ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၂)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၂)
(မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇

● အချစ်ပြီးတော့ လွမ်းခန်းမှာရပ်
တခါတရံ သူမရုံးဆင်းချိန်နှင့်ကိုက်၍ မိမိရောက်သွားပါက မိမတို့နှစ်ဦး ရုံးအနီးတွင်ရှိသည့် မဟာဗန္ဓုလပန်းခြံ၌ ထိုင်တတ် သည်။ အဓိပတိလမ်းမဘေးက ခုံတန်းလျားများနှင့် မရင်းနှီးခဲ့သော်လည်း ဗန္ဓုလပန်းခြံတွင်းမှ ခုံတန်းလျားများနှင့်တော့ မိမိရင်းနှီးကျွမ်းဝင်ခဲ့ဘူးသည်။ ပန်းခြံအတွင်း၌ထိုင်ရင်းနှင့်မိုးချုပ်သွားတတ်သည်။ ထိုစဉ်က ပြောစရာစကားများ များလွန်း လှသည်။ သို့နှင့် သူမလည်း လုပ်သားကောလိပ်သို့ မသွားဖြစ်တော့။ စကားပြောရင်း ဗိုက်ဆာလျှင် သူမ၏ မစားဖြစ်သော ထမင်းဘူးကို ဖွင့်စားတတ်ခဲ့သည်။ အမေ့လက်ရာထက်ညံ့သော သူမထမင်းဘူးထဲကဟင်းကို ကောင်းလှချည်ရဲ့ဟု သူမအား လိမ်ညာခဲ့ဘူးသည်။

ညအမှောင်ထုစိုးမိုးလာသည်နှင့် ပန်းခြံထဲတွင် မီးရောင်စုံများ ထွန်းလင်းလာသည်။ သစ်ပင်ပန်းပင်တို့ အရိပ်အောက်တွင် အလင်းသည်အားမကောင်းလှပေ။ အမှောင်ထုပိုလာသည်နှင့် မိမိနှင့်သူမ ပို၍ ပူးကပ်သွားတတ်သည်။ ကြားလေသွေးလျင် ဝေးမှာစိုးသည့် အချိန်ကာလများဖြစ်ခဲ့သည်။ ပန်းခြံအတွင်း ထိန်ထိန်လင်းနေသည့်နေရာကတော့ လွတ်လပ်ရေးကျောက်တိုင်ကြီးဖြစ်သည်။ ငယ်စဉ်ကကြည့်ခဲ့ရသော မြန်မာရုပ်ရှင်တကားတွင် ရုပ်ရှင်မင်းသား မြတ်လေးတယောက် ညဘက်မီး ရောင်အောက် လွတ်လပ်ရေးကျောက်တိုင်အခြေတွင်ထိုင်ပြီး ကဗျာရွတ်သည်ကို မှတ်မိနေမိသည်။ မိမိကတော့ ပန်းခြံတွင်းရှိ မှုံရီဝိုးဝါး ခုံတန်းလျားလေးပေါ်ထိုင်ပြီး သူမအား မိမိရင်တွင်းမှ ကဗျာများ ရွတ်ပြခဲ့ဘူးသည်။ ထိုစဉ်က သူမနှင့်မိမိကြားရှိ စကားများသည် ကဗျာများဖြစ်ခဲ့ကြသည်။

တခါတရံမိမိအရောက်နောက်ကျလျင်တော့ ဗိုလ်တထောင်ဘုရားလမ်းပေါ်ရှိ လုပ်သားကောလိပ်ဆီသို့လိုက်သွားတတ်ရသည်။ ထိုစဉ်က လုပ်သားကောလိပ်သည် ညနေ ၄ နာရီခွဲခန့်မှစ၍ ည ၉ နာရီထိ စည်ကားလေ့ရှိသည်။ ရုံးတဖက် အလုပ် တဖက်နှင့် ညနေဖက် ကောလိပ်ဆက်တက်သူများဖြစ်ပေရာ အသက်ရွယ်ငယ်သူရော ကြီးသူများပါတွေ့ရလေ့ရှိသည်။ သူမ၏ ကျောင်းအချိန်ဇယားက မိမိဆီမှာရှိသည်ဖြစ်ရာ သူမတက်သည့်အတန်းရှေ့က အတန်းဆင်းချိန်ထိစောင့်ရလေ့ရှိ သည်။ များသောအားဖြင့် လုပ်သားကောလိပ် ခေါင်မိုးထပ်တွင် စောင့်ရလေ့ရှိသည်။

ပြီးလျင်တော့ လုပ်သားကောလိပ်ကစားသောက်ဆိုင်တန်းတွင် ထိုင်လေ့ရှိသည်။ လုပ်သားကောလိပ်၏လှေခါးထစ်လေး များတွင်လည်း ထိုင်လေ့ရှိသည်။ ဗိုလ်တထောင်ဘုရားဝင်းထဲတွင်လည်း ထိုင်လေ့ရှိသည်။ တခါတရံ ဗိုလ်တထောင်ဆိပ်ကမ်း တွင် ထိုင်လေ့ရှိကြသည်။

ညအမှောင်တွင် ဗိုလ်တထောင်ဆိပ်ကမ်းသည် တိတ်ဆိတ်နေလေ့ရှိသည်။ လေတဖြူးဖြူးဖြင့် အေးမြနေလေ့ရှိသည်။ လက် ထွန်ပစ်၍ ငါးမျှားနေသူအချို့ ဆိပ်ခံဗောတံတားပေါ်တွင်ရှိတတ်သည်။ မြစ်လယ်တွင် ရပ်ထားသော ပင်လယ်ကူးသင်္ဘော တစီးစ နှစ်စီးစမှ မီးရောင်များလှမ်းမြင်ရတတ်သည်။ မှိန်တုတ်တုတ် မီးရောင်များနှင့် မြစ်အတွင်းသွားလာနေကြသည့်မော်တော်လေးများ သမ္မာန်လေးများ တွေ့ရတတ်သည်။ တခါတရံ သင်္ဘောဥသြသံသဲ့သဲ့ ကြားရတတ်သည်။ ဗိုလ်တထောင်ဆိပ်ခံတံတားပေါ်တွင်ဆရာဒဂုန်တာရာ၏ လေနုအေး တနော့နော့နွှဲ့နေသည်ကို ခံစားရင်း မိမိတို့အချိန်ကာလများကို မေ့လျော့ နေခဲ့ကြဖူးသည်။

ထိုတညက လုပ်သားကောလိပ်ရှေ့ရောက်တော့ ဖယ်ရီကားများမရှိတော့ချေ။ ည ၉ နာရီခွဲခန့်ဆိုလျင် ဖယ်ရီကားများ ထွက် လေ့ရှိတတ်ရာ မိမတို့မီးနစ်အတန်ငယ်နောက်ကျသွားပုံရသည်။ ထိုအချိန်ဆို လိုင်းကားများလည်း မရှိတတ်တော့ပေရာ အနည်းငယ်ပျာယာခတ်သွားသည်။ သူမကတော့ ပုံမှန်အချိန် အိမ်ပြန်မရောက်သည့်အတွက် အိမ်ကို အကြောင်းပြ ချက်ပေး နိုင်ရန် ဗျာများသွားသည်။ နောက်ဆုံး ဆုံးဖြတ်ချက်ချသည်က သူမဖြစ်သည်။ သူမအိမ်နှင့်မလှမ်းမကမ်းရပ်ကွက်ရှိ သူမနှင့် အတူ လုပ်သားကောလိပ်တက်နေသော သူမ သူငယ်ချင်းထံအကူအညီတောင်း၍ သူမတို့ နှစ်ယောက်အတူနောက်ကျ သည်ဟု ဆိုမည်။ သူမသူငယ်ချင်းက နယ်ကလာ၍ အဒေါ်နှင့်နေသည်ဖြစ်ရာ အကူတောင်း၍ အဆင်ပြေနိုင်သည်။ သို့နှင့် သုံးဘီးတစီးငှါး၍ သူမ သူငယ်ချင်းအိမ်သို့ ချီတက်ရသည်။ ကားပေါ်တွင် နှစ်ယောက်သား စကားလည်းမဆိုနိုင် ကဗျာလည်း မဆန်နိုင်ခဲ့ကြတော့ပေ။ ချွေးစေးသာ ပြန်နေပေတော့သည်။ လုပ်သားကောလိပ်တက်နေဆဲ လစာ ၁၂၆ ကျပ်စား စာရေး မလေးတဦးနှင့် မိဘထံလက်ဖြန့်တောင်းနေရဆဲ အူကြောင်ကြောင်ဆေးကျောင်းသားလေးတယောက်တို့ ဒုက္ခလှလှ တွေ့ သွားနိုင်သည်မဟုတ်ပါလော။ တချို့ကိစ္စများသည် အမှားပြင်ရန် မလွယ်ကူလှပေ။ သို့သော်ငြားလည်း သူမသူငယ်ချင်းကူညီမှု ကြောင့် ထိုညက အဆင်ပြေခဲ့ပါသည်။

"ခင်ဗျားနာရီက အစုတ်ကြီးလား၊ နောက်တခါ အချိန်သေချာကြည့်" ဟူ၍ နောက်တနေ့တွင် သူမ၏သူငယ်ချင်း အပြောခံ လိုက်ရပါသေးသည်။ ထိုစဉ်တုန်းက မိမိနာရီသည် ပါတဖီးလစ်မဟုတ်၊ တက္ကသိုလ်တက်ခါစ အိမ်ကဝယ်ပေးလိုက်သည့် လေးဒေါင့်ပုံ ဆီကိုဖိုက်နာရီဖြစ်၍ တော်သေးသည်ဟု ဆိုရမည်။ ထိုစဉ်က ၆၆ (ဃ) မရှိသည်ကလည်း ပိုတော်သေးသည် ဟု ဆိုရပါမည်။

မိမိတို့၏ နူးညံ့သောလှပသော အချစ်အိပ်မက်များသည် အချိန်သိပ်ကြာကြာတော့မခံခဲ့ပါ။ အလုပ်သမားသပိတ် ကျောင်း သားသပိတ်များကြားတွင် အချစ်အိပ်မက်တို့ လွင့်စင်သွားခဲ့ရသည်။ ၁၉၇၄ ဒီဇင်ဘာ ဦးသန့်အရေးတော်ပုံအပြီး မိမိဆုံးဖြတ် ချက်တွေချလိုက်တော့ ပို၍ခိုင်မာသွားခဲ့ပုံရပေသည်။

ထိုညက ဦးသန့်အရေးတော်ပုံမတိုင်မှီ နှင်းတွေဝေသော နိုဝင်ဘာ ညတညက ဖြစ်ပုံရသည်။ မိမိတို့ ဆေး ၂ ပါမောက္ခရုံးရှေ့ တွင် ကံ့ကော်ပင်အုပ်အုပ်ရှိသည်။ ကျောင်းအလံတိုင်စိုက်ထူရာ မြက်ခင်းစိုက်ထားသည့် အုတ်ခုံလေးရှိသည်။ ထိုအုတ်ခုံလေး ပေါ်တွင် တညလောက်သွားအိပ်ရအောင်ဟုဆိုခါ မိမိတို့သူငယ်ချင်းတသိုက်အဆောင်မှနေ၍ အခင်းတွေ ခေါင်းအုံးတွေ မ၍ ထွက်လာခဲ့ကြသည်။ မောင်မောင်ထွေး၊ သိန်းမြင့်နှင့် ဒေါက်တာကျော်သူထက်ဟုခေါ်သည့် မြင့်အေးလည်းပါသည်။ မြက်ခင်းပေါ်တွင် တညလုံးစ ကားတွေပြောရင်း သီချင်းတွေဆိုရင်း နေခဲ့ကြသည်။ မနက် ၂ နာရီခန့်တွင် မှေးကနဲ အိပ်ပျော် သွားခဲ့ကြသည်ထင်သည်။ "ဒီကလေးတွေတော့ ဖျားနာကုန်ကြတော့မှာဘဲ" ဟု ကျောင်းစောင့်အဖိုးကြီးပြောသည့်အသံကို သဲ့သဲ့ ကြားလိုက်ရသည်။

မနက် ၄ နာရီခန့်တွင် ဘေးတွင်ရှိသည့် ကံ့ကော်ပင်အုပ်အုပ်ထံမှ အသံများကြားရသည်။ ကန့်ကော်ပန်းခူးသူများ ရောက် လာကြပေပြီ။ မွှေးပျံ့သော ကံ့ကော်ရနံ့ခံစားလိုက်ရသည်။ မိမိတို့လည်း ထ၍ ကံ့ကော်ပန်းများခူးကြသည်။ ထို့နောက် ကံ့ကော်ပန်းတပွေ့တပိုက်နှင့် မိမိတို့အဆောင်ကိုပြန်လာခဲ့ကြလေသည်။ ထိုမနက်က ကံ့ကော်ပန်းသယ်သူနှစ်ယောက် မှာ မိမိနှင့် ကျော်သူထက်တို့ဖြစ်သည်။

"ဘာလုပ်မလိ့လဲဟ၊ အမှိုက်တွေရှင်းပစ်လိုက်စမ်းပါ" မိမိစားပွဲပေါ်ရှိ ကံ့ကော်ပန်းခြောက်များကိုကြည့်၍ မိမိအခန်းဖေါ် ဝင်းမြင့်( ကြို့ပင်ကောက်)ကဆိုပါသည်။ မိမိပြန်မဖြေ ပြုံး၍သာနေလိုက်သည်။ ထိုကံ့ကော်များသွေးခြောက်သွားတော့ စက္ကူ ဖြူပေါ်တွင် ကံ့ကော်ဝတ်ဆံများခြွေချပြီး ကံ့ကော်ဝတ်ဆံများကို စာအိတ်တလုံးတွင် ထည့်သိမ်းထားလိုက်ပါသည်။ ထိုကံ့ ကော်ဝတ်ဆံများအား သူမအားပေး၍ သနပ်ခါးဖြင့်ရော၍ သူမ၏ပါးပြင်ထက်တွင် တင်စေမည်။ ထိုနောက် ကံ့ကော် ရနံ့ သင်းပျံ့နေသည့် သူမ၏ပါးပြင်အား အနမ်းပန်းခြွေမည်ဟု မိမိစိတ်ကူးထားခဲ့သည်။ မိမိစိတ်ကူးကို သိသွားသော အခန်းဖေါ် ဝင်းမြင့်က "တော်တော်ရူးတဲ့ကောင်ဘဲ" ဟု သြဘာပေးပါသည်။

သို့သော် ထိုကံ့ကော်ဝတ်ဆံအိတ်လေးအား သူမအား မပေးဖြစ်ခဲ့ပါ။ များမကြာမှီ ဦးသန့်အရေးတော်ပုံဖြစ်ပြီးနောက် မိမိဆုံးဖြတ်ချက်ပြောင်းသွားခဲ့သည်။ သူမထံသို့လည်း မသွားဖြစ်တော့။ သူမပို့လာသော စာများအားလည်း မပြန်ဖြစ်တော့။ ဦးသန့် အရေးတော်ပုံအပြီး ကျောင်းတွေ ပြန်ဖွင့်တော့သူမ မိမိတို့အဆောင်သို့ တခေါက်လာရှာသေးသည်။ မိမိအဆောင်မှာ မရှိ၍ တွေ့ခွင့်မကြုံ လိုက်ခဲ့ပေ။ ဘာအကြောင်းပြချက်မှ မပေးဘဲ သူမအား စွန့်ခွါသွားသူအား သူမ စိတ်ဆိုးကောင်းစိတ်ဆိုးနိုင်ပါ သည်။ စိတ်လည်းပျက်နိုင်ကောင်းပါသည်။ မိမိကတော့ သူမအား မတွေ့ရဲခဲ့ပါ။ သူမနှင့်တွေ့လိုက်လျင်မိမိ၏ဆုံးဖြတ်ချက် များ ပြန်၍ပြောင်းသွားမည်ကို စိုးရွံ့မိ၍ ပြတ်ပြတ်သားသားရှောင်နေခဲ့ခြင်းဖြစ်သည်။ အချစ်သံယောဇဉ်နှင့် မျက်ရည်စများ သည် အချို့သော ဆုံးဖြတ်ချက်များကို ပြောင်းလဲစေနိုင်သည် မဟုတ်ပါလော။

သို့နှင့် နှင်းတွေဝေသော မနက်ခင်းတခုတွင် ခူးထားခဲ့သော ကံ့ကော်ဝတ်ဆံအိတ်ကလေးသည် သူမထံသို့ မပေးဖြစ်ခဲ့တော့ပါ။ ဆေး ၂ အမျိုးသားဆောင် အခန်းနံပါတ် ၇ ၏ တဒေါင့်တနေရာတွင် ကျန်ခဲ့လေတော့သည်။ နောက်လူများကတော့ အမှိုက် ဟူ၍ ရှင်းထုတ်ပစ်လိုက်ကြပေမည်။ မိမိအတွက် ပုဂ္ဂလိက တန်ဘိုးရှိသောအရာအချို့သည် အခြားသူများအတွက် အမှိုက် သဘွယ်ဖြစ်နေတတ်သည် မဟုတ်ပါလော။

ဤသို့နှင့် မိမိ၏အချစ်နှင့်ဘဝ၏ ဤပြဇတ်သည် ကောင်းခန်း လွမ်းခန်းတွင် ရပ်ခဲ့ပေတော့သည်။ သံယောဇဉ်တွေ မည်သို့ပင် ကြိုးစားဖြတ်တောက်ထားခဲ့ပါသော်လည်း ရွှေတိဂုံဘုရားတောင်ဖက်မုခ်လှေခါးထစ်များမှ တလှမ်းချင်းဆင်း၍ အသိုင်းအဝိုင်း ဟောင်းအားစွန့်ခွာကာ အသိုင်းအဝိုင်းသစ်တခုဆီ ဦးတည်နေသောအချိန်ခဏ၌ သူမအား သတိတရရှိခဲ့သောအခိုက်အ တန့် လေးတခု ရှိခဲ့ပါသေးသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး (Mg Mg Soe)