မောင်ဥက္ကလာ - လူကြီးမင်းများကို ကျေးဇူးတင်တယ် ...


မောင်ဥက္ကလာ - လူကြီးမင်းများကို ကျေးဇူးတင်တယ် ...
(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၁၇

အလွန်ကြောက်သော ကျွန်ုပ်အဖို့ ဒီနေ့မနက် သတင်းစာရှင်းလင်းပွဲကြည့်ပြီးမှ ရက်ရှည်ကြာ အိပ်မပျော်စားမဝင်နဲ့ ရင်ဝမှဆို့နေသော ကြောက်လုံးကြီး လျှောကနဲကျသွားခဲ့ပြီး အတော်လေး နေသာထိုင်သာဖြစ်ကာ၊ အပြင်ဘာညာ လမ်းသလားမယ်၊ နေ့လယ်ပိုင်း နေသာရင် သတင်းစုံတဲ့ လမ်းထိပ်ဆံသဆိုင်သွား နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေး၊ ပသိုင်းမွေးတွေရိတ်၊ ဆံပင်ညှပ်ဖို့ စဉ်းစားထားသည်။ ပြောင်းလဲချိန်တန်ခေတ်ကြီးမှာ သွားသတိ လာသတိ နေတတ်မှ အသက်ရှည်မည် မဟုတ်ပါလား။

လေယာဉ်ကွင်းလို လူမြင်ကွင်းနေရာမျိုးမှာ မြေးငယ်ချီထားတဲ့ နိုင်ငံသိ ပုဂ္ဂိုလ်တဦးကို သေနတ်နဲ့ အနီးကပ် တေ့ပစ်တာကလွဲရင် အလွန်ငြိမ်းချမ်း နေပျော်စရာကောင်းသော ကျွန်ုပ်တို့ ရွှေပြည်ကြီးမှာ - အကြောက်တရားနဲ့ ကြီးပြင်းလာသော ကျွန်ုပ် ရုတ်ချည်း တစ်လနီးပါး အိမ်ပြင်မထွက်၊ ဟိုမသွားရဲ ဒီမလာရဲ (Agoraphobia) ဖြစ်ခဲ့ရသလဲဆိုတော့ အသိမိတ်ဆွေတချို့ က “မင်းလို အသားမည်းမည်း၊ မုတ်ဆိတ်ကျင်စွယ် ကျိုးတိုးကျဲတဲ၊ စာတတ်ပေတတ် ဂိုက်မျက်မှန်နဲ့ (အဲ့ဂလိုထင်အောင် ဂိုက်ပေးကြမ်းထားတာပါ။ အခုတော့ မတတ်တော့ဘူး) ကောင်ကို တော်ကြာနေ ကုလားလား၊ မွတ်လား ထင်ယောင်ထင်မှားနဲ့ နောက်ကွယ်က လူကြီးတွေ အလွန်အားကိုးရတဲ့ မျိုးချစ်လူငယ်ဆိုသူတွေ ဟိုဒင်းဟိုဟာလုပ်လို့ ကျော်မကောင်း ကြားမကောင်းဖြစ်နေမယ်” ဆိုတဲ့ သတိပေးပြောဆိုမှုများအပေါ် လန့်ဖျပ်။

အဲ့ဂလို မဟုတ်မဟတ် ဖြစ်ခဲ့ရင် … ကမ္ဘာကျော် မိုးမခမဂ္ဂဇင်းကြီးမှာ ဟိုရေးဒီရေး ဘယ်သူမှမသိတဲ့ စာရေးသူကို မီဒီယာနဲ့ ဖွဘုတ်ကြောင့် တိုင်းပြည်ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူများဘဝ အေးချမ်းသာယာရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ အမျိုးဘာသာ သာသနာ ရှင်သန်းထွန်းကားရေး (… မောလိုက်တာ …) စတဲ့ အလွန့်အလွန် အရေးကြီးတဲ့ကိစ္စများကို နေ့မအားညမအား ဖြေရှင်းဆောင်ရွက်တဲ့ လူကြီးတွေ အလုပ်ရှုပ် အလုပ်ပို၊ စိတ်အနှောင့်အယှက် မဖြစ်စေလို၍ အိမ်ထဲပုန်းအောင်းနေခဲ့ခြင်းဖြစ်သည်။

ဆိုခဲ့သလို ဒီနေ့တော့ သက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူများလို့ ယူဆရသူများ၏ မှတ်သားဖွယ်ရာ ရှင်းလင်းပြောဆိုချက်ကြောင့် စိတ်ရှင်းကြောက်စိတ်ပျယ်ပြီး ဒီစာကို ရေးခြစ်နိုင်ခြင်းဖြစ်သည်။ အကြောက်ကြီးသော၊ အယုံလွယ်သော၊ ကျေးဇူးတရာ မေ့လွယ်သော ရွှေပြည်သားတွေလို ကျွန်ုပ်မှာလည်း ပြည်တွင်းပြည်ပ အဖျက်သမားများ၊ နယ်ချဲ့ ၊ ကွန်မြူနစ်၊ ဘာသာခြားတွေ၏ မြှောက်ထိုးပင့်ကော် သွေးထိုးလှုံဆော်မှုတွေ၊ သတင်းမီဒီယာတွေ၏ ယုန်ထင်ကြောင်ထင်၊ တောင်ပြောမြောက်ရေး တာဝန်မဲ့ ရေးသားမှုတွေကြောင့် … ကျွန်ုပ်တို့ ဘဝတလျှောက်လုံး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုရေးတွေကို ဖိဖိစီးစီး ကြိုးပမ်းဆောင်ရွက်ပေးနေခဲ့သော တပ်မတော်ကြီးနဲ့ ပြည်သူများ၏ အသက်အိုးအိမ်နဲ့ အေးချမ်းလုံခြုံရေးကို အချိန်ပြည့် စောင့်ရှောက်ပေးနေသည့် ပြည်ထဲရေး နဲ့ ပြည်သူ့ရဲများနဲ့ နောက်ကွယ်က ဂုဏ်သရေရှိ လူကြီးများအပေါ် အထင်အမြင် လွဲမှားမှုတွေ၊ သံသယတွေ ဖြစ်ခဲ့သည်။ တကယ်တော့ ဒါမျိုးမဖြစ်သင့်။

ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ရရှိလိုက်တဲ့ အသိဥာဏ် အလင်းရောင်လေးကြောင့် ကျွန်ုပ်အနေနဲ့ သက်ဆိုင်သူများအား ဝန်ချတောင်းပန်ပြောလိုသည်မှာ … အဲ့ဂလို ကျွန်ုပ်တို့ပြည်သူတွေ အသိဥာဏ် တထွာတမိုက် မဆင်မခြင် မလျော်မကန် စွပ်စွဲပြောဆိုမှုတွေ၊ Negative အတွေးများနဲ့ တိုင်းပြည်ကောင်းစားရေး၊ အမျိုးဘာသာ သာသနာအတွက် လယ်သိမ်း၊ ယာသိမ်း၊ သယံဇာတများကို တိုင်းတပါးရောင်း ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ပေးနေသော ဘုရားကျောင်းရဟန်း ဒါယကာ လူကြီးများကို ကျေးဇူးကန်မလို စွပ်စွဲပြောဆိုတတ်ခြင်းမှာ နိုင်ငံတော်၏ နိုင်ငံတကာ “အဆင့်မီ” ကျောင်းကြီးတွေမှာ၊ နိုင်ငံတကာ အဆင့်မြင့်ပညာရေးကို လေးလေးနက်နက် တန်းဖိုးထား လေ့လာမသင်ကြားခဲ့သောကြောင့် ဖြစ်လေသည်။ ဤကဲသို့ ဖြစ်ရခြင်းမှာ ဆရာ/မများကြောင့် ဖြစ်သည်။

(စကားချုပ် warning -- ဝမ်းသာစရာမှာ … မကြာမီ ပြုပြင်ပြောင်းလဲမည့် စနစ်သစ်ပညာရေးတွင် မိုးလင်းမိုးချုပ် ကျူရှင်ပြေးလွှာ၊ Guide ဘာညာနဲ့ အချိန်ပြည့် သင်ယူနေတဲ့ ကျောင်းသူ/သားများကို စာမေးပွဲအောင်အောင် မသင်ကြားနိုင်သော ညံ့ဖျင်းသော ဆရာဆရာမများကို အသုံးမကျ၊ ဘာမှမရှိသော ကျေးလက်တောရွာ နယ်များသို့ ပြစ်ဒဏ်ခတ် ပြောင်းရွှေ့ သွားဖို့ စီစဉ်ထားသည်။ မိတ်ဆွေ ဆရာ/မများ … မိမိကလေးတွေကို ကျူရှင်ချိန်များများသင်ပြီး အတန်းအောင်ဖို့ ကြိုးပမ်းလုပ်ဆောင်ကြဖို့ လက်တို့ပြောလိုသည်)။

ကျွန်ုပ် တောင်းပန်ဝန်ခံချက်ကို ဆက်ရရင် … ကျေးဇူးရှင်တွေကို စော်ကားပြောဆိုလို့ အသူတရာနက်သည့်ချောက်ထဲ ကျမှာကို မကြောက်သော ကျွန်ုပ်တို့ပြည်သူများ သတိချပ်ဖို့က … ကျွန်ုပ်တို့ ရွှေပြည်ကြီးမှာ လူဖြစ်ရသည်မှာ အလွန်ကံထူးပေသည်။ (သူတပါးအသက်ကို မသတ်၊ မဟုတ်မတရား မလုပ်၊ မခိုးမဝှက်ကြတဲ့ ဗုဒ္ဓတရား ကိုးကွယ်ဆည်းကပ်၊ အေးအေးဆေးဆေး တရားအားထုတ်နေကြတဲ့ ) တပ်မတော်ခေါင်းဆောင် (ဟောင်း) ကြီးတွေ၊ ထောက်လှမ်းရေး ခေါင်းဆောင် (ဟောင်း) ကြီးတွေ..၊ (အမျိုးဘာသာ သာသနာ တည်တန့်ခိုင်မာရေး၊ နိုင်ငံတော်ဘာသာဖြစ်ရေး၊ အုပ်ချုပ်ရေးတာဝန် ရယူနိုင်ရေး၊ မတူကွဲပြား ကျူးကားလာတဲ့ ဘာသာတွေ၊ ကိုးကွယ်ယုံကြည်မှုတွေကို ဟန့်တားဟောပြောနေသော၊ လိုအပ်ရင် သေနတ်ဆွဲကိုင် တိုက်ပွဲဝင်ရှင်းဖို့ ဝန်မလေးသည့်)  မျိုးချစ်ဘုန်းဘုန်းများကို ဘေးစကား သွေးထိုးမှုတွေနဲ့ “နောက်ကွယ်က လက်မည်းကြီးများ” လို့ ပြစ်မှားကျူးလွန် စွပ်စွဲပြောဆိုမှုတွေကို ရပ်တန့်ကြဖို့ တိုက်တွန်းပါသည်။

ဒီနေ့ဆိုရင် ကြီးတဲ့အမှုကို ငယ်စေပပျောက်စေဖို့ ပြည်ထဲရေးကလူကြီးများနဲ့ ရဲချုပ်မင်းတို့ မှတ်မှတ်သားသား ဆိုစကားများနဲ့ စိတ်ရှည်လက်ရှည် ရှင်းလင်းပြောဆိုချက်များကို စာရူသူတို့ ကြားသိရှိလို့ ကျွန်ုပ်လိုပဲ နားလည်သဘောပေါက် ထိုလူကြီးမင်းများကို အထူးကျေးဇူးတင်ကြမည်လို့ မျှော်လင့်ပါသည်။ ခြေရာတွေ့တောင် ဘာအကောင်မှန်း မသိသော ကျွန်ုပ်အဖို့ လူကြီးမင်းများ ရှင်းပြပြောဆိုမှ အကောင်မြင် အသိဥာဏ် ပွင့်တော့သည်။ အကောင်သည် အတော်ကြီး၍ ဖမ်းဖို့ခက်နေခြင်း ဖြစ်မည်။

ရှင်းလင်းပြောဆိုချက်ကြောင့် ကျွန်ုပ် နားလည်သည့် မူခင်းဖြစ်စဉ် အကျဉ်းချုပ်မှာ အဘဗိုလ်ချုပ်လူကြီးများ လက်နဲ့ရေးခဲ့တဲ့ မဟာဥပဒေကျမ်းကို ခြေနဲ့ဖျက်ချင်သူ ဘာသာကွဲ မဟာဗမာမဟုတ်သော လူမျိုးခြားတဦးအား … ချောက်ထဲကျတော့မည့် တိုင်းပြည်ကို ကယ်တင်ခဲ့သော တပ်မတော် အရာရှိဟောင်းတချို့ ၊ မည်သည့်ဘာသာနဲ့မတူ အလွန်ကြီးမြတ်သော ဗုဒ္ဓသာသနာကို ကာကွယ်စောင့်ရှောက်နေကြသည့် အစွန်းရောက်မျိုးချစ်စိတ်ရှိသူများ၊ ဘုရားသူခိုးများ၊ မူးယစ်ရောင်းဝယ် ကြေးစားလူသတ်သမားများ အကြောင်းအမျိုးမျိုးနဲ့ စုစည်းမိပြီး လက်ဖက်ရည်ဆိုင်ထိုင် တောင်ပြောမြောက်ပြော ပုဂ္ဂိုလ်ရေးအရ မကျေနပ်ချက်တွေ ပြောဆိုကြပြီး လူသတ်သမားငှား၊ ငွေကြေးများစွာ ကုန်ကျခံပြီး … သတ်ဖြတ်မိတာလေးကို တိုင်းပြည်မငြိမ်မသက်ဖြစ်အောင်၊ လူမျိုးဘာသာ မတူကွဲပြားသူတွေကြား အထင်အမြင်မှား ပဋိပက္ခဖြစ်အောင် ပုံကြီးချဲ့  ရေးပြောကြတဲ့ သတင်းစာ Fake News တွေကြောင့် အခုလို ရေကြီးခွင်ကျယ် ရက်ရှည်ကြာ ပြောစရာသတင်း ဖြစ်လာခဲ့ခြင်းဖြစ်သည်။

အခုတော့ ရှင်းသွားပါပြီ။ တကယ်ဖြစ်သင့်သည်မှာ ကျွန်ုပ်တို့အနေနဲ့ အလွန်စိုးရိမ်ရတဲ့ ကမ္ဘာကြီးနှစ်ခြမ်းကွဲနေချိန်မှာ လူငယ်သဘာဝ လုပ်ချင်ရာ လွတ်လွတ်လပ်လပ်လုပ်၊ ပြောချင်ရာပြော၊ ဝတ်ချင်ရာဝတ်နေတဲ့ မြန်မာပြည်သိန်းတထောင် အဲလေယောင်လို့ ... မောင်သိန်းတန်နဲ့ သူ့ချစ်ဇနီး။ နောက်ကွယ်က ခရိုနီတွေ အားပေးမြှောက်ထိုးမှုနဲ့ စိတ်ထဲပေါ်လာတာတွေ ဟိုဟာထလုပ် ဒီဟာထလုပ်နေတဲ့ ဟိုလူငယ် တိုင်းဝန်ကြီး။ အမေ/အန်တီ/အမ ထိန်းချုပ်ထားတဲ့ ပါတီကြီးကို မကြိုက်လို့ နုတ်ထွက်တယ်လို့ ပြောတယ် မပြောဘူး “ဘူးဆို သံပုရာသီး သီးနေတဲ့” ပြည်နယ်ဝန်ကြီး ဆိုသူတွေကို ဥပက္ခာပြု၊ ခွင့်လွှတ်နားလည်ပေးနိုင်ကြတယ်ဆိုရင်…

တာဝန်ရှိလူကြီးများ ရှင်းလင်းပြောဆိုခဲ့သလို … တိုင်းပြည်နဲ့အမျိုးတွေအတွက် (တချိန်တခါက) သက်စွန့်ပြီး တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ “သေမြေကြီး ရှင်ရွှေထီး” - ဒီနေ့ အိမ်ယာတိုက်တာ၊ စီးပွားရေးလုပ်ငန်း၊ ကား ဥစ္စာပစ္စည်းများစွာ ပိုင်ဆိုင်ကြတဲ့ တပ်မတော်နဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်းများ၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ကာကွယ်ရေးအတွက် ဘာသာမတူ၊ ယုံကြည်ကိုးကွယ်မှု မတူ တရားမျှတလွန်တဲ့ တိုင်းပြည်ဥပဒေကြီးကို ပြင်ဆင်အသစ်ရေးလိုသူကို လူမြင်ကွင်းမှာ မိမိတို့ အသက်၊ အရှက်ကို ပဓာနမထားဘဲ နောက်ကွယ်က လက်မည်းကြီးများ* ခိုင်းစေချက်အတိုင်း (*မိုက်မဲတဲ့ ကျွန်ုပ်တို့ပြည်သူတွေရဲ့  စွပ်စွဲချက်) စွမ်းဆောင်ပေးခဲ့တဲ့ မျိုးချစ်များ၊ တိုင်းတပါးမှာ ဗုဒ္ဓသာသနာ ထွန်းကားဖို့ ဘုရားတွေကို စွန့်စွန့်စားစား ခိုးယူတင်ပို့နေသူများ၏ မပြောပလောက်တဲ့ ရာဇဝတ် ကျူးလွန်မှုလေးတွေကို အဘယ်ကြောင့် ကျွန်ုပ်တို့ ခွင့်မလွှတ်နိုင်၊ လူကြီးများအပေါ် နားမလည်နိုင် ဖြစ်နေကြလဲလို့ မေးလိုပြောလိုပါသည်။

အချုပ်အားဖြင့် “Freedom From Fear ကြောက်ရွံခြင်းမှ ကင်းဝေးကြ” လို့ ဟောပြောမိန့်ဆိုခဲ့တဲ့ ကျွန်ုပ်တို့ အမကြီး (အဘတို့ကတော့ ကောင်မလေးလို့ခေါ်သည်) ပြောစကား ကျွန်ုပ်တို့ပြည်သူတွေ နှလုံးသားကို မထိုးဖောက်ခဲ့တာကြောင့် ဒီနေ့ ပြောင်းလဲချိန်နဲ့အတူ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူ့တွေဘဝ လုံခြုံအေးချမ်းရေး ရှိလာခဲ့သည့်အချိန်အထိ ကျွန်ုပ်တို့မှာ ဒုန်းဒုန်းဒိုင်းဒိုင်း အသံကြားရင် ထိတ်လန့်တုန်လှုပ်ခြောက်ခြား၊ မဟုတ်မဟတ် သတင်းများအပေါ် ပူပန်ကြောက်ရွံနေခဲ့ခြင်းဖြစ်သည်။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ်ပတ်ကျော်က မိမိကိုယ်ကိုယ် ယုံကြည်ကြဖို့၊ သတ္တိရှိကြဖို့ အမကြီးက ထပ်မံသတိပေး ပြောဆိုခဲ့ခြင်းဖြစ်သည်။

အခုတော့ တာဝန်ရှိသူ လူကြီးမင်းတို့ ကွင်းကွင်းကွက်ကွက် ရှင်းလင်းပြောပြလို့ ကျွန်ုပ်တို့ နားလည်သဘောပေါက်ပြီး လူကြီးမင်းများကို ကျေးဇူးတင်နေမိပါသည်။ ပါဏာတိပါတာကံ ကျူးလွန်ခြင်းကို တစက်အားမပေးတဲ့ ဗုဒ္ဓသာသနာ ထွန်းကားတဲ့ ဒီရွှေပြည်ကြီးမှာ ကျွန်ုပ်တို့လို အသက်အရွယ် (၅၀) တန်း - ရူးရူးမိုက်မိုက် ဗုဒ္ဓဘာသာဝင် လူငယ်လူရွယ်လေးတွေ အစွန်းရောက်တဲ့မျိုးချစ်စိတ် ကိန်းအောင်းကာ၊ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်လေးတွေ အစုအခဲဖြစ်ပြီး အခုလို သတ်ဖြတ်ခြင်းမျိုး ကျူးလွန်မှုအပေါ် နိုင်ငံခေါင်းဆောင်၊ ပြည်ထဲရေးဝန်ကြီး၊ ရဲချုပ်တို့နဲ့ထပ်တူ ကျွန်ုပ်လည်း မျက်နှာကို ဓါးနဲ့လှီးပြစ်ချင်လောက်အောင် အင်မတန်ရှက်၊ ပြောရမှာလည်း ရှက်နေမိပါသည်။ အဆိုးဆုံးမှာ နှစ်ပေါင်းများစွာ တိုင်းကျိုးပြည်ကျိုး ကိုယ်ကျိုးစွန့်ထမ်းရွက်ပြီး အခုအချိန်အခါ စံနန်းအိမ်ကြီးတွေမှာ တရားဓမ္မနဲ့ ဘဝနိဂုံးချုပ်ကြမယ့် လူကြီးမင်းများကို နောက်ကွယ်က လက်မည်းကြီးများ ဘာညာစွပ်စွဲချက်များ ရှိခဲ့သည်ကို အံ့သြတုန်လှုပ် စက်ဆုပ်အော့နှလုံးနာ ဖြစ်မိသည်။

ဘယ်သူတွေ ဘာပြောပြော ကျွန်ုပ်အနေနဲ့ တရားမျှတသော လူကြီးမင်းများ၏ ကျေးဇူးကြောင့် အမှန်တရားကို သိခွင့်ရပြီမို့ ကြောက်ရွံမှုများလည်း ကင်းဝေးကာ လူငယ်တို့ သဘာဝ ပေါ့ပေါ့ပါးပါး နေထိုင်သွားပါမည်။ လူကြီးမင်းများကို ကျေးဇူးအထူးတင်ပါသည်။

=======

မှတ်ချက် ။ ။ ဘဝအစ အသက် (၄၀) မှ ဆိုတဲ့ အနောက်တိုင်းသားတွေ ဆိုစကားထက်ကောင်းတဲ့ အသက် (၅၀) အထိ ကျွန်ုပ်တို့ ရွှေပြည်တွင် လူငယ်အဖြစ် သတ်မှတ်ထားခြင်းကို အခုမှ သိရှိ၍ အလွန်အားရကျေနပ်မိသည် (ရွှေပြည်သူ/သားတွေ၏ ပျှမ်းမျှသက်တမ်းမှာ ကျား (၅၅)၊ မ (၆၀) ဖြစ်သည်ဟု ကြားဖူးသည်။ ဤသတ်မှတ်ချက်သည် တိုင်းတပါးသားများ၏ မမှန်မကန်လုပ်ကြံ ပြောဆိုချက်ဖြစ်ပေမည်)။