ဗိုလ်ထက်မင်း – ၂၁ရာစု ပင်လုံညီလာခံကို စိန်ခေါ်လာကြခြင်း (အပိုင်း ၂)၊ နိဂုံး



ဗိုလ်ထက်မင်း – ၂၁ရာစု ပင်လုံညီလာခံကို စိန်ခေါ်လာကြခြင်း (အပိုင်း ၂)၊ နိဂုံး
(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၁၇


၇။ ဒါဆိုရင် ၂၁ ရာစု ပင်လုံညီလာခံကို သတ်မှတ်ရက် မတ်လ ၁၅ရက် အတိအကျ လုပ်မယ်ဆိုရင် ဘယ်လို အကျိုးရလဒ်တွေနဲ့ ဘေးထွက်ဆိုးကျိုးတွေ ရနိုင်တယ် ဆိုတာ စဉ်းစားကြည့်လိုက်ကြပါစို့၊ အကျိုးရလဒ်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သတ်မှတ်အချိန်ဇယားအတိုင်း ဘောင်ဝင်သွားပြီး နိုင်ငံတကာက ချီးကျုးကြိုဆိုပါမယ်။ နောက်တခုက လက်မှတ်ထိုးတဲ့အဖွဲ့တွေရဲ့ ပြည်နယ် ပြည်သူလူထု၊အထူးသဖြင့် ဒုက္ခသည်များရဲ့ အနာဂတ်ရောင်ခြည်ထွက်လာပြီး လူသားအရင်းအမြစ်များနဲ့ ငြိမ်းချမ်းရေးအနှစ်သာရများ တိုးတက်ခံစားရပါလိမ့်မယ်။

မတ်လ ၁ရက်နေ့မှာ တွေမည့် UNFC ရဲ့  ပူးပေါင်းဆောင်ရွက် လက်မှတ်ထိုးမည်ဆိုရင် အကျိုးရလဒ် တိုးတက်မှု အပေါင်းလက္ခဏာလို့ မြင်ပါတယ်။ ဒါပေမဲ့ UWSA က ခြေလှမ်းတကွက်ဦးပြီး ကစားကွက်ရွေ့လိုက်လို့ မသေချာမရေရာ အနေအထားဖြစ်သွားပါတယ်။ 

ကျန်ရစ်တော့မည့် MNDAA,TNLA, AA တို့ဟာ UWSA ကို ချဉ်းကပ်ပြီး ကစားခိုင်းတာလား။  

KIA ဟာ အထိနာနေလို့ သူရဲ့မူလ ကစားကွက်ကို အကွက်ပြောင်း ကစားခိုင်းတာလား။ 

တရုတ်အထူးသံတမန်က ဒီအစည်းအဝေး မတိုင်ခင်ကပင် တပ်ချုပ်၊ KNU တို့ကို တွေ့ဆုံခဲ့တာကိုက ထူးဆန်းနေပြီး တရုတ်ကိုယ်တိုင်က ကစားနေတာလား၊ 

ဒီ၃ချက်ထဲက တခုခုတော့ ဖြစ်မှာ သေချာလှပါတယ်။ ဒီနေရာမှာ UNFC တောင်းဆိုတဲ့ ၈ ချက်ထဲက တပ်မတော်က ၂၄ နာရီ အတွင်း အပစ်ရပ် ဦးစွာလုပ်ပြီးမှ သူတို့က ၄၈ နာရီ အတွင်းကျမှ ရပ်မည် ဆိုတော့ သူတို့ပြောပြောနေတဲ့ တန်းတူရေးဆိုတာထက် အသာစီး ရယူနေတာ သိသာလှပါတယ်။ အပစ်ရပ်ဆိုတာ အခွင့်ကောင်းယူပြီး နယ်မြေချဲ့ SPACE မလုပ်ဖို့ ကတိကဝတ် ထပ်မံထည့်ဖို့ တပ်မတော်ဘက်က တောင်းဆိုဖို့လိုပါတယ်။ ပြည်သူလူထု ဝန်ပိဒုက္ခဖြစ်စေမည့် အဲဒီအပြုအမူတွေကြောင့် တပ်မတော်က တိုက်နေရတယ် ဆိုတာ မီးမေါင်းထိုးပြရပါမယ်။ 

အပစ်ရပ်ကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်အပေါ် တစ်ဘက်သတ် အမြင်မျိုးနဲ့  မေးထားတဲ့ VOA အသံလွှင့်ဌာနရဲ့မေးမြန်းချက်ကို နိုင်ငံခြားသားတစ်ဦးရဲ့ သမာသမတ်ကျကျဖြေသွားတာကို ကောက်နှုတ်ဖေါ်ပြပေးလိုက်ပါတယ်-

ဦးကျော်ဇံသာ ။ ။ ။ အဲဒီမူတွေကို သွားမပြောခင်၊ အောက်ခြေမှာ ဖြစ်နေတဲ့ကိစ္စ။ အခုထိုးစစ်တွေ၊ တိုက်ပွဲတွေက ဖြစ်နေဆဲ။ အဲဒီကိစ္စကို စစ်ကိုဆန့်ကျင်ဖို့ လူတချို့  တောင်းဆိုဆန္ဒပြတယ်။ သူတို့လည်း အဖမ်းခံရတာ ကြားရပါတယ်။ ဘာကြောင့် အပစ်အခတ် ရပ်စဲရေး မဆောင်ရွက်နိုင်တာလဲ။ အရင်တုန်းကလည်း ဗိုလ်ချုပ်နေဝင်း ခေတ်တုန်းကတောင် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ခဲ့ရင် အပစ်အခတ်ရပ်စဲပြီးမှ ခေါ်ခဲ့တယ်။ ဆိုတော့ အဲဒီလို ပုံစံမျိုးကော မဖြစ်နိုင်ဘူးလား။ ဘာကြောင့် အပစ်အခတ်ရပ်စဲရေး မကြေညာနိုင်တာလဲ။ 
ဒေါက်တာ အင်ဒရူး ။ ။ လက်မှတ်ထိုးထားတဲ့ ဒေသတွေမှာ ပစ်ခတ်တိုက်ခိုက်မှုရှိတယ်ဆိုတာ ကျနော် မကြားပါဘူး။ လက်မှတ်မထိုးထားတဲ့ ဒေသတွေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိတယ်ဆိုတဲ့ဟာတော့ ကျနော်တို့လည်း ကြားပါတယ်။ အဲဒီတော့ စစ်ရဲ့  သဘောသဘာဝကတော့ စစ်မြေပြင်မှာ တကယ်ရှိတဲ့ လူတွေက ပြောတာ ပိုပြီးတော့ သဘာဝကျပါတယ်။ ကျနော်တို့ မြို့ ပေါ်မှာနေပြီးတော့ ဘာကြောင့် ဟိုမှာစစ်ဖြစ်နေတာလဲ။ အဲဒါ မကောင်းဘူးလို့ လက်ညှိုထိုးနေတာက မှားတတ်ပါတယ်။ ဒုတိယအချက်အနေနဲ့ စစ်ပွဲတွေရပ်ဖို့ ဆန္ဒပြတဲ့လူတွေကို ဖမ်းတယ်ဆီးတယ်ဆိုတဲ့ ကိစ္စကလည်း နှစ်ဘက်ကို သုံးသပ်ဖို့ လိုပါတယ်။ တပ်မတော်တဘက်ကိုပဲ ခင်များတို့ အပစ်အခတ်ရပ်စဲပါ ဆိုတဲ့ဟာ ကျနော်တို့ ပြောနေရင် ဘက်လိုက်နေသလို ဖြစ်နေမှာ။ တဘက်မှာလဲ လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေကိုလည်း သူတို့ကိုပဲ ခင်များတို့ အရင် အပစ်အခတ်ရပ်၊ တပ်မတော်ရပ်မယ်ဆိုလဲ ကျနော်တို့ မှားမှာ။ အဲဒီတော့ နှစ်ဘက်စလုံးက အပစ်အခတ်ရပ်ဖို့ သူတို့က ဆုံးဖြတ်မှ။ အဲဒီလို နှစ်ဘက်စလုံး အပစ်အခတ်ရပ်ဖို့ တိုက်တွန်းမှာ အဲဒါမှန်ကန်မယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အပစ်အခတ်ရပ်စဲရေး ကြေညာတယ်ဆိုတာ အစိုးရဘက်က ကြေညာရမှာပေါ့။ အာဏာရှိသူဘက်က ကြေညာရမှာပေါ့။

ဒေါက်တာ အင်ဒရူး ။ ။ အဲဒီလို မဟုတ်ဘူးလေ။ NCA ရဲ့  သဘောသဘာဝက NCA လက်မှတ်ထိုးပြီးတာနဲ့ သူမှာ အပစ်အခတ်ရပ်စဲရေး ဘယ်နှစ်နာရီအတွင်းမှာ အပစ်အခတ်ရပ်စဲရေး ကြေညာရမယ်။ ဘယ်နှစ်နာရီမှာ JMC ဖွဲ့ရမယ်။ နောက်ပြီးတော့ လုပ်ငန်းစဉ်တွေ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ NCA ရဲ့  ဆွေးနွေးမှု မှတ်တမ်းထဲမှာဖြစ်ဖြစ် NCA ထဲမှာဖြစ်ဖြစ်၊ JMC လုပ်ငန်းစဉ်ထဲမှာဖြစ်ဖြစ် အကုန်ပါပြီးသာဖြစ်ပါတယ်။

၈။ KNU ရွေးကောက်ပွဲနဲ့ တိုက်ဆိုင်သွားတာကြောင့် ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်နိင်မည့် အနေအထား မရှိတော့ဖူးလို့ ဆိုလာပါတယ်။ မတ် ၁၅ရက်နေ့ ကျင်းပမည်ဆိုရင် ဘေးထွက်ဆိုးကျိုးနောက်တခုကတော့ NCA လက်မှတ်ထိုးတဲ့အဖွဲ့တွေကို ဦးဆောင်တဲ့ အင်အားကြီးအဖွဲ့ဖြစ်တဲ့ KNU သာမပါရင် ပင်လုံညီလာခံ ကျင်းပတာဟာ ကွက်လပ်ကြီးသဖွယ် ဟာတာတာကြီးဖြစ်နေမိမှာ စိုးရပါတယ်။ KNU ဟာ KIA ဌာနချုပ် လိုင်ဇာ အထိသွားရောက်တွေ့ဆုံခဲ့တဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်ခဲ့သလို တရုတ်သံတမန်နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။ KNU ဟာ စာချုပ်ပါ စည်းကမ်းအတိုင်း တိကျစွာ လိုက်နိုင်ခဲ့သလို အစိုးရတပ်မတော်ကို ယုံကြည်မှူပေးဆပ်ခဲ့လို့ NCA ကို လက်မှတ်ထိုးခဲ့တာဖြစ်ပါတယ်။ ဒါကိုထောက်ထားသောအားဖြင့် သူတို့ညီလာခံကွန်ယက်နဲ့ တိုက်ဆိုင်နေလို့ ဖြစ်နိုင်က ၂၁ပင်လုံညီလာခံကို မတ်လကုန်အထိ နောက်ဆုံးရွေ့ဆိုင်း သင့်ပါတယ်။ ၂၁ ပင်လုံညီလာခံဟာ လူစုံတက်စုံပါမှ ယခင်ကထက် ပိုများလာပါမှ ပိုပြီးအနှစ်သာရရှိပါလိမ့်မယ်။ 

ဆိုးကျိုးရလဒ် နောက်တခုကတော့ ပြည်နယ်အဆင့် အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ တော်တော်များများ ကျန်သေးရာ (ကရင်နဲ့ တနင်္သာရီ၊ ပအို့ပြီး၊ စာတမ်း ၇၂ စောင်တင်၊ ချင်းပြုလုပ်ဆဲ၊ ရှမ်းနေရာခွင့် တောင်းဆဲ) အဲဒီ ပြည်နယ်တွေရဲ့ တိုင်းရင်းသားတွေ စိုးရိမ်ပူပန်မှု ထည့်တွက်ရပါမယ်။ တကယ်လို့ UNFC က မထိုးသေးဖူးဆိုရင် KNU လည်းမတက်နိုင်ပါက ညီလာခံစိန်ခေါ်မှု ဒီဂရီ အမြင့်ဆုံး အကျပ်အတည်း အဖြစ်ဆုံး ရောက်သွားပါမယ်။

၉။ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမည့်ရက် ကို ၃၁ ရက်နေ့လိုမျိုး ရွေ့လိုက်ပါက အကျိုးရလဒ်ကတော့ KNU
ပြန်လည် ပါဝင်လာနိုင်မှု အားကောင်းလာသလို UNFC အနေနဲ့လည်း စဉ်းစားချင့်ချိန်ဖို့ ပိုရသွားလို့ လက်မှတ်ထိုးမှု အလားအလာ ပိုရလာပါမယ်။ မတ်လ ၁ ရက်နေ့ တွေ့ဆုံမည့် အစည်းအဝေးဟာ အထူး အရေးပါပါတယ်။ အလားတူ ပြည်နယ်အဆင့် အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲတွေ ပြီးစီးလာလို့ ပိုမိုပြီး အသက်ဝင်လှူပ်ရှားလာနိုင်ပါတယ်။ 

ဆိုးကျိုးရလဒ်ကတော့ ၂၁ ရာစု ပင်လုံညီလာခံ ၃ကြိမ်မြောက် ရွေ့လိုက်တာဟာ အစိုးရရဲ့နိုင်ငံရေးဂုဏ်သိက္ခာ ကျဆင်းပြီး ၊ တနည်း လက်မှတ်မထိုးတဲ့အဖွဲ့တွေကို ပါအောင် မခေါ်နိုင်ဖူး၊ စွမ်းရည် နည်းတယ်ဆိုတဲ့ အတိုက်အခံ ပါတီတွေရဲ့ ထိုးနှက်စရာ ဖြစ်သွားနိုင်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်လိုက် သတ်မှတ်ချိန်ကာလ ဘောင်ဝင်အောင် မနည်းရုန်းကန်နေရတယ်ဆိုတဲ့ နိုင်ငံတကာရှုမြင်ချက်ရှိနိုင်ပါတယ်။ လက်မှတ်ထိုးထားတဲ့ ပြည်နယ်တွေရဲ့ တိုင်းရင်းသားပြည်သူလူထု၊ ဒုက္ခသည်တွေရဲ့ နေ့စဉ်ခံစားနေရတဲ့ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခကြုံတွေ့နေရမှုဒဏ်ကြောင့် လက်မှတ်စောထိုးလည်း ဘာမှ မထူးပါဖူးကွာဆိုတဲ့ စိတ်ပျက်မှု ရသွားစေနိုင်ပါတယ်။

၁၀။ UWSA ကြေညာချက်အပေါ် နိုင်ငံတော်သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက အစိုးရ သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့ သဘောဖြစ်နေတယ်လို့ ချက်ခြင်းတုန့်ပြန်လိုက်ပါတယ်-

“ဒီဘက်က သွားနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ လမ်းကြောင်းကို မလိုက်ဘူး ဆိုတဲ့ သဘော သက်ရောက်နေတယ်လို့ ယူဆပါတယ်။ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့ သဘော ဖြစ်တယ်။ အဲ့ဒီတော့ အားလုံး သဘောတူညီချက် လုပ်ထားတာသည် တပ်မတော်နဲ့ နိုင်ငံရေးပါတီတွေ အပါအ၀င် ၃ ပွင့်ဆိုင်နဲ့ သွားနေတာ ဖြစ်တယ်။ အဲ့ဒါက ဘယ်အထိလဲ ဆိုရင် လိုအပ်ရင် ဖွဲ့စည်းပုံအခြေခံဥပေဒကို ပြင်ဆင်မယ်။” လို့ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ဦးစိုင်းညွန့်လွင်ကတော့ ပန်ခမ်းကြေညာချက်ပါ ဆွေးနွေးမယ်ဆိုတဲ့အချက်အပေါ် နည်းလမ်း ရှာဖွေသင့်တယ်လို့ အောက်ပါအတိုင်းပြောပါတယ်-

“နည်းလမ်းအသစ်ကို သူတို့ ထပ်ရှာတာပေါ့ဗျာ။ အစိုးရဘက်ကတော့ လက်ခံနိုင်ဘွယ် မရှိဘူး။ အထူးသဖြင့် တပ်မတော်ဘက်က လက်ခံနိုင်ဘွယ် မရှိဘူး။ ဒါပေမယ့် ကောင်းတဲ့အချက် တချက်ကတော့ သူတို့က လမ်းစအသစ် ရှာတယ် ဆိုပေမယ့် ဆွေးနွေးပွဲ လမ်းစဉ်ကိုပဲ ပြန်သွားမယ် ဆိုတယ်လေ။ သူက ဆွေးနွေးပွဲကို ပစ်ပယ်တာ မဟုတ်တဲ့အတွက် ကြိုဆိုသင့် မသင့် တော့ မသိဘူး။ ဒါ ဒီလမ်းကိုတော့ ရှာဖွေ သင့်တယ်၊ကျနော့်စိတ်ထဲမှာ သိပ်မကြိုက်တဲ့ တချက်ကတော့ တရုတ်သြဇာ လွှမ်းမိုးမှုသိပ်များနေသလားလို့။”

၁၁။ တပ်မတော်အရာရှိတစ်ဦးဖြစ်တဲ့ ကျော်စွာက သူရဲ့လူမှူမီဒီယာပေါ်မှာ ဝေဖန်ချက်ကို အောက်ပါအတိုင်း ကောက်နှူတ်တင်ပြပေးလိုက်ပါတယ်။

NCA ဆိုတာက ကုလနဲ့ နိုင်​ငံတကာ​ရှေ့​မှောက်​မှာ ကတိက၀တ်​​တွေ သက်​​သေ​တွေနဲ့ ​ရေးဆွဲထားတာ၊ အဲ့တာကို KIA က ဖျက်​မယ်​ဆိုရင်​ ဘယ်​လို အကျိုးသက်​​ရောက်​မှု​တွေ ရနိုင်​မလဲဆိုတာ KIA အ​နေနဲ့ထည့်​သွင်းစဥ်း​စားဖို့ လိုပါတယ်​၊ လက်​ရှိ NCA လက်​မှတ်​​ရေးထိုးထားတဲ့ တိုင်းရင်းသား​ခေါင်း​ဆောင်ေ​တွဆိုတာ နိုင်ငံတကာရဲ့ ​ရှေ့​မှောက်​မှာ လက်​မှတ်​​ရေးထိုးထားတာဖြစ်​သလို ​ဆွေး​နွေးစဉ်​က KIA ပါဝင်​ပါတယ်​၊ ဒီလိုအ​ခြေအ​နေရောက်မှ KIA က UWSA ​(၀)နဲ့ ​ပေါင်းပြီး ​နောက်​​ကြောင်းပြန်​လှည့်​မယ်​ဆိုရင်​ ကုလနဲ့ နိုင်​ငံတကာ အ​နေနဲ့ KIA ကို နိုင်​ငံ​ရေးအရ အကာအကွယ်​​ပေးဖို့ ရှိအုံးမလား။ နိုင်​ငံတကာ​အသိသက်​​သေ​တွေ ​ရှေ့​မှောက်​မှာ NCA လက်​မှတ်​​ရေးထိုးထားတဲ့ တိုင်းရင်းသားခေါင်း​ဆောင်​​တွေ အ​နေနဲ့​ကော  KIA ရဲ့လုပ်​ရပ်​ကို ဘယ်​လို ဆုံးဖြတ်မယ်​ဆိုတာ စောင့်​ကြည့်​ ရမှာပါ၊ ပွဲက​တော့ လှပါပြီ။ ဒီအ​ခြေအ​နေက KIA ကိုယ့်အတက်​ ကိုပြန်​စူးမဲ့ အ​ခြေအ​နေပါ။ တရုတ်​ကို ဖက်​တွယ်​ပြီး ကုလနဲ့ နိုင်​ငံတကာကို KIA မထိမဲ့မြင်​ပြုတာလား?

၁၂။ UWSA ကို သတိပေးချင်တာက မြန်မာစကားပုံအရ သူကြီး တရုတ်ကြီးနဲ့ပေါင်းပြီး ဆယ်အိမ်ခေါင်း မြန်မာမလေးကို မထေ့မဲ့မြင်လုပ်မယ်ဆိုရင်တော့ အမှားကြီးမှားသွားပါမယ်။ ဒီနေ့ UWSA ကိုယ်ကျိုးစီးပွါးတော်တော်များများ မြန်မာပြည်ထဲမှာ ရောက်နေတာမို့ တပ်မတော်က လက်ပိုက်ကြည့်နေတာကို အားနာဖို့ ကောင်းပြီး ငြိမ်းချမ်းရေးနဲ့ မလဲချင်စမ်းပါနဲ့ လို့ တိုက်တွန်းပါတယ်။ တရုတ်ပါလာမယ် ထင်နေတယ်လို့ ယူဆနေရင် တွက်ကိန်း မှားတတ်ပါတယ်။ 

တပ်မတော်မှာ UWSA မှ မဟုတ်ဘဲ စစ်သဘောအရ စစ်ဆင်ရေးစီမံချက် မူလကတည်းက ပြင်ဆင်ထားပြီးပြီမို့ အဆိုးဆုံးအခြေအနေအထိ တွက်ဆထားရာ မကြာသေးခင်ကပြီးသွားခဲ့တဲ့ KIA အခိုင်အမာစခန်းကြီးကို တိုက်ပြသွားတာ သတိထားသင့်ပါတယ်။ တကယ်တမ်း တိုက်ကြစတမ်းဆိုရင် လူမလာသေးဘဲ ကျဉ်ဆံ အရင်လာကာ ချေမှူန်းပြီးမှ အလံစိုက်ဖို့ လူသာရောက်လာပါလိမ့်မယ်၊ ဒီလိုပြောနေရတာဟာ စစ်ရေးဖိအား၊ ခြိမ်းချောက်တာမျိုး မဟုတ်ဘဲ တလောက မြောက်ပိုင်းအဖွဲ့တွေရဲ့ တိုက်ကွက် ဖေါ်တာမျိုး အားကျလို့ ထပ်ပြီးလုပ်လာဖို့စိတ်ကူးရလာရင် သင်ခန်းစာယူတတ်အောင် ပြောတာဖြစ်ပါတယ်။

၁၃။ UWSA အဓိကလိုလားချက်ဖြစ်တဲ့ ပြည်နယ်အဆင့်ရရှိရေး၊ ဒါမှမဟုတ် လက်မှတ်မထိုးတဲ့အဖွဲ့တွေ တောင်းဆိုနေတဲ့ ၈ ချက်နဲ့ MNDAA, TNLA, AA (၃)ဖွဲ့ ပါဝင်ရေး၊ လက်နက်ကိုင် ဆက်လက်ကိုင်စွဲရေးနဲ့  ကိုယ်ကျိုးစီးပွား - စတာတွေဟာ ၂၁ ရာစု ပင်လုံညီလာခံ မတက်ရောက်နိုင်ရတဲ့ အကြောင်းရင်းတွေဘဲ ဖြစ်ပါတယ်။  

ဒါတွေကို ဘယ်အဆင့်ကျမှ လိုက်လျောနိုင်မယ်၊ဘယ်ဟာကျတော့ဖြင့် အပြုသဘောဆောင်တုန့်ပြန်ချက်ရမှ ပါဝင်ခွင့်ရမယ်၊ သူတို့တွေရဲ့ ကိုယ်ကျိုးစီးပွါးတွေကို နောက်ကြောင်းပြန်အရေးမယူဘဲ သင်ပုန်းချေသင့်ချေမယ်။ 

သူတို့ထင်နေသလို ဒီမိုကရေစီဆိုတာ အခွန်ဆောင်ရတာဖြစ်လို့ အရင်လို အခွင့်အရေးတွေမရတော့တာ မဟုတ်ဘဲ အဲဒီ အခွန်ငွေနဲ့ ပြည်သူနဲ့ဒေသ အကျိုးလုပ်နိုင်တယ်။ မိမိငွေမဲကို ငွေဖြုဖြစ်သွားတယ်၊အခွန်ဆောင်က ဘဏ်တွေက  ချေးယူလို့ရတယ်။ မူးယစ်ဆေးဝါး စွန့်လွှတ်လိုက်ရင် နိုင်ငံတကာ Black List ဖျက်အောင်လုပ်နိင်တယ်၊ ဘယ်ဟာကတော့ဖြင့် တရုတ်ကို ညှိနှိုင်းပြီးမှ ရနိုင်မယ် စတာတွေ ရှင်းပြဖို့လိုပြီး၊ လာမည့်မတ်လ ၁ ရက်နေ့တွေ့ဆုံပွဲမှာ နှုတ်ဂတိပုံစံမျိုး ဒေါ်အောင်ဆန်းစုကြည်က ပေးမှ အဆင်ပြေမယ့် အလားအလာတွေ့ရပါတယ်။ 

တပ်ချုပ်ကိုလည်း သူတို့နဲ့မတွေ့မီ မိမိသွားချင်တဲ့ လမ်းကြောင်းနဲ့ အစီအစဉ်PLAN ကို တခါတည်းညှိထားသင့်ပါတယ်။ လိုအပ်ရင် တပ်ချုပ်နဲ့ UNFC တွေပြီး ထိပ်သီး၂ ဦးရဲ့ လေသံတသံတည်းထွက်ခြင်းဖြင့် ယုံကြည်မှူရသွားစေပါတယ်။ 

ဗိုလ်ချုပ်အောင်ဆန်းတုံးက ကချင်ပြည်နယ်ကိစ္စမှာ ဘေးကျပ်နံကျပ်ကြုံတွေ့ရသလို ယခုလည်းဘဲ  မူဝါဒ၊ ဥပဒေ၊ တပ်မတော်အဖွဲ့အစည်း၊ လွှတ်တော်တို့နဲ့ တိုင်ပင်ခွင့် အခြေအနေ မရတော့ဘဲ စွန့်စားလုပ်ရမည့် ကိန်းမြင်နေပါတယ်။ ဘာဘဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို စာရေးသူတိုက်တွန်းချင်တာက မေတ္တာစေတနာနဲ့ လုပ်ဆောင်မှူမှန်သမျှ တပ်မတော်နဲ့ပြည်သူလူထုက သဘောမတွေ့ဦးတော့ ယုံကြည်စွာ လက်ခံလိမ့်မယ် လို့ မျှော်လင့်ပါတယ်။

၁၄။ ဆက်လက်ပြီး သဘောထားပျော့ပြောင်းတဲ့ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  (SSPP,KNPP, NDAA) ခေါင်းဆောင်တွေကို စည်းရုံးသိမ်းသွင်းရပါမယ်။ ခရိုနီလုပ်ငန်းရှင်တွေကို သုံးလို့ ဖြစ်ဖြစ် ၊သြဇာရှိတဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ မှတဆင့် ထိတွေ့ဆက်ဆံ တီးခေါက်ရပါမယ်။ လိုအပ်ပါက မိမိကိုယ်တိုင် UWSA, KIA ခေါင်းဆောင်တွေရှိရာကို ခရီးထွက်ရပါမယ်။ ဒုက္ခသည်စခန်းတွေသွားရောက် လည်ပတ်ပြီး သူတို့ရဲ့တပ်ဖွဲ့ဝင်မိသားစုတွေ သက်သာချောင်ချိရေး ဖြည့်စွမ်းပေးရပါမယ်။ နိုင်ငံတကာ အထူးသဖြင့် တရုတ်ထိပ်ပိုင်းခေါင်းဆောင်ကို ဖိတ်ကြားပြီး ဖိအားပေးခိုင်းရပါမယ်။ တကယ်လို့ သူတို့က လာမည့် ပင်လုံညီလာခံကို တက်ရောက်ဖို့ လက်မှတ်မထိုးသေးပါက ဥပက္ခာပြုကာ အထီးကျန်အဖြစ်ထားကာဆက်လက် ချီတက်သင့်ပါတယ်။ 

သူတို့က အင်အားသုံး သွေးတိုးစမ်းရင်ဖြစ်ဖြစ်၊ ပြည်သူဒုက္ခရောက်လာရင်တော့ တပ်မတော်က  smart Power ထုတ်သုံးတာ ခွင့်ပြုသင့်ပါတယ်။ ဒါပေမဲ့ သူတို့နဲ့မဆိုင်တဲ့ တိုင်းရင်းသားပြည်သူလူထုကိုတော့  အရင်ကထက် ခပ်စိတ်စိတ် ထိတွေ့ဆက်ဆံ မေတ္တာထားလိုက်ပါ။ သူတို့ရဲ့ခံစားချက်ကို နားထောင်းပေးကာ  တတ်အားသရွေ့ လိုက်လုပ်ပေးလိုက်ပါ။ ပြည်မက တိုင်းရင်းသားလူထုနဲ့ တသားတည်းရှိတယ်ဆိုတာ စေတနာထားပြလိုက်ပါ။ ဒီသတင်းကိုလည်း မီဒီယာမှ တဆင့်ဖြန့်ပေးလိုက်ရင် တိုင်းရင်းသားပြည်သူလူထုဟာ သူတို့ (UWSA နဲ့ အပေါင်းအပါတွေ) ပြောနေသလို မဟုတ်သေးပါဖူးလို့ မြင်လာရင် မေတ္တာရောင်ပြန်ဟပ်ကာ ငြိမ်းချမ်းရေးလမ်းစ ပေါ်ထွန်းလာမှာ ဧကန်မလွှဲဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်။