေးတယ်၊ ဟေ့ကောင် ထရန့် … မင်းတို့ဆီက စာချုပ်တခု (အမည်က startဆိုလား) ဘယ်လို သဘောထားသလဲလို့မေးပါတယ်။ ထရန့်က ဘယ်စာချုပ်မှန်း မသိပါ။ သည်တော့ ဖုန်းနောက်က နားထောင်နေသူတွေကို ထရန့်က ပြန်မေးရတယ်၊ ဘာလဲပေါ့။ ပူတင်မေးတာက အမေရိကန်တွေက ရုရှားကို လက်နက်ထိန်းချုပ်ထားတဲ့ စာချုပ်တခုပါ။ အရေးပါပါတယ်။ ထရန့်က အူကြောင်ကြောင် ဖြေလိုက်ပြီး မကြာခင်မှာ ပူတင်က ဥရောပဘက်ကို ဒုံးလက်နက်တွေ ရွေပြောင်း နေရာချလိုက်ပါတော့တယ်တဲ့။ နေတိုးမဟာမိတ်တွေကိုလည်း အမေရိကန်က ထောက်ခံအားပေးမှုတွေ လျော့မယ် ပြောပြောနေလို့ ဥရောမဟာမိတ်တွေလည်း စိတ်ညစ်နေရပါတယ်။

ခုနင်က သတင်းတွေ ဘယ်လို သိကြတာတုန်း။ မီဒီယာတွေက တရားဝင်သတင်းရင်းမြစ်ကနေ ရရှိတာ မဟုတ်ပါ။ အိမ်ဖြူတော်ကနေ ၀န်ထမ်းတွေက လျို့ဝှက်ချက်တွေ ပေါက်ကြားတဲ့ဆီကနေ သိရတာဖြစ်ပါတယ်။ ဘယ်လောက် ဆိုးသလဲဆိုရင် သမ္မတ သက်တမ်း ၁ လအတွင်းမှာ အစိုးရလည်း အပြည့်အစုံ မဖွဲ့ရသေး၊ ပြည်ပနိုင်ငံတွေနဲ့လည်း ချောမွေ့မှု မရ၊ ပြည်တွင်း ပြည်ပ နိုင်ငံသားတွေ ဧည့်နိုင်ငံသားတွေမှာလည်း စိတ်အေးချမ်း တည်ငြိမ်မှုမရ စတာတွေ ချည်းနဲ့ပါ။ သတင်းတွေကလည်း leak တွေ ပေါက်ကြားမှုတွေကနေ လေသံကြား ဖမ်းတရားနာနေရတာ ဖြစ်နေတာကိုး။

ဆိုတော့ ခုနင်က အထက်မှာ ရေးခဲ့သလို ထရန့်ကတော့ မီဒီယာတွေက ကောလဟာလ လုပ်ကြံသတင်းလွှင့်သူတွေလို့ ပြစ်တင်နေပါတယ်။ အမေရိကန်ထောက်လှမ်းရေးကလည်း လျို့ဝှက်ချက်တွေ ပေါက်ကြားနေတယ်လို့ စွတ်စွဲပါတယ်။ သည်ကြားထဲမှာ ထရန့်က သူ့သမီး အ၀တ်အထည်ဒီဇိုင်းတွေ မရောင်းရတာကို သမ္မတအကောင့်ကနေ ဆူဆောင့်ပြပါတယ်။ လူတွေက သူ့ ၀င်ငွေခွန်တွေ ထုတ်ပြန်ဖို့ကို မကြားချင်ယောင်ဆောင်ပါတယ်။ သမ္မတဆိုတာ ကင်းလွတ်ခွင့်ရှိတယ်၊ အားလုံးအထက်မှာ ရှိတယ်ဆိုပြီးတော့ သူ့ပြောရေးဆိုခွင့်ရှိသူကနေတဆင့် ပြောလိုက်ပါသေးသဗျာ။

ဒီသမ္မတကို ရူးနေပြီဆိုပြီး အိမ်ဖြူတော်က ဆွဲချမှာပဲ ရလိမ့်မယ်လို့ သတင်းစာတချို့ကရေးပါတယ်။ အရူးတွေက တင်ထားတဲ့ သမ္မတမို့ ဘယ်လိုလုပ် ဆွဲချလို့ရမှာလဲလို့ ပြန်ဝေဖန်သူတွေက ဝေဖန်ကြပါတယ်။ လက်ရှိမှာတော့ သမ္မတရဲ့ အမျိုးသားလုံခြုံရေးအကြံပေး နာမည်စာရင်းသွင်းခံရသူ ဗိုလ်ချုပ်ကြီးတဦးကတော့ သူလက်မခံပါရစေနဲ့လို့ ငြင်းလိုက်ပါသတဲ့။ ထရန့်ကတော့ လက်ထောက်အကြံပေးကို အကြံပေး ခန့်ပစ်လိုက်မယ်၊ ဒီလူဟာလည်း လူတော်ပဲလို့ ပြောနေလေရဲ့။

တနေ့က ထရန့်သတင်းစာရှင်းလင်းပွဲ လုပ်တယ်။ အာဏာရှင်တွေလက်ထဲက သတင်းစာရှင်းလင်းပွဲတွေ ကျနေတာပဲ။ ဟိန်းလိုက် ဟောက်လိုက် ခြိမ်းလိုက် ခြောက်လိုက်နဲ့။ သူ့ကိုကြည့်ပြီး စစ်အစိုးရလက်ထက်နဲ့ ကြံ့ဖွတ်အစိုးရလက်ထက် သတင်းစာရှင်းလင်းပွဲတွေ အင်တာဗျူးတွေ သတိရမိပါရဲ့။ သမ္မတကြီး အိုဘားမားကိုလည်း လွမ်းမိပါရဲ့။