ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကျော်ကျော်(မြရည်စမ်း) - နိုင်ငံရေး သတ္တဝါတဦး


ကျော်ကျော်(မြရည်စမ်း) - နိုင်ငံရေး သတ္တဝါတဦး
(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၁၇

"လူဆိုသည်​မှာ နိုင်​ငံ​ရေးသတ္တဝါဖြစ်​၏" ဟူ​သော စကားကို ကြားဖူးခဲ့သည်​မှာ ကြာပါပြီ။ ကျွန်​​တော်​သည်​ နိုင်​ငံ​ရေးကို စိတ်​မဝင်​စားလှပါ။ ထို့ကြောင့် ကျွန်​​တော့်​ကိုလူဟူ၍သတ်​မှတ်နိုင်​ရန်​ ခက်​ခဲ​ပေ မည်​။ မိမိ၏မိသားစုဖြင့်​သာ ​အေး​အေးလူလူ​နေချင်​ပါသည်​။ ဆူညံသံကင်းမဲ့သောအရပ်​၌ ​နေထိုင်​လိုပြီး ​တော​တောင်​ရနံ့၊​ ကျေးလက်​ရနံ့ပါ​သော စာများ ကဗျာများ​ရေး၍သာ ဘဝကိုငြိမ်းချမ်းစွာ ဖြတ်​သန်းလိုပါသည်​။

နိုင်​ငံ​ရေးကို စိတ်​မဝင်​စား​သော်​လည်း အသက်​တစ်​ဆယ့်ငါးနှစ်​သားအရွယ်​ ကိုးတန်း​ကျောင်းသား ဘဝက ​တောင်​ဥက္ကလာပ​နေအိမ်​မှ ​ရွှေတိဂုံဘုရားအ​နောက်​ဘက်​မုခ်​သို့ ခြေကျင်​​လျှောက်​ခဲ့ဖူး သည်​။ ထို​နေ့က ဗိုလ်​ချုပ်​သမီး​ဖြစ်​သူ ​ဒေါ်​အောင်​ဆန်းစုကြည်​ကို ပထမဆုံးမြင်​ဖူးခြင်းပင်​။ ဒီမိုက​ရေစီတိုက်​ပွဲ ​အောင်​ရမည်​ဟူ​သော ​ကြွေး​ကြော်​သံများလွှမ်းမိုး​နေသည့် ထိုကွင်းပြင်​ကျယ်​ကြီး မှ အိမ်​အပြန်​ခရီးသည်​ ​မောပန်း​သော်​လည်း လူက နွမ်းမသွားသည်​မှာ​တော့အံ့သြစရာ။

ဆယ်​စုနှစ်​ကာလ တချို့ကိုဖြတ်​သန်းခဲ့ပြီး​သောအခါတွင်​လည်း ထို​နေ့ကို ကျွန်​​တော်​မ​မေ့နိုင်​။ ထို​နေ့ကိုမ​မေ့နိုင်​​သေးသလိုပင်​ ဘဝတွင်​ ပထမဆုံးမြင်ဖူးခဲ့ခြင်းဖြစ်​​ခဲ့​သောမိန်းမသားတ​ဦး၏စူးရှ​သော မျက်​လုံးများ၊ ရဲရဲ​တောက်​​နေ​သော ပြောဆိုဟန်​များကလည်း ကျွန်​​တော့်မျက်​လုံးနှင့် နှလုံးသားထဲ ဝယ်​ သံမှိုနှင့်နှက်​ထားသကဲ့သို့ စွဲထင်​​နေဆဲ။

သူမသည် ကျွန်​​တော့်​​မေ​မေနှင့်​ရွယ်​တူဖြစ်​သည်​။ ကျွန်​​တော့်​​မေ​မေအ​နေဖြင့်​ တခွန်းမျှမဟရဲ​သော စကားများကို များပြားလှစွာ​သော လူပုံအလယ်​၌​ ပြောကြားခဲ့သည်​။ အာဏာရှင်​များ၏ယုတ်​မာ​ကောက်​ကျစ်​ပုံ၊ ရက်​စက်​ပုံများကိုကွက်​ကွက်​ကွင်းကွင်းမြင်​​အောင်​ ပထမဦးဆုံးပုံ​ဖော်​​ပေးခဲ့သူ မှာ ကျွန်​​တော့်​ဘဝအတွက်​တော့ သူမပင်​ ဖြစ်​၏။

ထိုညက ​ခြေမျက်​ရင်းထ၍ နာကျင်​​နေ​သော​ခြေ​ထောက်​ကို ​စောင်​​ခေါက်​​ပေါ်တင်​အိပ်​ရင်း အိပ်​မက်​ထဲမှာပင်​ အာဏာရှင်​ကိုမုန်း​နေမိသည်​။ သူမ၏မဟုတ်​မခံ "မ​ကြောက်​တရားများ" ကိုလည်း ​နောက်​တနေ့နံနက်​လင်းလင်းချင်း သတိပြန်​ရမိသည်​။ ခပ်​လှမ်းလှမ်းမှမြင်​​တွေ့ခဲ့ရ​သောသူမကို အနီးကပ်​မြင်​​တွေ့လိုစိတ်​သည်​ တအုံ​နွေးနွေး။ စကား​လေးများ​ပြောခွင့်ရလျှင်​ အဘယ်​မျှကျေနပ်​ဖွယ်​​ကောင်းမည်​နည်းဟူ​သောအ​တွေးက ရင်​ထဲတွင် ဆွတ်ဆွတ်ပျံ့ပျံ့။

သို့​သော်​လည်း ကာလံ၊ ဒေသံ၊ ပ​ယောဂံ အ​ကြောင်းသုံးပါး မညီညွှတ်​မမျှတမှု​ကြောင့်​ ကျွန်​​တော့် အ​တွေးမျှော်လင့်မှုများ ​ဝေးခဲ့ရပါသည်​။ ​ထောင်​ကျလျှင်​ကျ၊ မကျလျှင်​ အိမ်​​ထောင်​ကျတတ်​သည်​ဟု အများစုက သတ်​မှတ်​ထား​သောခေတ်​ကာလ၌ ကျွန်​​တော်​အိမ်​​ထောင်​ကျခဲ့သည်​။ အိမ်​​ထောင်​သည်​ ဝန်​ထမ်းဘဝတွင်​​နေထိုင်​ရင်း သူမနှင့်ကျွန်​​တော်​ ပို၍ဝေးခဲ့ရပါသည်​။ လူချင်း ဘယ်​နည်းနှင့်​မျှ မဆုံနိုင်​​သော်​လည်း စိတ်​အတွင်းမှအမြဲတမ်း စကား​လှမ်းပြောဖြစ်​နေခဲ့ပါ၏။ လူဆိုသည်​မှာ စွဲမိ စွဲရာအစွဲတစခုကိုအလွယ်​တကူ စွန့်​လွှတ်​ဖို့ အ​တော်​ခက်​ခဲမည်​ဟု ကျွန်​​တော်​ထင်​သည်​။

ကျင်​လည်​ရာ ဝန်​ထမ်းဘဝတလျှောက်​လုံးတွင်​ အာဏာရှင်​ဆန်​​သောအုပ်​ချုပ်​သူများနှင့်​​တွေ့လေ တိုင်း စိတ်​မှာမ​ကျေနပ်​​တော့။ ငယ်​ဘဝက​ရောက်​ခဲ့ဖူး​သော ​ရွှေတိဂုံအ​နောက်​မုခ်​ဟော​ပြောပွဲဆီ သို့ စိတ်​က​ရောက်​သွားတတ်​သည်​။ ခံစားချက်​များကို သူမထံရင်​ဖွင့်​ပြချင်​​နေမိသည်​။ သို့​သော်​ အခွင့်​မသာ။ ကျွန်​​တော်​နှင့်​​ဝေးရာအရပ်​၊ ကျွန်​​တော်​တို့ လက်​လှမ်းမမီနိုင်​​သောအရပ်​တွင်​ သူမ​ရောက်​​နေခဲ့ရသည်​။ ဝန်​ထမ်းဘဝမှ တိတ်​ဆိတ်​စွာကျွန်​​တော်​နှုတ်​ထွက်​ခဲ့ပါသည်​။ ကျွန်​​တော်​အ​နေဖြင့် နိုင်​ငံ​ရေးကိုစိတ်​မဝင်​စားပါ။ သို့သော်​ သူမ​ပြောခဲ့​ဖူးသည့်​အိမ်​ရှင်​မများ မီး​ဖို​ချောင်​တွင်​ ချက်​စရာဆန်​မရှိခြင်းသည်​လည်း နိုင်​ငံ​ရေးမည်၏ဟုသ​ဘောရ​သည့်​စကားတချို့ကို​တော့မှတ်​မိ​နေ​သေး သည်​။ နိုင်​ငံ​ရေးကိုကျွန်​​တော်​အ​နေဖြင့် စိတ်​မဝင်​စား​သော်​လည်း နိုင်​ငံ​ရေးကဖြင့် ကျွန်​တော့် အပေါ် စိတ်​ဝင်​စားလွန်းလှပါသည်​။

တော​တောင်​ရနံ့များကိုခံစားရင်း အပူပင်​ကင်းကင်းမိသားစုဘဝဖြင့် ငြိမ်းချမ်းစွာ​နေလိုပါ​သော်​လည်းမ​နေနိုင်​​သေး။ တကယ့်​လက်​​တွေ့ဘဝတွင်​ လူစည်​ကားရာလမ်းမကြီးနံ​ဘေး၌ လက်​ဖက်​ရည်​​ရောင်း​နေရသည်​။ ညဉ့်​အချိန်​တွင်​ ကေတီဗီများ၊ အရက်​ဆိုင်​များမှပြန်​လာကြသူများ၏အရှိန်​မ​သေ နိုင်​​သေး​သောသီချင်းသံနှင့်​ဆူညံလှ​သော ​မော်​​တော်​ယာဉ်​အိတ်​​ဇောသံများကို နားဆင်​​နေရသည်။မခံစားလို​သော်​လည်း ကံ၊ ကံ၏အကျိုး​ကြောင့်​ ခံစား​နေရသည်​။ ထိုအခြင်းအရာများသည်​လည်း နိုင်​ငံ​ရေးမည်​​လေသည်​လားဟု တခါတရံ​တော့ တွေးမိနေတတ်သေးသည်​။

"လူဆိုသည်​မှာ နိုင်​ငံ​ရေးသတ္တဝါဖြစ်​၏" ဟူ​သော စကားအရဆိုပါလျှင်​ ကျွန်​​တော့်​ပတ်​ပတ်​လည်​၌ နိုင်​ငံ​ရေးများဝိုင်း​နေ​ပေ​တော့မည်​။ နိုင်​ငံ​ရေးကိုစိတ်​မဝင်​စားသည့်​ကျွန်​တော့်​အား ယင်းတို့က ဝိုင်း ပတ်​ထားပြီထင်​ပါ၏။ သူ့ကို ကျွန်​​တော်​စိတ်​မဝင်​စားလျှင်​ ကျွန်​​တော်​သာ အခက်​ကြုံရ​တော့မည်​။

ကျွန်​​တော့်​အ​နေဖြင့်​ ရိုးသားစွာဝန်​ခံချင်​ပါ​သေးသည်​။ ပြီးခဲ့သည့်​​ရွေး​ကောက်​ပွဲ၌ လွှတ်​​တော်​ကိုယ်​စားလှယ်​များကိုမဲ​ပေးရာတွင်​လည်း သူတို့ကိုစိတ်​မဝင်​စားပါ။ နိုင်​ငံ​ရေးကိုပင်​စိတ်​မဝင်​စားသူ ကျွန်​​တော့်​အတွက်​ သူတို့ကိုစိတ်​မဝင်​စားသည်​မှာ အဆန်းမဟုတ်​ပါ။ ​ရွှေတိဂုံအ​နောက်​မုခ်​​ဟော​ပြောပွဲ တွင်​ ကျွန်​​တော့်​နှလုံးသားထဲသို့ သူမ၏စကားများနက်​ရှိုင်းစွာအမြစ်​တွယ်​ခဲ့ပုံကို အထက်​တွင်​ဆိုခဲ့ ဖူးပါပြီ။ ကျွန်​​တော်​မှတ်​မိ​နေ​သော ဘဝများစွာကိုပြောင်းလဲ​ပေးနိုင်​မည်​ဟုယုံကြည်​​သော အင်​န်​အယ်​လ်​ဒီအလံကိုသာကြည့်​၍ မဲ​ပေးခဲ့ခြင်းဖြစ်​သည်​။

တချိန်​ချိန်​တွင်​ သူမနှင့်​စကား​ပြောခွင့်​ရပါက ကျွန်​​တော်​​ပြောပြသည်​များကို မိခင်​ဖြစ်​သူက သား ဖြစ်​သူ၏စကားများကို ကြင်​နာစွာနား​ထောင်​​ပေးသလို နား​ထောင်​​ပေးလိမ့်​မည်​ဟုလည်း မတန်​မရာ​မျှော်​လင့်​ခဲ့ပါသည်​။ သို့​သော်​ ​ဝေးသထက်​သာ ​ဝေးခဲ့ရပါသည်​။

ထိုသို့ဝေးနေရသော်လည်း ဟိုးအရင်ကတည်းက သူမပြောပြခဲ့ဖူးသော နိုင်ငံရေးအသိတရား များစွာတို့သည် ကျွန်တော့်ကိုအချိန်ပြည့်အလုပ်ပေးလျက် ရှိပါသည်။

ဝမ်းရေးအတွက်ဖွင့်လှစ်ရောင်းချနေသော လက်ဖက်ရည်ဆိုင်ကလေး၏လုပ်ငန်းလည်ပတ်မှုတွင် လည်း နိုင်ငံရေးများစွာပါသလို အပြင်ဆောင်တွင်ငှားရမ်းနေထိုင်ရပြီး တက္ကသိုလ်နောက်ဆုံးနှစ် တက်နေသောသမီးလေးနေထိုင်မကောင်းခြင်းသည်လည်း ကျွန်တော့်အတွက်တော့ နိုင်ငံရေးပင် ဖြစ်တော့သည်။
ဆောင်းဝင်စအချိန်တွင် သမီးလေးဖျားသည်။ တကယ်တော့ မဖျားသင့်ဘဲ ဖျားခြင်းဖြစ်သည်။ လွန်ခဲ့သောနှစ်များက သူ့တွင်အခက်အခဲရှိပါက ကျွန်တော့်ကိုလှမ်း၍ ပြောပြတတ်သည်။ သူ့အခက်အခဲလေးများကို အဝေးမှာနေသော်လည်း တတ်နိုင်သရွေ့ အကြံဉာဏ်ပေးကာ ဖြေရှင်း နိုင်ရန်အလို့ငှာ လမ်းပြပေးနိုင်ခဲ့သည်။ ဒီနှစ်တွင်မူ ကျွန်တော်ပင်ပန်းစွာ ရုန်းကန်နေရမှန်း သူသိ ရှာသည်။ တော်တန်ရုံအခက်အခဲများသာဖြစ်သည်ဟု ဘာသာသတ်မှတ်ပြီး ကျွန်တော့်ကို အကြောင်းမကြားခဲ့တော့ပေ။
သူပြောမပြ၍ ကျွန်တော်မသိရ။ ထို့ကြောင့် ဘာမှကူညီလမ်းပြမပေးနိုင်။ သူ့ဘာသာ ဖြေရှင်း ရင်း အချိန်ကြာသွားသည်။ အဖျားတာရှည်သွားသည်။ ကျောင်းပျက်သည်။ စာနောက်ကျသည်။ အဖျားသက်သာသည်နှင့် လွတ်သွားသောစာများနောက် အမီလိုက်ရပြန်သဖြင့် သူ့ခမျာ ပင်ပန်းလှ ရှာသည်။

အကယ်၍ သူ၏အခက်အခဲလေးများကို ကျွန်တော့်ကို ပြောပြခဲ့ပါမူ ထိုသို့ အခက်ခဲကြီးများထိ ရောက်သွားမည်မဟုတ်။ သို့သော် သမီးလေးကိုတော့ဖြင့် ကိုယ်ချင်းစာမိပါသည်။ ကျွန်တော်အပါ အဝင် ပြည်သူပြည်သားအများစုသည်ပင်လျှင် အခက်အခဲကြုံလေတိုင်း သူမကိုပြောပြဖြစ်ကြ သည်မဟုတ်ပါ။

ရုပ်ပိုင်းဆိုင်ရာမပြည့်စုံမှုများကို လူမှန်းသိတတ်စအရွယ်ကစပြီးကြုံခဲ့ရသဖြင့် ကိုယ်ထူကိုယ်ထ ကြိုးစားဖြေရှင်းကြရင်း မဆန်းသလိုခံစားတတ်နေပြီ ဖြစ်ပါ၏။ မမျှော်လင့်ထားဘဲ မီးပျက်သွားခြင်း၊ လစဉ်အခွန်ပေးဆောင်နေရသော ရေပိုက်မှ ရေမလာတော့ခြင်းများ၊ ကုန်ပစ္စည်းဈေးနှုန်း တဒိုင်း ဒိုင်းနှင့် ခုန်ပေါက်တက်သွားခြင်းများ၊ ဆေးရုံတက်စဉ် ခုတင်မရခြင်းများသည် ဆန်းကြယ်သည့် ကိစ္စမဟုတ်တော့သလို ကျင့်သားရပြီး ဖြစ်ပါသည်။ ထိုသို့သော သေးသေးနုပ်နုပ် ရုပ်ပိုင်းဆိုင်ရာ ကိစ္စတိုင်းကို သူမထံအသိပေးနေရပါလျှင် နှောင့်ယှက်ရာပင်ကျလေမည်လားဟု ကျွန်တော်တွေးမိ ပါသည်။ နိုင်ငံတော်တိုးတက်ရေးအတွက် အရေးတကြီးကိစ္စရပ်များကို အပူတပြင်းဖြေရှင်း နေရ သောသူမဟု ကျွန်တော်နားလည်ထားပါသည်။ နိုင်ငံရေးကိုနားမလည်သော ကျွန်တော်သည် သူမကိုတော့ နားလည်မိသည်။ ကျွန်တော့်မေမေဆိုလျှင် ထိုမျှ အပင်ပန်းခံနိုင်မည်မဟုတ်။

တနေ့ကပူပူနွေးနွေးအဖြစ်ကို ပြန်တွေးမိသည်။ လာနေကျရေပိုက်မှ ရေမလာတော့။ တစ်ရက်၊ နှစ်ရက်၊ သုံးရက်။ … လေးရက်မြောက်နေ့တွင် ရေပေးဝေသည့်အရင်းအမြစ်ရှိရာ ရေစက်ရုံသို့ သွားကြည့်မိသည်။ မည်သည့်ကြေညာချက်မှ ရေးမထား။ ရက်သတ္တပတ်ကျော်မှ စည်ပင်ကော်မီတီ အစည်းအဝေးခေါ်သည်။ ရေပေးဝေရာတွင်အသုံးပြုသည့်ရေတိုင်ကီများတင်ထားရာ ရေစင်ကြီး ကြံ့ ခိုင်မှုမရှိတော့သည့်အတွက် ပြင်ဆင်ရမည်။ ထို့ကြောင့် အလှူငွေထည့်ကြပါ။ ထိုအလှူငွေရပါမှ ပြင်ဆင်နိုင်မည်ဟု ပြောကြားသည်။

အလှူငွေထည့်ရမည့်အပေါ် စိတ်မကောင်းမဖြစ်မိပါ။ကျင့်သားရခဲ့ပြီးသောကိစ္စ ဖြစ်ပါ၏။ သို့သော် ထိုကိစ္စကို ပြည်သူလူထုထံသို့ကြိုတင်အသိပေးသင့်သည်ဟုတော့ ထင်မိပါသည်။ ထိုသို့ အသိမပေးခြင်းသည် စိတ်ပိုင်းဆိုင်ရာကို ဒဏ်ရာပေးခြင်းဖြစ်သည်ဟုလည်း နားလည်ထားပါ သည်။ တိုက်ဆိုင်မှုက များလွန်းသည်ထင်၏။ ထိုမှအပြန် လျှပ်စစ်ရုံးရှေ့ တွင် ကြေညာချက် ရေး ထား၍ ဖတ်ကြည့်မိသည်။ လျှပ်စစ်ဓာတ်အားပေးမှုနှင့်ပတ်သက်၍ လုပ်ငန်းများလုပ်ကိုင်မည် ဖြစ် သဖြင့် နံနက် ၅ နာရီမှ ညနေ၅ နာရီထိ ဓာတ်အားပြတ်တောက်မည့်အကြောင်း ရေးသားထား သည်။ အသံထွက်၍ပင် ချီးကျူးမိပါသည်။ ထိုသို့သောဝန်ကြီးဌာနကိုမှမချီးကျူးလျှင် အဘယ်ကို ချီးကျူးရမည်နည်း။ ထိုနေ့က ည ၉ နာရီကျော်မှမီးပြန်လာပါသည်။ ထမင်းမချက်လိုက်ရသူ။ အမှောင်ထဲထိုင်နေရသူ။ ထိုသူများစိတ်ထဲ ခဏဝင်ကြည့်ဖြစ်ပါသည်။ ကျွန်တော်နှင့်ထပ်တူပင်။

ထိုသို့​သောကိစ္စများကို သူမနှင့်​မ​မျှော်​လင့်​ပဲ​တွေ့ရ၍​ပြောပြခွင့်​ကြုံခဲ့လျှင်​ပင်​ ​ပြောပြဖြစ်​မည်​ မထင်​​တော့ပါ။အဖက်​ဖက်​မှနိမ့်​ကျ၊​ နောက်​ကျ​နေခဲ့ရ​သော နိုင်​ငံ​တော်​ကို ဆင်းရဲတွင်းမှလွတ်​​မြောက်​​စေရန်​သူမကြိုးစား​နေရှာသည်​။ ပြည်​ပအကူ​ချေး​ငွေများဖြင့်​ ကျားကန်​​နေရသည်​။ သခွတ်ပင်​က မီးတကျည်ကျည်လုပ်​မ​နေချင်​​တော့။ ကျွန်​​တော်​ဆန္ဒမဲ​ပေးခဲ့​သော လွှတ်​​တော်​အမတ်​များကို​တော့ဖြင့်​ ပြောပြချင်​ပါ​သေးသည်​။ ခက်​​နေသည်​မှာ သူတို့နာမည်​များကိုပင်​ ကျွန်​​တော့်​မှာ ခပ်​​မေ့​မေ့။ အစောပိုင်းအချိန်က အရောက်အပေါက်များသလောက် ယခုပျောက်နေကြသည်။ သင်တန်းတက်နေကြသည်လား၊ ယန္တရားကြီးလည်ပတ်ပုံကို လေ့လာနေကြသည်လား ကျွန်တော်မတွေးတတ်ချေ။

ကျွန်တော့် လက်ဖက်ရည်ဆိုင်လေးတွင်အသုံးပြုရန်အတွက် မီးသွေးအိတ်များ ဝယ်ထားပါသည်။ မီးသွေးပေါများခြင်း၊ ရှားပါးခြင်းသည်လည်း နိုင်ငံရေးပင် ဖြစ်ပေမည်။ ယခင်က ဝယ်ရလွယ်သည်။ အဖိုးတန်သစ်များပင် ပြည်ပသို့ အလုံးလိုက်မှောင်ခိုကြသည့်ခေတ်မို့ မီးသွေးဖုတ်ခြင်းသည် မထူးဆန်းလှ။ ယခုအစိုးရက ပတ်ဝန်းကျင်နှင့် သယံဇာတရင်းမြစ်များကို တန်ဖိုးထား ထိန်းသိမ်း လာသည်။ ယခင်ကလို မီးသွေးဝယ်၍ မလွယ်ကူတော့။

ရှားရှားပါးပါးဝယ်ထားရသော မီးသွေးအိတ်ကို မပြီး မီးဖိုနားသို့နေရာရွေ့သည်။ အလေးချိန်က နင့် နေသည်။ အသားကောင်းဖြစ်မည်။ ဝယ်ရကျိုး နပ်ပေပြီ။ အိတ်ကိုဖွင့်လိုက်သည်။ ရေစိုမီးသွေးများကို ကြားညှပ်ထားသည်။ ရေစိုမီးသွေးခပ်ထိုင်းထိုင်းက သာမန်ထက် ပိုလေးနေ သည်။ မသင်္ကာ၍ ဇလားထဲသွန်ချလိုက်သည်။ အောက်ခြေတွင် အမှိုက်သရိုက်များနှင့် အမှုန်များ ကို တွေ့လိုက်ရသည်။ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခြင်း ခံလိုက်ရပေပြီ။ မတတ်နိုင်။ ဒီခေတ် ဒီအခါတွင် ဒီထက်ကောင်းတာ မမျှော်လင့်နိုင်တော့ပေ။ အလုပ်ဖြစ်ရန်သာ ဝီရိယပိုထုတ်ရမည်။ အတော်ကြိုးစား၍ မွှေးမှ မီးစွဲလာသည်။ အမှိုက်များက ပြာများဖြစ်ပြီး လေဝင်ပေါက်ကို ပိတ်စေ သည်။ ထိုမီးအရှိန်လောက်ဖြင့် အချိုခြောက်နှပ်၍မရပါ။ အခန့်မသင့်လျှင် အောက်စော်ပင် နံနေပေလိမ့်မည်။

ယပ်ပြင်းပြင်းခတ်လိုက်သောအခါမှ ပြာများလွင့်ထွက်သွားပြီး မီးရှိန်ရလာပါသည်။ အခုမှ နီနီရဲရဲ မီးကျီးခဲအစစ်များသာ ကျန်နေခဲ့သည်။ ထိုမီးမျိုးဖြင့်နှပ်မှသာ အချိုခြောက်နံ့လေး သင်းပေမည်။

နေရာတိုင်းတွင် နိုင်ငံရေးနှင့်မကင်းသဖြင့် ကျွန်တော်သည်လည်း နိုင်ငံရေးသတ္တဝါပီသရန် ကြိုးစားရဦးမည်။ ။

ကျော်ကျော်(မြရည်စမ်း)