မိုက်ခဲစိန် - အမေရိကားမှာ သမ္မတက တဖက်၊ သူတို့က တဖက်



မိုက်ခဲစိန် - အမေရိကားမှာ သမ္မတက တဖက်၊ သူတို့က တဖက်
(မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၁၇

မိုက်ခဲစိန်လည်း တခြားသတင်းတွေ မရေးရဘူး။ အမေရိကားမှာ ဟော့ဖြစ်နေတဲ့ သမ္မတကြီး ထရန့်၏ တနေ့စာ အလွဲများ၊ တပတ်စာ အလွဲများကနေ တလစာအလွဲများအထိ ဆက်ရေးနေရမလား မသိ။ အယင်တပတ်က တင်ပြခဲ့သလို ထရန့်က အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက်က ၇ နိုင်ငံကို လူဝင်မှု ပိတ်ပင်လိုက်တယ်။ ပြည်ထောင်စု တရားရုံးက တရားသူကြီးတွေက သမ္မတအမိန့်ကို ပြန်တားဆီးတဲ့ အမိန့်ထုတ်လိုက်တယ်။ ပထမပတ်မှာ သမတကြောင့် ပြည်ဝင်ခွင့်အပိတ်ခံထားရတဲ့ ဧည့်နိုင်ငံသားတွေ၊ ဗီဇာနဲ့သူတွေ တရားသူကြီးက ခြွင်းချက်အမိန့်နဲ့ နောက်တပတ်မှာ ပြန်ဖွင့်ပေးတုန်း အပြေးအလွှား ပြည်ဝင်ကြရတယ်။ သမတကြီးက ဆန်ဖရန် ပြည်ထောင်စုတရားရုံး အောက်ရုံးမှာ အယူခံဝင်နေတယ်။ အတိုက်အခံတွေကော နည်းပညာကုမ္ဗဏီတွေကပါ သမ္မတကြီးရဲ့ တချက်လွှတ်အမိန့်တွေဟာ အမေရိကန်ရဲ့ အခြေခံဥပဒေကို ချိုးဖောက်တယ် ဆိုပြီး ဝေဖန်ကန့်ကွက်ပြီး ပြန်လည် တရားစွဲထားကြပါတယ်။ အမှုကတော့ ကြီးတယ်လို့ မှတ်ချက်ပြုရမှာပါ။

သမတကြီးက လူတွေ သိန်းချီပြီး ပြည်ဝင်ခွင့်ပြုထားစဉ်မှာ လူ ရာဂဏန်းလောက်လေးကို ကန့်သတ်တာ လူတွေက အထိမခံ ဖြစ်နေတယ်လို့ တုန့်ပြန်ပါတယ်။ သမတကြီးက ဧည့်သည်တွေတင် မဟုတ်ပါ၊ နိုင်ငံခြားက ဒုက္ခသည်တွေအားလုံးကိုပါ ယာယီတားမြစ်မိန့် ထုတ်ထားတာပါ။ ဆီးရီးယားက ဆိုလိုကတော့ “အန်ကယ်ကတော့ နိုးပါ” ဆိုပြီး ပစ်ပယ်လိုက်တာပါ။ အမေရိကန်မှာ ဒုက္ခသည်တွေကို လက်ခံရာမှာ အကြီးအကျယ် စစ်ဆေး ဆန်ခါတင်ပြီးမှာ လနဲ့ နှစ်နဲ့ ချီပြီးမှ ပြည်ဝင်ခွင့်ပေးတာမို့ အခုလို ပိတ်ပင်လိုက်တာဟာ ပြည်ဝင်ခွင့်ရပြီးသား ဒုက္ခသည်တွေအတွက်ကော အစိုးရ လုပ်ငန်းစဉ်တွေအတွက်ပါ အများကြီး နစ်နာတယ်လို့ ဝေဖန်ခံနေရပါတယ်။

ခုချိန်မှာတော့ ပြည်ထောင်စုတရားသူကြီးက သမတအမိန့်ကို ဥပဒေအရ တားထားတုန်းလေး ဧည့်နိုင်ငံသားတွေ၊ ဗီဇာတရားဝင် ကိုင်ဆောင်ထားသူတွေ ပြန်လည် ၀င်ရောက်လာတာကို အမေရိကန်ပြည်သူအများက လေဆိပ်တွေမှာ သောင်းသောင်းဖြဖြ ကြိုဆိုကြပါတယ်။ အမေရိကန်က ပြည်သူတွေက တခြားတိုင်းပြည်တွေက လာပြီး အခြေချသူတွေချည်းပါ။ အမေရိကန်သားဆိုတာ နေမင်း လမင်းကြီးက ဆင်းသက်တဲ့ ၊ နတ်တွေ ဗြဟ္မာကြီးတွေက ဆင်းသက်တဲ့၊ သီးခြားအမျိုးအဆွေတွေ မဟုတ်ပါ။ သည်တော့ immigrant တွေကို immigrant တွေက ၀ိုင်းဝန်းကြိုဆိုတာ မဆန်းပါ။ immigrant တွေက နောက်ဝင်လာတဲ့ immigrant တွေကို လက်မခံတာ ငြင်းပယ်တာကသာ ဆန်းတာပါ။ ရှက်ဖွယ်လိလိပါ။

အထူးသဖြင့်ကတော့ လူဖြူတွေ ကြီးစိုးပြီး အလုပ်လက်မဲ့ ပေါများ၊ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်လှတဲ့ rual လို့ ခေါ်တဲ့ ကျေးလက် တောရွာ မြို့ငယ်တွေမှာ သူတို့တွေသာ အမေရိကန်တွေ ဖြစ်တယ်ဆိုတဲ့ ခေါင်းမာ အစွန်းရောက် စိတ်ထားရှိသူများ ကြီးစိုးတာပါ။ အသားမဖြူလို့ကတော့ ဒုတိယတန်းစားလူတွေလို့ သူတို့က သဘောထားပါတယ်။ အဲသည်နေရာတွေက အမေရိကန် အလယ်ပိုင်း ပြည်နယ်တွေများပါတယ်။ စီးပွားရေး ကျဆင်းနေလို့ ပြည်ထောင်စု အကူအညီနဲ့ ရပ်တည်နေရတာ၊ ပြည်ထောင်စုက ပေးတဲ့ subsidy လို့ခေါ်တဲ့ ရှားပါးစာရိတ်၊ ထောက်ပံ့ရေး အကူအညီတွေနဲ့ ရပ်တည်နေရသူတွေ များပါတယ်။ မာနက ကြီးတော့ သူတို့က အဲသည်လို လူမျိုးမဟုတ်ဘူးလို့ သူတို့က ယူဆပါတယ်။

အဲသည် တပတ်အတွင်းမှာ အဲသည်ပြည်နယ်တွေက မြို့ငယ် ကျေးလက်တွေက ဆေးရုံတွေ ဆေးခန်းတွေဆီကို ဆရာဝန်တွေ ရောက်မလာတော့ပါဘူး လို့ သတင်းတွေက ဆိုကြပါတယ်။ ဘာကြောင့်ဆိုတော့ အဲသည်ပြည်နယ်တွေက ဆေးခန်း ဆေးရုံမှာ အလုပ်လုပ်တဲ့ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေက ဧည့်နိုင်ငံသားတွေက အများဆုံးဖြစ်နေလို့ပါ။ သူတို့တွေကို တချက်လွှတ် ပြည်ဝင်ခွင့် ပိတ်လိုက်တော့ သူတို့တွေဆီကို ကျန်းမာရေးစောင့်ရှောက်မှု အရောက်လာဖို့ပါ ခက်ကုန်တာပေါ့။ ဒါ့အပြင် ခေါင်းမာ အစွန်းရောက်တွေကလည်း သမတကြီး ထရန့်အားကိုးနဲ့ လူဖြူမဟုတ်သူတွေအပေါ် မောက်မောက်မာမာ ဆက်ဆံမှုတွေ ရိုင်းစိုင်းမှုတွေ တိုးပြီး လုပ်လာတယ်၊ ရန်စတာတွေ ကျုးလွန်လာတယ်လို့ အဲသည်ဒေသတွေက သတင်းတွေမှာ ကြားလာရပါတယ်။ သည်တော့ အဲသည်က လူဖြူမဟုတ်သူတွေထဲက ပညာရှင်၊ လုပ်ငန်းရှင်၊ ဆရာဝန်၊ ကျန်းမာရေးပညာရှင်တွေ၊ ကျောင်းသားတွေ ၊ မိဘတွေက အဲသည်လို ပြည်နယ်တွေကနေ စွန့်ခွာပြီး သဘောထားကြီးတဲ့ အမေရိကန် အရှေ့ခြမ်း အနောက်ခြမ်းတွေ ကို ပြောင်းဖို့ ပြင်ဆင်နေကြောင်းပါ ပြောကြဆိုကြပါတယ်။ ကြားရတာ စိတ်မကောင်းစရာပါ။

ထရန့်ကြီးကတော့ မလျော့ထဲကပါပဲ။ အခုလို တရားဥပဒေဘောင်ထဲက တုန့်ပြန်တာကို သူက ဆတ်ဆတ်ခါ နာပါတယ်။ သူသိ သူတတ် သူနားလည်လို့ လုပ်တာ၊ သူက လက်နဲ့ ရေးတာ ခြေနဲ့ ဖျက်တယ်လို့ နင့်နင့်သီးသီး ပြန်ပြောပါတယ်။ တရားသူကြီးတွေက ဘာမှ နားမလည်ဘူး၊ တိုင်းပြည်ကို ချောက်ထဲ တွန်းချနေတယ် ဘာညာနဲ့ ထုံးစံအတိုင်း သူ့ တွစ်တာထဲကနေ ရေးလိုက်ပါသေးတယ်။ အခု ကြားရတဲ့ သတင်းတွေအရ သမတကြီး ထရန့်ဟာ မီဒီယာတွေကို စစ်ကြေညာထားသော်လည်း မီဒီယာတွေရဲ့ သူ့အကြောင်း ရေးသား ဖော်ပြတာကို အငမ်းမရ စောင့်ကြည့် တပ်မက်ပါတယ်။ သူ့ကိုယ်သူ မင်းသားလိုမျိုး ၀ိုင်းဝန်း စောင့်ကြည့် ပြောဆိုတာကို မျှော်လင့်နေတယ်လို့ ဆိုပါတယ်။ သူ့အိမ်ဖြူတော်မှာလည်း သူရဲ့ အောင်မြင်မှုတွေ သူများတွေ ချီးမွန်း မြောက်ပင့်တာတွေနဲ့ တန်ဆာဆင်ဖို့ ကြိုးစားနေတယ်လို့ သတင်းတွေက ရေးကြပါတယ်။

သမတကြီး ထရန့်ဟာ သူ့အိမ်ဖြူတော်ဝန်ထမ်းတွေနဲ့ အချင်းချင်း ရန်တိုက်ပေး၊ လူတွေကို ခွဲခြား ပစားပေးပြီး သွေးခွဲ ဆက်ဆံတာတွေ အလွန်လုပ်တာကြောင့် ၀န်ထမ်းတွေဟာ မစည်းမလုံး ဖြစ်ရတယ်။ သူထက်ငါ မီဒီယာတွေဆီကို သတင်းမှန်တွေ သတင်းမှားတွေ လုပ်ကြံသတင်းတွေ ခိုးဝှက်ပေးပြီး သမတကြီးကို မျက်နှာလုပ်ကြတယ်လို့ ဆိုပါတယ်။ မီဒီယာတွေဟာလည်း သတင်းတလွဲတွေနောက် လိုက်ရင်း လမ်းမှားရောက်ကုန်မယ်လို့ စောင့်ကြည့်သူတွေက ဝေဖန်နေကြပါတယ်။ အခုဟာက ရုပ်မြင်သံကြားဇာတ်လမ်း အခန်းဆက် ကြည့်နေရသလို ဖြစ်နေတယ်လို့ ပရိသတ်က ဆိုကြပါတယ် ခင်ဗျား။

အခုချိန်မှာတော့ဖြင့် အမေရိကားမှာ သမတကြီးက တဖက် ဒီမိုကရေစီနဲ့ လူ့တန်ဖိုးကို အလေးထားတဲ့ ပြည်သူတွေက တဖက် လွန်ဆွဲနေတယ်လို့ ဆိုရမှာ ဖြစ်ပါတော့တယ်။ အရင်တုန်းကတော့ မြန်မာပြည်မှာ စောမောင်၊ ခင်ညွန့်တို့ မိန်ခွန်းတွေနဲ့ လူတွေဟာ အတော် စိတ်ဆင်းရဲခဲ့ရပါတယ်။ ဘ၀တွေပျက် တိုင်းပြည်လည်း ပျက်ခဲ့ရပါတယ်။ သန်းရွှေခေတ်၊ သိန်းစိန်ခေတ်မှာလည်း ရမ်းကားတဲ့ သူ့လူတွေရဲ့ အပြော အဆို လုပ်ကိုင်ပုံတွေနဲ့ မြန်မာပြည်သူတွေနဲ့ ပဋိပက္ခ အငြင်းပွားကြရပါတယ်။ ဒုက္ခပင်လယ် ဝေခဲ့ကြရပါတယ်။ အခုမှာတော့ အမေရိကန်တွေလည်း အဲသည်လိုမျိုး မြန်မာပြည်ကလူတွေကို သူတို့ ကိုယ်ချင်းစာတတ်ကြတော့မှာပါ။

နောက်သိပ်မကြာခင် "အမေရိကန်ကလူတွေ ထမင်း တနပ်လျော့စား" ဆိုပြီး ပြောဆိုတာ ခံချင် ခံနေရတော့မှာလေ။