ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ရသစာပေ နှင့် ဘကြီးမိုး


 
ရသစာပေ နှင့် ဘကြီးမိုး
(ကုမုဒြာ ဂျာနယ်၊ ရန်ကုန်) မိုးမခ၊ ဖေဖော်ဝါရီ ၄၊ ၂၀၁၇

ဘကြီးမိုးဘဝမှာ ရသစာပေနဲ့ စတင်ကြီးပြင်းလာရတယ်လို့ ဆိုချင်ပါတယ်။ ကြီးကြီးကျယ်ကျယ်ပြောရရင် ရသစာပေ တောင်မှ ဂန္ထဝင်ရသဘာသာပြန်စာပေနဲ့စတင်ရင်းနှီးရတာ ဖြစ်ပါတယ်။ စာအုပ်ကတော့ တကယ်ပဲ ကြီးကျယ်ပါတယ်။ ပါးလ်ဘတ်ရဲ့ Good Earth (မြေပဒေသာ)ဆိုတဲ့ ဝတ္ထုကြီးပါ။ အင်္ဂလိပ်အဝင်ခေတ်လောက်မှာထင်ပါရဲ့။ ဘာသာပြန်ဆရာမကြီးက ဒဂုန်ခင်ခင်လေးတဲ့ခင်ဗျ။ စာအုပ် အရွယ်အစားရော စက္ကူအမျိုးအစားရောက အတော်ခွကျတတနိုင်တယ်လို့ ဘကြီးမိုး မှတ်မိပါတယ်။


အဲသည် မြေပဒေသာဝတ္ထုကြီးကို ဘကြီးမိုး ဖတ်ရတဲ့အချိန်က ကိုရင် လူထွက်ပြီးစဆိုတော့ ရှစ်နှစ်၊ ကိုးနှစ်သားလောက် ရှိဦးမယ်ထင်ပါရဲ့။ ဒါပေမဲ့ အဲသည် မြေပဒေသာ ဝတ္ထုကြီးကို ဘကြီးမိုး ယခုအချိန်အထိ မှတ်မိပြီး စွဲလမ်းနေပါတယ်။ ဇာတ်ရုပ်နှစ်ယောက်ကဝမ်လမ်း နဲ့ အိုလင်ထင်တာပါပဲ။ ဝမ်လမ်းကလယ်ကူလီ။ သူဌေးကြီးအိမ်သွားပြီး မိန်းမသွားတောင်းတယ်။
ခြေကြီးမ၊ ခြေသေးမတွေကို သူဌေးကြီးနဲ့ သူ့သားတွေက ခြေတော်တင်လေ့ရှိပါသတဲ့။ အိုလင်ကတော့ ရုပ်မလှလေတော့ ခြေကြီးမ ဖြစ်နေရှာတာ။ လယ်ကူလီ ဝမ်လမ်း မိန်းမလာတောင်းတော့ အိမ်ဖော် အိုလင်ကို ပေးလိုက်တာ။
ဝမ်လမ်းနဲ့ အိုလင်တို့ဟာ လယ်လေးတစ်ကွက်ကို ကြိုးစားပမ်းစား လုပ်ကိုင်စားသောက်ကြပါတယ်။

ဘကြီးမိုး မှတ်မိနေသေးတဲ့အခန်းတစ်ခန်းကတော့ အိုလင်ကိုယ်လေးလက်ဝန်ရှိပြီး မွေးဖွားခါနီးလာတော့ ဘယ်လက်သည်မှမခေါ်ဘဲ တောစပ်ထဲဝင်ကိုယ့်ကလေးကို ကိုယ့်ဘာသာကိုယ်မွေးပြီး အချင်းကိုအသင့် ပြုလုပ်ထားတဲ့ ကျူပင်နဲ့ဖြတ်ပြီးမွေးတာတဲ့။ အဲဒါကို ဘကြီးမိုးကမြေပဒေသာကို ဖတ်ဖတ်ချင်းငြိသွားတာ။

အဲပြီးတော့ အင်္ဂလိပ်စာတွေ၊ ဝတ္ထုတွေဖတ်နိုင်၊ ဖတ်လာတော့ ပါးလ်ဘတ်ရဲ့ဝတ္ထုတွေ တော်တော်များများ ဝယ်ဖြစ်ဖတ်ဖြစ်ပါတယ်။ ဒါပေမဲ့ Good Earth ကိုတော့ ဝယ်တော့ဝယ်ဖြစ်ပါရဲ့။ အင်္ဂလိပ်လို ပြန်မဖတ်ဖြစ် တော့ပါဘူး။

အခုဘကြီးမိုးရေးပြနေတာ ငယ်ငယ်တုန်းကဖတ်ပြီး စွဲလမ်းမိတဲ့မြေပဒေသာထဲက ဝမ်လမ်းတို့ အိုလင်တို့ပါ။ စစ်ကြီးဖြစ်တော့ အိုလင်ကသူဌေးအိမ်မှာ အိမ်ဖော်လုပ်ဖူးတော့ သူဌေးများဝှက်ထားလေ့ရှိတဲ့နေရာက ရတနာ ထုပ်ကိုရအောင်ယူနိုင်ခဲ့တော့ ဝမ်လမ်းတို့ ချမ်းသာပြီးမြေကွက်တွေအများကြီး ပိုင်ဆိုင်လာတော့တယ်။ ချမ်းသာလာတဲ့ ဝမ်လမ်းဟာ ပျော်တော်ဆက်အိမ်ကိုလည်း သွားတတ်လာသတဲ့။ ပျော်တော်ဆက်မယ်တွေထဲမှာ ဈေးအကြီးဆုံးအချောဆုံးကို ဝယ်ယူသတဲ့ (ဘကြီးမိုး ငယ်ငယ်တုန်းက ဖတ်ဖူးမှတ်ဖူးတာ ပြောတာနော်)။ ဝမ်လမ်းက သူ့ဘဝကို လူဖြစ်အောင်မွေးဖွားပေးလိုက်တဲ့ မြေပဒေသာ (Good Earth)ကို အရမ်းချစ်ခင်မြတ်နိုးပေမဲ့ ပညာတတ်လာတဲ့ သားကြီးတွေကတော့ မြေကိုရောင်းစား ချင်ကြသတဲ့။ ဘကြီးမိုး မှတ်မိသလောက်ပြောတာနော်။ မှတ်မိသလောက်မှာပဲ ဇာတ်ရုပ်ကိုမျက်စိထဲမြင်ပြီး စွဲနေမိတာပါ။

 သည်နောက် စိန်တောင်ဘုန်းတော်ကြီးကျောင်းက ပဉ္စမတန်းအောင်တော့ အမေက အင်္ဂလိပ်စာမတတ် မှာစိုးလို့ အင်္ဂလိပ်ဘုန်းကြီးကျောင်းဖြစ်တဲ့ စိန်ပီတာကျောင်းကို အပ်ပါတယ်။ အစိုးရ ငါးတန်းအောင် ခြောက်တန်းတက်ရမယ့် ဘကြီးမိုးကို စိန်ပီတာကျောင်းက သုံးတန်းပဲပေးတယ်ခင်ဗျ။ စိန်ပီတာကျောင်းမှာ သုံးတန်းကစပြီးတက်ရတော့ ဘကြီးမိုးအတွက် အင်္ဂလိပ်စာကလွဲရင် ကျန်တဲ့ဘာသာတွေက သင်ပြီးသား တတ်ပြီးသား ဖြစ်နေလေတော့ အပြင်စာတွေဖတ်ဖြစ်လာပါတော့တယ်။ စိန်ပီတာကျောင်းမှာရှိတဲ့ အင်္ဂလိပ် စာအုပ်တွေ၊ စိန်ပီတာကျောင်းသားများဖတ်လေ့ရှိတဲ့ ကာတွန်းကောမစ် စာအုပ်တွေဝယ်ဖြစ်ဖတ်ဖြစ်ပြီး ကောမစ်ထဲက ပုံတွေကိုလိုက်လိုက်ပြီးဆွဲပါတယ်။

အဲသည်အချိန်က ဓာတ်နန်းထဲက ဧရာဝတီရုံးစာရေးကြီး ဦးမြသီး-မမရင် တို့အိမ်မှာပဲ နေကုန်နေခန်း နေလေ့ရှိပါတယ်။ ဦးမြသီးရဲ့အိမ်မှာ ဦးမြသီးဖတ်လေ့ရှိတဲ့ Wide World ဆိုတဲ့ စွန့်စားခန်းမေဂ္ဂဇင်းတွေရှိတယ်၊ ဖတ်တယ်။ ဦးမြသီး- မမရင်တို့အိမ်မှာ သားကြီးက ကိုသန်း(ဘကြီးမိုးထက် အတော်ကြီးတယ်)။သားလတ်က မောင်ကြည်စန်း (ဘကြီးမိုးနဲ့ ရွယ်တူပဲ။ သူကတစ်တန်းကြီးတယ်)။ တစ်ချိန်တုန်းက ကျန်းမာရေးဝန်ကြီး ဦးကျော်မြင့်တို့နဲ့အတန်းတူပေါ့။ မောင်မျိုးညွန့်ကတော့ ဘကြီးမိုးထက်တစ်တန်းငယ် တယ်။ ယောကျာ်းလေးတွေများတဲ့ ဓာတ်နန်းက အုန်းသီးဝင်းဆိုတဲ့ မမရင်တို့အိမ်မှာ ဘကြီးမိုးနေကုန်နေ ခန်းနေနေကျ။ ဓာတ်နန်းမှာက စိန်ပီတာကျောင်းမှာနေကြတဲ့လူတွေများတယ်။ ဘယ်လောက်များသလဲ ဆိုရင် ဘောလုံးသင်းဖွဲ့လောက်အောင်များတာ။ ဘကြီးမိုးတို့ဘောလုံးသင်း နာမည်က ဓာတ်နန်းညွန့်တဲ့။ မြောက်ပြင်ကွင်းတို့၊ စိန်ပန်းကွင်းတို့ သွားကစားရတယ်။ အမြင့်ဆုံးကစားဖူးတဲ့ ကွင်းကတော့ မလွန်ကွင်းပါပဲ။ မလွန်ကွင်းဆိုတာ ဗထူးကွင်းပြီးရင် မန္တလေးရဲ့ ဒုတိယအကြီးဆုံးကွင်းပါပဲ။

 မောင်ကြည်စန်းနဲ့ ဘကြီးမိုးတို့ဟ စာဖတ်ဝါသနာပါကြသူများဖြစ်တဲ့အတွက် ဓာတ်နန်းနဲ့မဝေးတဲ့ ဒီဘိုးကိုးတာ စာကြည့်တိုက်မှာ အသင်းဝင်ပြီး အဲသည်စာကြည့်တိုက်မှာ လစဉ်ထွက်တဲ့ စာအုပ်တွေဖတ်လို့ အားမရဘဲ စာကြည့်တိုက်ထဲမှာရှိတဲ့ စာအုပ်စာရင်း၊ အက္ခရာဝလိအတိုင်းကကြီးမှ အထိစာအုပ်စာရင်းအကုန်ဖတ်ဖြစ် လိုက်ကြပါတယ်။ အဲဒါကိုသိသွားတဲ့ ဒီဘိုးကိုးတာ အရပ်သားကိုလှမြင့်ခေါ် နတ်နွယ်က ဘကြီးမိုးဟာ ဒီဘိုးကိုးတာ စာကြည့်တိုက်ထဲက စာအုပ်တွေအကုန်ဖတ်တဲ့အကြောင်း သူ့ရဲ့တောအကြောင်းတောင် အကြောင်း ဆောင်းပါးမှာ ရေးဖူးပါတယ်။

စာကြည့်တိုက်ရောက်တော့ မြန်မာ မဂ္ဂဇင်း၊ မြန်မာဝတ္ထုများအပြင် အင်္ဂလိပ်ဘာသာပြန်စာအုပ်တွေကိုလည်း ဘကြီးမိုး အကုန်ဖတ်ဖြစ်ပါတယ်။ ငယ်စဉ်ကဘကြီးမိုး စွဲလမ်းတဲ့ စာရေးဆရာကြီးကတော့ ဆာရိုက်ဒါ ဟတ်ဂတ်ဖြစ်ပြီး ဘကြီးမိုးရဲ့စံနမူနာဇာတ်ရုပ်ကတော့ မုဆိုးကျော်အလန်ကွာတာမိန်းပဲဖြစ်ပါတယ်။ မုဆိုးကြီး အလန်ကွာတာမိန်းရဲ့စွန့်စားခန်း ဝတ္ထုတွေအားလုံးလောက် ဘကြီးမိုး ဖတ်ဖူးပါတယ်။ စွဲလမ်းဖူးပါတယ်။ ကွာတာမိန်းရဲ့ စွန့်စားခန်းတွေဖတ်ရင်း စွန့်စားခန်းတွေ၊ ဇူးလူးတွေ၊ တောရိုင်းတိရစ္ဆာန်တွေအကြောင်း အလွတ်ရတဲ့အပြင် အလန်ကွာတာမိန်းသာ ဘကြီးမိုး စွဲလမ်းတာမဟုတ်ပါဘူး၊ ဇူးလူးဘုရင်ကြီးတွေကို စွဲလမ်းသလို ကွာတာမိန်းရဲ့တပည့်လေးကိုရော၊ အလန်ကွာတာမိန်းကိုင်ဆောင်တဲ့ သေနတ်ကစပြီးစွဲပါတယ်။

အဲသည် အလန်ကွာတာမိန်းတွေကိုတော့ ဘာသာပြန်ဆရာကြီးများဖြစ်တဲ့ ဆရာကြီးရွှေဥဒေါင်း၊ ဆရာကြီး ဒဂုန်ရွှေမျှား၊ ဗိုလ်အေးမောင်တို့ ဘာသာပြန်တွေ ဖတ်ဖြစ်တာများပါတယ်။ ထိုနည်းတူ ရှားလော့ဟုမ်းရဲ့ စာအုပ်တွေ မဖတ်ဖူးခင် ဆရာကြီးရွှေဥဒေါင်းရဲ့ မောင်စံရှားကိုစပြီးဖတ်ဖူး ငြိဖူးတာပါ။ ဘယ်လောက်တောင် စွဲသလဲဆိုရင် ဘကြီးမိုး အင်္ဂလိပ်စာအုပ်တွေဝယ်ဖြစ် ဖတ်ဖြစ်တဲ့အချိန်မှာ ကိုနင်ဒွိုင်းရဲ့ ရှားလော့ဟုမ်း ပေါင်းချုပ်ဝယ်ထားပေမဲ့ ဆရာကြီးရဲ့မောင်စံရှားလောက် ခံတွင်းမတွေ့တော့ပါဘူး။

ထိုနည်းတူ ဆရာကြီးရဲ့ ရူပနန္ဒီ၊ ရူပ ကလျာဏီ၊ ပထမံ ဆရာသိန်းတို့ဆိုရင် She တို့ Ayesha တို့ဝယ်ဖြစ်ပေမဲ့ အင်္ဂလိပ်လို မဖတ်ဖြစ်တော့ဘူးခင်ဗျ။ ဆရာမကြီး ဒဂုန်ခင်ခင်လေးရေးတဲ့ မှော်ဆရာမှတ်တမ်းတွေ ကြိုက်ခဲ့ဖူးသလိုကြီးလာတော့ စာပေနယ်ထဲရောက်တော့ ကိုတင်အောင်-မစန်းတိုက်မှာ အမြဲနေတာများ တော့ မြစကြာရဲ့ဆရာဖဲ ၀တ္ထုတွေကိုလည်း ဖတ်ခဲ့ကြိုက်ခဲ့ပါတယ်။

ဘကြီးမိုး ကိုးတန်း၊ ၁၀ တန်းရောက်တော့ မန္တလေးမှာရှိတဲ့ စီးတီးစာအုပ်ဆိုင်၊ တင်ဖေစာနယ်ဇင်းတွေမှာ အင်္ဂလိပ်စာအုပ်တွေရနေပါပြီ။ အင်းဝစာအုပ်တိုက်လည်း လာဖွင့်တယ်ထင်ပါရဲ့။ အင်္ဂလိပ်ဝတ္ထုတွေက ဈေးအလွန်ပေါတယ်ခင်ဗျ။ အင်္ဂလိပ်ပိုက်ဆံ နှစ်သျှီလင်ခြောက်ပဲနိနဲ့ဆိုရင် မြန်မာငွေနဲ့ နှစ်ကျပ်ပဲ။ အမေရိကန် ၃၅ ဆင့်ဆိုရင် သုံးကျပ်ခွဲပဲ။ သည်တော့ ဘကြီးမိုး အထက်တန်းကျောင်းသားတစ်ယောက်ဝယ်နိုင်တဲ့ စာအုပ် တန်ဖိုးဖြစ်လေတော့ ဘကြီးမိုးရသမျှမုန့်ဖိုးဟာ အင်္ဂလိပ် ဝတ္ထုတွေဝယ်ဖြစ်တာနဲ့ နိုင်ငံခြားရုပ်ရှင်ကြည့်တာ တွေနဲ့ပဲ ကုန်တာပဲ ခင်ဗျ။

တက္ကသိုလ်မရောက်ခင်ကပဲ ဘကြီးမိုးက အချစ်ကဗျာတွေရေးနေပါပြီ။ တက္ကသိုလ် ရောက်သွားတော့ မောင်ပေါက်စည် တို့၊ တက္ကသိုလ်ဝင်းတို့နဲ့ပေါင်းမိပြီး မန်းတက္ကသိုလ်ကလောင်ရှင်အသင်းထောင်ရာမှာ ပါခဲ့ပါတယ်။

ဘကြီးမိုးနဲ့အတူ ကျောင်းရောက်နေတာကတော့ ကြည်အောင်နဲ့ ဝင်းဖေ(မောင်စွမ်းရည်)ဖြစ်ပြီး တစ်နှစ်နောက်ကျပြီးမှ ကျောင်းရောက်လာသူကတော့ တင်မိုးနဲ့ မောင်သိန်းနိုင်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က ရှားရှားပါးပါး မြန်မာစာဂုဏ်ထူးနဲ့ အောင်လာသူများဖြစ်လေတော့ ကလောင်ရှင်အသင်း မှာပါဝင်စေခဲ့ပါတယ်။ နောက်တော့ သူတို့ပဲ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးလုပ်ကြတာ။

တင်မိုးရဲ့ ဖလ်မီးအိမ် ကဗျာစာအုပ်ဟာ မန်းတက္ကသိုလ်ကလောင်ရှင်အသင်းရဲ့ ပထမဆုံးထုတ်ဝေတဲ့ ကဗျာစာအုပ်ဖြစ်ပြီး ဆုရခဲ့ ပါတယ်။ ဘကြီးမိုးဟာ တက္ကသိုလ်မရောက်ခင်ကပဲ ကဗျာရူး စာရူးမို့ အင်္ဂလိပ်ဝတ္ထုတွေနဲ့ အင်္ဂလိပ်ကဗျာ ဆရာတွေဖြစ်တဲ့ ရှယ်လီတို့၊ ကိတို့၊ မီလ်တန်တို့၊ တင်နီဆင်တို့ရဲ့ ကဗျာစာအုပ်တွေဝယ်ခဲ့ ဖတ်ခဲ့မိပါတယ်။ အိန္ဒိယက ဂျေကို စာအုပ်တိုက်ကထွက်သမျှ အင်္ဂလိပ်ဝတ္ထုများဝယ်ဖတ်သလို တဂိုးတို့၊ အိုမာခရမ်တို့ ကဗျာ စွဲစွဲလမ်းလမ်း ဖတ်ရှုခဲ့ပါတယ်။

ယခု ၂၀၁၇ ဆိုရင် ဘကြီးမိုး အသက်၈၀ ပြည့်ပါပြီ။ လွန်ခဲ့တဲ့ အနှစ် ၇၀ ကပဲ ဘကြီးမိုးဟာ ရသစာပေကို စွဲလမ်းငြိတွယ် စာဖတ်သရဲတစ်ဦး ဖြစ်ခဲ့တာပါ။

ရသစာပေနှင့် ဘကြီးမိုးပါ။
ဘကြီးမိုး