ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လင်းသက်ငြိမ် ● ငွေထုပ်ကြီးပါတဲ့ အိပ်မက်


လင်းသက်ငြိမ် ● ငွေထုပ်ကြီးပါတဲ့ အိပ်မက်
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂ဝ၁၇

အိပ်မက်ထဲမှာ ငွေထုပ်ကြီးကောက်ရတယ်တဲ့
အိပ်မက်ထဲက ငွေထုပ်ကြီးထဲမှာ ငွေသိန်းငါးဆယ်ပါတယ်တဲ့
အိပ်မက်ထဲမှာ သိန်းငါးဆယ်ကောက်ရလို့ ငါဂျွမ်းတွေထိုးလို့တဲ့
အိပ်မက်ထဲ ဂျွမ်းတွေထိုးနေတော့ ပတ်ဝန်းကျင်က
လူတွေဝိုင်းအုံလာကြတယ်တဲ့
အိပ်မက်ထဲ ပတ်ဝန်းကျင်ကလူတွေက
ပိုင်ရှင်ကို အရင်စုံစမ်းဦးလို့ ပြောကြတယ်တဲ့
အိပ်မက်ထဲကပိုင်ရှင်ကို ငါစုံစမ်းရမလား မစုံစမ်းရဘူးလားလို့
ငါတွေးနေတယ်တဲ့
အိပ်မက်ထဲက ငါ့အတွေးတွေဟာ အရောင်စုံပဲတဲ့
အိပ်မက်ထဲက အရောင်စုံအတွေးတွေထဲ
လူသားဆန်မိတာလား အများကပြောတာ မခံချင်လို့လားမသိဘူး
အိပ်မက်ထဲက ငွေသိန်းငါးဆယ်အထုပ်ကြီးရဲ့ပိုင်ရှင်ကို
အိပ်မက်ထဲမှာ ငါလိုက်ရှာတယ်တဲ့
အိပ်မက်ထဲ ငါလိုက်ရှာတဲ့ငွေထုပ်ပိုင်ရှင်တွေ ငါ့အိမ်ရှေ့မှာ
စုပြုံလို့တဲ့ အိပ်မက်ထဲ ငါခေါင်းရှုပ်သွား
အိပ်မက်ထဲ ငါသေချင်စော်နံသွား
ငွေထုပ်ပိုင်ရှင်က ဘယ်သူလဲ
ကျနော်ပါ ကျနော်ပါ အသံတွေ တညီတည်း ဟိန်းလို့တဲ့
အိပ်မက်ထဲမှာ
အိပ်မက်ထဲက လူလိမ်တွေကို
ငါအကျယ်ကြီးအော်ပြောပစ်လိုက်တယ်တဲ့
"ခင်ဗျားတို့က လူ လိမ် တွေ
ခင်ဗျားတို့က လူ လိမ် တွေ
ဒါကျနော့်ငွေထုပ်ဗျ လူတွေကို ငွေနဲ့တိုက်ကြည့်လိုက်ရင်
မျက်နှာဖုံးတွေ အရည်ပျော်ကြကုန်တာပဲ" လို့
အိပ်မက်ထဲ ငါအကြီးကြီးအော်ပြောလိုက်တော့
ငွေထုပ်ပိုင်ရှင်တွေ အလျှိုလျှို ခေါင်းငိုက်စိုက်ပြန်ထွက်သွားကြ
အိပ်မက်ထဲ ငါသွေးပျက်နေပုံများ
ငါ့အိမ်တံခါးကိုငါ အပြင်ကနေသော့ခတ်ပြီး
ပြတင်းပေါက်ကနေကျော်ဝင်
အခန်းထဲ အသံမထွက်ပဲငြိမ်ကုတ်
ခရီးဝေးတစ်ခုကို အပြင်းအထန်စီစဉ်နေတုန်း
အိပ်မက်က ငါ့ကိုဗြုန်းခနဲ ကန်ထုတ်ခံလိုက်ရ
ငါဆက်အိပ်လည်းမရတော့တဲ့ည။

လင်းသက်ငြိမ်