ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး ● တရုတ်နိုင်ငံခြားရေးပေါ်လစီနှင့် မြန်မာ့ငြိမ်းချမ်းရေး - အပိုင်း (၁)

မောင်မောင်စိုး ● တရုတ်နိုင်ငံခြားရေးပေါ်လစီနှင့် မြန်မာ့ငြိမ်းချမ်းရေး - အပိုင်း (၁)
(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၁၇

● တရုတ်ပေါ်လစီ
တရုတ်တို့သည် မြန်မာပြည်အပါအဝင် နိုင်ငံခြားတိုင်းပြည်များနှင့်ဆက်ဆံရာတွင် မည်သို့ဆက်ဆံမည်ဆိုသည့် ပေါ်လစီချ မှတ်ရာတွင်လည်းကောင်း၊ ပေါ်လစီကို ကိုင်တွယ်ဖေါ်ဆောင်ရာတွင်လည်းကောင်း ယူနစ် ၃ ခုဖြင့် ဆောင်ရွက်သည်ကို တွေ့ရသည်။

အဓိကပင်မယူနစ်မှာ တရုတ်ပြည်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာနကြီးဟုဆိုရမည်။ အဆိုပါဌာနသည် တရုတ် ကွန်မြူနစ်ပါတီ၏ပေါ်လစီကို အကောင်အထည်ဖော်သည့်ဌာနဖြစ်သည်။ တရုတ်ပြည်၌ အစိုးရနှင့် တရုတ်လွတ်မြောက်ရေးတပ်မတော်တို့သည် တရုတ်ကွန်မြူ နစ်ပါတီ၏ခေါင်းဆောင်မှု အောက်တွင်ရှိနေပေရာ ပါတီ၏ နိုင်ငံတကာဆက်ဆံရေးမူဝါဒ မြန်မာပြည်နှင့်ပတ်သက်သောပေါ်လစီသည် အရေးပါဆုံးဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီသည် ပါတီချင်းဆက်ဆံရေးကို အဓိက တာဝန်ယူပြီး အာဏာရပါတီရော မရသည့်ပါတီပါ ဆက်ဆံခွင့်ရှိသည်။ မည်ကဲ့သို့ဆက်ဆံမည်ဆိုသည်ကို အဓိက ဆုံးဖြတ်ပေးသည့်ယူနစ်ဖြစ်သည်။

ဒုတိယယူနစ်မှာ အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနဖြစ်သည်။ ထိုဌာနသည် အဓိက တရားဝင်အစိုးရချင်းဆက်ဆံရေးကို အဓိ ကထားသည်။ အစိုးရချင်း ခင်မင်ရင်းနှီးသောဆက်ဆံရေးအပြင် ယနေ့ကာလ၌ လက်တံရှည်လာသော တရုတ်၏စီးပွား လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုများနှင့် အနာဂတ်တရုတ်စီးပွားရေးသေနင်္ဂဗျူဟာများကို အလေးထားသည့်ပေါ်လစီနှင့် ခြေလှမ်း များကို ဆောင်ရွက်သည်။

တတိယယူနစ်မှာ တရုတ်လွတ်မြောက်ရေးတပ်မတော်ဖြစ်သည်။ တရုတ်လွတ်မြောက်ရေးတပ်မတော်၌ ကမ္ဘာ့ဒေသအသီး သီးနှင့်ပတ်သက်၍ ဆက်စပ်သုံးသပ်လုပ်သည့် နိုင်ငံတကာဌာနရှိသည်။ မြန်မာပြည်ပတ်သက်၍ အရှေ့တောင်အာရှဌာန အောက်တွင် ထားရှိသည်။ မြန်မာပြည်နှင့် နယ်နမိတ်ချင်း မိုင်ထောင်ချီဆက်စပ်နေပေရာ တရုတ်တပ်မတော်၏ အဓိက အာရုံစိုက်မှုမှာ တရုတ်နယ်စပ်လုံခြုံရေးကိုအလေးထား၍ သူ၏ပေါ်လစီနှင့်ခြေလှမ်းများကို ဆောင်ရွက်သည်။

သို့ဖြစ်ရာ တရုတ်တို့၏ မြန်မာပြည်နှင့်ပတ်သက်သည့် ပေါ်လစီနှင့်ပတ်သက်၍ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံ ရေးဌာနသည် အခရာဖြစ်ပြီး ကျန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လွတ်မြောက်ရေးတပ်မတော်တို့သည်လည်း သူ့အခန်းနှင့်သူ ပါဝင်ဆောင်ရွက်ကြသည်ဟု ဆိုရပါမည်။

● နိုင်ငံတကာဆက်ဆံရေးဌာန
၁၉၆၆ ခုနှစ် တရုတ်ပြည်ယဉ်ကျေးမှုတော်လှန်ရေးကာလနောက်ပိုင်း တရုတ်ကွန်မြူနစ်ပါတီ၏ပေါ်လစီသည် နိုင်ငံတကာအဖိနှိပ်ပြည်သူများအားကူညီရေး မြန်မာပြည်နှင့်ပတ်သက်၍ ဗမာပြည်ကွန်မြူနစ်ပါတီအား ကူညီရေးဖြစ်သည်။ ထိုကာလ က နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လွတ်မြောက်ရေးတပ်မတော်၏အခန်းသည် နောက်သို့ရောက်နေပြီး ပါတီ၏ နိုင်ငံတကာ ဆက်ဆံရေးဌာနက ရှေ့တန်းရောက်သည်။

ဗမာပြည်ကွန်မြူနစ်ပါတီအား ကူညီပံ့ပိုးမှုများအားလုံးအား နိုင်ငံတကာဆက်ဆံရေးဌာနက တာဝန်ယူလုပ်ဆောင်ပြီး လွတ် မြောက်ရေးတပ်မတော်က ကူညီပံ့ပိုးပေးရသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တရုတ်သံအမတ်တို့၏ အစိုးရချင်းဆက်ဆံ ရေးသည် အေးစက်သည်။ တရုတ်သံရုံးဧည့်ခံပွဲများတွင် မြန်မာအစိုးရနှင့်တပ်မတော်မှ အရာရှိများကို မတွေ့ရဘဲ ဒီမိုကရက် များ၊ လက်ဝဲသမားများ၊ အတိုက်အခံများ ပြည့်လျံနေကာလဟု ဆိုရပေမည်။

သို့သော် ၁၉၇၇ ခုနှစ် တိန့်ရှောက်ဖင်တက်တက်လာပြီးနောက် တရုတ်တို့၏ပေါ်လစီသည် သိသိသာသာပြောင်းလဲလာသည်။ ၁၉၈၀ ခုနှစ်မှစ၍ ဗမာပြည်ကွန်မြူနစ်ပါတီအားထောက်ပံ့မှု လျော့ချလာပြီး ၁၉၉၀ ခုနှစ်မှစ၍ အစိုးရချင်းဆက်ဆံသည့် ပေါ်လစီသည် ဦးစားပေးပြောင်းလဲလာသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေးဌာန၏ အခန်းကဏ္ဍ လျှော့ ချခဲ့ပြီး အစိုးရအုပ်ချုပ်ရေးပိုင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဆက်ဆံရေးဌာန၏ ရှေ့တန်းရောက်လာသည်။ တရုတ်နယ် စပ်ရှိ ယခင်သြဇာနှင့် လုပ်ပိုင်ခွင့်ကြီးမားသည့် တရုတ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေးဌာနများ ဖွဲ့စည်းမှုများ လျှော့ချခဲ့ပြီး ပြောင်းလဲဖွဲ့စည်းမှုများပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

သို့သော် အရေးပါသည့်အချိန်တိုင်း အထူးသဖြင့် မြန်မာပြည်တွင်းနိုင်ငံရေးအပြောင်းအလဲများရှိသည့်အချိန်တိုင်း တရုတ်ပါ တီ၏ နိုင်ငံတကာဆက်ဆံရေးဌာနသည် ထွက်ပေါ်လှုပ်ရှားသကဲ့သို့ တရုတ်မြန်မာနယ်စပ်တွင်လည်း တရုတ်ကွန်မြူနစ်ပါ တီ နိုင်ငံတကာဆက်ဆံရေးဌာန၏လက်တံများအား (ယခင် ယဉ်ကျေးမှုတော်လှန်ရေးအပြီးကာလကဲ့ ဖွဲ့စည်းပုံကြီးမားစွာမထားတော့သော်လည်း) ထားရှိဆဲဖြစ်သည်။ ဆိုလိုသည်မှာ ပြောင်းလဲလာသော မြန်မာပြည်နိုင်ငံရေးအခြေအနေနှင့်ကိုက်ညီအောင် ရှေ့ဆောင်သည်ကတော့ တရုတ်ပါတီ၏နိုင်ငံတကာရေးရာဌာနဖြစ်ကြောင်း ရှင်းလင်းစွာတွေ့မြင်နိုင်သည်။

၂၀၁၅ ခုနှစ် နှစ်လည်အတွင်း အတိုက်အခံခေါင်းဆောင်တဦးအဖြစ်သာရှိနေသေးသော ဒေါ်အောင်ဆန်းစုကြည်အား တ ရုတ်ပြည်သို့ဖိတ်ခေါ်ခြင်းသည် တရုတ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာနမှ စီစဉ်ခဲ့ခြင်းဖြစ်သည်။ ပါတီချင်း ဆက်ဆံရေး အဖြစ် တလျောက်လုံး အတိုက်အခံအဖြစ်ရှိခဲ့သည့် NLD ပါတီခေါင်းဆောင်လည်းဖြစ်၊ အနောက်အုပ်စုနှင့် ရင်းနှီးသော ခေါင်းဆောင်လည်းဖြစ်သူအား ရွေးကောက်ပွဲရလဒ်မသိမီ၊ အစိုးရမဖွဲ့နိုင်မီ၊ တရုတ်တို့ ဖိတ်ခေါ်တွေ့ဆုံခြင်းသည် ၁၉၉၀ ခုနှစ်နောက်ပိုင်းမှစ၍ နောက်ရောက်နေခဲ့သော တရုတ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန၏ ခြေလှမ်းဖြစ်သည်။

ထိုသို့ တရုတ်ခေါင်းဆောင် မစ္စတာရှီကျင့်ပင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံမှုသည် ၁၉၉၀ မှစ၍ စစ်အစိုးရနှင့် ကြံ့ ခိုင်ရေးကိုသာ မျက်နှာမူထားခဲ့သည့် တရုတ်အစိုးရပေါ်လစီအချိုးအကွေ့ဖြစ်သည်။ ထိုတွေ့ဆုံမှုအပြီး နိုင်ငံခြားရေးဝန်ကြီး ဌာနက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအား လဲလှယ်လိုက်သည်ကို တွေ့ရသည်။ မူအသစ်အတွက် လူအသစ်လဲ လှယ်လိုက်ပုံရသည်။

တကယ်တမ်းဆိုလျင် ၂၀၁၀ ခုနှစ်နောက်ပိုင်းစ၍ တရုတ်ပါတီသည် မြန်မာပြည်တွင်းရှိ နိုင်ငံရေးပါတီအားလုံးအား စတင် ဆက်ဆံလာခဲ့ပြီ ဖြစ်ပါသည်။ မြန်မာပြည်အခြေအနေကိုလေ့လာပြီး ၎င်းတို့၏ပေါ်လစီကို မြန်မာပြည်နှင့် လိုက်လျောညီထွေ ပြောင်းလဲခဲ့သည်ဟု ဆိုရမည်။ သို့သော်တရုတ်ပါတီ၏ ပါတီချင်းဆက်ဆံရေး ယခင် ဗမာပြည်ကွန်မြူ နစ်ပါတီနှင့်ဆက် ဆံခဲ့သည့် ညီနောင်ပါတီချင်းဆက်ဆံရေးမျိုး မည်သည့်ပါတီနှင့်မှ မရှိတော့ဘဲ သာမန်နိုင်ငံရေးပါတီချင်းဆက်ဆံရေးမျိုး သာဖြစ်ပေတော့သည်။

တရုတ်ပါတီနိုင်ငံတကာဆက်ဆံရေးဌာနသည် ပါတီချင်းဆက်ဆံရေးးကိုသာ တိုက်ရိုက်ကိုင်တွယ်သည်မဟုတ်ဘဲ ပြောင်း လဲလာသော နိုင်ငံတကာအခြေအနေများနှင့်အညီ NGO အမည်ခံ အရပ်ဖက်အဖွဲ့အစည်းများကိုလည်းဦးဆောင်ဦးရွက်ပြု ထားသည်။ ၂၀၀၅ ခုနှစ်အောက်တိုဘာမှစ၍ တရုတ် NGO ဆိုသည်များကို တရုတ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန၏ အောက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ အထိ NGO အဖွဲ့ပေါင်း ၆၃ ဖွဲ့ရှိပြီး အားလုံးအား Network တခုတည်းဖြင့် ချိတ် ဆက်ထားသည်ဟုဆိုပါသည်။

ထို NGO များမှတဆင့် မြန်မာပြည်နှင့်လည်း ချိတ်ဆက်၍ ညီလာခံများကျင်းပခြင်း အကူအညီများပေးခြင်းတို့ကို လုပ်ဆောင် လျက်ရှိသည်။ မြန်မာပြည်သို့ တရုတ်ပါတီခေါင်းဆောင်များနှင့်အတူလာရောက်ပြီး အကူအညီပေးလေ့ရှိသော တရုတ် NGO မှာ တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (China Peace and Develoment Foundation) ဖြစ်သည်။

● တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန
မြန်မာပြည်နှင့် အစိုးရချင်းဆက်ဆံရေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်တို့က ရှေ့တန်း ရောက်သည်။ တရုတ်ပြည်လွတ်မြောက်သည့် ၁၉၄၉ ခုနှစ်နောက်ပိုင်း တရုတ်နှင့် သံတမန်အစောဆုံးဆက်သွယ်သည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံပါသည်။ ဖဆပလ အစိုးရခေတ်ကာလတလျောက် တရုတ်မြန်မာအစိုးရချင်းဆက်ဆံရေး ကောင်းမွန်ခဲ့ပြီး နိုင်ငံတကာဆက်ဆံရေးတွင် ဘက်မလိုက်ရေးမူဝါဒ ဘန်ဒေါင်းမူငါးချက်တို့ ချမှတ်ရာတွင် တရုတ်နှင့်မြန်မာ အစိုးရတို့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်။

ထို့နောက် ၁၉၆၆ ခုနှစ်နောက်ပိုင်းမှစ၍ တရုတ် မြန်မာအစိုးရချင်းဆက်ဆံရေးအေးစက်ခဲ့သည်။ ရန်ကုန်ရှိ တရုတ်သံရုံးဧည့်ခံ ပွဲများတွင် မြန်မာအစိုးရ အရာရှိများမတွေ့ကြရတော့။ တရုတ်ပေါ်လစီ၌ နိုင်ငံခြားရေးဝန်ကြီးဌာနနောက်ရောက်နေသည့်ကာလဟု ဆိုရမည်။ ၁၉၉၀ ခုနှစ်၌ တရုတ်သံအမတ်ကြီးသည် ၁၉၉၀ ရွေးကောက်ပွဲနိုင် NLD ပါတီခေါင်းဆောင်များနှင့်တွေ့ ဆုံခဲ့သော်လည်း နောက်ပိုင်းတွင် နဝတအစိုးရဘက်သို့ မျက်နှာမူလိုက်ပြီးနောက် တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန သည် မြန်မာအစိုးရနှင့်ဆက်ဆံရေးတွင် ရှေ့တန်းရောက်လာသည်။

တရုတ်သံရုံးဧည့်ခံပွဲများတွင် အတိုက်အခံများကို မတွေ့ရတော့ဘဲစစ်ဗိုလ်ချုပ်များ အစိုးရအရာရှိများကိုသာ တွေ့ရသည့် ကာလများ ဖြစ်ခဲ့သည်။ အစိုးရချင်းဆက်ဆံရေးတွင် တရုတ်တို့အလေးပေးခဲ့သည်မှာ မြန်မာပြည်တွင်း တရုတ်တို့၏ရင်းနှီး မြှုပ်နှံမှုများ နှစ်နိုင်ငံ စီးပွားကူသန်းကုန်သွယ်မှုများအပြင် ရေရှည် တရုတ်စီးပွားရေးသေနင်္ဂဗျူဟာများအပေါ် အခြေခံသည်။ ဤသို့ရရှိသည့် တရုတ်တို့၏စီးပွားရေးအကျိုးအမြတ်များအပေါ်မူတည်ပြီး မြန်မာစစ်ဖက်အား စစ်လက်နက်ပစ္စည်းရောင်း ချပေးရေးအပါ နိုင်ငံရေးအရ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗီတိုသုံးစွဲခြင်းတို့အား တရုတ်တို့က ပြန်လည် ဆောင်ရွက် ပေးခဲ့သည်။

၂၀၁၀ ခုနှစ်ကစသည့် မြန်မာပြည်နိုင်ငံရေးအပြောင်းအလဲများတွင် တရုတ်ပါတီ၏နိုင်ငံတကာဆက်ဆံရေးဌာနမှ ပါဝင်ပတ် သက်လာသည်ကို တွေ့ရသော်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အခန်းသည် လျော့ကျသွားခြင်းတော့ မရှိပေ။ သို့သော် ပြင်ဆင်မှုအချို့တော့ရှိခဲ့သည်ဟု ဆိုနိုင်သည်။ ၂၀၁၀ မှစ၍ တရုတ်သရရုံးဧည့်ခံပွဲများတွင် အစိုးရအရာရှိများ စစ် ဖက်အရာရှိများသာမက နိုင်ငံရေးပါတီပေါင်းစုံမှသူများအားလည်း တွေ့မြင်လာကြရတော့သည်။

● တရုတ်စစ်ဖက်
တရုတ်စစ်ဖက်တွင် အမြင့်ဆုံးက ဗဟိုစစ်ကော်မရှင်ဖြစ်သည်။ အစိုးရဖွဲ့စည်းပုံတွင်တော့ ကာကွယ်ရေးဝန်ကြီးဌာနအဖြစ်ဖွဲ့စည်းထားသည်။တရုတ်တို့၏ဖွဲ့စည်းပုံအရ တရုတ်စစ်တပ်သည် တရုတ်ကွန်မြူ နစ်ပါတီ၏လက်အောက်ခံဖြစ်သည်။ တရုတ်စစ်တပ်သည် ပုံမှန်အားဖြင့်နိုင်ငံခြားရေး တွင် ပါဝင်သည်ဆိုသည်မှာ သူ၏တိုင်းပြည်ကာကွယ်ရေးမူဝါဒပေါ်တွင် အခြေခံ၍ စဉ်းစားခြင်းဖြစ်သည်။

မြန်မာပြည်နှင့်ဆက်စပ်နေသည် မိုင်ထောင်ချီ ရှည်လျားသည့် နယ်စပ်ကာကွယ်ရေးနှင့်လုံခြုံ ရေးတာဝန်မှာ တရုတ်စစ်တပ်၏ တာဝန်ဖြစ်သည်။ ထို့အတွက် နယ်စပ်လုံခြုံရေးဆိုင်ရာမူဝါဒများကို တရုတ်စစ်တပ်ကကိုင်တွယ်သည်ဟု ဆိုရမည်။ ၁၉၆၈ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီမူဝါဒအရ တရုတ်နယ်စပ်တလျောက် ဗကပတပ်ဖွဲ့များပေါ်လာပြီးနောက် တရုတ်နှင့်ရင်းနှီး သည့်အပြင် တရုတ်၏ထောက်ပံ့မှု ရယူထားသည့် ဗကပတပ်ဖွဲ့များ နယ်စပ်တလျောက်ရှိနေခြင်းသည့် တရုတ်နယ်စပ်လုံခြုံ ရေးအတွက် ကြားခံဇုံတခုဖြစ်နေပေတော့သည်။

၁၉၈၉ ခုနှစ်နောက်ပိုင်း ဗကပပြိုကွဲပြီးသည့်နောက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအဖြစ် ပြောင်းလဲလာခဲ့သော် လည်း ထိုတပ်ဖွဲ့များသည့် နဝတအစိုးရနှင့် အပစ်ရပ်ငြိမ်းချမ်းရေးယူခဲ့သည့်ပြင် ထိုအဖွဲ့များနှင့် တရုတ်ကြား မကင်းရာမကင်း ကြောင်း ဆက်ဆံရေးရှိနေပေရာ တရုတ်စစ်တပ်မှကြည့်လျှင် တရုတ်နယ်စပ်လုံခြုံရေးအတွက် ကြားခံဇုံရှိနေဆဲဖြစ်သည်။ သို့ဖြစ်ရာ တရုတ်စစ်တပ်အတွက် ကြီးမားသည့်ပေါ်လစီအပြောင်းအလဲလုပ်စရာမလိုခဲ့ပေ။

သို့သော် တရုတ်နယ်စပ်ရှိ လုံခြုံရေးအခြေအနေသည် ၂၀၀၉ ခုနှစ်မှစ၍ အပြောင်းအလဲစသည်ဟု ဆိုရမည်။ ၂၀၀၉ ခုနှစ် တွင် နအဖ၏ BGF နယ်ခြားစောင့်တပ်ပေါ်လစီနှင့်အတူ ကချင်ပြည်နယ်တွင်း တရုတ်နယ်စပ်ရှိ ပန်ဝါ ကန်ပိုင်တီဒေသ များသည် နအဖအစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ်များဖြစ်လာပြီး ကိုးကန့်ဒေသတွင်လည်း ဖုန်ကြားစင်းတို့အား မြန်မာစစ်ဖက်မှ အင်အားသုံးဖယ်ရှားခဲ့ပြီးသည့်နောက် ကိုးကန့်ဒေသနှင် ပန်ဝါဒေသနှစ်ခုတို့၌လည်း ကြားခံဇုံမရှိတော့ပေ။ ထို့အပြင် မုန်းကိုး ဖေါင်းဆိုင်ဒေသ၌လည်း ၂၀၀၀ ခုနှစ်မှစပြီး မြန်မာစစ်ဖက်မှ ဝင်ရောက်နေရာယူလာနိုင်ခဲ့ရာ တရုတ်နယ် စပ်တလျောက် လုံခြုံရေးအမြင်သက်သက်ကကြည့်လျှင် ကြားခံဇုံများ တဖြည်းဖြည်း လျော့ပါးလာသည်ဟု ဆိုနိုင်သည်။

ထို့ကြောင့်လည်း တရုတ်မြန်မာနယ်စပ်တလျောက် လုံခြုံရေးတာဝန်ယူထားသည့် တရုတ်စစ်တပ်အတွင်း ကြားခံဇုံနှင့် ပတ်သက်၍ စဉ်းစားမှုများရှိသည်ဟု ဆိုရမည်။ ၂၀၁၅ နှစ်ဆန်းပိုင်းတွင်ဖြစ်ပွားခဲ့သည့် ကိုးကန့်စစ်ပွဲအတွင်း ကိုးကန့်အဖွဲ့အား ကူညီခဲ့၍ ရာထူးမှဖယ်ရှားခံခဲ့ရသည်ဟု ယူဆရသည့် ချင်တူးစစ်ဒေသမှ မဟာဗျူဟာရေးဆွဲသူ ဗိုလ်ချုပ်ဟွမ်ရှင်းနှင့် တ ရုတ်စစ်ဖက်အရာရှိကြီး ၄ ဦးခန့်သည် တရုတ်နယ်စပ်လုံခြုံရေးနှင့် ကြားခုံဇုံထားရှိသင့်သည်ဆိုသည့် အယူအဆနှင့် ပတ် သက်နေသည်ဟု အကဲခတ်များကဆိုကြသည်။

မည်သို့ဆိုစေ ၂၀၀၉ ခုနှစ်နောက်ပိုင်းမှစ၍ တရုတ်နယ်စပ်တလျောက် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလာပြီးနောက် တရုတ် နယ်စပ်လုံခြုံ ရေးအပေါ်တွင် အခြေပြုပြီး တရုတ်မြန်မာဆက်ဆံရေးတွင် တရုတ်စစ်တပ်၏အခန်းကို တွေ့ရသည်။ ကိုးကန့် တိုက်ပွဲများပြင်းထန်လာပြီး တရုတ်ပိုင်နက်တွင်း ဗုံးဆံများကျ၍ တရုတ်နိုင်ငံသားများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်လာ သောအခါ တရုတ်စစ်တပ်ထွက်လာပြီး တင်းတင်းမာမာတုန့်ပြန်သည်ကို တွေ့ရသည်။ တရုတ်နယ်စပ်တွင် လေယဉ်ပျံသန်း ခွင့်ပိတ်ခြင်း၊ ကျည်အစစ်စစ်ရေးလေ့ကျင့်ခြင်းတို့အား အချိန်အကန့်အသတ်မရှိပြုလုပ်ကြောင်း ကြေညာခြင်းတို့ပြု လုပ်ခဲ့ သည်ကိုတွေ့ရပြီး ကိုးကန့်စစ်ရှိန်ကျသွားသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ ထိုအချိန်မှစ၍ တရုတ်မြန်မာဆက်ဆံရေးတွင် တရုတ်စစ်တပ်၏အခန်းသည် ပေါ်လွင်လာသည်ဟု ဆိုရပါမည်။

ဆက်လက်ဖေါ်ပြပါမည်။

မောင်မောင်စိုး (Mg Mg Soe)
ဖေဖော်ဝါရီ ၂၁၊ ၂၀၁၇ ရက်နေ့ ဧရာဝတီမြန်မာပိုင်းတွင် ဖော်ပြပြီးဖြစ်သည်။
 photo credit : www.scmp.com