ဇင်လင်း ● နိုင်ငံတော် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဘယ်သူတွေက တာဝန်ခံမှာလဲ

ဇင်လင်း ● နိုင်ငံတော် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဘယ်သူတွေက တာဝန်ခံမှာလဲ
(မိုးမခ) ဇန်နဝါရီ ၂၊ ၂ဝ၁၇

ဒီကနေ့တိုင်းပြည်အခြေအနေက 'အရေးကြီးပြီ သွေးစည်းကြ' လို့ ပြည်သူလူထုကို တပ်လှန့်နှိုးဆော်လိုက်ပါပြီ။

အထူးသဖြင့် လူထုအခြေပြုပါတီများနဲ့ လူထုလိုလားတဲ့ ခေါင်းဆောင်များ၊ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လို လားသူများ၊ စစ်မှန်တဲ့ငြိမ်းချမ်းရေး လိုလားသူများ၊ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု လိုလားသူများ၊  စစ်အာဏာ ရှင်စနစ်ကို ခါးခါးသီးသီး ဆန့်ကျင်သူများ၊ ဖက်ဆစ်ဝါဒကို ခါးခါးသီးသီးဆန့်ကျင်သူများ အစရှိတဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ထက်ထက်သန်သန်လိုလားကြတဲ့ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတို့အနေနဲ့ ‘နိုင်ငံရေးသတိ’ ‘လုံခြုံ ရေးသတိ’ အထူးရှိကြရမယ့်အချိန်ဖြစ်ကြောင်း သတိပြုဖို့လိုအပ်နေပါပြီ။ ဘာကြောင့် အရေးကြီးပြီ သွေးစည်းကြလို့ ဆိုရ တာ လဲ။

NLD ပါတီ ဥပဒေအကြံပေး ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကျွမ်းကျင်သူ ရှေ့နေ ဦးကိုနီဟာ ဇန္နဝါရီ ၂၉ ရက်နေ့က ရန်ကုန် မြို့ မင်္ဂလာဒုံလေဆိပ် လူမြင်ကွင်းမှာ သေနတ်သမားတဦးရဲ့ အနီကပ်ပစ်ခတ် လုပ်ကြံခံလိုက်ရတဲ့ကိစ္စကြောင့် အရေးကြီးပြီ သွေးစည်းကြလို့ ဆိုရခြင်းဖြစ်ပါတယ်။ ဒီကိစ္စဟာ သာမန်လူသတ်မှုမဟုတ်ကြောင်းတော့ ပြည်သူအများ သိကြပါတယ်။ နိုင် ငံရေးရည်ရွယ်ချက်ရှိရှိ ကြိုတင်အကွက်ချ ကြံစည်ကျူးလွန်လိုက်တဲ့ နိုင်ငံတော်အဆင့် လုပ်ကြံမှုဖြစ်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ကို ၂ဝဝ၈ အခြေခံဥပဒေက သမ္မတဖြစ်ခွင့် ပိတ်ပင်ခဲ့ပေမယ့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးနဲ့ ဖေါက် ထွက်နိုင်ခဲ့ပါတယ်။ ဒီကိစ္စမှာ ဦးကိုနီရဲ့ ပါဝင်အကြံပေးမှုရှိတယ်လို့ ဆိုပါတယ်။

အခုလို  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ဝင် ဦးကိုနီ လုပ်ကြံခံရမှုအတွက် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဇန်နဝါရီ ၃ဝ ရက် နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးသို့ ဖဲကြိုးနက်များတပ်ဆင်ပြီး လွှတ်တော်အစည်းအဝေး တက်ရောက်ခဲ့ကြကြောင်း အလဲဗင်းမီဒီယာသတင်းအရ သိရပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က “မနေ့ကဖြစ်သွားတဲ့ ဦးကိုနီကို လုပ်ကြံတဲ့ဖြစ်စဉ်ဟာ ဖြစ်ရိုးဖြစ် စဉ် မဟုတ်ဘူး။ လူမြင်ကွင်းမှာ ဒီလိုလုပ်ကြံတာမျိုးဟာ တနိုင်ငံလုံးအတွက် ဝမ်းနည်းစရာကောင်းပါတယ်။ ပါတီရဲ့ ဥပဒေ အထောက်အကူပြုအဖွဲ့ဝင်လည်းဖြစ်တော့ ပုဂ္ဂိုလ်ရေးအရလည်း ဝမ်းနည်းတယ်။ လုံခြုံရေးအရလည်း ဝမ်းနည်းစရာ ကောင်းတာပေါ့။ အင်မတန် ဝမ်းနည်းစရာကောင်းတဲ့အတွက် ဖဲကြိုးနက် တပ်ဆင်ခဲ့တာပါ” လို့ မီဒီယာများအား ပြောကြားခဲ့ တယ်လို့လည်းသိရတယ်။ ဒါဟာ ဒီမိုကရေစီဝါဒကို ဆက်ဆစ်ဝါဒီလက်သစ်တွေက စိန်ခေါ်ထိုးနှက်လိုက်တာဖြစ်တယ်လို့ ဆိုရင် မမှားနိုင်ပါဘူး။

ဒါကြောင့် “အရေးကြီးပြီ သွေးစည်းကြ” လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရနဲ့တကွ ဝန်းရံထောက်ခံကြသူအားလုံးကို တပ်လှန့်လိုခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ ငြိမ်းချမ်းရေးဆန့်ကျင်သူတွေ၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဆန့်ကျင်သူတွေ၊ စစ်အာဏာရှင်စနစ် ဘက်တော်သားတွေ၊ ဆက်ဆစ်ဝါဒီတွေ မပါ ပါဘူး။ ၁၉၄၇ ခုနှစ် ဂျူလိုင်လ ၁၃ ရက်နေ့က ဗိုလ်ချုပ် အောင်ဆန်း နောက်ဆုံးပြောကြားသွားတဲ့ မိန့်ခွန်းထဲက စကားအတိုင်းပြောရရင် တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေးဟာ အရေးအကြီးဆုးံဖြစ်ပါတယ်။

“တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသားလူထု ညီညွတ်ရေး၊ စားဖားသမားတွေ ညီညွတ်တာ ကျုပ်မလို ချင်ပါ ဘူး။ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းသူ ပြည်သား လူထု ညီညွတ်ရေး။ အဲဒီ ညီညွတ်ရေးနှစ်ခု မရှိသမျှ ကာလ ပတ်လုံး၊ ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်ငြားသော်လည်းပဲ၊ ဘယ်ပါတီ တက်တက် ဘယ်အစိုးရလုပ်လုပ် ဖာသည် နိုင်ငံ ဖြစ်နေမှာပဲ။ အဲဒီလိုပဲ ကျွန်တော် ပြောချင်တယ်။ အဲဒီတော့ကာ ဒီနှစ်ခုကို ခင်ဗျားတို့က မပျက်ပါစေနဲ့။ ဘယ်သူက ဘာလုပ်လုပ် မပျက်ပါစေနဲ့။ အဲဒါ အင်မတန်အရေးကြီးပါတယ်။” လို့ ဗိုလ်ချုပ်အောင်ဆန်းက မိန့်ကြားခဲ့တာကို သတိရကြ ဖို့ဖြစ်ပါတယ်။

အခု ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီလ ၃ဝ (တနင်္လာနေ့) က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ကြေညာချက်မှာ “အင်ဒိုနီးရှားနိုင်ငံတွင် ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၉ ရက်နေ့အထိကျင်းပခဲ့သော အ ကြီးတန်းခေါင်းဆောင်မှုအစီအစဉ်ကို တက်ရောက်ခဲ့သည့် ဦးကိုနီ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး) သည် ၂၉ - ၁ - ၂ဝ၁၇ ရက်နေ့ စင်္ကာပူလေဆိပ်မှတစ်ဆင့် မြန်မာနိုင်ငံသို့အပြန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ယင်းနေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် ဦးခေါင်းအား ပစ္စတိုသေနတ်ဖြင့် အနီးကပ်ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် နေရာတွင်ပင် သေဆုံးခဲ့ရပါသည်။”

“ကနဦးစစ်ဆေးချက်များအရ ဤဖြစ်ရပ်သည် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ် ဆောင်ရွက် ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေး မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့မှု အခြေအနေများပေါ်မူတည်၍ လုံခြုံရေး အစီအမံများကိုလည်း အထူးအလေးထား၍ ဆောင်ရွက်လျက်ရှိပါသည်။”

“သို့ပါ၍ ပြည်သူများအနေဖြင့် ဤဖြစ်စဉ်ကြောင့် အထိတ်တလန့်မဖြစ်ဘဲ တည်ငြိမ်အေးချမ်းစွာ နေထိုင်ကြရန်၊ ဘာသာရေး နှင့်လူမျိုးရေး သွေးထိုးမှုများကို အထူးဂရုပြုကြရန်၊ ယခုလုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ဖြစ်စေ၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှုများနှင့်စပ်လျဉ်း၍ဖြစ်စေ ထူးခြားမှုများတွေ့ရှိပါက တာဝန်ရှိသူများထံ အမြန်ဆုံးဆက်သွယ် အသိပေးကြပါရန် မေတ္တာရပ်ခံလျက် သတင်းထုတ်ပြန်အပ်ပါသည်။”   စသဖြင့် ဖေါ်ပြထားပုံအရလည်း ဦးကိုနီလုပ်ကြံမှုရဲ့ နောက်ကွယ်မှာ အလွန်ရက်စက်ရိုင်းစိုင်းတဲ့ လက်မည်းကြီးတွေ ရှိနေနိုင်တာ ထင်ရှားနေတယ်။ ဒါကြောင့် နိုင်ငံတော်သမ္မတ ရုံးက နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်းလို့ သုံးသပ်ခဲ့တာ တွေ့ရတယ်။

ဦးကိုနီ လုပ်ကြံခံရခြင်းဟာ ပါတီအတွက်သာမက နိုင်ငံတော်အတွက် ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံ့ခေါင်းဆောင်များ၏ လုံခြုံရေးကို အထူးကြပ်မတ်ထားသင့်တယ်လို့ အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းကပြောကြောင်း 7Day Daily News မှာ ဖေါ်ပြပါတယ်။

တရားလွတ်တော် ရှေ့နေကြီး ဦးကိုနီ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ကိစ္စအပေါ် ပြင်းထန်စွာကန့်ကွက် ရှုတ်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee ကလည်း ဇန်န ဝါရီလ ၃ဝ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ကြောင်း VOA သတင်းအရ သိရပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂကလည်း ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့အပေါ် ပြစ်တင်ရှုတ်ချကြောင်း တနင်္လာနေ့က ကုလသ မဂ္ဂမှာကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း အတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရ Stephane Dujarric က ပြောခဲ့ကြောင်း လည်း ဗွီအိုအေသတင်းက ဖေါ်ပြပါတယ်။

“NLD ပါတီရဲ့ ဥပဒေအကြံပေးလည်းဖြစ်၊ အထင်ကရ ရှေ့နေကြီးတဦးလည်းဖြစ်တဲ့ ဦးကိုနီ ယမန်နေ့က လုပ်ကြံ သတ်ဖြတ် ခံရမှုအပေါ် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နည်းတူ ကုလသမဂ္ဂအနေနဲ့ ပြစ်တင် ရှုတ်ချပါတယ်။ ဦးကိုနီ ကွယ်လွန်သွားတဲ့အတွက် မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ထပ်တူဝမ်းနည်း ကြေကွဲရပါကြောင်းလည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောထားပါတယ်။ ဒါ့အပြင် ဦးကိုနီ ဘာကြောင့်လုပ်ကြံ သတ်ဖြတ်ခံရတယ်၊ သေနတ်သမားရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိတယ်ဆိုတာကို အစိုးရအနေနဲ့ အသေစိတ် စုံစမ်း စစ် ဆေးဖို့လိုအပ်ကြောင်းလည်း အထူးကိုယ်စားလှယ်က တိုက်တွန်းထားပါတယ်။” လို့ Stephane Dujarric က ဗွီအိုအေ သတင်းကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ ဥပဒေအကြံပေးဖြစ်သူ ရှေ့နေကြီးဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အထူး ဝမ်းနည်းကြောင်း အာဆီယံလွှတ်တော်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR) ရဲ့ ဥက္ကဋ္ဌ မလေးရှား လွှတ်တော်အမတ် Charles Santiago က ဦးကိုနီ ကွယ်လွန်သွားတာဟာ အာဆီယံအဖွဲ့ကြီးအတွက်ရော မြန်မာနိုင်ငံအတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးဖြစ်ကြောင်း၊ သူဟာ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဝါရင့်ပုဂ္ဂိုလ်တဦးဖြစ်သလို လူ့အခွင့် အရေး အတွက် မားမားမတ်မတ် ရပ်တည်ခဲ့သူဖြစ်ကြောင်း၊ သူ အခုလိုကွယ်လွန်သွားတဲ့အတွက် မိသားစုဝင်တွေ၊ မြန်မာ ပြည်သူ တွေနဲ့အတူ အထူးဝမ်းနည်းကြေကွဲရပါကြောင်း၊ ဇန်နဝါရီလ ၂၉ ရက်နေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တာ တွေ့ရပါ တယ်။

ဦးကိုနီဟာ အင်ဒိုနီးရှားနိုင်ငံမှာ Harvard တက္ကသိုလ်နဲ့ အင်ဒိုနီးရှားအစိုးရတို့က ပူးတွဲကျင်းပတဲ့ “အင်ဒိုနီးရှား ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွေ့အကြုံ” မျှဝေတဲ့အစီအစဉ်ကို တက်ရောက်ပြီးအပြန် ရန်ကုန်လေဆိပ်အရောက်မှာ လုပ်ကြံ သတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့နိုင်ငံကအပြန်မှာ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုတဲ့ သ တင်းကြားရတဲ့အတွက် ဝမ်းနည်းကြေကွဲကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဌာန ပြောခွင့်ရ Arrmanatha Nasir က ပြော ကြောင်း ဗွီအိုအေသတင်းက ဖေါ်ပြပါတယ်။

“ပထမဆုံးအနေနဲ့ သူ အခုလိုသေဆုံးသွားတဲ့အတွက် ကျန်ရစ်သူမိသားစုနဲ့အတူ မြန်မာအစိုးရကို ဝမ်းနည်းကြေကွဲကြောင်း ပြောကြားလိုပါတယ်။ အခု သေဆုံးသွားသူဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အတွေ့အကြုံတွေကို မျှဝေဖို့ Harvard တက္ကသိုလ်ရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဌာနနဲ့ အင်ဒိုနီးရှား အစိုးရတို့က ပူးတွဲကျင်းပတဲ့အစီအစဉ်တခုကို တက်ရောက်ခဲ့သူ ဖြစ်ပါတယ်။ ဒါဟာ အင်မတန် အင်မတန် အံ့သြတုန်လှုပ်စရာကောင်းတဲ့ သတင်းဆိုးတခုပါ။ ဒီဖြစ်ရပ် ကြောင့် မြန်မာအစိုးရနဲ့ မြန်မာပြည်သူတွေ ကြိုးစားလုပ်ဆောင်နေတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ပြုပြင်ပြောင်းလဲမှုနဲ့ အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေကို နှောင့်နှေးကြန့်ကြာမှု မဖြစ်ပါစေနဲ့လို့ ကျနော်တို့ မျှော်လင့်ပါတယ်။” လို့ အင် ဒိုနီးရှား နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Arrmanatha Nasir က ပြောပါတယ်။

Harvard တက္ကသိုလ် ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဌာနကလည်း ဦးကိုနီ အခုလို ရုတ်တရက် လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ အတွက် အံ့သြတုန်လှုပ်မိကြောင်း၊ ပြစ်မှုကျူးလွန်သူတွေကို တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ဖို့ တိုက်တွန်း ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရတဲ့ကိစ္စဟာ ဖက်ဆစ်ဝါဒ သို့မဟုတ် လက် နက်အားကိုး အာဏာစိုးမိုးရေးဝါဒ မြန်မာနိုင်ငံမှာ ကျန်ရှိနေသေးကြောင်း နိမိတ်ပြနေခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ရဲ့စကားကို ကိုးကားလိုပါတယ်။

“ဒါနဲ့ပတ်သက်ပြီးတော့ မြင်တာက အဲဒီအပြင် နိုင်ငံရဲ့လုံခြုံရေးပေါ့နော်။ လုံခြုံရေးဟာ ဒီအတိုင်းဆိုရင် အင်မတန်မှ သတိ ထားဖို့ ကောင်းနေပြီ။ လုံခြုံရေးဟာ အရင်တုန်းက ဒါမျိုးက ဖြစ်ရိုးဖြစ်စဉ် မရှိခဲ့ဖူးတဲ့အတွက် ခပ်ပေါ့ပေါ့နေလို့တော့ မဖြစ် တော့ဘူး။ ဘာလို့ဆိုတော့ နိုင်ငံမှာ စွမ်းဆောင်ရည်ရှိကြတဲ့ နိုင်ငံအတွက် အရေးကြီးတဲ့ပုဂ္ဂိုလ်တွေရဲ့လုံခြုံရေးကိုလည်း ဒါဟာ မျက်ရိပ်ပြလိုက်သလို ဖြစ်သွားတယ်။ ဒါဟာ နိုင်ငံတော်အနေနဲ့ အထူးဂရုစိုက်ရတော့မယ့် အနေအထားမျိုး ဖြစ်တယ် လို့ မြင်တယ်။ နောက်အခြေအနေက လူပုဂ္ဂိုလ်တစ်ဦးချင်း အနေနဲ့ရော စွမ်းဆောင်ရည်ရှိတဲ့ လူအနေနဲ့ရော နောက် နိုင်ငံ တော်အနေနဲ့ရော ဒါမျိုးတွေ နောက်ထပ်အကြိမ်ကြိမ် မဖြစ်ပွားရအောင် ကြိုတင်ပြီးတော့ သတိထားဆောင်ရွက် ရတော့မယ့် အနေအထားမျိုး ဖြစ်တယ်။ ပြောရရင် ဒီကိစ္စဟာ အင်မတန် ဝမ်းနည်းစရာကောင်းတယ်။ တုန်လှုပ်ချောက် ချားစရာလည်း ကောင်းတယ်။ မဖြစ်သင့်တဲ့ အစဉ်အလာတစ်ခုလည်း ဖြစ်သွားတယ်။ ဆိုချင်တာက ဘဝတစ်ခုကို ပေးဆပ်လိုက်ရတယ်ဆိုတဲ့ သင်ခန်းစာတစ်ခုအတွက် ဘဝတစ်ခုကို ပေးဆပ်လိုက်ရတယ်ဆိုတာဟာ ပေးဆပ်လိုက်ရတဲ့ ကာယကံရှင်များနဲ့ မိသားစုများ အပါအဝင် နိုင်ငံအပေါ်မှာ အများကြီး ထိခိုက်နစ်နာသွားတယ်လို့ ခံစားရပါတယ်” လို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောကြားခဲ့ကြောင်း Daily Eleven သတင်းမှာ ဖေါ်ပြပါတယ်။

အခုလို နေ့ခင်းကြောင်တောင် လူမြင်ကွင်းမှာ  ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ ဥပဒေအကြံပေးဖြစ်သူ ရှေ့နေကြီး ဦးကိုနီ လုပ်ကြံ သတ်ဖြတ်ခံရမှုဟာ “တရားဥပဒေစိုးမိုးရေး” နဲ့ “နိုင်ငံသားများရဲ့ လုံခြုံရေး” ကိစ္စအတွက် အလွန့်အလွန် သံ သယ စိုးရိမ်စရာကောင်းနေပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ယူထားတဲ့ နိုင်ငံတော်လုံခြုံရေး၊ နိုင်ငံသူ နိုင်ငံသား တို့ရဲ့ အသက်အန္တရာယ်လုံခြုံရေးကိစ္စဟာ စိန်ခေါ်မှုကြီးတစ်ခုနဲ့ရင်ဆိုင်နေရပါပြီ။ နိုင်ငံတကာဝင်ပေါက်ဖြစ်တဲ့  ရန်ကုန်အ ပြည်ပြည်ဆိုင်ရာ လေဆိပ်လိုနေရာမျိုးမှာ သေနတ်နဲ့လုပ်ကြံမှုဖြစ်ပွားခဲ့တာကြောင့် နိုင်ငံရဲ့ပုံရိပ် ကျဆင်းခဲ့ရပြီ ဖြစ်တယ်။ နောက်ဆက်တွဲ နိုင်ငံရဲ့ ထိပ်တန်း အရေးကြီးပုဂ္ဂိုလ်များရဲ့ လုံခြုံရေးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ အာမခံနိုင်ပါ့မလားဆိုတဲ့ မေးခွန်းလည်း ပြည်သူလူထုအကြားမှာ ပေါ်ထွက်လာပါတယ်။ ဒါကြောင့် နိုင်ငံတော်လုံခြုံရေးနဲ့နိုင်ငံသားများရဲ့ လုံခြုံရေး ကို နိုင်ငံသားများကိုယ်တိုင် သွေးစည်းညီညွတ်စွာ တာဝန်ယူစောင့်ကြည့်ကြရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ အချိန်မှာ သွေးစည်းကြဖို့ လိုပါတယ်။

နိုင်ငံ တနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးဟာ နိုင်ငံသူနိုင်ငံသား အားလုံးနဲ့ ပတ်သက်တဲ့အတွက် အခုကိစ္စဟာ တရားဥပဒေ စိုးမိုးရေးနဲ့တိုင်းပြည်တည်ငြိမ် အေးချမ်းရေးတို့ကို ခြိမ်းခြောက်တာ ဖြစ်ပါတယ်။ အခု လုပ်ကြံသတ်ဖြတ်မှုဟာ ဦးကိုနီ နဲ့တကွ တရားဥပဒေ စိုးမိုးရေးကိုပါ လုပ်ကြံသတ်ဖြတ်တာ ဖြစ်ပါတယ်။ တစ်ဆက်တစ်စပ်တည်းပြောရရင် အခု လုပ်ကြံမှုဟာ လက်ရှိ NLD အစိုးရရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ပင်လုံငြိမ်းချမ်းရေးညီလာခံအစီအစဉ်တွေကိုလည်း  ဆန့်ကျင်စိန် ခေါ်လိုက်တာဖြစ်ပါတယ်။ ပြည်သူလူထုကို အကြောက်တရားနဲ့ခြိမ်းခြောက် စိုးမိုးလိုတဲ့ သဘောပါပဲ။ ဒါပေမယ့် ပြည်သူ လူထုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကလို ခြောက်တိုင်း ကြောက်မယ်ထင်ရင် မှားပါလိမ့်မယ်။ အခု ဦးကိုနီ လုပ်ကြံသူကို ရှေ့တန်းက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့သူတွေဟာ အသက်ပေး တာဝန်ကျေခဲ့သူ ဦးနေဝင်း (တက္ကစီယာဉ်မောင်း) အပါအဝင် အငှားယာဉ်လုပ်သား သာမန်ပြည်သူများဖြစ်ပါတယ်။ သေနတ်ကိုင် လူသတ်သမားကို လက်နက်မပါတဲ့ ပြည်သူတွေက တာဝန်သိသိ သတ္တိရှိရှိ ဝိုင်းဖမ်းပေးခဲ့တာကိုကြည့်ရင်၊ ပြည်သူလူထုက မတရားမှုတွေ ပေါ်လာခဲ့ရင် လက်ပိုက်ကြည့် နေတော့မှာ မဟုတ်ကြောင်း တွေ့နိုင်ပါတယ်။ ဒါကြောင့် ဦးကိုနီ နဲ့ဦးနေဝင်းတို့ အသက်ပေး ခဲ့ရတဲ့ သင်္ခန်းစာကို စံနမူနာ ထားပြီး နိုင်ငံတော်ရဲ့ ထိပ်တန်းအရေးကြီးပုဂ္ဂိုလ်များ လုံခြုံရေးကိစ္စအတွက် အထူးသတိရှိစေချင်ပါတယ်။ အစိုးရအဖွဲ့လုံခြုံ ရေးရာ တာဝန်ရှိသူများနဲ့တကွ  ပြည်သူလူထုတစ်ရပ်လုံး အနေနဲ့နိုင်ငံတော်ဟာ အရေးပေါ်အခြေအနေမှာရောက်ရှိ နေတာ ဖြစ်လို့ သွေးစည်းညီညွတ်ကြစေလိုပါတယ်။ နိုင်ငံရေးသတိ၊ လုံခြုံရေးသတိ ကြီးစွာထားကြဖို့ နှိုးဆော်လိုကြောင်းပါ။