ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မင်းကိုနိုင် ● နွေဦး ရထား ဥသြသံ


မင်းကိုနိုင် ● နွေဦး ရထား ဥသြသံ
(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၁၇


ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

“ဂျုံးဂျုံး ဂျက်ဂျက်မီးရထားလေးစီးကာ ဒီနှစ်နွေ ကိုယ်ပြန်နိုင်ပြီ၊ ကောက်ကောက်ကွေ့လမ်းလေးရဲ့အဆုံးတနေရာ ကြိုနေ သည့် ကိုယ့်မွေးရပ်မြေ... ရင်ခွင်ကျယ်ကျယ် လယ်ကွင်းတွေမျှော်နေသူ သူငယ်ချင်းရေ... ။”
. . . .

ကျွန်တော်ငယ်စဉ် နွေကျောင်းပိတ်ပြီဆိုသည်နှင့် အိမ်နီးချင်းသူငယ်ချင်းတွေစုံပြီး စုဖွဲ့ကစားကြမည်ကြံသည်တွင် အများစု မှာ ရွာပြန်ကြတယ်ဆိုကာ ခြောက်ကပ်သွားတတ်မြဲကို သတိရသည်။ သူများတွေက မိုးဦးစ ကျောင်းဖွင့်ရာသီတွင် ကျောင်း၌ ပြန်ဆုံကြတော့ ရွာပြန်တွေ့ကြုံတွေပြောပြတာနားထောင်ရင်း သွားရည်ယိုကာ ငါလည်းရွာပြန်ချင်တယ်ဟု စိတ်ထဲ တောင့် တမိမြဲ။

ခက်သည်က ရန်ကုန်မှာမွေးသောကလေးတွေအတွက် ပြန်စရာရွာမရှိခြင်းပင်။ သို့နှင့်မိဘများ၏ ဇာတိကိုပြန်သည့်ခရီးမှာ လိုက်ရင်း ဒါအဖေတို့ရွာ အမေတို့ရွာစသည်ဖြင့် ရင်ခုန်ဇောဖြင့် လိုက်ကြရသည်။ ယခုနှစ်စာမေးပွဲရာသီရောက်တွင်လည်း နွေဦး၏ရနံ့နှင့် အရိပ်အငွေ့ကိုပါ ရလာသည်။ ဇာတိမြေပြန်သူတို့၏ ရင်ခုန်ခရီးကိုလည်း အလွမ်းနှင့် မျှော်ကြည့်မိပါသည်။
*------------------------------*---------------------------*

ကျွန်တော်ငယ်စဉ်က အဖေ၏ဇာတိ မုဒုံမြို့၊ အမေ၏မွေးရပ်မြေ ကော့ပရံရွာ စသည်ကိုပြန်ရတိုင်း ရန်ကုန်ကအထွက် လယ် ကွင်းတွေမြင်သည်နှင့် ကြည်လွင့်သောစိတ်က ရထားရှေ့မှ ပြေးနှင့်သည်။ ရိုးပြတ်တောများ မီးရှို့ထားသည့်အနံ့ကအစ နှလုံးသားကို ဆာလောင်စေသည်ဟု ကျွန်တော်ခံစားရပါသည်။

ထိုစဉ်ကရထားများသည် အများပြည်သူတို့၏ အားကိုးရာ ယာဉ်များဖြစ်ခဲ့ပါ၏။ ယခုလို အဲကွန်းဘတ်စ်ကားများ ပေါ်သေး သည်မဟုတ်တော့ ခရီးဝေးအတွက် ရထားများကိုသာ တမြတ်တနိုး စီးကြရသည်။ ရထားတွဲများမှာလည်း ယခုခေတ်လို တ တွဲချင်း ကန့်ထားသည်မဟုတ်။ ရထားတစီးလုံး တိုးလျှိုပေါက်သွားနိုင်အောင် ဖောက်ထားသည်။ တွဲတခုနှင့်တခု ကြား ပြုတ် မကျအောင် သားရေဘာဂျာဖြင့် အုပ်ဆက်ထားသဖြင့် ကျွန်တော်တို့လို ကလေးတွေအတွက် ခေါင်းတွဲမှ နောက်ဆုံးတွဲထိ စိတ်ကြိုက်လျှောက်လည်နိုင်သည်က ထူးကဲသော ရသတမျိုး။

ကိုယ့်အတွဲမှာ ကိုယ်ထိုင်ရင်း အသိမိတ်ဆွေမရှိ၍ ညည်းငွေ့ရတာမျိုးမဟုတ်။ ဟိုအတွဲဝင်သည်အတွဲရောက်တိုင်း ဇာတိပြန် မွေးရပ်တူတွေ အမျိုးအဆွေပေါင်းကိုတွေ့၊ ခရီးတူမို့ အားပါးတရနှုတ်ဆက်၊ လူကြီးတွေက တွဲပြောင်းထိုင် စကားလက်ဆုံ ထမင်းလက်ဆုံစားကြ၊ ကလေးတွေက ရထားဝမ်းဗိုက်တလျှောက် သွားချင်ရာသွား၊ ဟိုတွဲက ကလေးတွေနဲ့ ကာတွန်းစာ အုပ် လဲလှယ်ဖတ်၊ မုန့်တွေလည်းစား။ ပျင်းဖို့အချိန်ပင် မရ။ မြို့ပေါ်နေလာကလေးတွေမို့ မြင်ကွင်းကျယ်၊ လယ်ကွင်းပြင်တွေ မြင်ရုံ ပျော်နှင့်ပြီ။ တောင်တန်းတွေမြင်ရုံ ရွှင်ပြီ။ရထားပြတင်းမှကြည့်ရင်း လမ်းဘေးက ကပ်လိုက်လာသည့် ကြေးနန်းတိုင် တွေ ဖျတ်ကနဲ ထပ်ပေါ်လာတာစောင့်ရတာလည်း အရသာ။

ဘူတာတခု ဝင်သည်နှင့် ရေကုသိုလ် ရေကုသိုလ်ဟု အော်ကာရေအိုးခေါင်းရွက်လာသည့် ရွယ်တူကလေးတွေလည်း အလု အယက်ခေါ်၊ ရေသောက်၊ ရေဘူးထဲ ရေဖြည့်ပြီး ငွေစအချို့ ဒါနပြန်ပြုရတာကလည်း ဘူတာစဉ်တိုင်း စောင့်လုပ်ရသည့် အစဉ်အလာတခု။

မုပ္ပလင်နှင့် ပုလဲစသည့် ဘူတာတွေရောက်ပြီဆိုလျှင်တော့ ခရီးသည်တွေ လှုပ်လှုပ်ရွရွ ဖြစ်လာပြီ။ ထမင်းထုပ်ကောင်းသည်ဟု နာမည်ကြီးသည်ကိုး။ လွယ်ထားသည့်တောင်းကြီးထဲက ထမင်းထုပ်ပူပူမွှေးမွှေးတွေက အင်ဖက်နှင့် ထုပ်ထားသည့်တိုင် မယိုမဖိတ်။ဖွင့်ထားသည့် အခါမှာလည်း အင်ဖက်ရနံ့က တွဲပါလိုက်သေး။ ရထားခရီးစဉ်တလျှောက်ငေးရင်း မောရင်း ရောက် သွားသည်ချည်း။

.*------------------------------*----------------------*

မုတ္တမကမ်းက ဖြတ်ကူအလာ၊ မြစ်သံလွင်ရေပြာပြာထဲ ဖြူဖြူဖွေးဖွေးရေဆေးငါးကို လိုက်ရှာသူတွေလည်း ရှိသေးသည်။ မော်လမြိုင်သူတွေကို ရေဆေးငါးကြီးဟု ဘာ့ကြောင့်ခေါ်သည်ကို ကလေးဘဝ ကျွန်တော်မသိ။ “ဘုံပြတ်ခေါ် မြင်းလည်း လေးနှင့် ယဉ်ယဉ်ကျေးကျေးထိုင်” ဆိုသည့်သီချင်းအတိုင်း ဘုံပြတ်မြင်းခွာသံ တခွပ်ခွပ်ကြား၊ မိန်းမထိုင် ထိုင်သွားကြသည့် ရွှေမြိုင်သူတွေကို ငေးရင်းအဖေတို့ဇာတိတောမြို့ကလေးသို့ရာက်ချိန်တွင် နေညိုစပြုပြီ။

ရောင်ခြည်ထဲ ရွှေရည်တွဲသည့် မီးမောင်းလိုထိုးလိုက်ချိန်၊ ဇာတိတောမြို့လေးက နွေဦးဇာတ်ခုံပေါ် ပတ္တမြားလိုရဲနေသည့် ဂဝံခင်းလမ်းတွေမြေတွေဖြင့် လှချင်းတိုင်းလှနေသည်။ ခြံဝင်းတွေရှေ့ကားရပ်သည်နှင့် ဟိုဘက်အိမ် သည်ဘက်အိမ်မှ ဆွေ တော်ရှစ်သောင်းက ပြေးထွက်လာ သူ့အိမ်ငါ့အိမ် အလုအယက် အိတ်တွေဆွဲကြ၊ လက်ဆောင်တွေဝေတော့လည်း သူ့အ ထုပ် ကိုယ့်အထုပ် ဆန်းစစ်ရင်း ဟိုအိတ်နှိုက် သည်အိတ်မွှေ။ ကလေးတွေ တရုံးရုံး လူကြီးတွေ တပြုံးပြုံးနှင့်။ ဟိုတုန်းက နွေ။ နွေးရပ်မြေ အပြန်ခရီး။
*------------------------------*------------------------*

ညနေစာ စားပြီးပြီဆို၍ ပြည့်စုံပြီ မမှတ်ပါနှင့်ဦး။ ခြံထဲက အုန်းပင်ပေါ်လက်ညွှန်လျက် စိန်ခေါ်ပွဲကြီးက ခုမှစ၏။ ဘာမုန့်စား ချင်တာလဲ၊ နင်တို့ပဲစားနိုင်မလား၊ ငါတို့ကပဲ လုပ်ကျွေးနိုင်မလား ကြည့်ကြသေးတာပေါတဲ့။ မုန့်ကြိတ်ဆုံဆိုတာက ခြံထဲတွင် ရှိသည်မို့ ဆန်ကွဲယူထည့်ကြိတ်ရုံသာ။ မုန့်လုပ်ထန်းလျက် ဇလုံဘေးချ၊ အုန်းသီးခွဲတော့လည်း နကျီသွေးလုစားရင်း၊ အုန်းရည်လုသောက်ရင်း၊ ဟိုမုန့်ကောင်းမယ်၊ ဒီမုန့်လုပ်ပေးငြင်းခုံလျက် ရိုးရာမုန့်တွေ စီတန်းထွက်လာသည်။

အောက်လင်းမီးကြီး တဖောင်းဖောင်းမြည်အောင် လေထိုးထွန်းညှိနေသော ဦးကြီးနံဘေး ကျွန်တော်တို့လို မြို့မှာ ကြီးပြင်း ကလေးတွေက ငေး။

ရှူးခနဲမြည်ပြီးမှ မီးလင်းလာသော အောက်လင်းဓာတ်မီး အလင်းအောက်ကိုယ့်ရှေ့ရောက်လာသည့်မုန့်ကို နောက်ကျသည့် လက် နောင်တမရကြေး။ နွေညမှာ ငွေလသာခိုက် ဝရန်တာမှာဗိုက်ကလေးတွေ ပူနေအောင်ပက်လက်လှန်ရင်း ကြယ်က လေးတွေရေတွက်ရတာကလည်း တောနယ်ရောက်မှရသည့် အရသာထူးဟု ကျွန်တော် ယူမှတ်မိသည်။ လူကြီးတွေကကြီး ပွားရေး၊ သမီးသားရေး၊ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဓာတ်ပြားတွေတချပ်ပြီးတချပ် ရေနွေးကရားနှင့်အတူ အဆက်မ ပြတ်လဲနေ။ ကလေးတွေက ငိုက်မျဉ်းလိုက်၊ နားထောင်ရင်း နံဘေးမှာ လှိမ့်လိုက်။ အိပ်ရာထဲ သွားအိပ်လေဟု အကြိမ်တ သောင်းလောက်ဆူငေါက်သည့်တိုင် ကျွန်တော်တို့ကလေးတွေကား လူကြီးဝိုင်းနံဘေး ငိုက်ရသည့်အရသာကို ပပထူမှ ထမည့် မင်းကုသထက်ပိုသော ဇွဲဖြင့် ကုပ်ကတ် အိပ်နေခဲ့မြဲ။

ရွာနီးချုပ်စပ် ဘုရားတွေဖူး၊ ဘဘုန်းကြီးထံ ကျက်သရေခန်းမှမုန့်တွေတောင်းစား။ ရှိသမျှအမျိုးတွေအိမ် အိမ်ရှေ့ကဝင်၊ နောက်ဖေးကထွက်၊ ဟိုဘက်ခြံကူး၊ ဒီဘက်ခြံရောက်။ မြင်မြင်သမျှ အပင်စားစရာမှန်လျှင် အကုန်တက် မီသမျှခူး။ နွေဦး ရွက်တွေလိုပင် မွေးရပ်မြေအလည်ပြန်ရက်တွေက တဖြုတ်ဖြုတ်ကြွေ။ အကုန်မြန်ပါဘိ။

ပြန်ရတော့မည့်ရက် ရောက်ပြီဆိုသည်နှင့် လူကြီးတွေက မျက်နှာမကောင်းရုံရှိသေး ၊ ကလေးတွေက ငိုမဲ့မဲ့။ မပြန်ချင်ဘူးဟု ငြင်းသူကို မပြန်နဲ့ဦးဟုတားတာကိုက အဆီအငေါ် မတည့်သော ဝါကျနှစ်ကြောင်း ဖြစ်ပေမယ့် သမုဒယ၏အလှကို ကောင်း စွာ ဖော်နိုင်မည့် နှုတ်ဆက်ဂီတဟု ကျွန်တော်တွေးထင်မိပါသည်။
*------------------------------*------------------------*

ကျန်ခဲ့မည့်သူတွေက ညှိုးသော မျက်နှာဖြင့် “တရက်လောက် နေပါဦးလား”ဟု တားသည်။ ပြန်ရမည့်သူတွေက မရွင်သော အသံဖြင့် “နေချင်သေးတာပေါ့။ အလုပ်တွေရှိတယ်။ ” ဟု ငြင်း၏။

ကျန်မည့်သူတွေက လေသံရော မျက်နှာပါတင်းလာပြီး “တရက်လောက်ထပ်နေတော့ ဘာဖြစ်လဲ၊ တနှစ်မှတခေါက် တွေ့ရ တာ ” ဟု ငေါက်တော့သည်။ နှစ်ဖက်သောကလေးများကား တားသူတွေလက်က အပြတ်အသား ရပ်တည်ကြသည်။ လွှတ် တော်ထဲမှာလို မဲခွဲလျှင် အကြီးအကျယ်အောင်ပွဲခံမည်ဆိုတာ သိနှင့်သူများပီပီ အဆစ်အပို တရက်ထပ်နေရေးကို အလု အယက် အဆိုတင်သွင်းကြသည်။

ကျွန်တော်တို့ ကလေးများကလည်း လူကြီးတွေအခက်၊ ကလေးတွေအချက်ဟု နှလုံးမူသည့်အလျောက် အဆိုရှင်များ အောင်နိုင်ရေးအတွက် နည်းလမ်းစုံသုံးလျှက် ဖိအားပေးကြပါတော့သည်။ မျက်ရည်စမ်းစမ်းဖြင့် အသနားခံခြင်း၊ အချင်းချင်း မလွတ်တမ်း ဖက်ထားပြီး တရှုပ်ရှုပ် ရှိုက်ခြင်း၊ ဒါမှ မရလျှင်တော့ အသံပြဲကြီးများဖြင့် ခြေကန်ငိုခြင်းတို့ပင် ဖြစ်ပါသည်။

နောက်ဆုံးတွင်တော့ မပြန်ရေးဘက်က အနိုင်ရသည်ချည်း။ ကျွန်တော်တို့ကလေးတသိုက် အောင်ပွဲခံကြပြီ။ ဟေးခနဲ လက် များမြှောက် ပြိုင်တူအောင်ဟစ်ခြင်း၊ ကျွမ်းထိုး၍ မြူးထူးခြင်း၊ အိပ်ရာများပေါ်တက်၍ ခုန်ပေါက်ခြင်းတို့ဖြင့် သံယောဇဉ်၏ အောင်ပွဲကို ခံယူကြပါသည်။

စင်စစ် ဤပွဲ၌ ရှုံးနိမ့်သူ မရှိပါ။ ပြန်မည်ဆိုသူတွေက ဘာသားနှင့် ထုထားသည်မို့လဲ။ သံယောဇဉ်၏ ဘက်တော်သားများပင် မဟုတ်ပါလား။ သူတို့ ငြင်းခဲ့သော်လည်း အောင်ပွဲကို ရေနွေးကြမ်းခွက်များ မြှောက်လျက် အတူချီးယားစ်လုပ်ကြရမြဲပင်။
*------------------------------*------------------------*

မနေ့ညက မြူးခဲ့သမျှ နောက်ညမှ မှိုင်ကြရပြီ။မနေ့ညက ကခုန်ခဲ့သောလက်တွေ ခုမှ တကယ်မျက်ရည်သုတ်ရပြီ။ ရောက်ခါ စ တညက ထုပ်စည်းတိုးရင်း ထမင်းရည်ပူ လောင်တယ်။ မလောင်ဘူးငြင်းကာ ကျွန်တော့်အား ရန်တွေ့ပြီး လက်မောင်းကို ကိုက်ခဲခဲ့သော နှစ်မဝမ်းကွဲလေးက ကျွန်တော့်ပေါင်ပေါ် ခေါင်းထိုးကာ တသိမ့်သိမ့် ရှိုက်နေပြီ။ ဟိုထောင့်ကွေးမှာ နှစ် ယောက်ဖက် ငိုနေကြတာလည်း ကျွန်တော့်အစ်မငယ်နှင့် အစ်မဝမ်းကွဲတို့ပါလား။

ဘိုးလေး ဘတင်၏ဘဲခြံထဲတွင်ဆော့ကစားရင်း ကျွန်တော့်အား ဗိုလ်ကြက်ချေးအဖြစ် သရုပ်ဆောင်ခိုင်း၍ ကျွန်တော်က မကျေမနပ်တွန်းလှဲချရာ ဘဲခြေးတွေကြားကားယားကြီးလဲကျခဲ့သူ ကျွန်တော့်ဦးလေးအငယ်ကလည်း ကျွန်တော့်အား လာ ဖက်ပြီး မျက်ရည်တွေကျနေပြီ။ ကျွန်တော်ကိုယ်တိုင်လည်းမြင်ကွင်းတွေ ဝါးလာပြီ။ လည်ချောင်းထဲ တဆို့ဆို့ကြီး။ သံယော ဇဉ်တို့သဘောကား အောင်ပွဲမှာ ချိုသမျှ ရှုးးချိန်ကျ ခါးပါဘိ။
*------------------------------*------------------------*

ကားပေါ်သို့ အထုပ်အပိုးတွေ၊ လက်ဆောင်တွေကို သယ်ပို့တင်ပေးနေသည့် သူတို့ လက်တွေ ခြေတွေက လိုတာထက် ပို နှေးကွေးနေသည်။ မည်သူမျှ မြန်မြန်လုပ်ဟု မတိုက်တွန်းလိုကြ၊ ဘယ်လိုပင် ဆွဲထားထားအချိန်ရောက်လာလျှင်တော့ ကျွန်တော်တို့ ခွဲကြရမြဲ။

ခွဲခွာခြင်းကို မုန်းတီးသောမျက်နှာများဖြင့် နောက်နှစ်နွေ ပြန်ဆုံကြမယ်ဟု အခိုင်အမာ ကတိပေးကြသည်။ ကျွန်တော်တို့ ကတိတည်ကြမည်။ တနွေရောက်ဖို့တော့ တမိုးတဆောင်းကိုတော့ ကျော်ဖြတ်ရပေဦးမပေါ့။

နောက်နှစ်နွေဦးမှာ အမျိုးတွေဆီ အမြန်ရထားပေါ် ကျွန်တော်ကိုယ်တိုင် တူ...တူ....ဂျုံးဂျုံး ဂျက်ဂျက်ဟု ကလေးတယောက် လို ဟစ်အော်ဖြစ်အောင် အော်လိုက်ဦးမည်။

မင်းကိုနိုင်