စိုးနေလင်း ● ………… ဖြစ်လာတဲ့ အရုပ်

 စိုးနေလင်း ● ………… ဖြစ်လာတဲ့ အရုပ်
(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂ဝ၁၇

ရှည်လျှားလျှား အုတ်လှေခါးထစ်တွေကို အတက်အဆင်းလုပ်ရင်းနဲ့
ဝတ်ကျေဝတ်ကုန် ပါးစပ်ဝန်ဆောင်မှုပေးနေကြသူတို့
ကရွတ်ကင်းလျှောက် နည်းပညာသုံး
အသင့်ထည့်သွင်းပြီး လူတောထဲကြားနေကျမဟုတ်တဲ့ စကားလုံးတွေ
စီစဉ်တကျထွက်ကျလာပုံက အခွေလိုက် အခေါက်လိုက်နဲ့
ဖြာကျနေတဲ့ မီးအလင်းရောင် အမှောင်အောက်မှာ
တူတာတွေကို တွဲလုပ်ဖို့ အကြိမ်ကြိမ်တာစူရင်း
ပျော်ကျနေတဲ့ နာရီတွေထဲကျွံနစ်
မြစ်ကိုမြစ်က ပြန်တိုက်စား ဗေဒါများတဲ့ချောင်း
ခရီးလမ်းကောင်း မဟုတ်ကြောင်း အပ်ကြောင်းထပ်
မရမက ပြန်တပ်ထားတဲ့ အစုတ်စုတ်အပြတ်ပြတ် ဂုဏ်သိက္ခာမှာ
ကြံရာပါဖြစ်လိုသူတို့ တိုးဝှေ့…
အတွေ့မရှောင်နိုင်ကြတဲ့သတင်းဟာ သတင်းမဟုတ်တော့ပါကြောင်း ...။    ။