အောင်နိုင်ဦး - ဆရာမောင်စွမ်းရည် (၈၀) ပြည့်မွေးနေ့သို့ ဂါရဝ


အောင်နိုင်ဦး - ဆရာမောင်စွမ်းရည် (၈၀) ပြည့်မွေးနေ့သို့ ဂါရဝ
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇


တပြေတရွာဆီမှာ
ကျွန်တော်တို့က ဆရာစွမ်းနဲ့
အနေလှမ်းနေကြသူတွေမို့
လူပုဂ္ဂိုလ်တော့ မတွေ့ဘူးသေးပါ

စာကဗျာပန်းရနံ့ မွှေးထုံခြင်းတွေနဲ့ အကြောင်းတချို့က
ရင်းနှီးမှုကို ဖန်တီးတယ်

ကျွန်တော်နဲ့ သူသွေးသားထဲက သူ့ညီနဲ့
တအူတုံဆင်းတွေလို
ညီရင်းအစ်ကိုပမာ ဘ၀နှင်းအပ်
ရစ်ပတ်တုပ်နှောင် သံယောဇဉ်ဘောင်ခတ်
ပတ်သက်ပုံ ရုန်းကန်ပုံတွေက
ယုံကြည်ချက်တူ မျှခံစားတဲ့ ဘ၀တွေလေ။

ဒီလိုအကြောင်း ပေါင်းမိတဲ့အပြင်
အရင်ကပင် ကျွန်တော့်သဘော နမူနာပြု
အတုယူမိတာက ဆရာစွမ်းရဲ့
မွှေးထုံသင်းတဲ့ စာကဗျာရနံ့ ဖန်တီးခြယ်သမှုပါ

ဆရာစွမ်းဟာ စာပေဝေဖန်ရေးနဲ့ စာအရေးသား ပြတ်သားခြင်း
အတွေးရှင်းလို့ အရေးရှင်းလှတယ်
အဲဒီလိုတွေး အရေးရှင်းလို့ ပြတ်ခြင်းက
မသင်မပြ ဆင်ခြင်ရတဲ့ မြင်ဆရာပါပဲမို့
ကိုယ့်ကိုယ်ကိုယ် ခံယူလေးစား
အလေးထားခဲ့တဲ့ ကိုယ့်ဆရာသမားပါပေ။

ဆရာစွမ်း ဘ၀ပင်ရင်း
ပွင့်လင်းတည့်မတ်ခြင်း
ခပ်ရှင်းရှင်းကို မထိန်မချန်
အမှန်အဟုတ် ဟန်မထုတ်ဘဲ ဘ၀ဒဿနတွေ
အထွေထွေများ ခြယ်သမှုန်းပြ မခြွင်းမချန်
ရှေးဖြစ်နောက်ပြန် ဖွင့်အံပြတတ်
အမှတ်ရရန် သရုပ်မှန်တွေ
ဉာဏ်စပွားရ အားကျရသူမို့
နှစ် (၈၀) မွေးနေ့ ခါသမယမှာ
အသက်ရာကျော် ရှည်စေကြောင်း
ဆုတောင်းပထနာမှု ပြုလိုက်ရပါ၏။ ။

အောင်နိုင်ဦး
၃-၁-၂၀၁ရ

ရဲဘော် အောင်နိုင်ဦး(ကိုနိုင်ဦး) မှာ လျှာကင်ဆာရောဂါ ဝေဒနာ ခံစားနေရသူ တဦးဖြစ်ပါတယ်။
 ရောဂါခံစားနေတဲ့အကြားက ...
(၁) ထိခိုက်နာကျင်မှုများနေသည့် မြေယာ ပြဿနာ  - မောင်စိန်သော်
(၂) ပါတီစိန်ရတု စာတမ်းတချို့နှင့် တော်လှန်ရေး ရုပ်ပုံလွှာ စာကဗျာများ- ဘတိုးရှိန် (၃) ပြည်သူ့ဒီမိုကရေစီ တော်လှန်စစ်အတွင်း အရှေ့မြောက် စစ်ဒေသ တိုက်ပွဲတချို့
(၄) ရုပ်ကမ္ဘာနဲ့ လူရဲ့ မူလအစ
ဆိုတဲ့စာအုပ်တို့ကို ရေးသား ထုတ်ဝေခဲ့တယ်။ 
ဒါပေမဲ့ ဒီကဗျာရေးပြီးနောက်တော့ ရဲဘော်နိုင်ဦးဟာ ရောဂါဝေဒနာ ပြင်းထန်သထက် ပြင်းထန်လာလို့ အိပ်ရာထက်လဲ သွားခဲ့ပါပြီ၊ သူအင်မတန် ထက်သန်လှတဲ့ လေ့လာရေးကို မလုပ်နိုင်ရှာတော့ပါဘူး။ ရောဂါဝေဒနာနဲ့ သူ နောက်ဆုံးတိုက်ပွဲဝင်နေရတဲ့ ကာလကို ဆိုက်ရောက်နေပါပြီ။