ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၁)


မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၁)
(မိုးမခ) ဇန်နဝါရီ ၂၊ ၂၀၁၇

● သူမ
ထိုနေ့က နေချစ်ချစ်တောက်ပူနေသည်။ ၁၉၇၂ ခုနှစ် မတ်လ၏ နေ့ရက်တရက်ဖြစ်ပေသောကြောင့် နွေနေသည် ပူပြင်း နေခြင်း ဖြစ်တန်ရာသည်။မိမိတို့ ဆယ်တန်းစာမေးပွဲ ဖြေနေဆဲကာလဖြစ်သည်။ စာမေးပွဲကောင်းစွာမဖြေနိုင်ရသည့်အထဲ ပူပြင်းသောနွေနေကြောင့် ချွေးက ပို၍ထွက်နေပုံရသည်။ စာမေးပွဲဖြေအပြီး အိမ်ပြန်အရောက်တွင် သော့ခတ်ထားသော အိမ်ရှေ့ဘာဂျာဆွဲတံခါးကို ခပ်ကြမ်းကြမ်း ဆွဲလှုပ် လိုက် သည်။ မိမိ၏မိခင် အိမ်မှာမရှိပါက အိမ်တွင် အမြဲလိုလိုရှိနေတတ် သည့် နားအနည်းငယ်လေးသည့် မိမိအဒေါ်များကြားစေနိုင်ရန် ဤသို့ပင် ဘာဂျာတံခါးအား ခပ်ကြမ်းကြမ်းလှုပ်လေ့ရှိပါ သည်။ တံခါးဆွဲလှုပ်ပြီး မိမိနှင့်အတူ စာမေးပွဲဖြေပြီးပြန်လာသည့်ဘေးအိမ်မှ သူငယ်ချင်း မောင်မောင်ကြည်အား တချက် လှမ်းကြည့်လိုက်သည်။ ထိုအခိုက် "ဘယ်သူနဲ့ တွေ့ချင်လို့လဲရှင့်" ဆိုသည့်အသံက မိမိရှေ့က ထွက်ပေါ်လာရာ အိမ်တွင်း တံခါးရှေ့တွင် မိန်းမပျိုငယ်တစ်ဦးကရပ်၍ မိမိအားမေးနေသည်ကို တွေ့လိုက်ရရာ ရုတ်တရက် မည်သို့ပြန်ဖြေရမှန်းမသိဖြစ် သွားတော့သည်။

မျက်ခုံးကောင်းကောင်း နှာတံပေါ်ပေါ် လှပပြေပြစ်သော ကိုယ်လုံးကိုယ်ပေါက် တည်ငြိမ်သောမျက်နှာ ရဲတင်းဖျတ်လတ်သော ဟန်ပန်နှင့် ခါးအထိ ရှည်လျားသော ဆံပင်ရှည်ကို ဖြန့်ချထားသည့် မင်းမင်းလတ်၏ ဆံရှည်မလေးအား ရုတ်ချည်း ခဏ တာအတွင်း မိမိမည်သို့ပြန်ဖြေရမှန်းမသိခဲ့ပါ။ ရိုးသားစွာဝန်ခံရလျင် မိမိသည် သူမ၏အလှတွင် သူမ၏ပုံရိပ်တွင် ခေတ္တမျှ မိန်းမောသွားခဲ့ဟန်တူပါသည်။ ထို့ပြင် သူမသည် မိမိတွေ့နေကျ အုတ်ဖို နယ်မြို့လေးတမြို့မှ မိန်းကလေးငယ်တစ်ဦး၏ သွင်ပြင်ဟန်ပန်မျိုး မဟုတ်ပေ။ ခေတ်စကားနှင့်ဆိုရလျင် မိမိအတွက် စတိုင်သစ်ဖြစ်သည်။ ထိုစဉ်က တနှစ်လျင် တခါ လောက်သာရောက်တတ်သည့် ရန်ကုန်စတိုင်ဖြစ်သည်ဟူ၍တော့ မိမိအတတ်သိလိုက်သည်။

မိမိမနက်က စာမေးပွဲဖြေရန် ထွက်သွားစဉ် အိမ်တွင်မရှိခဲ့သော အုတ်ဖိုသူလည်းမဖြစ်နိုင်သော မိန်းမပျိုတယောက် မိမိ အိမ်တွင်းသို့ မည်သို့မည်ပုံရောက်နေသည်ကို မိမိလည်းစဉ်းစား၍ မရနိုင်ခဲ့ပေ။ ဤသို့နှင့် တယောက်နှင့်တယောက် ဘာ ပြောရမှန်းမသိဘဲ အူကြောင်ကြောင်ကြည့်နေရာမှ အိမ်ထဲမှ အဒေါ်ထွက်လာပြီး မိမိနာမည်အားခေါ်၍ "ပြန်လာပြီလား" ဟုဆို၍ တံခါးဖွင့်ပေးမှ သူမလည်း မိမိအားတချက်စူးကနဲကြည့်၍ အိမ်ထဲသို့ ချာကနဲလှည့်ဝင်သွားသည်။ ထိုသောအခါမှပင် သူမနှင့်ဆုံခဲ့သောအကြည့် ရပ်သွားခဲ့တော့သည်။ သို့ပေမဲ့ မိမိရင်တွေကတော့ လှုပ်ခတ်သွားခဲ့ပေပြီ။ သို့နှင့် သူမနှင့် မိမိ စတင်၍ဆုံခဲ့ကြပါတော့သည်။ ဤသည်မှာ မိမိတို့၏ဇာတ်လမ်းအစဟူ၍ ဆိုရပါမည်။ ဇာတ်လမ်းအစသည် မျှော်လင့်မထား သော ရုတ်တရက်နိုင်လွန်းလှသော အနေအထားမျိုးဟု ဆိုရမည်။ ထိုစဉ်က မိမိအတွက်တော့ သူမသည် မိုးပေါ်က ကျလာ သကဲ့သို့ ဘွားကနဲပေါ်လာသူတဦးဖြစ်ခဲ့သည်။

သူမသည် ထိုစဉ်က မိမိမြို့သို့အလည်လာသူ မိမိ မိခင်၏ မိတ်ဆွေအဒေါ်တဦးနှင့်အတူပါလာခြင်းဖြစ်သည်။ ထိုအဒေါ်က ကျောင်းပိတ်ရက်မို့ သူ၏တူမကို ခေါ်လာခြင်းဖြစ်သည်။ ထိုစဉ် သူမက ကိုးတန်းကျောင်းသူဖြစ်၍ စာမေးပွဲပြီး၍ ကျောင်းပိတ် နေပေပြီ။ သူမနှင့် မိမိနှင့် စတင်တွေ့စဉ်ကပင် ရင်ခုံစိတ်လှုပ်ရှားခဲ့သော်လည်း ထိုအရာသည် အချစ် ဟုတ်မဟုတ်တော့ မသေချာလှပေ။ ဆယ်ကျော်သက်အရွယ်ကာလဆိုသည်မှာ လေတိုက်၍ သစ်ရွက်လှုပ်သည်ပင် စိတ်လှုပ်ရှားတတ်သည့် အချိန်ကာလများပင် ဖြစ်ချေတော့သည်။

ထိုသို့ရုတ်တရက် ဘွားကနဲ မိမိနှင့်ဆုံတွေ့ခဲ့ရသော သူမသည် သုံးလေးရက်အကြာတွင် ရန်ကုန်သို့ပြန်သွားပြီးနောက် သူမ နှင့် နောက်တနှစ်တိတိ မတွေ့ကြရခဲ့ပါ။ ထိုနှစ်က မိမိဆယ်တန်းကို (ခ) အဆင့်နှင့်သာအောင်ခဲ့၍ အုတ်ဖိုတွင် ကျောင်းပြန် တက်နေရသည်။ သို့ဖြစ်ရာ ရန်ကုန်သူ သူမနှင့် တွေ့ခွင့်မကြုံခဲ့။ ဤသို့နှင့် တနှစ်ဆိုသည့်အချိန်ကာလကို ဖြတ်ကျော်ခဲ့ ရပြန်သည်။ ထိုကာလအတွင်း သူမ၏ပုံရိပ်သည် မိမိ၏စိတ်အာရုံတွင် အမြဲအမှတ် ထင်ထင်မရှိသေးသော်ငြားလည်း တခါတ ရံတော့ ပေါ်လာတတ်သည်က အမှန်ပင်ဖြစ်သည်။

အချစ်သည် တခါတရံတော့ ကံကြမ္မာ၏ မျက်နှာသာပေးမှု ခံရတတ်ပါသည်။ နောက်တနှစ်နွေရာသီတွင် သူမသည် အဒေါ်ဖြစ်သူနှင့် မိမိတို့အိမ်သို့ နောက်တကြိမ် အလည်ရောက်ပြန်ပါသည်။ ဤအခေါက်တွင်တော့ သူမသည်လည်း ဆယ် တန်းဖြေဆိုရသည်ဖြစ်ရာ စာမေးပွဲအပြီးတွင် ရောက်လာခဲ့ခြင်းဖြစ်သည်။ ဒီတကြိမ်တွင် သူမနှင့်မိမိ စကားအတော်လေး ပြောဖြစ်သည်။ ရွယ်တူမိန်းမကလေးတယောက်နှင့် စကားပြောရန် ရွံ့တွန့်တွန့်ဖြစ်နေသော မိမိသည် ပွင့်လင်းရဲတင်းဖျတ် လတ်သော သူမကြောင့် စကားများများပြောနိုင်ခဲ့သည်ဟု ထင်ပါသည်။

သူမနှင့်မိမိတို့ ကဗျာတွေအကြောင်းပြောဖြစ်သည်။ စာတွေအကြောင်းပြောဖြစ်သည်။ ရန်ကုန်မြို့တော်အကြောင်း ပြော ဖြစ်သည်။ တက္ကသိုလ်အိပ်မက်တွေအကြောင်း ပြောဖြစ်သည်။ ထိုအချိန်ကာလက ဆယ်ကျော်သက် မိမိတို့ကြား အိပ်မက် များသည် လှပခဲ့ပါသည်။ စကားလုံးများက စမ်းရေသဖွယ်စီးဆင်းခဲ့သည်။ မိမိ၏ရင်ခုန်သံများက ပို၍ မြန်လာခဲ့သည် ထင် ပါသည်။ သို့နှင့် အချစ်သည် လှပသောအိပ်မက်များကြား ပေါက်ဖွားလာခဲ့သည်ဟု ဆိုရပါမည်။

သူမ ရန်ကုန်ပြန်သွားတော့ သူမ၏လိပ်စာကို ပေးထားခဲ့သည်။ သို့နှင့် သူမနှင့်မိမိကြား ကျောင်းပိတ်ရက်ကာလများတွင် စာ တိုစာရှည်တွေ အပြန်အလှန်ရေးခဲ့ကြသည်။ ဆယ်တန်းအောင်စာရင်းထွက်ချိန် တက္ကသိုလ်တက်ရမည့်အချိန်ကာလက ၆ လကျော်မျှ ကြာမြင့်ပေရာ မိမိတို့ကြား စာတိုစာရှည်များ များပြားခဲ့သည်။ စာပို့သမားအလာ စာမျှော်ရသည်က လည်ပင်း ပိုရှည်လာသည်ထင်ရသည်။ ထိုစဉ်က ဖုန်းဆက်ရန်ကလည်းမလွယ်။ အင်တာနက်တွေ၊ chat box တွေ၊ ဗိုင်ဘာတွေက လည်းမရှိ။ စာတိုက်အားကိုးရန်မှတပါး အခြားမရှိသည့်ကာလဖြစ်သည်။ ပေဖူးလွှာမျှော်ရသည့် အောက်ပြည်ကို လှေစုန် သွားသည့် ခေတ်ထက်တော့ သာသေးသည်ဟုသာ ကျေနပ်ရပေတော့သည်။

စာအသွားအလာများတော့ နှစ်ယောက်ကြားတွင် စိတ်ထားချင်း ပို၍နီးကပ်လာသည်ဟု ဆိုရမည်။ တယောက်သဘောကို တယောက် ပို၍နားလည်လာသည်။ အချစ်သည် လျင်မြန်စွာကြီးထွားလာခဲ့ပေတော့သည်။ တက္ကသိုလ်တက်ရန် ရန်ကုန်သို့ တက်မည့်ရက်နှင့်ကိုက်၍ သူမထံသို့ စာတစောင်ပို့လိုက်သည်။ ထိုစာသည် သူမအား ချစ်ခွင့်ပန်သည့်စာဖြစ်သကဲ့သို့ သူမ ၏သဘောထားအားလည်း တောင်းခံသည့်စာဖြစ်သည်။ ထိုစာပို့ပြီး မိမိရန်ကုန်သို့ ထွက်လာခဲ့သည်။ သူမအနေနှင့်လည်း မိမိအားစာပြန်၍မဖြစ်နိုင်တော့။ သူမထံ မိမိအလာကို စောင့်နေဖို့သာရှိပေတော့သည်။ ရန်ကုန်သို့ တက္ကသိုလ်အတက်တွင် မိမိလည်း အချစ်ဖောင်ဖျက်၍ထွက်ခဲ့သည်ဟု ဆိုရပါမည်။

သူမက ဆယ်တန်းအောင်ပြီး ဆူးလေဘုရားလမ်းက အစိုးရရုံးတရုံးတွင် စာရေးမလေးအဖြစ် အလုပ်ဝင်ပြီး ညဘက် ဗိုလ်တ ထောင် ဘုရားလမ်းပေါ်ရှိ လုပ်သားကောလိပ်တွင် ကျောင်းတက်သည်။ ရန်ကုန်ရောက်ပြီး သူမကို မိမိသွားတွေ့သည်က ဆူးလေဘုရားလမ်းက သူမ၏ရုံးတွင်ဖြစ်သည်။ သူမက မိမိအား မည်သို့အဖြေပေးခဲ့သည်ဆိုသည်ကိုတော့ ဆူးလေဘုရားက လှေခါးထစ်လေးများ ကောင်းစွာသိကြပါသည်။ ဆူးလေဘုရားက ခိုကလေးများ ကောင်းစွာသိကြပါသည်။ လိုအပ်လျင် ဆူး လေဘိုးဘိုးကြီးအား သက်သေတည်၍ ပြနိုင်နေပါသည်။ ဤသို့နှင့် အပျော်များဖြင့် စတင်သည့် အချစ်ဇတ်လမ်းပေါင်းများ စွာထဲမှတပုဒ်သည် ဆူးလေဘုရား လှေခါးထစ်လေးများပေါ်မှ စတင်ခဲ့ပါသည်။

မင်္ဂလာဒုံက ဆေးကျောင်းသားတယောက်နှင့် ရုံးဝန်ထမ်း လုပ်သားကောလိပ်ကျောင်းသူတယောက်၏ အချစ်ဇတ်လမ်း ဖြစ်သောကြောင့် ဤဇတ်လမ်းတွင် အဓိပတိလမ်းမ၊ သစ်ပုတ်ပင်၊ စိန်းပန်ပြာ၊ ကန့်ကော်ပင်တန်း၊ ဂျပ်ဆင်နှင့် အင်ယား ကန်စပ်တို့ ပါဝင်နိုင်ခြင်းမရှိခဲ့ပါ။ ဤဇတ်လမ်းတွင်ပါဝင်နိုင်သည်က ဆူးလေဘုရား၊ ဗန္ဓုလပန်းခြံ၊ ဗိုလ်တထောင်ဘုရား၊ ဗိုလ်တထောင်ဆိပ်ကမ်းနှင့် လုပ်သားကောလိပ်တို့သာ ပါဝင်နိုင်ခဲ့ကြပါသည်။

မင်္ဂလာဒုံက ကျောင်းအဆင်း ဘတ်စကားဖြင့်ချီတက်လျင် လုပ်သားကောလိပ်သို့ ၅ နာရီခန့်ရောက်တတ်သည်။ ကျောင်းမှ စောစောလစ်ရင်တော့ ၄ နာရီ မထိုးမီ သူမရုံးသို့ ရောက်သွားတတ်သည်။ သူမထံသို့ မိမိဤသို့ သွားလေ့ရှိတတ်သည်။ တခါ တရံ စနေ တနင်္ဂနွေပိတ်ရက်ဆိုလျင်တော့ တိရိစ္ဆာန်ရုံသို့သွားတတ်ကြသည်။

ထိုစဉ်က သွားစရာ လည်ပတ်စရာ သိပ်ပြီးတော့ မရှိလှပေ။ ကျယ်ကျယ်ဝန်းဝန်း အရိပ်အာဝါသ ကောင်းကောင်း အပင်ကြီး များရှိသည့် တိရိစ္ဆာန်ရုံသည် ရန်ကုန်မြို့တော်သူ မြို့တော်သားတို့ စိတ်အပန်းဖြေစရာ သွားရောက်လည်ပတ်စရာဖြစ် တော့သည်။ ဆင်ကလေးမိုမိုကို လာကြည့်ကြသည့် မိသားစုများလည်း လာကြသည်။ သံလှောင်အိမ်ထဲက မျောက်ကလေး
များ အပြိုင်ဆော့နိုင်ကြသည့် ကလေးငယ်များစွာကို တွေ့ရနိုင်သည်။ ထို့အတူ ချစ်သူစုံတွဲများစွာကိုလည်း တွေ့ရနိုင်သည်။ ထိုများစွာထဲမှ တတွဲသည် မိမိနှင့်သူမဖြစ်သည်ကိုတော့ အထူးပြောရန်လိုမည် မထင်ပါ။

မိမိတို့အတွက်တော့ ဆင်ကလေးမိုမိုသည်လည်းကောင်း၊ မျောက်ကလေးများ၊ ဖျံကလေးများသည်လည်းကောင်း စိတ်ဝင် စားဖွယ် မကောင်းပါ။ ထို့အတူ ခြင်္သေ့များ၊ ကျားများ၊ မိကျောင်းများသည်လည်း ကြောက်မက်ဖွယ်မကောင်းခဲ့ပါ။ ထို့ပြင် သူတို့အားလည်း စိတ်မဝင်စားနိုင်ခဲ့ပါ။ အချစ်၌စတင်ခံစား၍ အချစ်၌နစ်မွန်းနေသော မိမိတို့အဖို့ တယောက်မျက်နှာ တကမ္ဘာ ထင်နေခဲ့သည်။ မိမိတို့ကြားတွင် ပြောမကုန်သည့် စကားများစွာရှိနေခဲ့သည်။ ကြည့်မဝသည့် ချစ်သူမျက်နှာရှိနေခဲ့ သည်။ ချိုမြိန်သည့် အနမ်းများစွာရှိနေခဲ့သည်။ တိရိစ္ဆာန်ရုံဝင်းတနေရာရှိ ထီးလေးတချောင်း၏အမိုးအောက်တွင် သူမနှင့် မိမိတို့ရှိခဲ့ကြသည်။

"ဟောတော့ ဒုက္ခပါဘဲ" သူမထံမှ အာမေဋိတ်သံထွက်လာ၍ လှမ်းကြည့်လိုက်တော့ စိတ်ပျက်လက်ပျက်ဖြစ်၍ ရှုံ့မဲ့သွား သော သူမ၏မျက်နှာကိုတွေ့ရသည်။ တိရိစ္ဆာန်ရုံမှပြန်အထွက် သူမ၏ညှပ်ဖိနပ်သဲကြိုးပြတ်သွားခဲ့လေပြီ။ တွယ်စရာ တဲစ ရာ အပ်ချိတ်လည်းမပါသည်မို့ မိမိဖိနပ်အား သူမအားချွတ်ပေးလိုက်ပြီး မိမိက ခြေဗလာနှင့်လျှောက်ဖို့ ဖြစ်လာခဲ့သည်။ မ တတ်နိုင်ပြီ။ ဝင်းအပြင်ဘက်ရှိ ဖဆပလကွက်သစ်ရောက်မှ ဆိုင်ရှာပြီး ဖိနပ်ဝယ်ရပေတော့မည်။ သို့နှင့် နေပူပူ ကတ္တရာပူပူ လမ်းမပူပူပေါ်တွင် မိမိသည် ခြေဗလာဖြင့် လမ်းလျှောက်ခဲ့ရတော့သည်။ ထိုစဉ်က မိမိကိုယ်မိမိ အချစ်သူရဲကောင်း တစ်ယောက်ဟု ထင်နေခဲ့ပုံရသည်။ ရင်ကိုကော့၍ ဘာကိုမျှမမှုသည့်ပုံနှင့် လမ်းလျှောက်နေသော မိမိအား ကုက္ကိုပင်ထက်မှ ကျီးကန်းများက တအားအား အော်၍ သြဘာပေးနေကြသည်။ မိမိဘေးမှ ထီးတချောင်းကိုင်၍ ယှဉ်တွဲလျှောက်နေသော သူမကတော့ အားတုံ့အားနာ ဖြစ်နေပုံပေါ်သည်။ သင်ရော ချစ်သူနှင့် လျှောက်လည်စဉ်က ချစ်သူဖိနပ်ပြတ်ခဲ့ဖူးပါသလော။ အချစ်ဟောင်းဆိုသည်မှာ လူတိုင်းကိုယ်စီရှိကြဖူးမည် ထင်ပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး (Mg Mg Soe)