ထွန်းဝင်းငြိမ်း ● လက်မှတ်ထိုးခြင်း၊ ယုံကြည်ချက်နဲ့ ငြိမ်းချမ်းရေးအတွက်သတ္တိ

ထွန်းဝင်းငြိမ်း ● လက်မှတ်ထိုးခြင်း၊ ယုံကြည်ချက်နဲ့ ငြိမ်းချမ်းရေးအတွက်သတ္တိ
(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၁၇

ဒီလကုန်ပိုင်းမှာ ကျင်းပမယ့် ၂၁ရာစုပင်လုံ ဒုတိယအကြိမ်ညီလာခံကို ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သတင်းတွေမှာ တွေ့ရပါတယ်။ ချင်းပြည် နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို စောင့်ဆိုင်းဖို့နဲ့ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းအဖွဲ့ တွေ တွေ့ဆုံဖို့ရှိနေတာအတွက် ညီလာခံကျင်းပမယ့်ရက်ကို လာမယ့် မတ်လထဲ ရွှေ့ဆိုင်းလိုက်တာဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

ပထမအကြိမ်၂၁ရာစုပင်လုံညီလာခံကို ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် ဩဂုတ်လကုန်ပိုင်းက ကျင်းပခဲ့တာပါ။ ဒုတိယအကြိမ် ညီလာခံကို ဒီလ ၂၈ရက် နေ့မှာ ကျင်းပဖို့ ပြီးခဲ့တဲ့ ၆ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အစည်းအဝေး မှာ သဘောတူခဲ့တာ ဖြစ်ပါတယ်။ ဖေဖေါ်ဝါရီလ ၁၂ရက်နေ့မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ ကိုယ့် ကိုယ်ကိုယ် သတ္တိရှိရှိ၊ ယုံကြည်ချက်ရှိရှိဖြင့် ပါဝင်လက်မှတ်ရေးထိုးပြီး ၂၁ ရာစုပင်လုံမှာ ပူးပေါင်းပါဝင်ကြပါဆိုပြီး ရှမ်းပြည်တောင်ပိုင်း ပင်လုံ မြို့မှာ ပြုလုပ်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ တိုက်တွန်းပြောဆိုတာကိုတွေ့ရပါတယ်။ ဒါပေမယ့် အပစ်မရပ်သေးတဲ့ တိုင်းရင်းသား အဖွဲ့တွေရဲ့ တုန့်ပြန်မှုကို မကြားရတဲ့အတွက် ညီလာခံကို မတ်လထဲ ရွှေ့လိုက်ရတာဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ရည်မှန်းချက် အထမမြောက်သေးဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

● တပ်မတော်ရဲ့ မူဝါဒတခုလား
၂၁ရာစု ပင်လုံ ညီလာခံအပြီး တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် NCA ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က လက်မှတ်ထိုးကြဖို့ ထပ်ခါတလဲလဲ ပြောနေချိန်မှာ တပ်မတော်က AA အပါအ၀င် အဖွဲ့  ၃ဖွဲ့ ကို NCA လက်မှတ်ထိုးဖို့ လက်မခံဘူးလို့ ပြောလာတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည် မြောက်ပိုင်းဒေသတွေမှာ ထိုးစစ် တိုက်စစ်တွေ အရှိန်မြှင့်တင်ခဲ့တယ်။ KIA, TNLA, MNDAA, AA စတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို အကြမ်းဖက်သောင်းကျန်းသူတွေအဖြစ် ရှမ်းပြည်နယ် လွှတ်တော်ကနေ ကြေညာလိုက်တယ်။ NCA ဆက်ပြီးကျင်းပလို့ မရနိုင် လောက် အောင် ပျက်သလောက် နီးနီးဖြစ်သွားပါတယ်။ နောက်ပိုင်းမှာတော့ AA အပါအ၀င် TNLA, MNDAA စတဲ့ အဖွဲ့  ၃ဖွဲ့ ကို လက်နက်ကိုင် လမ်းစဉ်စွန့်မှ NCA မှာ လက်မှတ်ထိုးဖို့ ခွင့်ပြုနိုင်မယ်ဆိုတဲ့ တဖက်သတ်ဆုံးဖြတ်ချက်တွေကို စစ်တပ်က ချမှတ်ခဲ့တယ်။ NCA လက်မှတ် မထိုးတဲ့အဖွဲတွေကို အစိုးရနဲ့ စစ်တပ်ပိုင်သတင်းစာတွေက လူထုဆန့်ကျင်ရေးအဖွဲ့အစည်းတွေအဖြစ် ဝါဒဖြန့်နေတာကို တွေ့ရပါတယ်။

ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ လိုလားကြတဲ့ တိုင်းရင်းသားပြည်သူလူထု အခက်တွေ့နေရတာက NLD အစိုးရအနေနဲ့ ဒီစစ်ပွဲတွေဟာ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်အတွက် ကြီးမားတဲ့ အနှောက်အရှက်ဖြစ်စေတယ်ဆိုတာ စကားတလုံး၊ စာတကြောင်းမျှ ထုတ်ဖေါ်ပြောဆိုခြင်း မရှိတော့ လူနည်းစုဖြစ်တဲ့ တိုင်းရင်းသားတွေအပေါ်မှာ ညှာတာမှုကင်းမဲ့ရာရောက်သလို ဖြစ်နေပါတယ်။ တရားသောစစ်ထောက်ခံတဲ့ ဆန္ဒပြပွဲတွေကို လူတချို့လည်း ယောင်ချာချာနဲ့ အသုံးချခံလိုက်ရတာတွေ ကြုံကြရပါတယ်။ ဆယ်စုနှစ်တခုကျော်ကျော် တဖက်နဲ့တဖက် စစ်မတိုက်ကြတဲ့ တိုင်းရင်းသားဒေသတွေမှာ ပြင်းထန်တဲ့စစ်ပွဲတွေ ပြန်ဖြစ်လာတယ်။ အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲနဲ့ နှစ်ဘက်ထိတွေ့ပြောဆို ဆက်ဆံ နိုင် တဲ့ အခြေအနေကောင်းကို လွယ်လင့်တကူ တဖက်သတ်ဖျက်ဆီးပစ်လိုက်ပါတယ်။ ဒါဟာ တပ်မတော်ရဲ့ မူဝါဒတခုလားဆိုတဲ့ မေးခွန်း တွေ ဖြစ်ပေါ်စေပါတယ်။

● ငြိမ်းချမ်းရေးရဖို့ အဓိကအချက်
အဲဒီလို ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခင်းအကျင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ထောင်စုနေ့မိန့်ခွန်းထဲမှာ ငြိမ်းချမ်းရေးရဖို့ သူယုံကြည် နေတဲ့ အဓိကအချက်ကို အခုလို ပြောပါတယ်။

“တခြားသူတွေရဲ့ အားနည်းချက်တွေကို ပြင်ဖို့မပြောမီ ကိုယ့်အားနည်းချက်တွေကို ကိုယ်က စပြီးတော့ ပြင်ဖို့က အင်မတန်အရေးကြီးပါတယ်။ ဒီတော့ ကျွန်မတို့ရဲ့ လုပ်ရပ်တွေရဲ့ အကျိုးရလဒ်တွေဟာ ဘယ်လိုရှိမလဲဆိုတာကို ဆင်ခြင်တုံတရားနဲ့ ကျွန်မတို့ကနေပြီးတော့ ခန့်မှန်းရမှာ ဖြစ်ပါတယ်။ ဒီဟာကတော့ ဥာဏ်ရည်ပါပဲ။ ဒီတော့ ငြိမ်းချမ်းရေးရဖို့ အဓိကဟာ လက်ရုံးရည်လား၊ နှလုံးရည်လားဆိုတာ အားလုံး သေသေ ချာချာ စဉ်းစားကြပါ။ ကျွန်မကတော့ နှလုံးရည်ကို အင်မတန်မှ ယုံကြည်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးရည်သမားဆိုတာ ဘယ်သူမှ အငြင်းပွားမယ်မထင်ပါဘူး။ ငြိမ်းချမ်းရေးရဖို့ အဓိကဟာ နှလုံးရည်ဆိုတာ လည်း အလွန်သင့်မြတ်လျော်ကန်တဲ့ အဆိုအမိန့် ဖြစ်ပါတယ်။ ဒါကြောင့် အဖက်ဖက်က သာလွန်တဲ့ လက်ရုံးရည်နဲ့ အင်အားသုံးဆောင်ရွက် လေ့ရှိတဲ့ တပ်မတော်က နှလုံးရည်နဲ့သာ ငြိမ်းချမ်းရေးကို အကောင်အထည်ဖေါ်ဆောင်ရွက်ဖို့ ဦးစွာတိုက်တွန်း ပေးစေချင်ပါတယ်။ နှလုံးရည် ပြည့်ဝကြောင်း ပြသတဲ့အနေနဲ့ အကြမ်းဖက်သောင်းကျန်းသူတွေအဖြစ် ကြေညာထားတာကို ရုပ်သိမ်းသင့်ပါတယ်။ တပ်မတော်က တဖက် သတ် အပစ်အခတ် ရပ်စဲကြောင်း ကြေညာပေးဖို့ တွန်းတွန်းတိုက်တိုက် ပြောဆိုပေးသင့်ပါတယ်။ နယ်ချဲ့အင်္ဂလိပ်လက်ထက် ကတည်းက ရှိနေတဲ့ မတရားသင်း အက်ဥပဒေ၊ ပုဒ်မတွေကို ဖျက်သိမ်းပစ်ဖို့ သင့်တော်တဲ့ အချိန်ပါပဲ။

● လက်နက်ချရေးလား
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြောတဲ့ နှလုံးရည်သမားတွေဟာ မိမိကိုယ်ကိုမိမိ ယုံကြည်ချက်ရှိရမှာ ဖြစ်ပြီး လူထုရဲ့ ထောက်ခံမှုကို ရယူကာ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်အောင်သွားနိုင်ရမယ်လို့ အခုလိုဆိုပါတယ်။

“အခုကျွန်မတို့တည်ဆောက်ရမယ့် ယုံကြည်ချက်က မိမိကိုယ် ကိုမိမိ ယုံကြည်ချက်ဖြစ်ပါတယ်။ ညီလာခံမှာထိုင်ပြီးတော့ ဆွေးနွေးညှိနှိုင်းခြင်း အားဖြင့် ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်နိုင်တယ်ဆိုတဲ့ ကိုယ့်ရဲ့ စွမ်းရည်ပေါ်မှာ ယုံကြည်ချက်မရှိကြဘူးလား၊ ရှိဖို့လိုပါတယ်။ ကိုယ့်ရဲ့ ဥာဏ်ရည်ပေါ်မှာ၊ ကိုယ့်ရဲ့ နှလုံးရည်ပေါ်မှာ ယုံကြည်ချက် ရှိတဲ့ ပြည်ထောင်စုသား အားလုံးဟာ ညီလာခံမှာ ပါဝင်ဖို့ရာ စိုးရိမ်စရာမရှိပါဘူး။ ကျွန်မတို့ရဲ့ ပြည်ထောင်စုသားများအားလုံးနဲ့ ပတ်သက်ပြီး တော့ ယုံကြည်ချက် ရှိပါတယ်။ ဒါကြောင့် ယခုတိုင် အပစ်အခတ်ရပ်စဲရေးစာချုပ် ကို လက်မှတ်မထိုးရသေးလို့ ညီလာခံထဲမှာ အပြည့်အဝ မပါလာနိုင်သေးတဲ့ တိုင်းရင်းသား အစုအဖွဲ့တွေကို မေတ္တာရပ်ခံပါရစေ။ ကိုယ့်ကိုယ် ကိုယ် ယုံကြည်ပါ၊ ကိုယ့်ရဲ့စွမ်းအင်ကို ယုံကြည်ပါ။ ကျွန်မတို့ကို ယုံကြည်ဖို့မပြောပါဘူး။ ကိုယ့်ရဲ့စွမ်းအင်နဲ့၊ ကိုယ့်ရဲ့ထက်မြက်မှုနဲ့ ပြည်သူ လူထုရဲ့ ထောက်ခံမှုကို ရယူပြီးတော့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင်သွားနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ကို ပြုစုပျိုးထောင်ကြ ပါလို့ တိုက်တွန်းချင်ပါတယ်။”

အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား အစုအဖွဲ့တွေအနေနဲ့ ကိုယ့်ရဲ့စွမ်းအင်နဲ့၊ ကိုယ့်ရဲ့ထက်မြက်မှုတွေကို ပြည်သူလူထုကိုချပြနိုင်ဖို့ အစိုးရနဲ့ တပ်မတော်ရဲ့ ကြိုတင်ကန့်သတ်ချက်တွေ မရှိပဲ၊ NCA လက်မှတ်မထိုးသေးရင်လည်း နိုင်ငံရေးဆွေးနွေးပွဲ မှာ ဖိအားကင်းကင်းနဲ့ ဂုဏ်သိက္ခာရှိစွာ တက်ရောက်ဆွေးနွေးနိုင်ဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးပါတီတွေ၊ လူမှုအသင်းအဖွဲ့တွေနဲ့ လွတ်လွတ် လပ်လပ် ထိတွေ့ပြောဆို၊ ဆက်ဆံနိုင်ခွင့်တွေ၊ ပွင့်လင်းမြင်သာမှုရှိတဲ့ သတင်းစာရှင်းလင်းပွဲဆောင်ရွက်ခွင့်တွေ ပေးရမှာဖြစ်ပါတယ်။ ဒါမှ လည်း သူတို့ ယုံကြည်ချက် ရှိမရှိဆိုတာ ပေါ်လွင်လာမှာ ဖြစ်ပါတယ်။ တခုရှိတာက နိုင်ငံတကာလေဆိပ်မှာ ဦးခေါင်းကို သေနတ်နဲ့ ပစ်ခံရတဲ့ အခြေအနေမျိုးတွေ ထပ်မံ မပေါ်ပေါက်ရအောင် အစိုးရနဲ့ တပ်မတော်က အာမခံရမှာ ဖြစ်ပါတယ်။

တကယ်တော့ အားလုံးက ပြည်ထောင်စုသားတွေပါ။ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်တဲ့အတွက် ပိုမို ရှုပ်ထွေးမှုတွေဖြစ်လာတာကို တွေ့နိုင်ပါတယ်။ အစိုးရသစ်ကို ဖိအားပေးချင်တာနဲ့ အကုန်လျှောက်မလုပ်သင့်ပါ။ တစ်ဘက်သတ် သတင်းထုတ်ပြန်မှုတွေ၊ ပုံဖော်မှုတွေက တဆင့် ပြည်တွင်းစစ်ကာလ တလျှောက်လုံးမှာ တိုက်ပွဲတွေ ပိုပြင်းထန်၊ လူထုလည်း အထိနာခဲ့တာတွေက သင်ခန်းစာယူစရာပါ။ မဆလ ခေတ်ကသည်ပင်လျှင် ဦးနေ၀င်း အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် လွှတ်တော်မှာ အတည်ပြုဖို့ ကြိုးပမ်းတာတွေ မရှိခဲ့ပါဘူး။ စစ်ရေး အသုံးစရိတ်တွေ ပိုရမယ်။ အစိုးရသစ်ဖိအားဖြစ်စေတယ်။ လုံခြုံရေးဘောင်ပိုကျယ်လာတယ်ဆိုတဲ့ ကျဉ်းမြောင်း တဲ့ အယူအဆနဲ့လည်း မစဉ်းစားသင့်ပါဘူး။ တပ်မတော် အုပ်ချုပ်တာ နှစ်ပေါင်းများစွာမှာ တိုင်းပြည်ဘယ်လို ဖြစ်ခဲ့သလဲဆိုတာ လည်း ပြန်လည် စဉ်းစားသင့်ပါတယ်။ နိုင်ငံရေးအရ မပြေလည်သေးပဲ လက်နက်ချရေးမူကြောင့် ငြိမ်းချမ်းရေး ကြိုးပမ်း မှုတွေတစ်သက်လုံး အောင်မြင် ခဲ့ပါသလားဆိုတာက စဉ်းစားစရာဖြစ်ပါတယ်။

● ပယောဂဆိုတာ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရင်ကြားစေ့ရေးဆိုတာ တခြားသူတွေကို လက်ညှိုးထိုးပြီးတော့ တခြား ပုဂ္ဂိုလ်များရဲ့ ပယောဂကြောင့် ပြဿနာဖြစ်တာဆိုပြီး ပြောလို့မရပါဘူး လို့လည်း အခုလို ဆိုပါသေးတယ်။

“အမျိုးသားရင်ကြားစေ့ရေးဆိုတာ ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ အမျိုးသားရင်ကြားစေ့ရေးဆိုတာ မတူ ကွဲလွဲတဲ့သဘောထားတွေကို ညှိနှိုင်းနိုင်တဲ့ အရည်အချင်းပေါ်မှာ မူတည်ပါတယ်။ မတူကွဲပြားတဲ့ပုဂ္ဂိုလ်များဟာ မှားတယ်လို့ ဘယ်တော့မှ သတ်မှတ်လို့မရပါဘူး။ အမှားအမှန်ဆိုတာဟာ လူတိုင်းမှာ အတိုင်းအတာတစ်ခု ရှိပါတယ်။ လူတိုင်းမှာ အားနည်းချက်ရှိတယ်၊ အားသာချက် ရှိတယ်။ ကိုယ့်ရဲ့အားသာချက်တွေကို ပြုစုပျိုးထောင်သလို ကိုယ့်ရဲ့အားနည်းချက်တွေကို ပပျောက်သွားဖို့ လုပ်ဖို့ဆိုတာ ကိုယ်တစ်ဦး တစ် ယောက်မှာပဲ အဓိကတာဝန်ရှိပါတယ်။ တခြားသူတွေကို လက်ညှိုးထိုးပြီးတော့ တခြားပုဂ္ဂိုလ်များရဲ့ ပယောဂကြောင့် ပြဿနာဖြစ်တာဆိုပြီး ပြောလို့မရပါဘူး။”

ဒီနေရာမှာ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်တွေ မပြောချင်ရင်လည်း ဘာကြောင့် အမျိုးသားရင်ကြားစေ့နေရတာလည်းဆိုတဲ့ အကြောင်း တရားရှိတယ်ဆိုတာကိုတော့ ငြင်းဆန်လို့ မရပါဘူး။ အကြောင်းတရားက နိုင်ငံရေးမတူတာပါ။ အကျိုးဆက်က ပြည်တွင်းစစ်ပါ။ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ ဖြေရှင်းခွင့် မရခဲ့ကြလို့ လက်နက်ကိုင်တိုက်ပွဲတွေ ပေါ်ခဲ့တာဖြစ်ပါတယ်။ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ ဘက်နှစ်ဘက်စလုံးက မိတ်ဆွေသဖွယ်၊ ညီနောင်သားချင်းတွေလို သဘောထားဖို့လိုပါတယ်။ ငြိမ်းချမ်းရေးကို စစ်မှန်မှန် တည်ဆောက်ချင်တဲ့ အရင်းခံစိတ်ဓါတ် ရှိကြ ဖို့လိုပါတယ်။ အဲဒီစိတ် မရှိပဲ ဆောင်ရွက်တဲ့ နိုင်ငံရေးအမြတ်ထုတ်ရုံသက်သက် အတုအယောင် ငြိမ်းချမ်းရေးကိုတော့ ပြည်သူလူထုက ချီးမွှမ်း နေမှာ မဟုတ်သလို၊ ပြတ်ပြတ်သားသား ဆန့်ကျင်ကြမှာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ် တဦးတယောက်ဖြစ်စေ၊ မည်သည့် အဖွဲ့အစည်းဖြစ်စေ တာဝန် အရှိဆုံး သူကို ထောက်ပြဝေဖန် ပြောဆိုကြမှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေဟာ နယ်ချဲ့ရဲ့ ပယောဂကြောင့် လွတ်လပ်ရေးမရခင် ကျဆုံးခဲ့ရတယ်။ အဲဒီ ပယောဂ ကြောင့် နောက်ဆက်တွဲ နိုင်ငံရေးပြဿနာတွေ ဆက်တိုက်ဖြစ်ခဲ့ရတယ်။ ဖဆပလ အစိုးရလက်ထက်မှာ တိုင်းရင်းသားတွေရဲ့ ပြည်ထောင် အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရပြီး၊ မဆလနဲ့ စစ်အစိုးရအဆက်ဆက်မှတော့ ပြည် ထောင် အခွင့်အရေးတွေသာမက လူတဦးချင်းစီရဲ့ လွတ်လပ် ခွင့်တွေ ဆိတ်သုဉ်းခဲ့ရတယ်။ အဲဒီပယောဂတွေကိုတော့ အမှောင်ခေတ်ကို နဖူးတွေ့ ဒူးတွေ့ ဖြတ်သန်းခဲ့ရသူတိုင်း မေ့လို့မရကြသေးပါဘူး။ ဒါဟာ ပကတိသမိုင်း ဖြစ်ပါတယ်။ သမိုင်းကို ကိုယ်ဖြစ်စေချင်တဲ့အတိုင်း စကားလုံးလှလှလေးတွေ တန်ဆာဆင်ထားတဲ့ သဘောတရားတွေနဲ့ ထုဆစ်ပြီး ပုံဖေါ်လို့မရပါဘူး။ ချုပ်ပြောရရင် ဒီနေ့တိုင်းရင်းသားပြဿနာဟာ ပင်လုံကတိကဝတ်တွေကို အာဏာရ အစိုးရအဆက်ဆက်က အကောင်အထည် မဖေါ်ခဲ့တဲ့ ပယောဂကြောင့် ပြည်တွင်းစစ်ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ သမိုင်းမှာ ဖြစ်ခဲ့တဲ့ ချို့ယွင်းချက်တွေကို သင်ခန်းစာ မယူနိုင်ခဲ့ရင် အနာဂတ်ဟာ ကြမ္မာငင်နေဦးမှာပဲ ဖြစ်ပါတယ်။

● ပင်လုံစိတ်ဓါတ်
ပြည်ထောင်စုနေ့ အခမ်းအနားမှာပါဝင်တဲ့ တိုင်းရင်းသားလူငယ်တွေနဲ့ ဆွေးနွေးတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာလည်း ပင်လုံစိတ်ဓါတ်နဲ့ ပင်လုံ ကတိကဝတ် အနက် ပင်လုံစိတ်ဓါတ်ကိုသာ ယူရမယ်လို့ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က ပင်လုံကတိက၀တ်အပေါ် အခုလို အဓိပ္ပါယ်ဖွင့် ပြောဆိုပါတယ်။

“တိုင်ပင်ဆွေးနွေးအဖြေရှာမယ်ဆိုတာ ပင်လုံရဲ့ အဓိက ကတိက၀တ် ဖြစ်ပါတယ်၊ ဒီတော့ ကျမတို့ရဲ့ တိုင်ပင်ဆွေးနွေးအဖြေရှာနိုင်တဲ့ အဆင့် ကို မရောက်ဘူးဆိုရင်တော့ ဒါ ပင်လုံစာချုပ်ဟာ စကားပဲရှိတယ် အပြုအမှုမရှိဘူးလို့ပြောလို့ရပါတယ်။ အခုဆိုရင်ကျမတို့ တိုင်ပင်ဆွေးနွေး အဖြေရှာဖို့အတွက် ညီလာခံကြီးကို အားလုံးကို ဖိတ်ခေါ်နေတာပါ။ ညီလာခံအတွင်းမှာ တိုင်ပင်မယ်၊ ဆွေးနွေးမယ်၊ အဖြေရှာမယ်။”

ပင်လုံစာချုပ်ပါကတိက၀တ်တွေကို ဆက်လက်အကောင်အထည်ဖော်ဖို့ ၂၁ ရာစုပင်လုံညီလာခံဆိုတဲ့ နိုင်ငံရေးမူဘောင်တခု ချမှတ်ကျင်းပ တာဖြစ်ပြီး ဒီမှာ ပါဝင်ဆွေးနွေးပြီးအပေးအယူပြုဖို့လိုအပ်တဲ့အကြောင်းပြောဆိုပါတယ်။ နိုင်ငံရေးအရ အပေးအယူလုပ်တာဟာ မိမိအတွက် မဟုတ်ကြောင်းလည်း ဆက်ပြော ပါတယ်။ ဒီနေရာမှာ ပင်လုံစိတ်ဓါတ်နဲ့ ပင်လုံကတိကဝတ်ဆိုတာ သီးခြားဖြစ် သယောင် ခွဲပြီးပြောဆိုနေ တာ တွေကိုလည်း စဉ်းစားကြစေလိုပါတယ်။ ပင်လုံစိတ်ဓါတ်ဆိုတာ ပင်လုံစာချုပ်ပါ ကတိကဝတ်တွေကို အကောင်အထည်ေ ဖါ် ဖို့ လုပ်ကိုင်ဆောင် ရွက်ရတဲ့ စိတ်ဓါတ်ပဲဖြစ်ပါတယ်။

တိုင်းရင်းသားပြည်သူအားလုံးတန်းတူညီမျှအခွင့်အရေးရနိုင်မယ်လို့ယုံကြည်တဲ့ ပြည်ထောင်စုကြီး တရပ် တည်ထောင်နိုင်ဖို့ဆိုရင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၁၉၄၇ ပင်လုံစာချုပ်ပါ ကတိကဝတ်ေ တွ အတိုင်း အပြောမဟုတ်ပဲ လက်တွေ့ကျကျ အကောင်အထည်ေ ဖ်ာဖို့ လိုအပ်ကြောင်း တိုင်းရင်းသားအရေးလေ့လာသူတွေကပြောကြပါတယ်။ ကိုယ့် အဖွဲ့အစည်းအတွက် မစဉ်းစားပဲ ပြည် ထောင်စုစိတ်ဓာတ်နဲ့ စဉ်းစားပေး ကြပါလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းချက်အပေါ်မှာလည်း ၂၁ ရာစု ပင်လုံညီလာခံမှာ အားလုံး ပါဝင်ရေးဆိုတဲ့မူကို ဦးဆောင်သူတွေ ကိုယ်တိုင်က အလေးအနက်ထားစဉ်းစားဖို့လိုတယ်လို့လည်း ထောက်ပြကြပါတယ်။

● တကယ့်သတ္တိ
ပြည်ထောင်စုနေ့ဟာ နှစ် ၇၀ မြောက်ခဲ့ပေမယ့် မြန်မာနိုင်ငံမှာ တပ်မတော်နဲ့ တိုင်းရင်းသားတွေကြား ပြည်တွင်းစစ် လက်နက်ကိုင် ပဋိပက္ခ တွေက ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ပြည်မနဲ့ တိုင်းရင်းသားဒေသတွေအကြား တန်းတူအခွင့်အရေး မရရှိသေးပါဘူး။ ခေတ်အဆက်ဆက် “ပြည်ထောင်စု” လို့ အမည်ကင်ပွန်း တပ်ခဲ့ကြပေမယ့် အားလုံး မျှော်လင့် တောင့်တခဲ့ကြတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကြီးကတော့ ဖြစ်မလာ သေးကြောင်း တိုင်းရင်းသားခေါင်းဆောင်တွေက သုံးသပ်ကြပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီအစိုးရ အာဏာရလာပြီးတဲ့နောက် သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း လက်ထက်က တိုင်းရင်းသားခေါင်းဆောင်တွေ စုပေါင်းပြီး ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ကို သူ့လက်ထက်မှာ ဆက်လက် အကောင်အထည် ဖော်ဆောင်ဖို့ ကြိုးပမ်းနေတာပါ။ ဒါကြောင့် စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကတဆင့် ငြိမ်းချမ်းရေးစားပွဲဝိုင်းဆီ တက်လှမ်းနိုင်ဖို့အတွက် ၂၁ ရာစုပင်လုံညီလာခံကို စတင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပြည်ထောင်စုနေ့ မိန့်ခွန်းမှာ တော့ တန်းတူရေးတို့၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်တို့၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့၊ ဖက်ဒရယ်ပြည်ထောင်စုအရေးတို့၊ ပင်လုံရဲ့ အနှစ်သာရတို့၊ စတာတွေကို ထည့်သွင်းပြောကြားခဲ့တာ လုံးဝမတွေ့ရ ပါဘူး။ အပစ်ရပ်စာချုပ်NCA ရဲ့ အဓိကဦးတည်ချက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တည်တံ့ခိုင်မြဲရေးဖြစ်ပါတယ်။ NCA ရဲ့ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်တွေက ဒါကိုရှင်းရှင်းလင်းလင်းဖော်ပြနေပါတယ်။ ဒါကြောင့် NCA အတိုင်းသွားမယ့် ငြိမ်းချမ်းရေးဟာ ပင်လုံစိတ်ဓါတ်ကို အခြေခံပြီးဖော်ဆောင်မယ့် ငြိမ်းချမ်းရေးဖြစ်ဖို့ အလားအလာ အလွန်နည်းပါးပါတယ်။

လက်ရှိNCAအပေါ်အခြေခံတဲ့ငြိမ်းချမ်းရေးဟာ ၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်းကဖေါ်ဆောင်မယ့် ညောင်နှစ်ပင်စိတ်ဓါတ် ငြိမ်းချမ်းရေးဖြစ်သွား နိုင်ပါတယ်။ ဒါကြောင့်လက်ရှိNCAကိုလက်မှတ်ထိုးတာဟာ သတ္တိ မဟုတ်ပါဘူး။ လက်ရှိNCA နဲ့နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ကို ပြင်ဆင်ပေးဖို့တောင်းဆိုကြိုးပမ်းခြင်းကသာ တကယ့်သတ္တိဖြစ်ပါတယ်။

ဒါကြောင့် စစ်အုပ်စုကို အကာအကွယ်ပေးနေတဲ့ ၂၀၀၈ ဖွဲ့စည်း ပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းပြီး ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကို အာမခံနိုင်တဲ့ ဖွဲ့စည်းပုံတရပ်နဲ့ အစားထိုးနိုင်မှသာ ၂၁ ရာစု ပင်လုံ ညီလာခံ ကို အောင်မြင် စွာ ဖော်ဆောင်နိုင်တယ်လို့ ဆိုရမှာပါ။ ဒါမှသာ စစ် မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကို ရရှိမှာဖြစ်ပါတယ်။ ညီလာခံက ဒီလိုမှ ဆောင်ရွက်ခွင့် မရခဲ့ရင် တိုင်းရင်း သားပြည်သူလူထုကြီးကတော့ စစ်အုပ်စုက အစဉ်အဆက် အသရေဖျက်ခဲ့တဲ့ လမ်းပေါ်ထွက်တဲ့ နိုင်ငံရေးအရ သူ့အလုပ်သူ လုပ်သွားနိုင်စရာရှိပါကြောင်း တင်ပြလိုက်ရပါတယ်။

ထွန်းဝင်းငြိမ်း ၁၅၊ ၂၊ ၂၀၁၇
(၁၇၊၂၊၂၀၁၇ က်ထုတ် သံတော်ဆင့် ဂျာနယ်မှ)