နရီမင်း ● လူငယ်တို့သဘာဝ

နရီမင်း ● လူငယ်တို့သဘာဝ
(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၁၇

လူငယ်တို့သဘာဝ ချစ်ကြိုက်ခဲ့ကြတယ်။
လူငယ်တို့သဘာဝလည်း
ပျော်ပါးဖူးခဲ့ကြတယ် ဆိုပါတော့။

အဲ့ဒီတုန်းက မဘသ မပေါ်သေးသလို
ဗယ်လင်တိုင်းဒေးလည်း
တို့ဆီကို ရောက်မလာသေးဘူး။

တခြားအရာတွေလိုပဲ
ကွန်ဒုံးနဲ့ တားဆေးတွေ ရှားတဲ့ခေတ်ပါ။
လူငယ်တို့သဘာဝ ရန်ဖြစ်ကြတယ်။
လမ်းသရဲခေတ်လေ။
ချိန်းကြိုး၊ ပုဆိန်သေးသေးလေးနဲ့
သံလက်သီးတွေ ဆောင်ကြတယ်။

၈၈ အရေးအခင်းဟာ
လူငယ်တို့သဘာဝ ရန်ဖြစ်ရာကနေ
စခဲ့တယ်ဆိုပါတော့။

လူငယ်တို့သဘာဝ စူးစမ်းချင်ကြတယ်။
ဆေးခြောက်၊ ဆေးပြား၊ ဖန်ဆီဒိုင်း၊ ကိုဒင်းကနေ
ကိုကင်း၊ ပက်သဒင်းအထိပေါ့။
ပိုင်ရှင်မဲ့သွားတဲ့
လူငယ်တို့သဘာဝ စူးစမ်းမှုတွေပါပဲ။

လူငယ်တို့သဘာဝ ဆိုးကြ မိုက်ကြရင်း
သိုးမည်းတွေ ဖြစ်ခဲ့တယ်လေ။
အခုလို အစွန်းရောက်ဝါဒတွေ
ခေါင်းထောင်ထလာချိန်မှာတော့
လူငယ်တို့သဘာဝ အသေခံဗုံးခွဲကြတယ်။

ဗီဒီယိုဂိမ်းတွေထဲကလို
လူငယ်တို့သဘာဝ ပစ်ခတ်တိုက်ခိုက်ကြတယ်။
အမျိုးသမီးငယ်နှစ်ဦးက
လူငယ်တို့သဘာဝ နောက်ပြောင်ကျီစယ်ရင်း
ကင်ဂျုံနမ်ဟာ
ကွာလာလမ်ပူလေဆိပ်မှာ သေဆုံးခဲ့တယ်။

နောက်ဆုံးမှာ အဲ့ဒီလူငယ်တို့သဘာဝကပဲ
အကိုနီရဲ့အသက်ကို
ရန်ကုန်လေဆိပ်မှာ နှုတ်ယူသွားခဲ့တာပေါ့။

နရီမင်း
၂၅- ၂- ၂၀၁၇