ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မဝင့်(မြစ်ငယ်) - အနီကိုလွမ်းတယ်



မဝင့်(မြစ်ငယ်) - အနီကိုလွမ်းတယ်
(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၁၇



အ ဂတိတွေဖုံးလွှမ်းတဲ့လောကမှာလေ
ကျမတော့ အနီကိုလွမ်းတယ်။

အချင်းချင်း စာနာမှုကင်းတဲ့လောကမှာလေ
ကျမတော့ အနီကိုလွမ်းတယ်။

လူကို ခိုင်းနွားလို ဆက်ဆံတဲ့လောကမှာလေ
ကျမတော့ အနီကိုလွမ်းတယ်။

တစ်နေ့ တစ်နေ့ တစ်နှစ်တစ်နှစ်
ဒီလိုနဲ့ ကျမတစ်သက်ကြီးပြင်းခဲ့ပေါ့။

ပိုပိုတိုးလာတဲ့ လှိုင်းတံပိုးလိုလောကငရဲတွေ
ပိုပိုရိုင်းလာတဲ့ အတ္တဘီလူးကောင်တွေ
ပိုပိုရူးလာတဲ့ အာဏာရှင်လူတွင်ကျယ်တွေ
ပိုပိုလည်လာတဲ့ အချောင်သမားအောက်တန်းစားတွေ
ဒီလိုနဲ့ ကျမတစ်သက်
 နောက်ဆုံးရက် ရောက်ဦးတော့မှာလား။

ကျုပ်တို့တော့အလိုလိုနေရင်း ကိုယ့်စက်ရုံထဲမှာပဲ လူကုန်ကူးခံရတာပါတော်ရေ့...တဲ့
အစိုးရစက်ရုံ အလုပ်သမားဘဝလခနဲ့ မဝလို့ 
အကြော်ရောင်းရင်းအပိုငွေရှာ
သမ္မာအာဇီဝတို့ ဘုရင်မအကြော်သည် ဒေါ်မိက
ကျမကိုငိုငိုပြောသူ့ ခမျာဒေါနဲ့ မောနဲ့ ပေါ့။

သူကကျမတို့ မြို့ ကလေး ပလိပ်က
သပိတ်မှောက်အလုပ်သမားလေ။

အငတ်သာခံမယ် အသေသာခံမယ်
အမှန်တရားအတွက် မြန်မာတစ်ပြည်လုံးက
သူတို့ လူတန်းစားအတွက် သပိတ်မလှန်ဘူးတဲ့..
ကြုံးဝါးသံကကျမခံစားရလွန်းလို့  ရင်ကွဲနာကျတော့မယ် ဒေါ်မိရယ်။

အဲဒီဒေါ်မိကလေ စာပေပညာမတတ်ရှာပါဘူး
အတန်းစာ မသင်ခဲ့ရရှာပါဘူး
ကျမသိတဲ့ အနီ သူမခဲ့သိရှာပါဘူး။

ကျမ မဝင့်မြစ်ငယ်
တွက်ဆကြည့်တော့ အသက်ခြောက်ဆယ်။

အဖေသင်ပေးခဲ့လို့ ဘွဲ့ ရပညာတတ်ခဲ့
မြစ်ငယ်စက်ရုံကလုပ်သားကြီးတွေ သွန်သင်ပေးလို့ အနီ ဘာလဲ သိနားလည်
မြစ်ငယ်စာကြည့်တိုက်ထဲကစာတွေ
ဝါးစားသလို တအားဖတ်ခဲ့ရင်းမာန်တင်းခဲ့
ငါ့ဘဝ ငါ့အလုပ်သမားဘဝ ငါတို့ အားလုံးဘဝ
မနိမ့်ကျစေရဘူး
အဖိနှိပ်ခံတွေ မဖြစ်စေရဘူး
ဆရာကြည်အောင် ကဗျာထဲကလို
ပန်းပေါင်းတရာ ပွင့်စေရမယ်
လမင်းတရာ သာစေရမယ်

ငါ မဝင့်မြစ်ငယ် ဘာညာနဲ့ စိတ်ထဲက ဟစ်ခဲ့သမျှ
အခုမှ တကယ်အကြော်သည် အလုပ်သမဒေါ်မိ
ရှေ့ မှောက် မျက်နှာငယ်
ငါ့နှယ် ရှက်လိုက်တာနော် စိတ်ထဲကပဲရွတ်
ငါ တတွတ်တွတ်ပြောခဲ့ရင်းဘဝင်မြင့်ခဲ့တဲ့
အနီ ..အနီ ...အနီ...။

အနီ,..သူ ဘယ်ရောက်နေသလဲ
သူ သေဆုံးသွားတာလား
ဘယ်သူ့ လက်ချက်နဲ့ သေခဲ့ရတာလဲ။

သူ ပုန်းကွယ်နေတာများလား
ဘယ်သူ့ကိုကြောက်လို့ ရှောင်ပုန်းခဲ့တာလဲ။

တချိန်တခါတုန်းကများ
ငါကဗိုလ်အောင်ဒင်ဆိုတဲ့ သီချင်းခေတ်စားသလို
ငါက အနီ ငါကအနီ ဆို ဆိုပြီး ရင်တကော့ကော့
ခေါင်းတမော့မော့နေခဲ့တဲ့ ဆရာတွေကလည်း
ခုများ အနီဆို နားခါးသတဲ့။

ကျမ လေးစားကိုးကွယ်ခဲ့တဲ့ ဆရာ
အနီမှာ မှတ်ကျောက်ကြီးပမာယုံခဲ့တာကလည်း
ခုဆို အနီကိုပြောရမှာ ရှက်တာလိုလို။

ဟို စာပေယောင်ယောင်နိုင်ငံရေးယောင်ယောင်
တကောင်ကလည်း
သူ့အနီက ဒေါင်းပါတဲ့အနီတဲ့ လေ..။

လွန်ခဲ့တဲ့နှစ်နှစ်ဆယ် မုန်တိုင်းကြမ်းကာလ
ဒီကောင်က ခြင်္သေ့ကို သူ့ ပခုံးပေါ်တင်မလို
အပေါက်ချိုးခဲ့ဖူးတာ ကျမဘယ်မေ့မလဲ။

စကားစပ်လို့ အချုပ်တန်းဆရာဖေ ပါတော်မူ
တေးထပ်တစ မှတ်မိလာရ
ကုလားမြင်သူ့ အမေရိုးတော့မလို ခုမြေလျှိုးပုန်းရှောင် တဲ့။

ခုနေခါအနီမြင်သူ့ အမေလို့ ပြောင်းရွတ်ရတော့မလို...
အနီကိုဘာကြောင့် ကြောက်သွားကြပါလိမ့်
အနီ ဘာကြောင့်ကျဆုံးခဲ့ရတာပါလိမ့်
အနီကို ဘယ်သူဖျက်ဆီးပစ်ပါလိမ့်။

ကျမအမြင်မှာတော့ အနီကိုသိတာ ဒေါ်မိ
အနီကို နားလည်တာဒေါ်မိ
အနီကို အလိုရှိတာဒေါ်မိပဲဖြစ်တယ်။

ကျမတော့လေ...
ဒေါ်မိဘေးထားပြီး....
အနီကိုပဲလွမ်းနေတော့တာပါ
အနီကိုပဲလွမ်းနေတော့တာပါ
အနီကိုပဲ
အနီကိုပဲ ။ ။

မဝင့်(မြစ်ငယ်)