ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်ခိုင်အောင် (စစ်တွေ) ● စွယ်တော်ရိပ်မှ တိုက်ပွဲခြေရာများ

မောင်ခိုင်အောင် (စစ်တွေ) ● စွယ်တော်ရိပ်မှ တိုက်ပွဲခြေရာများ
(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၁၇



ဆရာကြီးသခင်ကိုယ်တော်မှိုင်း
ငြိမ်းချမ်းရေးနှင့် မျိုးဆက်များ
------------------------------------
၇၄၊ ၇၅၊ ၇၆ နိုင်ငံရေးအင်အားစု
ပထမအကြိမ်၊ မတ်လ၊ ၂၀၁၃ ခုနှစ်။

[စာမျက်နှာ ၁၀၉ - ၁၂၀]

စွယ်တော်ရိပ်မှ တိုက်ပွဲခြေရာများ….
မောင်ခိုင်အောင် (စစ်တွေ)

ထီမထင် ကျောင်းတော်သားတွေရဲ့
အမည်အစဉ် ခေါင်းပေါ်ဖျားမှာလ
မင်းတို့ ဆရာကို
စာရင်းတို့ကာ ထားကြပေတော့

သခင်ကိုယ်တော်မှိုင်း

၁၉၇၃ မှာ စွယ်တော်ရိပ်ကနေ ကဗျာစာအုပ်လေးတအုပ်ကို ကျွန်တော်နဲ့ ကိုမြင့်စံတို့ ထုတ်ခဲ့ကြတယ်။ "မနက်ဖန်ရဲ့ ရင်ခုန် သံ" ဖြစ်တယ်။ ကိုမှိုင်းပေးတဲ့နာမည်ပါ။ သူက ဒဂုန်တာရာနဲ့ ဆရာကြီးမှိုင်းကို ကိုးကွယ်လေးစားသူပါ။ စာအုပ်လေးကို မောင်ဆန်းညွန့်က ဖယောင်းမှာရေးပြီး ကိုမှိုင်းက လိုတာတွေကိုစီစဉ်ပေးတယ်။ နောက်ကျောဖုံးမှာ ဆရာကြီးမှိုင်းရဲ့ ထီမထင် ကျောင်းတော်သား စာပိုဒ်၊ ဂေါ်ကီရဲ့ ဝါကျ၊ လူရွှင့်ရဲ့ 'စာပေဟာ မိုးနဲ့မြေကို မှောက်လှန်မပစ်နိုင်ဘူး' ဆိုတဲ့ ဝါကျတွေကို ကျွန်တော် ဖော်ပြခဲ့တယ်။

စွယ်တော်ရိပ်ဆိုတာ RIT လို့ခေါ်တဲ့ စက်မှုတက္ကသိုလ်ရှေ့က စာအုပ်အငှားဆိုင်လေးပါ။ အဲဒီမှာ ကျွန်တော်တို့ စုစည်းခဲ့ကြ တယ်။ "ကျွန်ခေတ်မှာ လူလိမ္မာ မလုပ်ချင်စမ်းပါနဲ့" ဆိုတဲ့ ဆရာကြီးမှိုင်းရဲ့ သြဝါဒနဲ့ ကြီးပြင်းလာတဲ့ ကျောင်းသားဆိုးတွေပေါ့။

ကျွန်တော်တို့ ကဗျာတွေ ရေးခဲ့ကြ၊ စာအုပ်တွေ ထုတ်ခဲ့ကြ၊ စာတမ်းတွေ ဝေခဲ့ကြတယ်။

ကိုစိုးထွဋ် (မောင်စိုးစံ)၊ မြင့်အောင်ကြည် (မြေဝါ)၊ တို့က ကျွန်တော့်ထက် တနှစ်စောတယ်။ တင်အေးကြူ (မောင်မှိုင်းလွင်)၊ သန်းလင်း (ဘုန်နွယ်လင်း)၊ စံမြင့်( မောင်မြင့်စံ)၊ ဆန်းညွန့် (မောင်ဆန်းညွန်-ရေကျော်) တို့က တနှစ်နောက်ကျတယ်။ နောက်ပိုင်းမှာ ဝင်းမြင့် (ဝင်းမင်းထွေး) လည်း လူမိုက်အုပ်ထဲ ပေါင်းစည်းလာခဲ့တယ်။ သူတို့က အနုပညာအား ကောင်းကြ ပေမယ့် ကျွန်တော်က သဘောတရား နိုင်ငံရေး အားသန်တယ်။ လူထုတိုက်ပွဲ အမြင်ကတော့ အတူတူပါပဲ။ စက်မှုတက္က သိုလ်ရဲ့ နိုင်ငံရေးဘဝမှာ မေ့နိုင်စရာမရှိတဲ့ ရဲဘော်တဦးကတော့ ခင်မောင်လေး (မုံရွာ)ပါ။ ကိုမြင့်ဆွေ (မုံရွာ ဆားလင်းကြီး) က ကျွန်တော်နဲ့အတန်းတူ၊ တကယ့်အကိုကြီး။ ချင်းတွင်းဒိုးရဲ့ဆရာကြီး (၁၉၆၉) ကျွန်းဆွယ်ကျောင်းသားလှုပ်ရှားမှုမှာ ကျွန်တော်နဲ့ ကိုမြင့်ဆွေ ကျောင်းထုတ်ခံရတယ်။ သူနဲ့ပတ်သက်ပြီး ခင်မောင်လေးကို ရင်းနှီးယုံကြည် သိကျွမ်းခဲ့ရတယ်။ သူက ဟိတ်ဟန် ပကာသနကင်းတဲ့သူ၊ ပညာတတ် တက္ကသိုလ်ကျောင်းသားနဲ့တောင် မတူဘူး။ ဒါပေမယ့် လေ့လာရေး ကောင်းတယ်။ စိတ်ဓါတ်ကောင်းတယ်။ ရန်ကုန်မှာ လူထုလှုပ်ရှားမှုတွေ အရှိန်စယူလာတဲ့ကာလမှာ သူက မြရာပင် တော နက်ထဲကို ပျံသွားတယ်။ သူ့ကို ရခိုင်သွားမှာလားလို့ ကျွန်တော်မေးခဲ့သေးတယ်။ ရဲရင့်တဲ့လူငယ်တဦးဟာ မဟုတ်မမှန်တဲ့ စွဲချက်တွေနဲ့ တော်လှန်ရေးရဲ့ သားကောင်ဘဝနဲ့ မုတ်သုန်တောနက်ထဲ ကြွေခဲ့ရတယ်။

၁၉၆၉ လှုပ်ရှားမှုထဲက ကိုတင်လှိုင် (ပဲခူး) ကနေ ခင်မောင်လေး ထိုမှ၊ ညီလေး ဖုန်းမော်ထိ ထိုမှသည်……။ ကျွန်တော်တို့ ချစ်သော ကျောင်းဟာ မြေဖြူနံ့သင်းမနေပဲ သွေးတွေစွန်းထင်းခဲ့ရလေတယ်။

၁၉၇၄ ရဲ့ မိုးဦးရက်မှာ ကိုမြင့်ဆွေ၊ ကိုမှိုင်း၊ ကျွန်တော်တို့တတွေ ကြို့ကုန်း ဘီပီအိုင်ရှေ့ကို ရောက်ခဲ့ရတယ်။ အင်းစိန် မီးရ ထား စက်ရုံဝင်းထဲကို ကျွန်တော်တို့ဝင်ခဲ့တယ်။ ကျွန်တော်တို့နဲ့အတူ ထမင်းထုပ်တွေ၊ ဆေးလိပ်တွေ၊ ငှက်ပျောသီး၊ စားစရာ တွေ ပါလာတယ်။ ကြေငြာစာရွက်တွေ ပါလာတယ်။ အုတ်ကျင်းရပ်ကွက်ထဲက ဆင်းရဲတဲ့အလုပ်သမားမိသားစုဆီ ကျွန် တော်တို့ ရောက်ခဲ့တယ်။

ဆန်ပေးပါ၊ ထမင်းပေးပါ… ကလေးတွေရဲ့အသံ မိခင်တွေရဲ့အသံဟာ ဘယ့်နှယ် ချိုမြနိုင်ပါ့မလဲ၊ အင်းစိန်လမ်းမပေါ်က စက်ရုံတွေရှေ့မှာ ကျွန်တော်တို့ကျောင်းသားတွေဟာ မိန့်ခွန်းတွေ ပြောကြတယ်။ ကြွေးကြော်သံတွေ ဟစ်ခဲ့ကြတယ်။ ဒါ ဟာ လူထုတိုက်ပွဲ၊ အလုပ်သမားတွေရဲ့ တရားတဲ့တိုက်ပွဲ၊ စစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့တိုက်ပွဲ၊ ကျွန်တော်တို့ တိုး တက်တဲ့ ကျောင်းသားတွေ ပူးတွဲတိုက်ပွဲဝင်တဲ့ အရေးတော်ပုံ။

(၁၉၆၉) ကျွန်တော်ဆယ်တန်းနှစ်က သြဂုတ်လမှာ ထမင်းငတ်တဲ့ပြည်သူတွေ ဆန်တောင်းတဲ့လှုပ်ရှားမှု ဖြစ်ခဲ့တယ်။ ဆန် ရေစပါး ပေါများကြွယ်ဝတဲ့ ရခိုင်ပြည်မှာ ဆန်တွေရှား၊ မတရားဈေးကြီးပြီး ပြည်သူတွေ ထမင်းငတ်ရသတဲ့။ ဂိုဒေါင်မှာ ဆန် တွေ ဆန်တွေ။ ဆန်ပေးပါ ဆန်ပေးပါ။

စစ်တွေမြို့ကလေးရဲ့ လမ်းပေါ်မှာ နှင်းဆီပန်း နီနီကြီးတွေ ပွင့်ခဲ့ရတယ်။ မီးခိုးကျည်ခိုးတွေ ဝေခဲ့တယ်။ လမ်းနဘေး ဆတ် ရိုးကျချောင်းကလေးမှာ ညှီစို့ နီရဲ ခဲ့ရတယ်။ ကျွန်တော်နဲ့တခုံတည်း ထိုင်တဲ့ ကိုသာအေး (မြောက်ဦး) ဟာ ရင်ခွဲရုံထဲမှာ။ ဦး ခေါင်းဟာ ကြေမွသွားခဲ့ပြီး။ ကျွန်တော် သွားမကြည့်ရဲခဲ့ပါ။ အဲသည်လိုပဲ အင်းစိန်လမ်းမပေါ်ဖြစ်ခဲ့တယ်။ ဘာတာထိပ်မှာ ဖြစ်ခဲ့တယ်။ ဘာတာထိပ်မှာ ကုက္ကိုပင်ကြီးတွေ၊ သစ်ပင်ကြီးတွေ ရှိပါတယ်။ လင်းဆွဲတွေ ငှက်တွေ နားနေတတ်တယ်။

"ညနေစောင်း မှောင်ရီရီမှာ ငါ အိမ်ရှေ့မြေနီလမ်းကနေ ကြည့်လိုက်ရင် သစ်ပင်မှာတွဲနေတဲ့ လင်းဆွဲငှက်တွေကို ဒီမှာ ကျ ဆုံးသွားတဲ့ ဝိဉာဉ်တွေလို့ ခံစားရတယ်" ဟု ဘာတာလမ်းထဲမှ နာမည်ကျော် ကဗျာဆရာမကြီးက ပြောဖူးပါတယ်။

နောက်နေ့မနက်မှာ ဆင်မလိုက်သင်္ဘေကျင်း ဝင်စီးတိုက်ခိုက်ခံရပြီး အလုပ်သမားထုရဲ့ တရားတဲ့တောင်းဆိုမှုဟာ အသံ တိတ်သွားခဲ့ရပါတယ်။ ကျွန်တော်တို့လည်း ထိကြ နာကြ ပြေးခဲ့ရသည်ပဲ။

သိတ်တော့ မကြာလိုက်ပါ။ ခြောက်လအကြာမှာ တိုက်ပွဲ ဖြစ်လာခဲ့တာပါပဲ။ တက္ကသိုလ်မှာ ဝေတဲ့နှင်းရေ….. နှင်းလေးတွေမှ ဟုတ်ရဲ့လား။ ၁၉၇၄ ဒီဇင်ဘာ မြကျွန်းညိုညို ယမ်းခိုးတွေ ဝေခဲ့ရပါတယ်။

ကိုစံသာ (စစ်တွေ) တို့၊ သက်လှိုင်၊ ဂိုရှယ်တို့ ကျောင်းက အုပ်စုတွေ အင်းစိန်နရသိန်ထဲ ရောက်သွားတယ်။ ဘိုဘိုကျော်ညိမ်း တို့လည်း ပါသွားတယ်။ RIT ကျောင်းသားတွေအတွက် အင်းစိန်ဈေး၊ အင်းစိန်ထောင်ဆိုတာ ယဉ်ပါးနေကျ မြင်ကွင်းပါ။ အခု တော့ စွယ်တော်ရိပ် ပညာတက္ကသိုလ်ကနေ အင်းစိန်ဘဝတက္ကသိုလ်ကို ရောက်ခဲ့ရတယ်။

၁၉၇၅ ဇွန် (၆) အလုပ်သမားတွေရဲ့ တရားတဲ့ တိုက်ပွဲ ဖြိုခွဲ ချေမှုန်းခံရတဲ့ တနှစ်ပြည့်နေ့။ အင်းစိန်လမ်းမပေါ် ရဲဘော်တွေ ကျဆုံးခဲ့ရတဲ့နေ့။ သမိုင်းဝင် သွေးစွန်းတဲ့နေ့။ ကြေညာချက်တွေ ထွက်လာတယ်။ တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ အသံ ခပ်သဲ့သဲ့ တက္ကသိုလ် လေထုထဲ ပျံ့နေတယ်။ စက်မှုတက္ကသိုလ် စွယ်တော်ရိပ်မှာ ပျံ့နေတယ်။

အဲဒီနေ့မှာ ဗမာဖက်ဆစ်ဗိုလ်ချုပ်ရဲ့ လက်ပါးစေ ပညာရေး အာဏာပိုင်တွေဟာ ငြိမ်းချမ်းတဲ့ စွယ်တော်ရိပ် ခြံ ကျောင်းဝင်းကို ရောက်လာကြတယ်။ ကျွန်တော်တို့ရဲ့ ခန့်ညားလှပတဲ့ ကျောင်းတော်ခန်းမထဲမှာ ကျောင်းသားကျောင်းသူအပြည့် သူတို့နဲ့ တွေ့ကြမယ်။ ငြိမ်းချမ်းစွာ ပညာသင်ကြားရေး ရွှေပြည်အေးတရားနဲ့ ကျောင်းသားလှုပ်ရှားမှုကို ဦးချိုးပစ်ဖို့ ကျောင်းသားထုကို လူထုလှုပ်ရှားမှုနဲ့ ခွဲပစ်ဖို့၊ ခေါင်းမာတဲ့ ကျောင်းသားတွေကို ဆွဲထုတ်ပြီး ခေါင်းရိုက်ခွဲဖို့ သူတို့ လာခဲ့ကြသည်။

စက်မှုတက္ကသိုလ်ဆိုတာ နူးညံ့သိမ်မွေ့တဲ့ ယုန်ကလေးတွေရဲ့ ကျောင်း၊ တွန်ကျူးတတ်တဲ့ ဒေါင်းတွေရဲ့ ကျောင်း၊ ရဲရင့်တဲ့ ကျားသစ်တွေရဲ့ ကျောင်း…. အဲဒီမှာ ဓမ္မနဲ့ အဓမ္မ ထိပ်တိုက်တွေ့ခဲ့တယ်။ ညှိနှိုင်းလို့ မရဘူး။ တိုက်ပွဲ ပေါ်ထွက်လာခဲ့တယ်။ သမိုင်းဆောင်တွေဘက်က ကြွေးကြော်သံတွေ ဟိန်းထွက်လာတယ်။

အဓိပတိလမ်းမ ဘွဲ့နှင်းသဘင်ခန်းမမှာ ခွပ်ဒေါင်းအလံ ပျံ့လွင့်နေတယ်။

ဇွန်လ (၈) ရက်နေ့ နေရောင်ခြည် လင်းလက်နေတယ်။ တခါတခါ မိုးမှုန်လေးတွေ ခပ်ဖွဲဖွဲ ကျလာတတ်တယ်။

ကျောင်းသားတွေ၊ ပြည်သူတွေ၊ အလုပ်သမားမိသားစုတွေဟာ အင်းစိန်လမ်းမကြီးအတိုင်း ချီတက်လာကြတယ်။ ကြွေး ကြော်သံတွေ၊ တောင်းဆိုချက်တွေ၊ စစ်အစိုးရရဲ့ မှားယွင်းဖောက်ပြန်မှုတွေကို ဖွင့်ချဝေဖန်ထားတဲ့ စာရွက်စာတမ်းတွေ၊ ပြည်သူလူထုကြား ပျံ့နှံ့သွားတယ်။ စက်မှုတက္ကသိုလ်ကိုဖြတ်ပြီး အင်းစိန်နရသိန်ကြီးဆီ ချီတက်လာခဲ့ကြတယ်။ အင်းစိန် ထောင်ကြီးကိုဝိုင်းပတ်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်။ ထောင်ထဲမှာ ကျောင်းသား၊ အလုပ်သမားရဲဘော်တွေ ရှိတယ်။ ရဟန်း သံဃာတွေ ရှိတယ်။ မတရားတဲ့ ဥပဒေတွေနဲ့ ထောင်ချ နှိပ်စက်ထားတယ် မဟုတ်လား။

နောက်နေ့တွေမှာ မြို့တော်ခန်းမ ရှေ့ဆီ၊ ပြီးတော့ ပန်းဆိုးတန်းတရားပွဲ၊ အတွင်းဝန်ရုံးကို ဝိုင်းပတ်ချီတက်ဆန္ဒပြပွဲ။

ကျွန်တော်တို့ ဘာတွေ တောင်းဆိုခဲ့ကြပါသလဲ၊
(၁) ကုန်ဈေးနှုန်းကြီးမြင့်တာကို ဖြေရှင်းပေးပါ။
(၂) ပညာတတ်ဘွဲ့ရ အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းပေးပါ။
(၃) ကျောင်းသားသမဂ္ဂကို တရားဝင် ရပ်တည်ခွင့်ပေးပါ။
(၄) မတရားဖမ်းဆီးထားတဲ့ ကျောင်းသား၊ အလုပ်သမား၊ ရဟန်းသံဃာတွေကို လွှတ်ပေးပါ။

၁၀ ရက်နေ့ ညနေ ချီတက်ပွဲအပြီးမှာ သပိတ်စခန်းဟာ ရွှေတိဂုံရင်ပြင်တော်ကို ပြောင်းခဲ့တယ်။

၁၁ ရက်နေ့ နံနက် (၄) နာရီ။

မုခ်လေးဘက်ရဲ့ လှေကားထစ်တွေပေါ်မှာ ဖြည်းဖြည်းချင်းတက်လာတဲ့ လက်နက်ကိုင်စစ်သားတွေကို မြင်နေရတယ်။ တံခါးတွေကို ဖွင့်လိုက်တယ်။

ရွှေတိဂုံဘုရားရင်ပြင်ပေါ်က ပြည်သူ့အခွင့်အရေး၊ ကျောင်းသားအခွင့်အရေးတောင်းနေတဲ့ ကျွန်တော်တို့ကို သူပုန်ဌာနချုပ် တခုလို တပ်မတော်က ဝိုင်းပိတ်ဖမ်းဆီးခဲ့သည်ပဲ။ ရဲရင့်ထူးချွန် ပြောင်မြောက်သည့် စစ်ဆင်ရေးကြီး၊ ထူးချွန်ပါဘိ စစ်ဦးစီချုပ် သူရကြီး။

ရဲအချုပ်ကားတွေနဲ့ ကျွန်တော်တို့ကို ဖမ်းယူလာခဲ့တယ်။

"ဟံသာဝတီ အဝိုင်းကွ၊ လှည်းတန်းရောက်တော့မယ်….."

"ကမ္ဘာမကြေ ဗမာပြည်…. ဒါ တို့ပြည်" သီချင်းတစ ထွက်လာသည်။ ထို့နောက် လမ်းတလျှောက်လုံးတွင် ကျွန်တော်တို့ သီ ချင်းသံ "ကမ္ဘာမကြေ"


မောင်မြင့်ဆွေနှင့် အပေါင်းအပါများဆိုပြီး ကျွန်တော်တို့ကို စစ်ခုံရုံးတင်ခဲ့တယ်။ ကိုးနှစ်တန်းမှာ ကျောင်းထဲက ကိုမြင့်ဆွေ၊ မြင့်အောင်ကြည်၊ နဲ့ ကျွန်တော်။ (၇) နှစ်တန်းမှာ ကိုစောနိုင် (ဟန်အောင်) နဲ့ ဘလှိုင် (မြောက်ဦး) တို့ ပါတယ်။

အဲဒီတုန်းက ထောင်ထဲမှာ နိုင်ငံရေးသမားကြီးတွေ မရှိသလောက်ပဲ။ ရခိုင်နဲ့ ကရင်တော်လှန်ရေးအနွယ် ရဲဘော်လေး၊ ငါး ဦးပဲ ရှိတယ်။

ကျွန်တော်တို့ အဆောင် (၃) ဟာ ဟိုတုန်းက နိုင်ငံရေးအဆောင်။ အောက်ထပ်မှာ အိပ်ခုတင်တွေ ရှိသေးတယ်။ အဆောင်နဲ့ တွဲလျက် ထမင်းစားဆောင်ရဲ့ စားပွဲတွေ ရှိသေးတယ်။ ကျွန်နော်တို့က သပိတ်မှောက်ကျောင်းသားတွေ၊ အာဏာပိုင်တွေ အမြင်မှာတော့ ရာဇဝတ်သားတွေ။ ထောင်ကို ထောက်လှမ်းရေးက အုပ်ချုပ်တယ်။ ကျွန်တော်တို့ ထူးခြားတဲ့အခွင့်အရေး ဘာတခုမှ မရဘူး။ စပါးလုံး စပါးခွံတွေနဲ့ လုံးတီးထမင်း၊ ပဲဟင်းကြဲကြဲနဲ့ အညံ့စား ငါးပိတကော်။

အချိန်တိုတို အတွင်းမှာပဲ စစ်ပုလိပ်တွေနဲ့ ကျွန်တော်တို့ ထိပ်တိုက်တွေ့ခဲ့ရတော့တယ်။ ကွဲကြ နာကြရတယ်။ ကျွန်တော် (၅) ဆောင်ကို ရောက်သွားတယ်။ ကိုအောင်ထိုက်၊ ကိုစိုးအောင်တို့ ဆေး (၂) အုပ်စုကြီးနဲ့ သွားဆုံတယ်။ ကျွန်တော်တို့နဲ့ အခန်းကပ်လျက်မှာ ဦးထွေးမြင့် ရှိတယ်။

အသက်ငယ်တဲ့ ကျွန်တော်တို့ ရဲဘော်တွေကို တွဲဘက်ထောင်ပို့ပြီး တောင်ယာအလုပ်ကြမ်း ခိုင်းနေတယ်လို့ ကြားရတယ်။ စိတ်မချမ်းသာစရာ သတင်းပါဘဲ။ လက်ခံနိုင်စရာ မရှိပါဘူး။ နောက်မကြာမီ ကျွန်တော်တို့ ကျောင်းသားတွေကို တွဲဘက် ထောင် ပို့လိုက်ပါတော့တယ်။ တွဲဘက်ဟာ မုန်တိုင်းမထခင်ထိ နေပျော်စရာလေးပါ။ ထောက်လှမ်းရေးက တပ်ကြပ်ကြီးတဦး တိုက်ရိုက်အုပ်ချုပ်တယ်။ မီးရထားလမ်းဘေးက တွဲဘက်ထောင်ကို အောင်ဆန်းဘက်သွားရင် ဘတ်စ်ကားပေါ်က မြင်ဖူးနေ ခဲ့တယ်။

မိုးလင်းရင် ပဲပြုတ်၊ ကောက်ညင်းပေါင်း အော်ရောင်းသံတွေ ကြားရတယ်။ ရထားတွေက ဖြတ်ဖြတ်မောင်းသွားတယ်။ ဘော လုံးကန်စရာ ကွင်းလေးရှိတယ်။ ကျွန်တော်တို့ ကဗျာရွတ်ကြတယ်။ လက်ရေးမဂ္ဂဇင်းတစောင်ကို ကျွန်တော်တို့ ထုတ်ခဲ့ကြ တယ်။ "ခေါ်သံ" ။ ကျွန်တော်တို့ ကာလတုန်းက (AAWB) အာရှအာဖရိက စာရေးဆရာ ကဗျာဗျူရိုကထုတ်တဲ့ "The Call" မဂ္ဂဇင်းဆိုတာ ရှိပါတယ်။

"ခေါ်သံ" မဂ္ဂဇင်း အပြင်အဆင်နဲ့ ပန်းချီတွေကို ကိုစံမင်း၊ ကိုအင်ဒရူးတို့ ပန်းချီဆရာ အုပ်စု (ဦးသန့်) က တာဝန်ယူပါတယ်။

တွဲဘက်ဟာ သီခြားနယ်မြေဖြစ်လို့ ထောင်ဝင်စာသွားတွေ့ရတာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဝန်ထမ်းရပ်ကွက် လမ်း တွေကို ဖြတ်လျှောက်ရတယ်။ အမျိုးသမီးထောင်ရှေ့က ဖြတ်ရတယ်။ ကျွန်တော်တို့ရဲ့ သပိတ်ရဲဘော် အမျိုးသမီးတွေ နန်း ခင်ထွေးမြင့် (ဘားအံ)၊ နန်းရွက်နု (ရှမ်းတော်လှန်ရေး)၊ နေရီဘဆွေတို့ အဲဒီမှာ ရှိပါတယ်။

ထောင်ဝင်စာကနေတဆင့် မှိုင်းရာပြည့်ပြင်ဆင်မှုတွေကို ကြားနေရတယ်။ လူထုချီတက်ပွဲ၊ လူထုအခမ်းအနား၊ ကျောင်းသား တိုက်ပွဲ၊ ကျွန်တော်တို့ တိုက်ပွဲတုန်းက အင်းစိန်ထောင်ကို ဝိုင်းခဲ့ကြတယ်။ သူတို့ လာဝိုင်းခဲ့ရင်…..။ ကျွန်တော်တို့ စိတ်လှုပ် ရှားနေခဲ့ကြတယ်။ စိတ်စောနေကြတယ်။ ထောင်အပြင်မှာ ရဲဘော်တွေကျန်ရစ်ခဲ့တယ်။ မျိုးဆက်တွေ ရှိနေတယ်။ ယုံကြည် နေတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ဂူဗိမာန်၊ ရွှေတိဂုံဘုရားရင်ပြင်တော်၊ ဘွဲ့နှင်းသဘင်ခန်းမ၊ ခွပ်ဒေါင်း အောင်လံတော်၊ မြို့ ပြလမ်းမပေါ်မှ လူထုတိုက်ပွဲများ ကျွန်တော်တို့အာရုံထဲမှာ လတ်ဆတ်နေတယ်။ တွဲဘက်ထောင်ဟာ ခေါ်သံကို နားစွင့်နေ တယ်။

ညဟာ တိတ်ဆိတ်နေတယ်။ ဝုန်းကနဲ မီးရထားတစီး ဖြတ်သွားတယ်။ ခွေးတွေ အူတယ်။ မိုးလင်းလာတယ်။ ဖြိုခွဲ ခံလိုက်ရပြီ။

ကိုမှိုင်းနဲ့ သန်းလင်းကို ဖမ်းမိတယ်။ ဝင်းမြင့်လည်း ပါတယ်။ တင်မောင်ဦးကိုလည်း မိထားပြီ။

တင်မောင်ဦးဟာ ကျွန်တော်နဲ့ ဒီဇင်ဘာ ဦးသန့်မတိုင်ခင်ကတည်းက သိကျွမ်းယုံကြည်ခဲ့ကြတာ။ သူက ချင်း၊ ကျွန်တော်က ရခိုင်၊ တိုင်းရင်းသားပေါင်းစုံ တက္ကသိုလ်စာ/ယဉ် (စာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ) မှာ ဆုံလာတာ။ ဒီဇင်ဘာလှုပ်ရှားမှု စကတည်းက တွဲလာတာ။ အလုပ်သမားတိုက်ပွဲလွန်၊ ပြီးတော့ ကျွန်တော်တို့နှစ်ပတ်လည်လွန်မှာ သူဟာ ရှေ့ဆုံးကပဲ။ သ ပိတ်စခန်းကို ရွှေတိဂုံ ရွှေ့လာတော့ သူက နောက်ချန် ဆုတ်သွားတယ်။

ကိုဦးသာမောင် (ဥပဒေ) ကော လှသောင်းကြီးကော။

နရသိန်ထဲမှာ ဆုံကြတာပေါ့ ကိုမှိုင်းရေ။

ဆက်တိုက်ပါပဲ။ ကျွန်တော်တို့ဆီကို စစ်ဖိနပ်ကြီးက ဝဲလာတယ်။ ကျောင်းသားတွေ အလုပ်လုပ်ရမယ်။ အလုပ်ခွဲမယ်။

ကျွန်တော်တို့ရှေ့မှာ တွဲဘက်ကလေးဆောင် ရှိတယ်။ ကိုဓနုတို့၊ ကိုစောနိုင်တို့ ရှိတယ်။ နေပူထဲမှာ၊ ယာခင်းထဲမှာ၊ မဲပြာနေတဲ့ ကျွန်တော်တို့ ရဲဘော်တွေအကြောင်း၊ ကျွန်တွေလို အရိုက်ခံနေရတဲ့ ရဲဘော်လေးတွေ။ ရင်ထဲမှာ မချိပေမယ့် ဘာလုပ်ကြ မလဲလို့ တွေးနေတာ။ အခု မြားဦးဟာ ငါတို့ဆီ လာပါပေါ့လေ။

တုန့်ပြန်မှုက ရှင်းရှင်းလေးပါ။

မလုပ်နိုင်ဘူး။ သပိတ်မှောက်ကျောင်းသား၊ နိုင်ငံရေးကျောင်းသား။ ရာဇဝတ်ကောင် မဟုတ်ဘူး။

ကျွန်တော်တို့ ရင်ကွဲတိုက်ဆီ ရောက်လာတယ်။ အခန်းတွေက မျက်နှာချင်းဆိုင်၊ တိုက်တခြမ်းမှာ ကြိုးသမားတွေ ထားတယ်။

မိလ္လာဂန်ဖလားအထုတ်မှာ ခြေချော်ပြီး ဖလားကျကွဲသွားတယ်။ စစ်ပုလိပ်က ဂန်ဖလားအသစ်ယူလာပြီး ပြန့်ကျဲနေတဲ့ မိလ္လာတွေကို လက်နဲ့ကျုံးထည့်ဖို့ ဖိုးအေးလေးကို ပြောတယ်။ ကလေးက ဘာလုပ် ဘာပြောရမှန်းမသိ ဖြစ်နေတာကို သား ရေပြားနဲ့ ဆက်တိုက်ရိုက်နေတယ်။ ဖိုးအေးလေးက မိလ္လာကို လက်နှစ်ဘက်နဲ့ ကျုံးပြီး…….

"ဖိုးအေးမလုပ်နဲ့….. ဟေ့ကောင်တွေ……" သံတံခါးတွေကို ကျွန်တော်တို့ ဝုန်းဒိုင်းဆောင့်၊ ဝါဒါတွေ ပြေးလာ…. တံခါးတွေ ဖွင့်… ထုတ်ရိုက် ခုခံကြ….. ပုံစံထိုင်။ တိုက် (၁) ကနေ ကျွန်တော်တို့ ပြောင်းခဲ့ကြတယ်။

ကိုတင်မောင်ဦးကို တိုက် (၁) ကအထွက်မှာ လျှပ်တပြက် မနီးမဝေး ဆုံခဲ့ရသေးတယ်။ သူက လက်သီးဆုပ်ပြီး ထောင်ပြ တယ်။ လုံချည်ဖြူနဲ့ အင်္ကျီမပါ၊ လည်ပင်းမှာ မျက်နှာသုတ်လေးပတ်လို့။ အပြုံးကို လှမ်းမြင်ရတယ်။ နောက်ဆုံး မြင်ကွင်းပါပဲ။

ကျွန်တော် (၆) တိုက်ထဲ ရောက်လာတယ်။ စဖမ်းလာတုန်းက စစ်ကြောရေးကာလမှာ တကြိမ်။ ထောင်ချပစ်ပြီး နောက်ထပ် လက်ကျန် ဇာတ်လမ်းတွဲတွေကို စစ်ရင်း ဒုတိယအကြိမ် ရောက်ခဲ့တယ်။ တတိယအကြိမ် အမှောင်တိုက်။

ဖျာမရှိဘူး၊ စောင်မရှိဘူး။ ထမင်းတပုဂံ၊ ရေတဖလား၊ ဂန်ဖလားတခု၊ မီးမှိန်မှိန် တပွင့်၊ တံခါးနှစ်ထပ်၊ သံတိုင်လေးချောင်းနဲ့ ပြတင်းငယ်တပေါက်။

ကိုခင်မောင်လေးရေ…… ရေ
ကျွန်တော်တို့ဟာ စာအုပ်တွေ ကျွန်တော်တို့ ချစ်တဲ့ ကျောင်းစာအုပ်တွေကို ဖြဲဆုတ် မီးတုတ်တွေ လုပ်ခဲ့ကြတယ်။
စာသင်ခန်းနဲ့ ခုံတန်းတွေဟာ ခံကတုတ်တွေ ဖြစ်လာခဲ့ကြတယ်။
ကတ္တရာလမ်းတွေဟာ စစ်မြေပြင် ဖြစ်လာခဲ့ကြတယ်။
ဒီလိုနဲ့ နရသိန် စစ်ပုလိပ် အကျဉ်းစခန်းတွေဟာ
ကျွန်တော်တို့ စာသင်ခန်း ဖြစ်လာခဲ့ပေါ့။
"ကယ်တင်ရှင် ဘယ်သောအခါမှ မရှိပေ
နတ်သိကြား မင်းဖရားကို ဒို့မယုံပေ
နှောင်ကြိုးကို ဒို့လက်ရုံးနဲ့ ချိုးဖျက်မလေ
သောကဗျာပါဒ ဘောကင်းစင်စေ
လုယက်ခြင်းမှ အမှန်မလွဲပင် ကင်းစေ
အများပြည်သူ တူညီ ပျော်မြူးကြစေ
အားလုံးက တာဝန်ကိုယ်စီထမ်းမလေ
ရဲဘော်တို့….. လာ စု ရုံးလေ
အဆုံးစစ်ပွဲ နွှဲမယ်လေ….."

အမှန်တရားအတွက် အဖိနှိပ်ခံပြည်သူတွေအတွက် ၇ဲဘော်တွေဟာ အသက်တွေကိုတောင် စတေးသွားကြခဲ့ပြီပဲ။ အမှောင်တိုက်ထဲမှာ အင်တာနေရှင်နယ်ကို တိုးတိုးဆိုရင်း အချိန်တွေကို ဖြတ်သန်းရတာ၊ ဘာများခက်ခဲလို့လဲ၊ ဘာများ ကြီးကြီးကျယ်ကျယ် ဆုံးရှုးံနစ်နာရလို့လဲ၊ ကိုခင်မောင်လေးရေ……။

တိုက် (၅) ကို ပြန်ရောက်လာတဲ့အခါ ကိုမှိုင်း၊ ကိုသန်းလင်းနဲ့ ကိုဝင်းမြင့်တို့ ရောက်နှင့်နေပြီ။ မှိုင်းရာပြည့် မျိုးဆက်တွေ ဆက်တိုက် ဝင်လာကြတယ်။ နောက် မီးမောင်း၇ဲဘော်တွေ ရောက်လာတယ်။ ခြောက်တိုက် အဝင်အထွက်မှာ ကိုထွန်း အောင်ကျော် (လိပ်ကလေး) နဲ့ ခဏ ဆုံခဲ့ရသေးတယ်။ သူက မီးမောင်းနဲ့ပါလာတာ။ ကျွန်တော့်နောင်တော် စီနီယာ။ ကိုကိုးကျွန်းပြန်။ မီးမောင်းမှာ ကျွန်းပြန်နှစ်ဦး ပါလာတယ်။ သူနဲ့ ကိုမြအေးပါ။ တပ်မတော် မှတ်တမ်းရုံးက ဆာဂျင်တွေ ပါ တယ်။

နောက်ပိုင်းဟာ (၅) တိုက်ဟာ ထောင်ထဲက လွတ်လပ်နယ်မြေတခုလို ဖြစ်ပါတယ်။ ပဲဟင်းကောင်းတယ်။ ဟင်းချက်လို့ ရတယ်။ စာအုပ်တွေ သွင်းလို့ ရတယ်။ စစ်တုရင်ပြိုင်ပွဲတွေ ညနေဆည်းဆာ ဂီတပွဲတွေ။ အမှတ်တရ ဂုဏ်ပြုပွဲ၊ ဂုဏ်ပြု တေးတွေနဲ့ အပြင်လောကကိုတောင် မေ့ချင်ချင်။ နိုင်ငံရေးသင်တန်းကျောင်း တခုလိုပဲ။ ကဗျာစာအုပ်တွေလည်း ထုတ်ခဲ့ကြတယ်။

"……….အများအတွက် ကုဋေကုဋာဆိုတာ…..ကိုယ့်အတွက် ဆကေ (နည်းနည်း) ရာပါရေ….၊ အရာရာ အောင်မြင်ဖို့အတွက် တိုက်ပွဲဝင်လာခဲ့ကတ်တေ…….။ ဒေနေရာက အိမ်ကိုလွမ်းလို့ အားလည်းမငယ် နိန်ဂဲ့ဝေ၊ ငရို့ပိုင် ပျော်စီကြောင်းနဲ့ မှန်းဆ ဆုတောင်း ပါရေလေ… လွမ်းရသူ့အကြောင်း မပါစီဝေ………"

စိန်ရွှေမိုးနဲ့ သာထွန်းအောင်ရဲ့ရခိုင်သီချင်းကို စုပေါင်းဆိုကြရင်း ချစ်သူကို လွမ်းစိတ်၊ အိမ်လွမ်းစိတ်၊ အားငယ်စိတ်တွေ ဝေး နေခဲ့ကြတယ်။

နောက်တော့လည်း အရိပ်မဲကြီးက လာထိုးတာပါပဲ။ ကျောင်းသားတွေ အလုပ်လုပ်ရမယ်။ လေးဆောင်၊ ငါးဆောင်မှာ ပြဿ နာတွေ ဖြစ်ကြ။ ရိုက်နှက်ခံရပြီး စစ်ခွေးတိုက်ဆီပြောင်းခံရ။ စိတ်မချမ်းမြေ့ဖွယ် နာကျည်းဖွယ်သတင်းတွေကို ကြားလာ ရတယ်။

အဆောင်က ကျောင်းသားရဲဘော်တွေ ကျွန်ပြုနှိပ်စက် ခံနေရချိန်မှာ တိုက် (၅) တိုက် (၄) မှာ ကျွန်တော်တို့ ငြိမ်းချမ်းစွာ နေ ဖို့ မဖြစ်နိုင်တော့ပါဘူး။

ဒီလိုနဲ့ တိုက်ပွဲမီးလျှံထဲကို ကျွန်တော်တို့ တိုးဝင်ခဲ့ကြတယ်။

"ဘာ ထမင်းမစားဘူး၊ အစာငတ်ခံမယ် ဟုတ်လား၊ ရေတောင် မပေးဘူးကွာ"

ဆာဂျင်သိန်းမြိုင်က ပြတ်တယ်။ ရေအိုးတွေ လာသွန်ပစ်တယ်။ အပြင်မှာ မိုးတွေ ရွာနေတယ်။ ကျွန်တော်တို့မှာ ရေတောင် သောက်စရာ မရှိဘူး။

အမှောင်တိုက်ထဲ ကျွန်တော်တို့ ပြန်ရောက်ခဲ့ကြပြန်တယ်။

ပုံစံထိုင်၊ အပြည့်ထိုင်၊ ဒါထောင်ကွ၊ သတ်ပစ်လို့ရတယ်။ နောက်ပေါက်က ထုတ်လိုက်ရုံပဲ။

"..ဟေ့ကောင် အလုပ်လုပ်မလား မလုပ်ဘူးလား….. ပြောစမ်း"

"ကျွန်တော် ကျောင်းသားပါ အလုပ်…….."

နောက်ကျောပေါ်ကို ခြေဖဝါးပြင်းပြင်း ကျလာတယ်။ ရှေ့ကို ငိုက်ကျသွားတယ်။ ခြေထောက်တွေ သားရေပြးတွေ ကျော ပေါ်ရောက်လာတယ်။ ရင်ညွန့်နဲ့ နံဘေးကို လက်နဲ့ အုပ်ပြီး ကာထားတာ ခြေဦးက ထိုးဝင်လာတယ်။

တဖက်ခန်းက အလန့်တကြား အော်သံကို ကြားရတယ်။

"စစ်ပုလိပ် အကျဉ်းစခန်းများဆီ အစာရေပြတ်ကာ သေအောင်သတ်ပါစေ အောင်လံလွှင့်ကာ နောက်မတွန့်ခဲ့သည် - ဒူးမ တုပ်ခဲ့သည်… ဦးမညွတ်ခဲ့သည်……" နောင်တော်ကြီးများဆိုခဲ့သော တေးသည် နရသိမ် နံ၇ံများတွင် ပဲ့တင်ထပ်နေခဲ့သည်။

ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ရတယ်။ မှန်ပါတယ်။ ကျောင်းသားတွေအသီးသီး အဆောင်ကို ရောက်သွားခဲ့ကြတယ်။ ဆိုင်ရာ အ လုပ်တွေ လုပ်ကြရတယ်။ တိုက်ထဲမှာ ကျွန်တော်တို့ ကျန်ရစ်ခဲ့ကြတယ်။

လူမိုက် ပြဿနာကောင်တွေ ကိုမြင့်ဆွေ၊ ကိုမှိုင်းနဲ့ ကျွန်တော်တို့ဆယ်ဦးဟာ နောက်ဆုံးမှာ (၁) ဆောင်ကို ရောက်လာခဲ့တယ်။ အာဏာပိုင်တွေနဲ့ အမြဲတမ်း ပြဿနာတက်တတ်တဲ့ လည်ပင်းကြောတင်းတင်းနဲ့ စိန်ရွှေမိုး (ရခိုင်) လည်း ပါတယ်။ အ ဆောင်နဘေး စေတီလေးနဲ့ ညောင်ပင်ရိပ်ဟာ ကျွန်တော်တို့ရဲ့ ကွန်းပေါ့။

ထောင်ထဲမှာ တိုက်ပွဲဒီရေ ကျသွားခဲ့ပါပြီ။ ကျွန်တော်တို့ စာဖတ်ကြတယ်။ အနာဂတ်ကို မျှော်ကြည့်ကြတယ်။ အိမ်ကို လွမ်း တယ်။ ကျောင်းကို လွမ်းတယ်။ ဒီကျောင်းက ကျောင်းသားဆိုးတွေ ထွက်လွန်းတယ်။ ဟုတ်တယ်။ အာရ်အိုင်တီ စွယ်တော် ရိပ် Rangoon Institute of Technology လေ။ ကျွန်တော်က Revolutionary Institute of Technology လို့ ဂုဏ်ယူခဲ့တယ်။

"……မီးလောင်မြေ တစပြင်မှာ အတည်၊ ထွန်းသစ်တဲ့ တက္ကသိုလ် ဒို့ဆောက်မည်….၊ စစ်အာဏာရှင် ဖျက်ဖြိုကာအတည်.. ပြည်သူ့ခေတ်တွင် ဒို့တတွေ ကျောင်းတက်မည်…….." တို့ အစ်ကိုတွေ ဆိုခဲ့ဖူးသော တေးတစကို ဆိုညည်းရင်း နရသိမ် ညများ ကို ပျော်ရွှင်စွာ ဖြတ်ခဲ့ကြတယ်။

တွေးမိသမျှဟာ လွမ်းစရာ……..။

ညီလေး ဖုန်းမော်ရေ
မင်းတို့ ငါတို့ ချစ်တဲ့ အာရ်အိုင်တီကျောင်းကြီးကို အညှိုးတကြီးနဲ့ ဖျက်ဆီးပစ်ကြတယ်ကွာ။
အခုတော့ ဒီဇိုင်းသစ် နာမည်သစ်နဲ့ ကျောင်ကြီး ပြန်ဖွင့်ပြီ။
မင်း ဝမ်းသာတော့ ညီလေးရေ

ပညာခေတ်ကြီးမှာ ထူးချွန်ထက်မြက်တဲ့ သူရသတ္တိရှိတဲ့ တက်ခနိုခရက်တွေကို ဒီကျောင်းကြီးက မွေးထုတ်ပေးလမ့်မယ်လို့ ငါတို့ ယုံကြည်နေတယ်။

ပြည်သူ့ခေတ်တွင် တို့တတွေ ကျောင်တက်မယ် ညီလေးရေ……

ရိုးသားစွာ ပွင့်ပွင့်လင်းလင်း ပြောရရင်
အားလုံးကို မေ့ပစ်ပြီး
ဒီကျောင်ကြီးမှာ စာသင်ချင်သေးတယ်
ပညာဉာဏ်ကို မြတ်နိုးပေမယ့်
ပညာရေးကို စတေးခဲ့ရ၊ ဘဝတွေကို စတေးခဲ့ရတဲ့
ဒီအမှောင်ခေတ်ဆိုးကြီး ဘယ်တော့ နိဂုံးတိုင်မလဲ။

မောင်ခိုင်အောင် (စစ်တွေ)

ရဲဘော်မိတ်ဆွေ ကိုခင်မောင်လေး (မုံရွာ) နဲ့ ကိုမြင့်ဆွေ (ဆားလင်းကြီး) တို့အတွက် လွမ်းသူ့ပန်းခွေ စာတမ်းလေးပါ။