တူမောင်ညို ● သည်းခံခြင်းမှ ကင်းလွတ်ရေး

တူမောင်ညို ● သည်းခံခြင်းမှ ကင်းလွတ်ရေး
(မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂၀၁၇

“ဘာကြောင့် ပြစ်မှုကျူးလွန်ရသလဲ၊ ပြစ်မှုကျူးလွန်ရတဲ့ရည်ရွယ်ချက်က ဘာလဲ ” ဆိုတဲ့အချက်ကို ဖော်ထုတ်သိရှိနိုင်ရေးဟာ မှုခင်းဗေဒမှာ ပထမနဲ့အခြေခံအကျဆုံး အချက်ဖြစ်တယ်လို့ ဆိုကြပါတယ်။

“ဘာကြောင့် ပြစ်မှုကျူးလွန်ရသလဲ၊ ပြစ်မှုကျူးလွန်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ ” ဆိုတဲ့အချက်ကို ဆုပ်ကိုင်မိပြီ၊ ဖော်ထုတ် သိရှိပြီဆိုရင် ပြစ်မှုကျူးလွန်သူကိုရှာဖော်ထုတ်ဖမ်းဆီးရေး၊ ကြံရာပါတွေနဲ့ကွင်းဆက်တွေဖော်ထုတ်ရေးတွေဟာ မီးခိုးကြွက် လျှောက်ဆိုတာလို လိုက်ဖို့ မခက်ခဲတော့ပါဘူး။

ဦးကိုနီကို လုပ်ကြံသတ်ဖြတ်တဲ့အမှုမှာ ပြစ်မှုကျူးလွန်တဲ့ရည်ရွယ်ချက် ဘာလဲဆိုတာကို တတိုင်းတပြည်လုံးက သိရှိထားပြီး တဲ့အပြင်၊ လုပ်ကြံသတ်ဖြတ်သူ(ဝါ) သေနတ်သမား (ကြည်လင်း) နဲ့ ကြံရာပါ (အောင်ဝင်းဇော်) ကို လက်ရဖမ်းမိထားပြီးပါပြီ။ ဒီတော့  “အစွယ်လိုသူ မိဖုရား - အသွားစေသူ မင်းဧကရာဇ် - လေးပစ်သူက ကျွန်တော်မျိုး ” ဆိုတာလို ကြံဖော်ကြံဖက်ကွင်း ဆက်က ငေါ်လောကြီးကို ပေါ်နေတာပါ။

ဒါကြောင့် လုပ်ကြံသတ်ဖြတ်မှုကို အပြည့်အစုံဖော်ထုတ်ဖို့ကိစ္စဟာ သိပ်ကို လွယ်ကူနေပါပြီ။ ပဟေဠိဖြစ်စရာ ဘာအကြောင်း မှ မရှိပါဘူး။ တစ်ခုတော့ စိုးရိမ်စရာရှိပါတယ်။ ဖမ်းမိထားသူ နှစ်ယောက်စလုံး (သို့မဟုတ်) နှစ်ယောက်ထဲက တစ်ယောက်ဟာ ချုပ်နှောင်ထားရင်း “ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်/နှုတ်ပိတ်သွားတယ်/ စစ်ဆေးရင်းလက်လွန်သွားတယ်”  ဆို တာမျိုး မဖြစ်ဖို့ပါပဲ။ ဒါကို ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ဒီအမှုကို ကိုင်တွယ်စစ်ဆေးနေသူတွေက တာဝန်ယူလိမ့်မယ်လို့ မျှော် လင့်ရပါတယ်။

 ဒါကြောင့် ဒီလုပ်ကြံသတ်ဖြတ်မှုပတ်သက်ပြီး တတိုင်းတပြည်လုံး သိရှိအောင် ဘယ်တော့ထုတ်ဖော် ကြေညာ အသိပေးမလဲ ဆိုတဲ့ အချက်ဟာ ဒီချုပ်ပါတီအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့အမှုလိုက်တွေရဲ့ လက်ထဲမှာပဲရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီအမှုကို တရားရုံးတင်စစ်ဆေးတာမှာလည်း  တရားဥပဒေစိုးမိုးရေးကို တဖွဖွ၊ တသသ ပြောနေတဲ့ ဒီချုပ်ပါတီ အစိုးရ အနေနဲ့ ပြည်သူတွေတက်ရောက်နားထောင်နိုင်အောင်ဖွင့်ပေးဖို့လိုပါတယ်။ ဒီလိုဖွင့်လှစ်ပေးတဲ့အတွက်လည်း ပြစ်မှုကျူးလွန်သူတွေရဲ့ လုံခြုံရေးကို တာဝန်ယူဖို့လိုပါတယ်။ တရားရုံးတင်စစ်ဆေးမှုတွေကို နိုင်ငံပိုင်သတင်းစာတွေမှာ အကျယ်တဝင့် ထည့်သွင်း ဖော်ပြပေးဖို့ လိုအပ်ပါတယ်။

ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုဟာ “ နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှု” ဖြစ်တယ်ဆိုတာကို တတိုင်းတပြည်လုံးက ရှင်းရှင်းလင်း လင်း သိရှိသဘောပေါက်နားလည်ထားပြီးဖြစ်ပါတယ်။ ဒါ့အပြင်အောက်ပါအချက်အလက်တွေတည်ရှိနေတာကို ဦးကိုနီလုပ် ကြံ သတ် ဖြတ်ခံရမှုကနေ အထင်အရှားသိမြင်နိုင်စေပါတယ်။

၁။  ခြိမ်းချောက်လုပ်ကြံသတ်ဖြတ်ရေးဝါဒ (Terrorism) လိုလားသူ၊ ကိုင်စွဲထားသူတွေ၊ အားပေးအားမြှောက်လုပ်နေသူတွေရှိ နေတယ်ဆိုတဲ့အချက်။
၂။ ဒီချုပ်ပါတီအစိုးရဟာ သတိကြီးကြီးမားမားထားပြီးကိုင်တွယ်နေတယ်ဆိုတဲ့အချက်
၃။ စစ်တပ်ပိုင် မြဝတီသတင်းစာက လုပ်ကြံသတ်ဖြတ်ခံရတဲ့သတင်းကို ဇန်နဝါရီ ၃၀ ရက်နေ့ ထုတ်သတင်းစာမှာ သတင်း ဖော်ပြခြင်း မရှိတဲ့အချက် ( သတင်းမဖော်ပြတာကိုယ်၌က စစ်တပ်ရဲ့ သဘောထားဖော်ပြတာဖြစ်တယ်လို့ ယူဆရမှာပါ။ )
၎။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေတဲ့ အချက်

ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုအပေါ် သဘောထားထုတ်ပြန်တဲ့ ကြေညာချက် ၂၉ စောင် ထွက်လာတာတွေ့ရပါတယ်။ ဒီအ ထဲမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၃ ခုပဲပါဝင်တာတွေ့ရှိရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) တို့ပဲဖြစ်ပါတယ်။ (ဗကသ)အဖွဲ့ချုပ်အပါအဝင် ကျောင်းသား သမဂ္ဂ ၅ ဖွဲ့ပါရှိတာလည်း သတိပြုမိပါတယ်။

“ နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှု” ဆိုတာဟာ တနည်းအား  ခြိမ်းချောက်လုပ်ကြံသတ်ဖြတ်ရေးဝါဒ (Terrorism) ကို လက်တွေ့ ကျင့်သုံးတာပါပဲ။အကြမ်းဖက်မူပဲဖြစ်ပါတယ်။

ဒီခြိမ်းချောက်လုပ်ကြံသတ်ဖြတ်ရေးဝါဒ(Terrorism)နဲ့ဒီလိုအပြုအမူကို ဒီမိုကရေစီကိုလေးစားသူတိုင်း၊ တွေ့ဆုံဆွေးနွေးရေး နိုင်ငံရေးယဉ်ကျေးမှုကို လက်ခံထားသူတိုင်းက မူအရ၊တာဝန်အရ  ပြတ်သားစွာဆန့်ကျင် ကန့်ကွက်ရမှာဖြစ်ပါတယ်။ “ နိုင်ငံရေးလုပ်ကြံ သတ်ဖြတ်မှု” (ဝါ) ခြိမ်းချောက်လုပ်ကြံသတ်ဖြတ်ရေးဝါဒ (Terrorism) အပေါ်ထားရှိတဲ့ မိမိတို့နိုင်ငံရေးပါတီအဖွဲ့အစည်းရဲ့ ရပ်တည်ချက်နဲ့ သဘောထားကို တိကျပြတ်သားစွာဖော်ပြဖို့လိုအပ်ပါတယ်။

ဒီလို လုပ်ကြံသတ်ဖြတ်မှုအပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်တဲ့ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း (၂၉) ခု ထဲမှာ ဒုတိယအင်အားအများဆုံးပါတီလို့ဆိုကြတဲ့ (ကြံ့ဖွံ့ပါတီ)ပါဝင်ခြင်းမရှိဘူး။ ဒါ့အပြင် ကြံ့ဖွံ့ပါတီနဲ့မိတ်ဖက်ပါတီတွေဖြစ်တဲ့ (တစည) ပါတီနဲ့ (ကျားဖြူ) ပါတီတို့လို “တိုင်းရင်းသားပါတီ” တွေလည်း ပါဝင်ရှိခြင်းမရှိပါဘူး။

ဥပမာ “ကာလုံ” အစည်းအဝေးခေါ်ပေးဖို့တောင်းဆိုတဲ့ ၁၃ ပါတီအုပ်စုထဲက နိုင်ငံရေးပါတီတွေ မပါဘူး။ တချို့ကတော့ ဒီလိုဖြစ်တာကို ကြိတ်ပြီး အားရ ကျေနပ်နေလို့ သို့တည်းမဟုတ် အောင်ပွဲခံနေလို့လည်းဖြစ်ချင်ဖြစ်နိုင်ပါတယ်။

တိုင်းရင်းသားပါတီတွေကလည်း ငါတို့နဲ့မဆိုင်၊ ငါတို့အရေးမဟုတ်ဆိုပြီး၊ မဆိုင်သလိုနေတာလည်းဖြစ်နိုင်သလို၊ သူတို့ရဲ့ “ --- တိုင်းရင်းသားပါတီ” ဆိုတဲ့ ကန့်သတ်ချက်ကြောင့်လည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။

ကြံ့ဖွံ့ပါတီရဲ့ အာဘော်၊ သဘောထားလို့ယူဆမှတ်ယူရမယ့်မှတ်ချက်စကားကိုတော့ (ဗိုလ်) ဦးခင်အောင်မြင့် (ယခင် အမျိုး သား လွှတ်တော်ဥက္ကဋ္ဌဟောင်း/ ကြံ့ဖွံ့ပါတီဗဟိုနာယကအဖွဲ့ဝင်) ဆီကနေ ကြားရပါတယ်။

သူ့အာဘော်နဲ့လေသံက “ဆင်သေကို ဆိတ်ရေနဲ့ဖုံးချင်တဲ့သဘော” ပါပဲ။ “သေမထူးနေမထူး ရာဇဝတ်ကောင်တွေရဲ့ မိုက် ရူးရဲ သတ်ဖြတ်မှု” လို့ နှပ်ကြောင်းပေးချင်တဲ့ဆန္ဒလည်း ရှိပုံပေါ်ပါတယ်။ “ဧည့်စာရင်းကိစ္စ” ကို ရမယ်ရှာပြပြီး၊ လက်ရှိအချိန်မှာ “လုံခြုံရေးအား နည်းနေတယ်” လို့ဆိုတော့ ဒါဟာ ကြံ့ဖွံ့ပါတီကပြောဆိုချက်ကို ပဲ့တင်ထပ်ပြနေ တာပဲဖြစ်ပါတယ်။ သူ့အပြောနဲ့သူ့သဘောကို နိဂုံးချုပ်ကြည့်လိုက်တော့ “နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှု” ကို“သေမထူးနေမထူး ရာဇဝတ်ကောင် တွေ ရဲ့မိုက်ရူးရဲလုပ်ရပ်အဖြစ်” အတင်းဖုံးကွယ် ဇာတ်သိမ်းပစ်ချင်တာဖြစ်တယ်လို့ တွေ့ရပါတယ်။ မြင်လွယ်အောင်ပြောရရင် (ဗိုလ်)ဦးခင်အောင်မြင့်သဘောက “လေးပစ်သူ” အပေါ် အကုန်ပုံချပြီး၊ စတေးပစ်ပြီး၊  “အစွယ်လိုသူနဲ့ အသွားစေသူ” ကို ဖုံးကွယ်ပေးဖို့ဖြစ်တယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှုတ်ဆိတ်နေတဲ့ကိစ္စကလည်း ပြောစရာဆိုရာကိစ္စကြီးလို့နေပါတယ်။ ဈာပနလိုက်မပို့နိုင်တာကို လုံခြုံရေးအရ အားလုံးက နားလည်ပေးနိုင်ပါတယ်။ “ပန်းခြင်းကလေး” တောင် မပို့တဲ့အဖြစ် ကတော့ မေးခွန်းထုတ်စရာပါ။ ဝေဖန်စရာပါ။ လက်ခံနိုင်စရာအကြောင်းမရှိပါဘူး။ နှိုင်းယှဉ်စရာတော့ မဟုတ်ပါဘူး။ အများ သူငါ ထောက်ပြနေကြတဲ့အချက်ကတော့  ဦးအောင်သောင်းလိုလူသေတော့ လူကိုယ်တိုင်သွားတယ်၊ ပန်းခြင်းပို့ခဲ့တယ်ဆိုတာ အထင်အရှားပဲ မဟုတ်ပါလားတဲ့။

တချို့ကလည်း ဦးကိုနီဟာ (NLD) ပါတီဝင်မို့ ဈာပနသွားရင်၊ ပန်းခြင်းပို့ရင် ပါတီနိုင်ငံရေးလုပ်သလိုဖြစ်မှာစိုးလို့တဲ့ ဆိုပြီး ဖာထေးကြ၊ ကာကွယ်ကြပါတယ်။ နိုင်ငံတော်သမ္မတက ပြည်တွင်းစစ်မှာ တိုက်ခိုက်သူတွေကို “သူရဘွဲ့တွေ ကိုယ်တိုင်ပေး အပ်နေရတဲ့အဖြစ်”  အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ ကိုယ့်ပါတီဝင်လုပ်ကြံသတ်ဖြတ်ခံရလို့သေရတာမှာ “ပန်းခြင်းမပို့နိုင်တဲ့အ ဖြစ်” တွေဟာ တယ်လည်း ဆိုးလှပါကလား။

“သည်းခံသင့်တဲ့နေရာမှာလည်း သည်းခံပါ။ သည်းမခံသင့်တဲ့နေရာမှတော့ သည်းမခံပါနဲ့” လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က  ပခုက္ကူ မြို့နယ်၊ စံပြကြီးကျေးရွာ မှာ (ဇန်နဝါရီ ၂၅ ရက်နေ့)  အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသွားတာကြားရပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် အနေနဲ့လည်း “သည်းခံသင့်တဲ့နေရာမှာ သည်းခံပါ၊ သည်းမခံသင့်တဲ့နေရာမှာတော့ သည်းမခံပါနဲ့” လို့ (မိကျောင်းမင်း ရေကင်းပြတယ်လို့ ဆိုချင်လည်း ဆိုပါ) ပြန်လည်မေတ္တာရပ်ခံလိုက်ပါတယ်။

ညွှန်း
- မြန်မာ့အလင်းသတင်းစာ (၂၆-၁-၂၀၁၇)
- RFA (၂-၂-၂၀၁၇) “ ဦးကိုနီကို လုပ်ကြံတာဟာ နိုင်ငံတော်ကို ခြိမ်းခြောက်တာဖြစ်”