ဆောင်းယွန်းလ ● လေဟာနယ်ထဲမှာ

ဆောင်းယွန်းလ ● လေဟာနယ်ထဲမှာ
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇

ဟန်ဆောင်ရုပ်ဖျက်ထားရခြင်းဟာ
တနေရာရာမှာတော့ အသုံးဝင်ကောင်းရဲ့။

ဘယ်နေရာမှ ရောက်အောင်မသွားနိုင်တဲ့အခါ
နေ့ခင်းက နေ့လည်မှာမရှိတော့သလို
ဆောင်းဟာလည်း နှင်းကိုမသောက်တော့ပါ။

ကမ္ဘာကြီးက ခမ်းနားကျယ်ဝန်းလှတယ်ဆိုပေမယ့်လို့
အခန်းကျဉ်းငယ်လေး တခန်းထဲကနေ
ချိန်းဆိုမှုတွေကို ငြင်းဆန်ထွက်ခွာဖို့အတွက်
နေရာလပ် မရှိတော့ပါ။

ပြောစရာ စကားတွေက
ပျင်းရိခြင်းကို ရှိုက်ဖွာထုတ်လိုက်တဲ့
စီးကရက်မီးခိုးငွေ့တွေကြား ရောပါသွားခဲ့ပါပြီ။

ဝေဖန်စရာ စကားလုံးတွေကို
ကျောင်းသုံးစာအုပ်ထဲကနေ ဆွဲထုတ်ဖို့
ဦးနှောက်တွေက အမိုးပြိုပြီး
ဆင်ခြင်တုံတရားတွေက ချုပ်ရိုးပြုတ်နေခဲ့ပါပြီ။

မိုးတိမ်တွေကို
အဆုပ်လိုက်ခူးယူမယ့် စိတ်ကူးတွေနဲ့
ကောင်းကင်အပြဲကြီး ပြုပြင်မွန်းမံရန်ဆိုတဲ့ ခေါင်းစဉ်အတွက်
နာရီကို အသာပြန်စောင်းငဲ့ကြည့်စရာ
နံရံတွေပေါ်မှာ နံရံတွေမရှိကြတော့ပါ
စားပွဲတွေပေါ်မှာလည်း စားပွဲတွေမရှိကြတော့ပါ။

ပေါ့ပျက်ပျက် ကတိတရားတွေပေါ်က
လေးလေးနက်နက် စကားလုံးတွေဟာ
တဘဝစာလုံးရှုံးသွားတဲ့ စစ်ပွဲတပွဲပါပဲ
တွန်းလှုပ်နှိုးလို့မရတော့တဲ့ အိပ်မောကျခြင်းတခုပါပဲ။

မမြင်ရတဲ့ အမှောင်ထဲကနေ
မဲမဲမြင်သမျှကို စိတ်ကူးနဲ့ ပစ်ချလိုက်မိပါတယ်
မျှော်လင့်ခြင်းတွေက
မြင်ရတဲ့ ဝေဟင်ထက်မှာ ပျံလို့ဝဲလို့ပေါ့
ကိုယ်ဟာ….
မြင်ကွင်းတွေကို မှောက်ရက်အိပ်ရင်း ကြည့်နေမိသူပါ။

ဆောင်းယွန်းလ
ဖေဖော်ဝါရီလ ၉ ရက်၊ ၂၀၁၇။