ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မြဇင်ယော် ● ထွက်ပေါက်လေးများ

မြဇင်ယော် ● ထွက်ပေါက်လေးများ
(မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၁၇

"ဒီမယ် ဦးလှတင့် ခင်ဗျား အလုပ်ကို ဘယ်လိုလုပ်နေတာလဲဗျ....."

အဲ့ဒီကစလိုက်တာ နာရီဝက်တောင်ကြာတယ်။ ဆူလိုက်တာလည်း လွန်ရော။ အထက်လူကြီးဆိုပေမယ့် သူက ကိုယ့်ထက် လည်းငယ်တယ်။ ကိုယ့်လောက်လည်း အတွေ့အကြုံမရှိဘူး။ ကိုယ်မှားတယ်ဆိုပေမယ့် မဆိုစလောက်လေးပါ။ ဘာမှဖြစ် လောက်တာလည်း မဟုတ်ဘူး။ အလုပ်လုပ်ရင်း တခါတလေ မှားတတ်ကြတာပဲ။ ခဏခဏ အသေးအဖွဲလေးတွေကို ဇာ ချဲ့ပြီး ဆူပူနေတော့တာပဲ။

အထက်လူကြီးဆိုတော့ ပြန်ပြောလို့လည်း မရ။ စိတ်ထဲကလည်း မခံချင်။

"သည်းခံ မင်း သည်းခံ၊ မဟုတ်လို့ကတော့ အလုပ်နဲ့လက် အိုးစားကွဲသွားမယ်။" သား၊ သမီးတွေ မျက်နှာမြင်ပြီး အံကိုကြိတ် ထားလိုက်ရတယ်။(ဟိုပုဂ္ဂိုလ်မမြင်ရတဲ့ နေရာရောက်မှ)
*-*-*-**-*-*

"ဟော့တော်.. ရှင်အစောကြီးပြန်လာတာဘဲ။ မိုးတွေရွာနေတယ်လေ ကိုကိုလှ။ ထီးကြီးလက်ထဲကိုင်ပြီး ဘာလို့မဆောင်း တာလဲ။ ဖျားအောင်လို့လား ရှင်နဲ့တော့ ခက်တော့တာဘဲ"

"ဟာကွာ..မင်းတော်တော် စကားများတာပဲ။ ငါ့ဘာသာ မဆောင်းချင်လို့ မဆောင်းတာကွာ ဘာဖြစ်လဲ။ မင်းတို့ မိန်းမတွေ အိမ်မှာနေပြီး ယောက်ျားပြန်လာရင် ဟောက်ဖို့လောက်ပဲ သိတယ်။ ဟွန်း..."

အမယ်လေးတော်။ ကိုယ်က သူဖျားမှာစိုးလို့ စေတနာနဲ့ပြောလိုက်တာကိုများ။ အိမ်မှာ နေပြီးတော့တဲ့။ အိမ်မှာအလကားနေ နေလို့လား။ လုပ်လိုက်ရတာ နားရတယ်ကိုမရှိဘူး။ သူတို့ အချိန်မီသွားနိုင်လာနိုင်ဖို့ကို လုပ်ကိုင်ပေးရတာ။

သူက အိမ်ထောင်ဦးစီးဆိုပြီးတော့။ ဟင်း..။ ဒေါသကြောင့် လက်တွေတောင်တုန်တယ်။ နောက်ကလိုက်ပြီး ရန်တွေ့လိုက် ချင်ပေမယ့် "သည်းခံ မိမြ သည်းခံ။"
*-*-*-*-*-*

"မေမေ သမီးဖိနပ်လေး ပြတ်တော့မယ်။ ဖေဖေလစာထုတ်ရင် ဝယ်ပေးမယ်ဆို။ အခု ဝယ်ပေးတော့နော် မေမေ။"

"ညည်းတို့ကလည်း အဲ့ဒါတွေခက်တာပဲ။ ဒီအမေ ပိုက်ဆံ ဘယ်လောက်ကျပ်နေလဲ ညည်းတို့မသိဘူး။ ညည်းတို့ လိုချင် တာဘဲ သိတယ်။ သွားစမ်းအေ ကိုယ့်အလုပ်ကို သွားလုပ်ချည်၊ ဒီမှာ စိတ်ရှုပ်ရတဲ့အထဲ ညည်းကတမှောင့်"

အဟီး… ဟီး။ မနေ့ကပဲဝယ်ပေးမယ်ပြောထား ပြီး။ ဒီက ဘာတွေများ အပိုတွေပူဆာနေလို့လဲ။

သူဇာတို့ဆို ကျောင်းဖွင့်ရက် ၅ ရက်မှာ ဖိနပ်ကို မထပ်စေရဘူး။ စာလည်းမတော်ကြဘူး။ ဒါပေမယ့် သူတို့မိဘတွေက ဝယ် ပေးကြတယ်။

ငါကတော့ အဖေနဲ့အမေ စိတ်ကျေနပ်အောင် စာလည်း ကြိုးစားရသေးတယ်။ အိမ်အလုပ်တွေ လည်း ကူလုပ်ပေးရသေးတယ်။ ငါ့ကိုဆို မချစ်ဘူး။ အမြဲဒီလိုပဲ။

အမေ့ကိုကြည့်ပြီး ပြန်ပြောလိုက်ချင်ပေမယ့် အရင်တစ်ခါကလို ကျောပြင်ပေါ် ဗြောတင်လိုက်မှာ ကြောက်ရသေးတယ်။" သည်းခံ သစ်သစ် သည်းခံ။ ဂလု..။"
*-*-*-*-*

"မမ သားကို ဒီပုစ္ဆာလေး ရှင်းပြပေးပါဦး"

"ဟာ နင်ကလည်း ရှစ်တန်းတောင်ရောက်နေပြီ။

ဒါလေးတောင် မတွက်တတ်ဘူးလား။ ဘယ်လိုလုပ်တွက်တတ်မှာတုန်း။ အချိန်ရှိသရွေ့ ဘောလုံးချည်းကန်နေတာကို။ စာ ကိုမှ ဂရုမစိုက်တာ။ သွား ဟိုဘက်ကို ငါ စာတွေလုပ်လိုက်ဦးမယ်။"

မမ ဘယ်လိုဖြစ်နေတာပါလိမ့်။ မနေ့ကတော့ မောင်လေး အတန်းထဲမှာ အတော်ဆုံးဖြစ်အောင် ကြိုးစားနော်။ မသိတာတွေ မမကိုမေးတဲ့ ဆိုပြီး။

မနက်က အင်္ဂလိပ်စာမေးတော့တောင် စိတ်ပါလက်ပါ ဖြေပြသေးတာ။ အခုတော့ သူမဟုတ်တဲ့အတိုင်းပဲ။ ငါ့ကို အော်လိုက် သေးတယ်။ အစ်မမို့လို့သာပေါ့။ သည့်ပြင်လူဆိုလို့ကတော့..ဟွန်း။
*-*-*-*-*-*

"ကိုကို သမီးကို အမွှေစိန်ဖွင့်ပြဦး"

"…"

"ကိုကို  သမီးကို ....."

"တိတ်တိတ်နေစမ်း ပုံ့ပုံ့၊ ကိုကို စာလုပ်နေတယ်"

"ကိုကိုကလည်း အခွေလေးဖွင့်ပြတာ ဘယ်လောက်ကြာမှာမို့လဲ"

"ပုံ့ပုံ့ ဟိုဘက်ကိုသွား"

တအိမ်လုံးမှာ ကိုကိုက သမီးကို ဂရုအစိုက်ဆုံး။ တခါတလေ သူ့မုန့်တွေတောင် သူမစားဘဲ သမီးကိုကျွေးတတ်တာ။ ကျောင်းသွားရင်လည်း ကို့ကို့ စက်ဘီးနောက်ကလိုက်ရတာ။ အခုမှ ကိုကိုက ဘာဖြစ်နေတာလဲ။ စိတ်ဆိုးလိုက်တာ။ အသံ ကုန်ဟစ်ပြီး အော်ငိုမလို့လုပ်နေတာ။ ကိုကို့ကိုကြည့်လိုက်တော့ မျက်နှာပျက်ပြီး ခေါင်းတွေကုတ်နေလို့ မငိုရတော့တာ။
*-*-*-*-*

"ကိန် ကိန် "

ပုံ့ပုံ့ ခြေစွမ်းပြလိုက်တယ်။

နာလိုက်တာ။ ပုံ့ပုံ့လေး ဘယ်လိုဖြစ်နေတာလဲ။ ခါတိုင်း သူ ငါ့ကိုတွေ့ရင် အစာကျွေးနေကျ။ ဒီနေ့လည်း ကျွေးမှာပဲဆိုပြီး ငါ ကပ်လိုက်တာ ငါ့ကိုကန်တယ်ကွာ။

"ဟော ကြောင်သားအမိကျတော့ အခန်းထဲမှာ အခန့်သားဝင်စားနေလိုက်တာ။ တွေ့ဦးမယ် ငါနဲ့။
*-*-*-*-*
"ဂူး ဂူး"

အမယ်လေး ငါ့သားလေး ဘာဖြစ်တာပါလိမ့်။ ဒီခွေးတော့လား။ တသက်လုံး အတူနေနေတာကို ဒီနေ့မှ ဘာဖြစ်နေတာလဲ။ ငါ့သားကို လိုက်ဆွဲနေတယ်။ တော်သေးတာပေါ့။ ငါ့သားလေး ဘာမှမဖြစ်လို့။

သေချင်နေပြီ ဒီခွေးတော့ အားမတန်လို့ မာန်လျော့ရတာ ကြောက်တယ်များမထင်နဲ့။

"ကျွိ ကျွိ ကျွိ"

စိတ်ရှုပ်ရတဲ့အထဲ၊ သူတို့က တမျိုး။

ဒီ ထုတ်တန်းပေါ်ကကြွက်တွေတော့ ငါကြောင်မနဲ့ တွေ့တော့မယ်။ အစာ ဝဝ စားထားကြ။ ။
                            
မြဇင်ယော်