သားကြီးမောင်ဇေယျ - ဦးနှောက် စားသွားကြပါဦး



သားကြီးမောင်ဇေယျ - ဦးနှောက် စားသွားကြပါဦး
(မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၁၇
မနက် ၈ နာရီလောက် တာမွေ အောင်မင်္ဂလာ လမ်းထိပ်က မြင့် လက်ဖက်ရည်ဆိုင်မှာပါ။ ကျွန်တော်တို့ အခေါ် lower house news room လို့ နာမည်ပြောင် ပေးထားတဲ့ လမ်းထိပ်က လက်ဖက်ရည်ဆိုင်ပေါ့။ အရမ်းဘာသာပြန်လိုက်ရင်တော့ အောက်လွှတ် တော်သတင်းရုံးခန်းပေါ့။ ရုံးမတက်ခင် လူစုတဲ့နေရာ။ အဲဒီမှာ မနေ့က သတင်းတွေအကြောင်း၊ ဒီနေ့လိုက်မယ့်သတင်းတွေ အကြောင်း ပေါ့ပေါ့ပါးပါး ပြောကြ ဆိုကြ။

ကျွန်တော်က အင်တာနယူး ( INTERNEWS) က ဦးစီးကျင်းပတဲ့ ကျား/မ (ဂျန်ဒါ) အခြေပြုအကြမ်းဖက်မှုဆိုင်ရာ သတင်းရေးသားခြင်း သင်တန်း မှာ လက်တွေ့ ကွင်းဆင်း ရင်း ရလာတဲ့ သတင်းတွေ ကို အာပေါင် အာရင်းသန်သန် နဲ့ သူများ နားထောင်ချင်မှန်း နားမထောင်ချင်မှန်းမသိ ဆရာကြီးလုပ် နေတာပါ။ အလုပ်လုပ်တတ်သူတွေက အလုပ်လုပ် လိမ့်မယ်၊ အလုပ်မလုပ်တတ်တဲ့ ကျွန်တော်လိုလူမျိုးကတော့ ဆရာကြီးလုပ်မှာပ။ နားမခံနိုင်လို့ လက်ဖက်ရည်ဆိုင်က ထ သွားမယ် ဆိုရင် အလျှင် ထ သူက လက်ဖက်ရည်ဖိုးရှင်းရင်လည်း မငြင်းပါဘူး။ ကျွန်တော်က ဒါမျိုး အငြင်းအခုံ လုပ်ရတာ ၀ါသနာ မပါ။

‘ရပ်ကွက်ထဲက အိမ်တစ်အိမ် က ဖုန်းဆက်တယ်။ သူတို့ ဘေးအိမ်မှာ အရက်မှုးတဲ့ ယောက်ကျားင်္က မိန်းမကို ရိုက်နေတာ တရက်ကွက်လုံး ဆူညံနေတယ်၊ မိန်းမ ခေါင်းက သွေးတွေထွက်နေတယ်၊ အရိုက်ခံရတဲ့ မိန်းမက တရပ်ကွက်လုံးကို အော်ဟစ်အကူအညီတောင်းနေတယ်။ ဒီလိုသာ ဆက်ရိုက်နေရင် မိန်းမ သေသွားလိမ့်မယ်။ လူကြီးတွေ လာကယ်ပါဦးတဲ့ အဲဒီတော့ ရပ်ကွက်လူကြီးတွေ မနေသာတော့။ ရန်ဖြစ်တဲ့ အိမ်ကို အမြန်သွား၊ မိန်းမကို ရိုက်နေတဲ့ ယောက်ကျားကို ဖမ်းခေါ်လာတယ်။ ယောက်ကျားက တော်တော်မှုးနေတယ်။ သူကို ရပ်ကွက် လူကြီးတွေက ပုဒ် ၄၁ နဲ့ အချုပ်ခန်းထဲပို့ဖို့ စီစဉ်တယ်။ ရဲ ကို အကြောင်းကြားတယ်။ အဲ ဒါပေမယ့် . . . . .’

ကျွန်တော် က နားထောင်သူ သတင်းထောက် သုံးလေးယောက်ရဲ့ မျက်နှာ ကို အကဲခတ်ကြည်မိတယ်။

‘ဆက်ပါဦး ဘာဆက်ဖြစ်လဲ’

ဆံပင်ထောာင် ထောင် ၊ အသားညိုညို ၊ မျက်မှန်ထူထူ နဲ့ သတင်းထောက် တစ်ယောက်က သိချင်ဇောနဲ့ မေးပါတယ်။

တစ်ယောက်က တော့ စိတ်ဝင်စားနေပြီ။

‘ဒါပေမယ့် အရိုက် ခံရတဲ့ မိန်းမက ရဲ လာ အခေါ် စောင့်နေတဲ့ သူယောက်ကျား ရပ်ကွက်ရုံးမှာ ထိုင်ခိုင်းတုန်း လူကြီးတွေ အလစ်မှာ ကွမ်းယာလေး ၀ယ်ပေးလိုက်၊ ဆေးလိပ်ကလေး လာပေးလိုက် နဲ့ ခွင့်တိုင်ပြီး တမျိုး၊ ခွင့်မတိုင်ပဲ အလစ်ဝင်ပြီးတမျိုး လုပ်နေသတဲ့။ အရိုက်ခံထားရတဲ့ မိန်းမ မျက်နှာမှာတော့ ဖူးယောင်နေတုန်းပဲတဲ့။ ည နည်းနည်း မှောင်လာတော့ သူယောက်ကျား ထိုင်နေတဲ့ နားမှာ ခြင်ဆေးခွေလေး လာထွန်းပေးလိုက်၊ အနွေးထည်လေး လာပေးလိုက် လုပ်နေပြန် သတဲ့။ ရပ်ကွက်လူကြီးတွေ က မျက်စောင်းထိုး ကြည့်လိုက်တဲ့ အခါ အလိုက်တသိ အသာအယာပဲ ရုံးထဲက ထွက်သွားတယ်တဲ့။ ဒါပေမယ့် ရုံးခြံစည်းရိုး အကွယ်ကနေ သူ့ယောက်ကျားကိုချောင်း ချောင်း ကြည့်နေ ပြန်သတဲ့။

ကဲ ခင်ဗျားတို့သာ ရပ်ကွက်လူကြီးတစ်ယောက်ဖြစ်ခဲ့ရင် ဒီလို ဖြစ်ရပ်မျိုး ရင်ဆိုင်ရမယ်ဆိုရင် ဘယ်လိုဖြေရှင်းမလဲ။ သတင်းထောက် တစ်ယောက်အနေနဲ့ ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရ သတင်း ဆောင်းပါး တပုဒ် ဖြစ်အောင် ဘယ်လိုရေးမလဲ။

ကျွန်တော့်မေးခွန်းကြောင့် လက်ဖက်ရည် ၀ိုင်းတစ်ဝိုင်းလုံး ငြိမ်သွားပါတယ်။ ကျွန်တော်ထင်တာပြောတာပါ။ သူတို့ စိတ်ဝင်စားချင်မှ စိတ်ဝင်စားမှာ။ မကြားတချက် ကြားတချက် ဖြစ်ချင်လည်းဖြစ်နေမှာ ။

ဘာပဲဖြစ်ဖြစ် သူတို့ကို ဦးနှောက်နည်းနည်း စားလိုက်တာပါ။

‘ ဒါက သတင်းဆောင်းပါး အဖြစ်ရေးရမှာ မဟုတ်ဘူး၊ အချစ်ဝထ္ထု ရေးရမှာ’

အသားဖြူဖြူ ပိန်သွယ်သွယ် သတင်းထောက်တစ်ယောက်က သြဘာပေး ပါပေးပါတယ်။

နောက်တစ်ယောက်က ‘ မိန်းမသေ သွားရင်တော့ သတင်းဖြစ်တယ်၊ ဖူးယောင်တာလောက် ၊ ရပ်ကွက်ရုံးရောက်တာလောက်နဲ့တော့သတင်းမဖြစ်ဖူး’ တဲ့။

သူပြောသလိုဆို မိန်းမကို သေအောင် ရိုက်ခိုင်းရမလို။

ဟော . . နောက်တစ်ယောက်က ‘ မြန်မာနိုင်ငံမှာ အိမ်တွင်း အကြမ်းဖက်မှုတွေ ဘယ်လောက် ဖြစ်နေသလဲ ဆိုတာကို ရပ်ကွက် တခုခြင်းဆီ မှာ စာရင်းကောက်မယ်၊ ဆင်းရဲသားရပ်ကွက်မှာ အဖြစ်များသလား၊ ချမ်းသာတဲ့ ရပ်ကွက်မှာ အဖြစ်များသလား သုတေသနပြုမယ်။ အရက်မှုးလို့ဖြစ်တာလား၊ စီးပွားရေးမပြေလည်လို့ဖြစ်တာလား၊ အသိတရားနဲ့ မေတ္တာတရားနည်းလို့ဖြစ်တာလား၊ ပညာနည်းလို့ဖြစ်တာလား၊ ၀န်းကျင် မကောင်းလို့ဖြစ်တာလား စ သဖြင့် စစ်တမ်းတွေကောက်မယ်၊ အိမ်တွင်း အကြမ်းဖက်မှု ဖြစ်တာဟာ အမျိုးသမီးတွေ ကိုစိတ်ပိုင်းပိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုစီးပွားပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေမှာ တည်ဆဲဥပဒေက ထိထိ ရောက် ရောက် အကာအကွယ်မပေးနိုင်သေး ဘူးဆိုပြီး သတင်းဆောင်းပါးရေးလို့ရတယ်’ လို့ ဆိုပါတယ်။ သူက ပြ ဿ နာ သေးသေးကို အကြီးကြီးဖြစ်အောင်ပြောနိုင်တယ်။ သတင်းထောက် ပါရမီ ရင့်သန်ပုံရတယ်။ ဒါပေမယ့် ဒီထက် ပြ ဿနာ ကို ကြီးအောင်လုပ်ဖို့ မေးခွန်းတခု ရှိသေးတယ်။

အမျိုးသမီးတွေကို ဥပဒေက ထိထိရောက်ရောက် အကာအကွယ်မပေး နိုင်သေးဘူး ဆိုရင် အမျိုးသားတွေကို ရော ဥပဒေက ထိထိရောက်ရောက် အကာအကွယ်ပေးထားပါပြီလား။

ကျွန်တော်တို့ လက်တွေ့ကွင်းဆင်းရင်း ကြားခဲ့ရတဲ့ ဇာတ်လမ်းကလေးကို ဖေါက်သည် ချပါတယ်။

ဇာတ်လမ်းကလေးက ဒီလိုပါ။

အမျိုးသမီတစ်ယောက် မျက်နှာ မှာ ဖူးယောင်ဒဏ်ရာတွေနဲ့ ရပ်ကွက် ရုံးကိုရောက်လာတယ်။ သူ့ယောကျာ်းက သူ့ကို ရိုက်နှက် နှိပ်စက်လို့ တဲ့။ သူ့ယောကျာ်းကို ထိန်းသိမ်းပေးဖို့ လာတိုင်တာပါ။ ဖူးယောင်ဒဏ်ရာတွေကလည်း မသေးတော့ ရပ်ကွက်လူကြီးတွေက အခင်းဖြစ်ပွားတဲ့ အိမ်ကို ချက်ချင်းလိုက်သွားပါတယ်။ အိမ်ရောက်တော့ အိမ်ရှင် ယောကျာ်း က အိမ်ရှေ့ခွေးကတက် မှာ ခွေခွေကလေး လဲနေပါတယ်။ အိမ်နီးချင်းတွေပြောတာက အမျိုးသမီးက ရိုက်လို့ မထ နိုင်တာတဲ့ ။

ကဲ . . ဒီအဖြစ်အပျက်ကလေး ကို ဘယ်လို သတင်းလုပ်ကြမလဲ။ တကယ်လို့များ အမျိုးသားများကို အကြမ်းဖက်မှုက ကာကွယ်ဖို့ ဥပဒေ တရပ် အမြန်လိုအပ် နေပြီလို့ သတင်း ခေါင်းစဉ်နဲ့ ရေးလိုက်ရင် သတင်းဖြစ်၊ မဖြစ်။

ကျွန်တော်တို့နဲ့ လက်ဖက်ရည် အတူသောက်ရင်း ဦးနှောက်ကလေး စားသွားကြပါဦး။

သားကြီးမောင်ဇေယျ ( ၀၁-၀၂-၂၀၁၇)