လင်းသက်ငြိမ် ● စစ်ရှောင်စခန်း


လင်းသက်ငြိမ် ● စစ်ရှောင်စခန်း
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂ဝ၁၇

လက်ဆွဲနှုတ်ဆက်လိုက်ရုံနဲ့
ခြေထောက်တွေလက်တွေ
အသစ်ပြန်မထွက်လာဘူးဆိုတာသိပါတယ်
တဖက်နဲ့တဖက် ဝါဒဖြန့်ရင်းမြက်ပင်တွေ ကြေမွ
တနေ့သေကြမယ့်လူချင်းအတူတူ
သေမင်းကို အပြိုင်အဆိုင်အလုပ်အကျွေးပြုလို့
ပိုက်ဆံတွေနဲ့ပစ်လိုက်တာ သေချာတယ်
နှစ်ဖက်စလုံးအကျအရှုံးတွေကြား
တတိယလူတွေရဲ့ ပိုက်ဆံတွေဟာ
တွင်းကြီးထဲ အရှိန်နဲ့ထိုးဆင်း
တရားသောစစ်လည်း လူသတ်တာ အသေအချာပဲ
သတင်းတွေဟာ ကြေးစည်ထုပြီး
ငိုသံရှည်ကြီးနဲ့မြည်ဟီး
ဆုတောင်းပွဲတွေဟာ အသက်ငင်နေကြတုန်း
အသက်ဝင်နေကြတုန်း
မနက်ဖြန်သီချင်းထဲ
သာယာသံတွေထည့်မစပ်ကြရတော့ဘူးလား
ခေတ်မမီတော့တဲ့ လူလူချင်းအမဲလိုက်ခန်းတွေ
အစဉ်အလာဖြစ်နေတဲ့ ရန်ငြိုးအာဃာတတွေ
သူများပြားလို့လိုက်ပြားနေတဲ့ကမ္ဘာကြီးလား
အတွေးအခေါ်မှာ အခုထိသွေးညှီနံ့တွေစွန်းပေလို့
ဘုရားသခင်လည်း လာမတားဘူးဆိုပြီးဆက်မှားနေကြဆဲလား
မာရ်နတ်စိတ်ထားနဲ့ ဘယ်အခါမှတရားထူးမရနိုင်တဲ့အကြောင်း
မိုးကာတဲထဲက ဘဝတွေက အပီအပြင် ဖော်ပြ။

လင်းသက်ငြိမ်