ဗိုလ်ထက်မင်း - အမျိုးသားလုံခြုံရေး အမှန်တကယ် စိန်ခေါ်ခံနေရပြီလား - အပိုင်း(၁)




ဗိုလ်ထက်မင်း - အမျိုးသားလုံခြုံရေး အမှန်တကယ် စိန်ခေါ်ခံနေရပြီလား - အပိုင်း(၁)
(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၁၇

၁။ ရန်ကုန်မင်္ဂလာဒုံ၊ နိုင်ငံတကာလေဆိပ်မှာ NLD ဥပဒေအကြံပေး၊ ရှေ့နေဦးကိုနီ လုပ်ကြံခံရတဲ့ဖြစ်စဉ် ကြောင့် ပြည်တွင်းကသာမက နိုင်ငံတကာကပါ အံ့သြတုန်လှုပ်ခဲ့ရပါတယ်။ ဒီဖြစ်စဉ်အတွက် နောက်ကွယ် ဘယ်လိုဇာတ်လမ်းတွေရှိလို့ ဘယ်သူက ဘာကြောင့် လုပ်ကြံရလဲဆိုတာ လုပ်ဆောင်မှု၊ ဖေါ်ထုတ်မှုတွေရဲ့ အဆင့်တိုင်းဟာ ပြည်ထဲရေးဝန်ကြီးအတွက် စိန်ခေါ်ချက်တွေချည်းပဲ ဖြစ်ပါတယ်။ ဘယ်လိုဖြစ်လာမလဲ ဆိုတာ စောင့်ကြည်ရမှာ ဖြစ်တယ်။ ပြည်ထဲရေးဝန်ကြီးဌာနဟာ သမ္မတ ဦးသိန်းစိန် လက်ထက်ကပင် တရားဥပဒေစိုးမိုးရေးကို နိုင်နင်းအောင် ကိုင်တွယ်နိင်စွမ်း မရှိခဲ့တာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးရလဒ်တွေကို ရင်ဆိုင်နေရတယ်လို့ ဆိုချင်ပါတယ်။

မကြာသေးခင်ကတည်းက ရခိုင်ပြည်နယ်၊ မောင်းတောရဲစခန်း ဌာနချုပ်စခန်းတွေ အကြမ်းဖက်တိုက်ခံရမှုဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင်များ အသတ်ခံရပြီး လက်နက်အမြောက်အများ ဆုံးရှုံးခဲ့ရပါတယ်။ တကယ်တော့တပ်မတော်မှာ လက်နက်တလက် ရန်သူ့လက်ထဲ ပါသွားရင်တောင် တာဝန်ရှိသူ အရာရှိအဆင့်ဆင့် အရေးယူခံရလေ့ရှိရာ လက်နက်ခဲယမ်း ဒါဇင်ပေါင်းများစွာ ပါသွားတဲ့ ဖြစ်စဉ်ကျတော့ အင်မတန်မှ အန္တရာယ် ကြီးမားနေတာကို သိရက်နဲ့ ပြည်ထဲရေးဝန်ကြီးက လက်နက်အချို့ဟာ ပစ်မရတဲ့ ဒုတ်သာသာဖြစ်တယ်လို့ ပြောသွားကာ အနိမ့်ဆုံးအဆင့် ရဲမှုးချုပ် ခင်မောင်ကိုသာ အရေးယူသွားခဲ့ပါတယ်။

၂။ ပြည်ထဲရေးဝန်ကြီး၊ ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေဟာ တပ်မတော်မှာ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်က လာသူပီပီ တိုက်ပွဲထောက်လှမ်းရေးဘာသာရပ်ဖြစ်တဲ့ လုံခြုံရေးမဏ္ဏိုင် (၄) ချက်ဖြစ်တဲ့ (၁) စစ်သတင်းနှင့် စာရွက်စာတမ်းလုံခြုံရေး၊ (၂) အမှုထမ်းလုံခြုံရေး (၃) ပစ္စည်းလုံခြုံရေး၊ (၄) စစ်ဆင်မှုနှင့် လေ့ကျင့်မှုလုံခြုံရေး စတဲ့ လုံခြုံရေးတွေအရ မလုပ်ဆောင်နိုင်ခဲ့လို့ ရဲတပ်ဖွဲ့တွေနဲ့ လက်နက်ခဲယမ်း ဆုံးရှုံးရပြီး ယခု လေဆိပ် အကြမ်းဖက် လုပ်ကြံခံရမှုတွေအပြင် မြို့ထဲလူသတ်မှုဖြစ်စဉ်တွေ ဆက်တိုက်တက်နေကာ ပြည်သူလူထု စိုးရိမ်သောက ဖြစ်နေရပါတယ်။ ဦးကိုနီကို လုပ်ကြံနေချိန် အငိုက်မိသွားလို့ နားလည်ပေးရသော်လည်း လူသတ်သမားက Taxi ယာဉ်မောင်းသမားဦးနေ၀င်း ထပ်မံပစ်သတ် အသေခံလိုက်ရချိန် ဒီအချိန်မှာ လုံခြုံရေးလုပ်နေသူတွေက ဘာလုပ်နေတာလဲလို့ အရှက်ရစရာ မေးခွန်း ပေါ်ထွက် ခဲ့ပါတယ်။ နိုင်ငံတကာလေဆိပ်ဖြစ်လို့ ရဲတပ်ဖွဲ့ဂုဏ်သိက္ခာကျဆင်းနေပါတယ်။

၃။ ဦးကိုနီဟာ သူတစ်ဦးတည်း မဟုတ်ဘဲ ၀န်ကြီးဦးဖေမြင့်အဖွဲ့နဲ့ ပါလာတာမို့ အရေးကြီး ပုဂ္ဂိုလ်အဖွဲ့ဖြစ်ပြီး လုံခြုံရေးမြှင့်ထားရပါမယ်။ EU ကလေ့ကျင့်ပေးထားတဲ့အထဲမှာ ဒီလိုမျိုး လေဆိပ် အကြမ်းဖက်ခံရမည်ဆိုရင် တန်ပြန်တိုက်ခိုက်ရမည့် plan စီမံချက် ပါမပါ မသေချာသော်လည်း ပြည်ထဲရေးဝန်ကြီးအနေနဲ့ စစ်တပ်က ဖွဲ့ထားတဲ့ အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ရဲ့ လေယာဉ်အပိုင်စီးမှုနဲ့ လေဆိပ်အကြမ်းဖက်ခံရမှု ကယ်တင်တဲ့ လေ့ကျင့်ခန်းတစိတ်တဒေသကို လေဆိပ်လုံခြုံရေး တပ်ဖွဲ့တွေအား ဘာလို့ ဇာတ်တိုက် မလေ့ကျင့်နိုင်ရတာလဲ ဆိုတာ နားမလည်နိုင်အောင် ဖြစ်မိပါတော့တယ်။

၎။ ရှေးဦးစွာ နိုင်ငံရဲ့အမျိုးသားလုံခြုံရေး အဓိပ္ပါယ်ဖွင့်ဆိုချက်ကို စာရေးသူနားလည်သရွေ့ ရှင်းပြလိုသည်မှာ နိုင်ငံတော်ရဲ့ ပြည်ထောင်စု မပြိုကွဲစေရေး၊ အချုပ်အချာ အာဏာ မထိခိုက်စေရေးနဲ့ အမျိုးသားအကျိုးစီးပွား ထိန်းသိမ်းစောင့်ရှောက်ရေးတို့ ပါဝင်တာဟာ အမျိုးသားလုံခြုံရေးပင်ဖြစ်တယ်လို့ သဘောပေါက်ပါတယ်။

ဒီထက်ပိုပြီး အသေးစိတ်ဥပမာများနဲ့ထပ်ရှင်းရရင် နိုင်ငံတော်ရဲ့ အချုပ်အချာ အာဏာ ထိခိုက်တာမျိုးဟာ လက်နက်ကိုင်ပြီး နိုင်ငံရပ်ခြားမှ ကျုးကျော်တာမျိုးသာမက နိုင်ငံနယ်နမိတ်ကို ခွင့်ပြုချက်မရဘဲ နိုင်ငံခြားသားများ ကျုးကျော် ၀င်ရောက်နေထိုင်တာမျိုး၊ လူမဟုတ်ဘဲ နယ်နမိတ်ကျော်ကာ ခြံစည်းရိုးးလာခတ်တာမျိုး (တရုတ်၊ အိန္ဒိယ၊ ထိုင်း) နိုင်ငံတွေက မြန်မာနိုင်ငံမြေကို ခိုးယူတာမျိုး ၊ မြစ်ကမ်းပါး ကျောက်ချမှု ၊ အလံတိုင်စိုက်မှု၊ ဘင်္ဂလီများ ခိုးဝင်မှု ဖြစ်စဉ်တွေလို့ ဥပမာပေးနိုင်ပါတယ်။

ပြည်ပက အဖျက်အမှောင့်တွေနဲ့ ပူးပေါင်းပြီး မောင်းတောဖြစ်စဉ်လို လက်နက်ကိုင်ပြီး ရုံးဌာနချုပ် တိုက်ခိုက်သလို ရှမ်းပြည်မြောက်ပိုင်းမှာ မြို့ပြ လူထု အဆောက်အဦတွေကို တိုက်ခိုက်ခဲ့တာမျိုး ကိုလည်း ပြောလို့ရပါတယ်။ မိမိတိုင်းရင်းသားလူမျိုးစုများကို ပြည်ပက အနိင်ကျင့် စော်ကားတာမျိုး၊ ဘာသာရေး လူမျိုးရေးကို အခြေပြုပြီး အင်တာနက်မီဒီယာများနဲ့ သတင်းမှားများနဲ့ လှုံ့ဆော် ဝါဒဖြန့်တာမျိုးတွေ၊ မလေးရှားဝန်ကြီးချုပ်ကိုယ်တိုင်က မိမိတို့ ပြည်တွင်းရေးကို စွက်ဖက် ဆန္ဒပြတာမျိုး၊ OIC ညီလာခံကို မလေးရှားက ခေါ်ကာ သံတမန်ရေး ဖိအားပေးပြီးUN ကို ၀င်ခိုင်းတာမျိုး စတာတွေဟာလည်း အမျိုးသားလုံခြုံရေးကို ထိခိုက်စေတာတွေ ဖြစ်ပါတယ်။

၅။ ဒါ့အပြင် မသိမသာ ချုပ်ကိုင်ကာ ၀င်ရောက်စွက်ဖက်တာမျိုးကတော့ တန်ပြန်ထောက်လှမ်းရေး ဘာသာရပ်မှာ ပါရှိတဲ့ သူလျှို၊ဝင်ထောက်လှမ်းရေး၊ ပျောက်ကျား၊ အဖျက်အမှောင့် ခေါင်းစဉ်များကို သုံးတာဖြစ်ပါတယ်။ တဖက်နိုင်ငံအိမ်နီးနားချင်းနယ်မှာ ပဋိပက္ခဖြစ်နေတဲ့ တိုင်းရင်းသားလူမျိုးစုကို ခြေကုပ်ယူခွင့်ပြုပြီး အဖျက် အမှောင့် လုပ်ငန်းများပြုလုပ်စေတာမျိုး၊ ဆူပူအုံကြွမှုမှသည် လက်နက်ကိုင်တော်လှန်ရေး ဖြစ်လာသည်အထိ နောက်ဆုံးပြည်ထောင်စုမှ ခွဲထွက်သွားသည်အဆုံး - အထင်ရှားဆုံး ဥပမာ - ကရိုင်းမီးယားဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ ဒီထက်ပိုဆိုးတဲ့ တော်ရုံတန်ယုံ မမြင်နိုင်တဲ့ နည်းဗျူဟာကတော့ ပြည်တွင်းရှိ နိုင်ငံရေး စစ်ရေး အင်အားစုအတွင်း ထိုးဖောက်နေရာယူထား၊ မြုပ်နှံထားပြီး နောက်ဆုံးမှ နိုင်ငံတော်အတွင်း သွေးကွဲအောင်
 ဆောင်ရွက်မှုတွေမျိုး ဖြစ်ပါတယ်။

၆။ အမျိုးသားလုံခြံရေးထဲမှာ အမျိုးသားအကျိုးစီးပွား ထိခိုက်တာကို ထပ်ရှင်းရရင် မိမိနိုင်ငံရဲ့သယံဇာတ၊ သစ်၊ ကျောက်စိမ်း သတ္တု ၊ ရေထွက် ငါး ပုဇွန်၊ သဘာဝဓာတ်ငွေ့၊ ရေနံ၊ ရှေးဟောင်းပစ္စည်း၊ သားရဲတိရိစ္ဆာန်များ တရားမ၀င် နယ်စပ်၊ ကုန်းကြောင်း၊ ပင်လယ်လမ်းတို့မှ ခိုးယူနေတာလည်း ထိခိုက်တယ်လို့ ဆိုပါတယ်။ ပတ်ဝန်းကျင် ရေမြေ သဘာဝ ထိခိုက်မှုကို လစ်လျူရှုကာ မိမိအကျိုးအမြတ်ရရှိရေးတခုသာ လုပ်ဆောင်တဲ့ စီးပွါးရေး ရင်းနှီးမြှပ်နှံမှူမျိုးကို လည်း အကျုံးဝင်တယ်လို့ ဆိုပါတယ်။ ဥပမာ - မြစ်ဆုံစီမံကိန်း လိုဖြစ်ပါတယ်။ ပြည်ပထုတ်ကုန်ပစည်းနဲ့ ရင်းနီးမြှပ်နှံမှုများ၊ နိုင်ငံခြားမှာ လုပ်ကိုင်နေတဲ့ မိမိနိုင်ငံသားများ၊ အလုပ်သမားများကို ဥပဒေပြင်ပက အနိုင့်ကျင့်ပြုမူဆောင်ရွက်ခြင်းလည်း ပတ်သက်ပါတယ်။

၇။ သည်တော့ လက်ရှိအစိုးရသစ် တက်ပြီး ၂၀၁၆ ပထမနှစ် သက်တမ်းအတွင်းမှာ အထက်ပါ အမျိုးသားလုံခြုံရေးကိစ္စများ စိန်ခေါ်ခံထားရပြီလား၊ ခံထားရပြီလို့ သဘောထားရင် ပြည်ထဲရေးဝန်ကြီးဌာနက အဓိကတာဝန်ရှိတဲ့အတွက် တိုင်းပြည် တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ဘာတွေ အရေးယူ ဆောင်ရွက်တာတွေ ရှိသလဲဆိုတာ မေးစရာ ဖြစ်လာပါတယ်။

၈။ ဒါနဲ့ ပတ်သက်ပြီးတော့ မေးခွန်းတွေ ထုတ်လာသူကတော့ ပြည်ခိုင်ဖြိုးပါတီနဲ့ အပေါင်းအပါတွေ ဖြစ်ပါတယ်။ အစိုးရသစ် တာဝန်ယူနေတဲ့ ကာလအတွင်းမှာ အခြေခံဥပဒေနဲ့အညီ ဖွဲ့စည်းထားတဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ(ကာ/လုံ)ကို ခေါ်ယူတာမျိုး မရှိဘူးလို့ သူတို့က ဝေဖန်ပါတယ်။ အစိုးရဖွဲ့စည်းပုံမှာ နိုင်ငံတော်အတိုင်ပင်ခံရာထူးအပြင် အခြားအတိုင်ပင်ခံပုဂ္ဂိုလ်တွေ ခေါ်ယူခန့်ထားတာတွေကို မေးခွန်းထုတ်လာကြပါတယ်။ လူ့အခွင့်အရေးကို ရှေ့တန်းတင်လွန်းပြီး နိင်ငံသားများ အခွင့်အရေးဆုံးရှုံးရပါတယ်လို့ သူတို့က စွပ်စွဲပါတယ်။ လုံခြုံရေးဆိုင်ရာဥပဒေများ (ပုဒ်မ ၅(ည)၊ ဧည့်စာရင်းတိုင်ကြားခြင်းစတဲ့ လုပ်ထုံးလုပ်နည်း) ဖျက်သိမ်း လိုက်တာကြောင့် တရားဥပဒေစိုးမိုးရေး အားနည်းသွားလို့ နိုင်ငံရဲ့အမျိုးသားလုံခြုံရေး ခြိမ်းချောက်ခံရတာမျိုးတွေဖြစ်လာပြီလို့ ပြည်ခိုင်းဖြိုးပါတီနဲ့ အပေါင်းအပါတွေက ပြစ်တင်နေကြတာကို တွေ့ရပါတယ်။

၉။ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ(ကာ/လုံ)ဆိုတာဟာ (၁၁) ဦးနဲ့ ဖွဲ့စည်းထားရာ အနိုင်ရပါတီက သမ္မတ၊ ဒုသမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး၊ လွှတ်တော်ဥက္ကဌ (၂) ဦး ပေါင်း (၅) ဦးသာ ရှိနေပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘက် က သူအပါအဝင် ဒုတပ်ချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ အပြင် ဒုသမ္မတ ပါပေါင်းလိုက်က ပေါင်း (၆) ဦး ရှိနေလို့ အများစုမဲ အနေအထားအရ အာဏာရအစိုးရအနေနဲ့ အသာစီး မရနိုင်တော့တဲ့အခြေအနေမှာ ထိပ်တိုက်တွေ့နိုင်တဲ့ အခြေအနေကိုရှောင်လွှဲလိုလို့ တော်ရုံ ကိစ္စဆိုရင် အစည်းအဝေးခေါ်ဖို့ ဝန်လေးကြမှာ ဓမ္မတာဘဲလို့ မြင်ပါတယ်။ ယခင်အစိုးရအနေနဲ့ကတော့ (ကာ/လုံ)မှာ သူတို့ စစ်တပ်က လူတွေချည်း - အစိုးရ၊ လွှတ်တော်၊ တပ်မတော် အားလုံးဖြစ်နေတာကြောင့် (ကာ/လုံ) ခေါ်ခေါ် မခေါ်ခေါ် ဘာမှ ထူးခြားတယ်လို့ မြင်စရာ မရှိခဲ့ပါ။

(ကာ/လုံ)ဆိုတာ အဖွဲ့အစည်းတရပ်ဖြစ်ပြီး နိုင်ငံတကာနဲ့ပဋိပက္ခအသွင်ဆောင်ကာ အမျိုးသားလုံခြုံရေး ခြိမ်းချောက်လာတဲ့အခါမျိုးမှာ ဖြစ်ဖြစ်၊ နိုင်ငံတဝှမ်း ဆူပူအကြမ်းဖက်မှုနဲ့ ပြည်ထောင်စုပြိုကွဲမည့် အရိပ်အယောင်ဖြစ်လာရင်ဖြစ်ဖြစ်၊ အထက်မှာ တင်ပြခဲ့တဲ့ အမျိုးသားလုံခြုံရေးဆိုင်တဲ့ ခေါင်းစဉ်တမျိုးမျိုး ထိခိုက်ပြင်းထန်ပေါက်ကွဲလာမည့် လုပ်ဆောင်မှုမျိုး ဖြစ်လာရင်တော့ ခေါ်ယူ ရတော့မှာ ဖြစ်ပါတယ်။

သူတို့တွေ ပြောနေသလို ရှမ်းမြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ မြို့သိမ်း၊ ဒေသသိမ်း အခြေခံနယ်မြေ တည်ဆောက်လာသည်အထိ ပဋိပက္ခဖြစ်စဉ် မကြီးထွားလာသေးပါ၊ ရခိုင်ပြည်နယ် မောင်းတောဖြစ်စဉ်မှာလည်း နိုင်ငံတကာက အစိုးရဘက်ကို နားလည် ရပ်တည်ပေးသလို အကြမ်းဖက်ကျုးလွန်သူများဟာ ခေတ်မီလက်နက်ပြောင်းကိုင်လာပြီး နိုင်ငံခြားအကူအညီ ဗြောင်ယူလာတဲ့ အခြေအနေအထိ ပေါ်မလာသေးပါ။ အဲဒီ ဖြစ်စဉ်(၂)ခုဟာ အမျိုးသားလုံခြုံရေးကို စိန်ခေါ်တဲ့ အဆင့်သာရှိပြီး ခြိမ်းချောက်တာမျိုး၊ ကျိုးပေါက်တာမျိုးမရှိသေးလို့ (ကာ/လုံ)ကို မခေါ်သေးဘူးလို့ စာရေးသူက ယူဆချင်ပါတယ်။ ဒီနေရာမှာ “Force” (အင်အားသုံးတာတွေ) ပါမှ ခြိမ်းချောက်တာလို့ သုံးပါတယ်။

ဒါပေမဲ့ လုံခြုံရေးအရ စိုးရိမ်စရာရှိတဲ့ အနေအထားတွေဖြစ်တာမို့ နယ်စပ်ဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးတို့ကသာလျင် အစိုးရနဲ့ လွှတ်တော်ကို တာဝန်ခံပြီး ပွင့်လင်းမြင်သာ ဆောင်ရွက်မှုတွေ တိုးချဲ့သင့်တယ်လို့ ထောက်ပြချင်ပါတယ်။

၁၀။ မကြာသေးခင်က ခန့်အပ်လိုက်တဲ့ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်နဲ့ ပတ်သက်ပြီး တကယ်တော့ ပြည်ခိုင်ဖြိုးပါတီက သိလျှက်နဲ့ ဝေဖန်နေတာလား မပြောတတ်တော့ပါ။ လုံခြုံရေးရာ အကြံပေးပုဂ္ဂိုလ်ဟာ လူပုဂ္ဂိုလ်တစ်ဦးတည်းသာဖြစ်ပြီး အဖွဲ့အစည်းမဟုတ်လို့ အစိုးရဖွဲ့စည်းပုံကို အစားထိုးတယ် ပြင်ဆင်ပစ်တယ်လို့ မခေါ်ဆိုနိုင်ပါ။ ခန့်အပ်ခံရသူ ဦးသောင်းထွန်းဟာလည်း စစ်အာဏာရှင်လက်ထက်ကတည်းက အသုံးတော်ခံဖြစ်လို့ ယခင် စစ်သားဟောင်း၊ အစိုးရဟောင်း ပြည်ခိုင်ဖြိုးပါတီက ဘာတွေ စိုးရိမ်နေတယ် မသိပါ။

သူရဲ့အလုပ်ဟာ နိုင်ငံတကာ သံတမန်ရေးရာ မဟာဗျူဟာနဲ့ဆက်ဆံရေးကျွမ်းကျင် လိမ်မာပါးနပ်သလို နိုင်ငံခြား ထောက်လှမ်းရေးအဖွဲ့များနဲ့ သတင်းဖလှယ် ဆက်စပ်လုပ်နိုင်တာမျိုး၊ သုံးသပ်နိုင်ဖို့ အလွန်ဘဲ အရေးကြီးပါတယ်။ အကယ်၍များ အဆိုပါ ပုဂ္ဂိုလ်အမည်စာရင်းကို တပ်မတော်ဘက်က အဆင့်ဆင့်တင်လာဖို့ ကြ့န်ကြာနိုင်တာကြောင့် နိုင်ငံတကာရေးရာ၊ ထောက်လှမ်းရေးသတင်းတွေမှာ အချိန်နဲ့ တပြေးညီဆုံးဖြတ်ရတာမို့ တပ်မတော်ကို အစိုးရခေါင်းဆောင်ပိုင်းက မစောင့်ချင်တာလည်း ရှိနိုင်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်က ပြောရေးဆိုခွင့်ရှိသူကို ယခင်ဦးသိန်းစိန်အစိုးရ ဖွဲ့စည်းပုံထဲက လူကိုပဲ ဆက်လက်ထားရှိတာကို ထည့်စဉ်းစားကြစေလိုပါတယ်။ လူဟောင်း ခေါ်သုံးတာ တပ်မတော်နဲ့ ပဋိပက္ခအသွင် ဆောင်တယ်လို့ ယူဆစရာ မရှိဘူးလို့ ထင်မိပါတယ်။

၁၁။ ပြည်ခိုင်ဖြိုးပါတီက ပြစ်တင်တာ တခုမှာ - လူ့အခွင့်အရေးကို ရှေ့တန်းတင်လွန်းပြီးနိင်ငံသားများ အခွင့်အရေး ဆုံးရှုံးသွားစေကာ လုံခြုံရေးဆိုင်ရာဥပဒေများ လုပ်ထုံးလုပ်နည်းများ ဖျက်သိမ်းလိုက်တာကြောင့် တရားဥပဒေစိုးမိုးရေး အားနည်းသွားလို့ နိုင်ငံရဲ့အမျိုးသားလုံခြုံရေး ခြိမ်းချောက်ခံရတာမျိုးတွေဖြစ်လာပြီလို့ ဆိုလာပြန်တယ်။

ဒါနဲ့ပတ်သက်ပြီး စာရေးသူ သူငယ်ချင်း ဗိုလ်မှူးကြီး(ငြိမ်း) တဦးနဲ့ တီးခေါက်ကြည့်မိပါတယ်။

တပ်ထဲက အများစုကတော့ ဧည့်စာရင်းစစ်တာတို့ကို လုံခြုံရေးရှုထောင့်အရ လိုတယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် ဥပဒေကို အာဏာပိုင်တွေက အလွဲသုံးစားလုပ်တာ၊ မတရား အသုံးပြုတာ၊ ခုတုံးလုပ်တာတွေကြောင့် လူထုကိုယ်တိုင်ကလည်း မလိုလားတော့ပါဘူး။

သို့သော်လည်း ဖြစ်ပွားတဲ့နေရာကို စည်းကမ်းတကျ စစ်ဆေးနိုင်ဖို့ အဖွဲ့စုံ ကြပ်မတ်ကွပ်ကဲနိုင်ရေး လုံခြုံရေးစီမံချက်လိုမျိုး နဲ့အစားထိုးမလား၊ ရှောင်တခင် ရှာဖွေစစ်ဆေးနည်းနဲ့လုပ်မလားစတဲ့ plan များကို ပြည်သူလူထုကို ပွင့်လင်းမြင်သာစွာချပြပြီူး နားလည်ကြည်ဖြူစွာနဲ့ လက်ခံလာရင် ပူးပေါင်းဆောင်ရွက် သတင်းပေးခြင်းဖြင့် ပစ်မှတ်ကို ချက်ခြင်း ဖေါ်ထုတ်နိုင်ပါတယ်။

ကျေးရွာ၊ ရပ်ကွက်ထဲ လူစိမ်းဝင်လာပါက တည်ငြိမ်ရေး၊ ပတ်ဝန်းကျင်ထိခိုက်မှူ၊ ဂုဏ်သိက္ခာနဲ့ နိုင်ငံ့လုံခြုံရေးနဲ့ဆက်စပ်ပြီး ပွင့်လင်းမြင်သာစွာ ရှင်းလင်း ဆွေးနွေးထားရပါမယ်။ ခြံဝန်းနဲ့တိုက်ခန်းများ၊ ဘုန်းကြီးကျောင်း (ကြည်လင်းတည်းခဲ့)လို သီးခြားနေကြတဲ့ မြို့နေလူတန်းစားမှာ တော်ရုံ သိဖို့ မလွယ်ကူတဲ့အတွက် ပြည်သူလူထုက ကိုယ်တိုင်လုံခြုံရေးအမြင် လုံခြုံရေးအသိနဲ့ ပူးပေါင်းလုပ်ဆောင် လာကြဖို့ကို စည်းရုံးနိုင်မှုက ပိုအရေးကြီးတယ်လို့ မြင်ပါတယ်။

ဥပမာ - ဦကိုနီ လုပ်ကြံခံရတဲ့ဖြစ်စဉ်မှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုဟာ အများကြီး အရေးပါတာကို လုံခြုံရေးအာဏပိုင်တွေက သင်ခန်းစာ ယူသင့်ပါတယ်။ ဧည့်စာရင်းစစ်တာမျိုးထက် ပြည်သူက အသိစိတ်နဲ့ကြိုတင် သတင်းပို့လာရင် အောင်မြင်တယ်လို့ဆိုရပါမယ်။

ဒီနေရာမှာ လုံခြုံရေးမဏ္ဏိုင်(၄) ထဲက အမှုထမ်းလုံခြုံရေးမှာ အစိုးရအမှုထမ်းကို ဆိုလိုသော်လည်း တပ်မတော်ရဲ့မဟာဗျူဟာ ရည်မှန်းချက်တွေထဲက တခုဖြစ်တဲ့ ပြည်သူလူထု ရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမယ်လို့ပါရှိရာ လူပုဂ္ဂိုလ်လုံခြုံရေး (သို့မဟုတ်) ပြည်သူလူထုလုံခြုံရေးအတွက် အဓိက တာဝန်ရှိပါတယ်။ ဒါကြောင့် အရေးပေါ်လိုအပ်လာရင် တာဝန်ခံမှု၊ တာဝန်ယူမှုနဲ့ ပွင့်လင်းမြင်သာမှုကို လုံခြုံရေးအာဏာပိုင်တွေက လုပ်ပြနိုင်ဖို့က ပိုအရေးကြီးတယ်လို့ သုံးသပ်ကြပါတယ်။

၁၁။ သည်တော့ ပြည်ခိုင်းဖြိုးပါတီက ဒေါ်စုနဲ့ NLD ပါတီကို တပ်မတော်နဲ့ကြားမှာ ပိုပြီး နီးကပ်တဲ့ နားလည်မှုတွေ လက်တွဲမှုတွေ ဖြစ်လာမှာစိုးလို့ သည်လို ဝေဖန် ထောက်ပြတာတွေ ပြစ်တင်တာတွေ လုပ်နေတာလားလို့ မေးစရာ ဖြစ်လာပါတယ်။ (ကာ/လုံ)ကို ခေါ်ပြီး တပ်မတော်က အစိုးရနဲ့ လွှတ်တော်အပေါ်ကို စွက်ဖက်မှုတွေ ပိုလုပ်လာအောင် ပြည်ခိုင်းဖြိုးက ဖိအားပေးနေတာလားလို့ ပြောစရာ ဖြစ်လာပါတယ်။

ဒါနဲ့ ပတ်သက်ပြီးတော့လည်း တပ်ဘက်မှာ အမြင်အမျိုးမျိုး ကွဲနေတာကို ကြားရပြန်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်နဲ့ ဆက်ဆံရေးဟာ ဘာမှ အေးစက်နေတာ မရှိနိုင်ဘူး၊ ဘာကြောင့်ဆိုတော့ သူတို့ခေါင်းကိုင်ဘခင်ကြီးတွေဖြစ်တဲ့ ဦးသန်းရွှေတို့ ဦးသိန်းစိန်တို့ဟာ အားလုံးဆီက လေးစားမှု သေ၀ပ်မှုတွေ ခံထားရဆဲ ဖြစ်ပါတယ်။ ဖြစ်ခြင်းဖြစ် တပ်ချုပ်နဲ့ ဒေါ်စုနဲ့ ကြားမှာသာ အေးစက်မှု ရှိနိုင်တယ်။ သည်အတွက်ကြောင့်သာ ဦးကိုနီလုပ်ကြံခံရတဲ့ဖြစ်စဉ်ပြီးနောက်မှာ လုံခြုံရေးအာဏာပိုင်တွေက အစိုးရကို ကူညီပူးပေါင်းဆောင်ရွက်မှုတွေ ပေးမယ်ဆိုတဲ့ ကတိကြေညာချက် ထုတ်လာရတာ ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။

၁၂။ အမျိုးသားလုံခြုံရေး စိန်ခေါ်ခံနေရပြီလားဆိုတာဟာ ပြည်ခိုင်ဖြိုးတင်သာမက အားလုံးသော ပြည်သူတွေက မေးရ သုံးသပ်ရမယ့် မေးခွန်းပါ။ သည်နေရာမှာ (အစိုးရနဲ့ လွှတ်တော်တို့ ပါဝင်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး အာဏာပိုင်တွေ) နဲ့ (တပ်မတော်အင်အားစုတွေ ကြိုးကိုင်ထားတဲ့ လုံခြုံရေး အာဏာပိုင်တွေ) ကြားက နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ တာဝန်ယူမှု တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတွေဟာ အရေးတကြီး စောင့်ကြည့်ဖို့ ဖြစ်စဉ်တွေက မီးမောင်းထိုးပြလိုက်တာလို့ ဆိုချင်ပါတယ်။

၁၃၊ ပြည်ခိုင်းဖြိုးက လာမည့် ဧပြီလ ၁ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အတိုက်အခံ ဖြစ်နေတာရယ်၊ မဲဆွယ်စည်းရုံးရာမှာ အစိုးရရဲ့အားနည်းချက်ကိုထောက်ပြီး လူထုကို စည်းရုံးမဲဆွယ်ရမှာကို သိရှိထားပါတယ်။ သူတို့က စစ်တပ်က လာတဲ့သူတွေဆိုတော့ စစ်ရေးအမြင်၊ လုံခြုံရေးအရ ဟာကွက်တွေကို နားလည်ကျွမ်းကျင်ထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီ “ထိ”ကွက်ကို အသုံးချပြီး ပြည်သူလူထုမှာလည်း မလုံခြုံအောင်ခံစားနေရတာကို အခွင့်ကောင်းယူ အကွက်ရွှေ့နေကြတာဖြစ်ကြောင်း မိမိကတော့ သုံးသပ်လိုက်မိပါတယ်။

(ဆက်လက် ဖော်ပြပါမည်)