ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ခင်စန္ဒာမြင့် - ရိုက်ချိုးရမယ့် စံနှုန်းများ



ခင်စန္ဒာမြင့်  - ရိုက်ချိုးရမယ့် စံနှုန်းများ
(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၁၇


မြန်မာပြည်မှာ ယောက်ျားနဲ့မိန်းမ အမိဝမ်းတွင်းသန္ဓေသားဘ၀ကပင် ခွဲခြားဆက်ဆံမှုကိုခံနေရတယ်ဆိုတာကို စေ့စေ့တွေးတဲ့သူမှန်ရင် ဘယ်သူမှ ငြင်းဆိုင်နိုင်မယ် မထင်ပါ။ ဒါပေမယ့်တချို့လူတွေကတော့ မြန်မာနိုင်ငံကအမျိုးသမီးတွေကို ဘယ်သူကဘာတွေတားဆီးနေလို့လဲ၊ အားလုံးတန်းတူရနေတာပဲလို့ ပြောကောင်းပြောနိုင်ပါတယ်။

အရပ်ထဲမှာ ကိုယ်ဝန်သည်အမျိုးသမီးတယောက်ကိုတွေ့လိုက်တာနဲ့ "ဘာလေးလဲ"လို့ မေးကြပါမယ်။ ယောက်ျားလေးလို့ ဆိုလိုက်တာနဲ့တပြိုင်နက် မေးတဲ့သူကလည်းချီးကျူးဂုဏ်ပြုကြသလို၊ အမေးခံရသူကလည်း သားယောက်ျားလေးမိခင်ဖြစ်ရမှာမို့ မြင့်မြတ်သူအဖြစ် ယူဆလိုက်တာပါပဲ။
ဆန့်ကျင်ဖက်အားဖြင့်မိန်းကလေးလို့ ဆိုလိုက်တာနဲ့တပြိုင်နက် မေးတဲ့သူကလည်း "တဂိုးသွင်းခံရပြီနော်" လို့ နောက်ပြောင်တတ်သလို၊ အမေးခံလိုက်ရသူမှာလည်း သူ့ကိုယ်သူအရှုံးသမားအဖြစ် ခံယူလိုက်တတ်ကြပါတယ်။
လူမှုဝန်းကျင်က ပညတ်ထားတဲ့ ယောက်ျားဆိုရင်မြင့်မြတ်တယ်၊ မိန်းမဆိုရင် တဆင့်နိမ့်တယ်ဆိုတဲ့ စံသတ်မှတ်မှုတွေကလူပင် ဖြစ်မလာသေးတဲ့ ရင်သွေးတယောက်ကိုခွဲခြားနေကြပါတော့တယ်။
ဓလေ့ထုံးတမ်းနဲ့ စံသတ်မှတ်မှုများ
အမိဝမ်းထဲက မကျွတ်ခင်ကတည်းက ခွဲခြားဆက်ဆံခံနေရတဲ့ မြန်မာမိန်းကလေးများဟာ စာသင်ခန်းကိုရောက်ပြန်တော့လည်း "မလှမွန်သူနာပြုစေတနာနဲ့သူပြုစု" "ကိုသာဇံမီးသတ်သမား၊ မီးသတ်ရာတွင်သူစွန့်စား"ဆိုတဲ့ ယောက်ျားတွေသာခွန်အားရှိတယ်၊ မိန်းမတွေကတော့ အားနွဲ့သူတွေဆိုတဲ့အသိကို လက်ခံလာအောင်သွယ်ဝိုက်သောနည်းနဲ့သင်ပေးခြင်းခံလိုက်ရပါတယ်။
"သင်ပုန်းကြီးဖတ်စာမှာထဲက အကြမ်းဖက်တတ်အောင် Gender ခွဲခြားထားတယ်၊ တို့ဖေဖေဆိုရင် ဟုတ်ဟုတ် မဟုတ်ဟုတ်ရှာကျွေး၊ တို့မေမေဆိုရင်မီးဖိုချောင်ထဲမှာနေဆိုပြီးသတ်မှတ်လိုက်ကြတယ်" လို့ Gender ကျွမ်းကျင်သူ ဆရာအားတီက အခြေခံပညာသင်ရိုးထဲက ကျား-မခွဲခြားထားမှုကိုထောက်ပြပါတယ်။
ဒီလိုပညာရေးနဲ့လူမှုဝန်းကျင်ကနေ လူလားမြောက်လာကြသူတွေမှာ သားယောက်ျားလေးမွေးထားသူတွေက "သားလေး….. မမကိုမျက်စိမှိတ်ပြလိုက်" "ကောင်မလေးကိုချစ်ချစ်လို့ခေါ်လိုက်" "သားသားကြီးလာရင် မိန်းမအများကြီးယူမယ်လို့ပြောလိုက်" စတဲ့ပျော်စေ၊ ပြက်စေစကားလုံးတွေကို ပြောဆိုခိုင်းတတ်ပါတယ်။ 

ဒီတော့ယောက်ျားလေးတွေရဲ့စိတ်မှာ မိန်းကလေးဆိုရင် သူတို့အတွက် နောက်ပြောင်စရာ၊ သားပြောမယားပြော ပြောလို့ရတယ်၊ ပြောပိုင်ခွင့်ရှိတယ်ဆိုတဲ့အသိကို ငယ်စဉ်ကတည်းက ပုံသွင်းပေးလိုက်ပြီးသားဖြစ်နေပါတော့တယ်။ လူကြီးတွေဖြစ်တဲ့ မိဘတွေကိုယ်တိုင်ကလည်း ဒီလိုပြောဆိုတတ်တာဟာ ချစ်စရာအပြုအမူလို့ယူဆထားတဲ့အပြင်၊ သူတို့ကိုယ်တိုင်က အမျိုးသမီးတွေကို တဆင့်နိမ့်ဆက်ဆံတတ်အောင် သားတွေကို လမ်းကြောင်းချ သင်ပေးမှန်းမသိ သင်ပေးနေတယ်ဆိုတာကို သတိမမူမိဖြစ်နေကြပါတယ်။
အမှားကြာ၊ အမှန်ဖြစ်ဆိုတဲ့စကားလိုပါပဲ။ အစဉ်အဆက်က လက်ခံလာတဲ့ မှားယွင်းနေတဲ့အယူအဆတွေဟာ လူမှုဝန်းကျင်မှာတော့ အမှန်တရားတွေအဖြစ် ပြောင်းလဲသွားကြပါတယ်။ ဒါကြောင့်လည်း အမျိုးသမီးတွေဟာ လမ်းသွားရာမှာဖြစ်စေ၊ ကျောင်းပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင်မှာဖြစ်စေ၊ မိမိတို့ရဲ့ရပ်ရွာထဲမှာဖြစ်စေ ရုပ်ပိုင်းဆိုင်ရာမှာသာမက၊ စိတ်ပိုင်းဆိုင်ရာမှာ ပါအကြမ်းဖက်မှုကို ခံနေကြရပါတယ်။
"ဟိုစော်ရဲ့ပေါက်စီကအယ်နေတာပဲ" "အိုးလေးလှုပ်ပါဦး" "ဘယ်ညာ… ဘယ်ညာ" စတဲ့စကားလုံးတွေနဲ့ မထိတထိပြောဆိုတတ်ကြသလို၊ တချို့အမျိုးသမီးငယ်လေးတွေဆိုရင် လိုင်းကားတွေပေါ်မှာပါ လိင်ပိုင်းဆိုင်ရာအခွင့်ကောင်းယူခြင်းတွေကို ကြုံတွေ့ခံစားနေရပါတယ်။
မန္တလေးမြို့က လုပ်ငန်းခွင်အမျိုးသမီးပညာရှင် (၂၇၁)ဦးပါဝင်တဲ့အဖွဲ့ရဲ့ ၂၀၀၃ခုနှစ်ကပြုလုပ်ထားတဲ့ စစ်တမ်းမှာတော့ စိုက်ကြည့်ခြင်း၊ ထိကပါးရိကပါးဇာတ်လမ်းများပြောခြင်း (သို့မဟုတ်) ညစ်ညမ်းတဲ့ ဟာသများပြောခြင်း စတဲ့ထိခိုက်ပြောဆိုတာမျိုး ခံစားရတဲ့အမျိုးသမီးတွေဟာ ၅၈ရာခိုင်နှုန်းရှိပါတယ်။ ဒီလိုကိစ္စမျိုးအတွက် သုတေသနပြုလေ့လာထားမှုတွေဟာလည်း မရှိသလောက်နည်းပါတယ်လို့ ကျား၊မရေးရာတန်းတူညီမျှရေးကွန်ရက်(GEN) ရဲ့သုတေသနစာတမ်းမှာဖော်ပြထားပါတယ်။

ဒီအချက်တွေဟာ ဘာကိုဖော်ပြနေသလဲဆိုရင် အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ လိင်ပိုင်းဆိုင်ရာထိပါးစော်ကားမှု၊ မဖွယ်မရာပြောဆိုခံရမှုတွေဟာ အမျိုးသမီးများအတွက် နိစ္စဓူဝကြုံတွေ့နေရတဲ့ ဘ၀အစိတ်အပိုင်းတခုအဖြစ် အမျိုးသမီးတွေဘက်ကခံယူနေကြရတယ်ဆိုတာပါပဲ။

ရုပ်ရှင်ဂီတဖျော်ဖြေရေးတွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ မိန်းကလေးတယောက်ကို တဏှာရာဂစိတ်နဲ့ကြည့်ပြီး အရှက်ရအောင်ပြောဆိုတတ်တဲ့ ယောက်ျားကို အပြစ်မတင်ဘဲ၊ မိန်းကလေးတွေရဲ့အ၀တ်အစားကြောင့်၊ အနေအထိုင်မတတ်မှုကြောင့်လို့ အပြစ်တင်သည့်သဘောပါသည့် သီချင်းများ၊ ဇာတ်လမ်းများကိုသာ တွေ့နေရပါတယ်။ လူရွှင်တော်တွေနဲ့၊ ကာတွန်းတချို့ရဲ့ ပြက်လုံးတွေမှာလည်း မိန်းကလေးတွေကို ပျစ်ပျစ်နှစ်နှစ်ပြောဆိုလိုက်မှ လူကြိုက်နှစ်သက်တယ်လို့ ယူဆကာ ပြောဆိုရေးသားနေကြပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးဒေါ်နော်သ၀ါးက"ကလေးတွေရဲ့ Role Model တွေကို ပညာပေးမယ်ဆိုရင် ရုပ်ရှင်ဇာတ်လမ်းဒါရိုက်တာတွေ၊ ဇာတ်ညွှန်းသမားတွေကိုပါ ပညာပေးရမယ်၊ သူတို့ကနာမည်ကြီး ပိုက်ဆံရသွားပေးမယ့် သူတို့ပေးလိုက်တဲ့ Message တွေက အဆိပ်ရည်တွေဖြစ်နေတယ်" လို့Internewsကပြုလုပ်ခဲ့တဲ့ကျား-မအခြေပြု အကြမ်းဖက်မှုသတင်းရေးသားခြင်းဆိုင်ရာ သင်တန်းမှာရုပ်ရှင်ဇာတ်လမ်းတွေ၊ သီချင်းတွေမှာပါနေတဲ့ကျား-မရေးရာနှင့် ပတ်သက်တဲ့ တလွဲအယူအဆတွေကို ထောက်ပြပြောဆိုခဲ့ပါတယ်။

ဒါတွေရဲ့အကျိုးဆက်ကတော့သက်ငယ်မုဒိမ်းမှုတွေတနေ့တခြားတိုးပွားလာနေတာပါပဲ။

တကယ်တော့ အမျိုးသမီးတွေရဲ့ကာယိနြေ္ဒကိုအကာအကွယ်ပေးတဲ့ဥပဒေရှိပါတယ်။ရာဇသတ်ကြီးပုဒ်မ(၃၅၄) အရတရားစွဲဆိုလို့ရပါတယ်။ပြစ်ဒဏ်အားဖြင့်ထောင်ဒဏ်(၂)နှစ် (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်လုံးကိုချမှတ်နိုင်ပါတယ်လို့ ဥပဒေရေးရာကုစားရေးအဖွဲ့ (မြန်မာ) ၏ဒါရိုက်တာ၊တရားလွှတ်တော်ရှေ့နေဒေါ်လှလှရီကပြောပါတယ်။

နောက်ထပ်ဥပဒေတွေကတော့ ရာဇသတ်ကြီးပုဒ်မ(၅၀၀)နဲ့ (၂၉၄)ပါ။ ဒီပုဒ်မတွေဟာ အမျိုးသမီးတွေကိုအသရေဖျက်မှုနှင့် အများသူငါနဲ့ဆိုင်တဲ့ နေရာတွေမှာ ညစ်ညမ်းသောအပြုအမူ၊ ပြောဆိုသူများ၊ စိတ်အနှောက်အယှက်ပေးသူများကို တရားစွဲဆိုနိုင်တဲ့ပုဒ်မတွေပါလို့ ဒေါ်လှလှရီကဆိုပါတယ်။

ဒီလိုဥပဒေတွေနဲ့ လူမှုအသိုင်းအဝန်းမှာအမှုမဲ့ အမှတ်မဲ့ ပေါ့ပေါ့ပါးပါးနောင်ပြောင် ခေါ်နေကြတဲ့ ကားပေါ်က ထောက်လှမ်းရေးလိုမုဒိမ်းရာဇဝတ်ကောင် အလောင်းအလျာတွေ အပါအဝင်၊ လမ်းပေါ်မှာ၊ ကျောင်းမှာ၊ လုပ်ငန်းခွင်မှာ အမျိုးသမီးဆိုရင် လိင်ပိုင်းဆိုင်ရာနောက်စရာ၊ ပြောင်စရာ၊ စော်ကားစရာအဖြစ် ယူဆလုပ်ကိုင်နေကြသူအားလုံးကိုအရေးယူနိုင်ပါတယ်။

ဒီလိုဥပဒေတွေရှိနေပေမယ့်လည်းဥပဒေကိုကျွမ်းဝင်မှုမရှိခြင်း၊ကျူးလွန်ခံရတဲ့သူတွေအပေါ်မှာပတ်ဝန်းကျင်ရဲ့ပုတ်ခတ်ပြောဆိုမှုနှင့်ဆိုးကျိုးသက်ရောက်မှုတွေကြောင့်တိုင်တန်းမှုပြုလုပ်တဲ့အမျိုးသမီးတွေဟာမရှိသလောက်ရှားပါးပါတယ်။အမျိုးသမီးတွေကိုယ်တိုင်ကလည်းဒီလိုအကြမ်းဖက်ခံရတာဟာသူတို့မှာတခုခု ချို့ယွင်း နေလို့၊ အားနည်းချက်ရှိလို့ အကြမ်းဖက်ခံနေရတယ်လို့ ယူဆတတ်ကြပါတယ်။ ပတ်ဝန်းကျင်ကလည်းကျူးလွန်တဲ့သူတွေကိုအပြစ်ပေး၊ရှုံ့ချရမယ်ဆိုတဲ့အသိရှိသူနည်းလှပါတယ်။

တကယ်တော့မိန်းကလေး တယောက်ဟာသူ့ကိုယ်ခန္ဓာကိုရောင်းစားနေတဲ့ပြည့်တန်ဆာဖြစ်နေပါစေ၊သူဟာလည်းလူသားတယောက်ဖြစ်တာမို့လူ့ဂုဏ်သိက္ခာအပြည့်ရှိပါတယ်။ ဒါပေမယ့် အန္တရာယ်ရှိတဲ့ ရှေးရိုးစွဲ ရိုးရာယဉ်ကျေးမှုအယူအဆတွေကြောင့်မြန်မာနိုင်ငံတ၀ှမ်းမှာရှိကြတဲ့အမျိုးသမီးအများစုဟာနည်းအမျိုးမျိုးနဲ့ အကြမ်းဖက်မှုဒဏ်ကိုခံနေကြရပါတယ်။ဒီလိုအသားကျနေတဲ့ဓလေ့၊အယူအဆအစွဲတွေကြောင့်လိင်ပိုင်း၊ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လူမှုစီးပွားပိုင်းနှင့် ယဉ်ကျေးမှုအရအကြမ်းဖက်ခြင်းဆိုတဲ့ အကြမ်းဖက်မှုပုံစံ၅မျိုးနဲ့ အမျိုးသမီးတွေဟာ အကြမ်းဖက်ခြင်းကို ခံနေရပါတော့တယ်။

လျစ်လျူရှုခံထားရတဲ့ အိမ်တွင်းအကြမ်းဖက်မှု
အကြမ်းဖက်မှုတွေထဲမှာမှအမျိုးသမီးအများစုဟာရင်းနှီးသူအတူနေအမျိုးသားအဖော် (သို့မဟုတ်) အိမ်ထောင်ဖက်ကအကြမ်းဖက်တာကိုခံရတဲ့သူကအများစုဖြစ်ပါတယ်လို့အမျိုးသမီးအကြမ်းဖက်မှုကိုလေ့လာသူများကပြောပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ပြောရမယ်ဆိုရင်တော့ကမ္ဘာပေါ်ရှိအသက်၁၅နှစ်နှင့်အထက်အမျိုးသမီးများ၏၃၀ရာခိုင်နှုန်းဟာသူတို့ရဲ့ရင်းနှီးသူအဖော်နဲ့အိမ်ထောင်ဖက်တို့ရဲ့အကြမ်းဖက်ခြင်းကိုခံနေရပါသတဲ့။

မြန်မာနိုင်ငံမှာတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့ကြီးမားကျယ်ပြန့်စွာဖြစ်ပေါ်နေပေမယ့်သာမန်လူထုအတွင်းရှိအမျိုးသမီးများအပေါ်အသေးစိတ်သုသေသနပြုထားမှုဟာအနည်းငယ်သာရှိနေပါသေးတယ်။ကျား၊မရေးရာတန်းတူညီမျှရေးကွန်ရက်(GEN) ကပြုစုထားတဲ့စစ်တမ်းမှာ ဖော်ပြထားတာကတော့ မန္တလေးမြို့ကအိမ်ထောင်စုတွေမှာလျှပ်တပြက်လေ့လာဆန်းစစ်မှုများအရ၆၉ ရာခိုင်နှုန်း အမျိုးသမီးတွေဟာ အကြမ်းဖက်မှုကို ခံစားနေကြရတယ်လို့ဆိုပါတယ်။ ရန်ကုန်မြို့မှာတော့အသိုင်းအ၀ိုင်းအတွင်း(သို့မဟုတ်) မိသားစုအတွင်း အကြမ်းဖက်ခံရသူ အမျိုးသမီးပေါင်း၅၃ရာခိုင်နှုန်းရှိပါတယ်။ ပလောင်ဒေသက စစ်တမ်းမှာတော့၉၀ ရာခိုင်နှုန်းရှိတဲ့ အမျိုးသမီးတွေဟာ မိသားစုမှာအကြမ်းဖက်မှုကိုခံစားနေကြရပါသတဲ့။

မြန်မာနိုင်ငံနေရာအနှံ့မှာရှိတဲ့အိမ်ထောင်သည်အမျိုးသမီးအများစုဟာမိမိခင်ပွန်းသည်ကပြုမူပြောဆိုမှုများကိုနာခံမှုရှိရမယ်ဆိုတဲ့အယူအဆကိုကျယ်ပြန့်စွာလက်ခံယုံကြည်ထားကြပါတယ်။ဒါကြောင့်လည်း"မုဆိုးမသာအဖြစ်ခံမယ်၊တခုလပ်တလင်ကွာတော့အဖြစ်မခံဘူး" "ယောက်ျားဆိုတာအိမ်ထောင်ဦးစီး၊အိမ်ဦးနတ်" ဆိုပြီးအိမ်ထောင်ရေးမှာအဆင်ပြေသည်ဖြစ်စေ၊အဆင်မပြေသည်ဖြစ်စေကြိတ်မှိတ်သည်းခံနေတတ်ကြပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုအများစုဟာခင်ပွန်းသည်ဖြစ်တဲ့ယောက်ျားတွေရဲ့ငယ်စဉ်ကတည်းကပတ်ဝန်းကျင်နဲ့ဓလေ့ထုံးတမ်းတွေကြောင့်ဖြစ်လာတဲ့ 'ငါယောက်ျား၊ငါမြင့်မြတ်တယ်' 'လှေခါးသုံးထစ်ဆင်းရင်လူပျိုပြန်ဖြစ်တယ်' 'ယောက်ျားကောင်းမောင်းမတထောင်'ဆိုတဲ့မဟာယောက်ျားကြီးဝါဒကိုသိစိတ်ကရောမသိစိတ်ကပါလက်ခံကျင့်သုံးနေကြတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒီလိုအတွေးအခေါ်တွေကြောင့်'ငါ့ရဲ့ကာမပိုင်မယား၊ ငါအလိုရှိချိန်မှာငါကြိုက်တာလုပ်ခွင့်ရှိတယ်' ဆိုတဲ့စိတ်နဲ့ ဇနီးဖြစ်သူကငြင်းဆန်နေချိန်မှာတောင် အတင်းအကျပ်ကာမရယူတတ်ကြပါတယ်။ ဒါဟာ Marital Rape လိုခေါ်တဲ့အိမ်ထောင်ရေးမှာ အလိုမတူဘဲအကြမ်းဖက်ကာမလုယူမှုဖြစ်ပါတယ်။

"ကျွန်မလိင်ဆက်ဆံချင်လား၊မဆက်ဆံချင်လားသူဘယ်တော့မှမမေးဘူး။သူလုပ်ချင်တာလုပ်တာပဲ။တံခါးတောင်သော့ခတ်လိုက်သေးတယ်။ကျွန်မအခန်းထဲကထွက်မသွားအောင်လို့"ဟုရန်ကုန်မြို့မှာနေထိုင်တဲ့အသက်၂၃နှစ်အရွယ်အမျိုးသမီးကဖြေဆိုထားတာကို GEN အဖွဲ့ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ GEN အဖွဲ့ရဲ့သုတေသနစာတမ်းအတွက်တွေ့ဆုံဆွေးနွေးခဲ့တဲ့အမျိုးသမီးများရဲ့ထက်ဝက်ကျော်မှာခင်ပွန်းသည်ရဲ့အဓမ္မပြုကျင့်မှုကိုခံစားခဲ့ရသူများဖြစ်ပါတယ်။

ဒီလိုအလိုမတူဘဲကာမကျူးလွန်ခံရမှုအတွက်အိမ်ထောင်သည်အမျိုးသမီးတွေမှာခင်ပွန်းဖြစ်သူတွေအပေါ်ရာဇသတ်ကြီးပုဒ်မ (၃၇၆) အရတရားစွဲဆိုနိုင်တယ်ဆိုတဲ့ ဥပဒေတွေရှိပါတယ်။ ဒါပေမယ့်လည်းအမျိုးသမီးအားလုံးနီးပါးကတော့ ဒါကိုမျိုသိပ်ဖုံးကွယ်လိုက်ကြတာများပါတယ်။

အိမ်ထောင်သည်အမျိုးသမီးတွေနောက်ထပ်ရင်ဆိုင်ရတဲ့အကြမ်းဖက်မှုကတော့ခင်ပွန်းသည်ဖြစ်သူရဲ့အိမ်ထောင်ရေးဖောက်ပြန်မှုပါပဲ။ဒီလိုအိမ်ထောင်ရေးဖောက်ပြန်မှုတွေဟာလည်းအမျိုးသမီးများရဲ့ခန္ဓာကိုယ်ကိုယောက်ျားသားများ၏လိင်ပိုင်းဆိုင်ရာရပိုင်ခွင့်လို့ယူဆထားမှုများရဲ့အကျိုးဆက်တွေပါပဲ။

အချုပ်အားဖြင့် ဆိုရလျှင်တော့ အကြမ်းဖက်မှုဟာအကြမ်းဖက်မှုပဲဖြစ်ပါတယ်။ ဘယ်လိုအကြောင်းပြချက်တွေနဲ့မှ အကြမ်းဖက်မှုနဲ့ အကြမ်းဖက်သူတွေကိုဖုံးကွယ်ထားဖို့မလိုအပ်ပါဘူး။ ရှုတ်ချအပြစ်ဒဏ်ပေးရမှာသာဖြစ်ပါတယ်။ ဒါပေမယ့် ရှေးကာလအစဉ်အဆက်ထဲကယူဆထားတဲ့ ဓလေ့ထုံးတမ်းဆိုင်ရာအမှားတွေကြောင့် တန်းတူညီမျှမှုရနေပါတယ်ဆိုတဲ့ အပေါ်ယံယူဆမှုအလွှာအောက်မှာအမျိုးသမီးတွေဟာအကြမ်းဖက်မှုတွေကိုတိုးတိတ်စွာခါးစည်းခံနေကြရပါတယ်။ ယောက်ျား၊ မိန်းမဆိုတဲ့ ပညတ် ချက်တွေရဲ့နောက်ကွယ်မှာဖြစ်နေတဲ့ လူသားဆန်ဆန်ဆက်ဆံခံရမှုတွေနဲ့ လူသားတယောက်ရဲ့အခွင့်အရေးဆုံးရှုံးမှုတွေအတွက် အန္တရာယ်ရှိသောဓလေ့ထုံးတမ်းစံနှုန်းတွေကို ရိုက်ချိုးဖို့လိုနေပြီဖြစ်ပါတယ်လို့ ရေးသားတင်ပြလိုက်ရပါတယ်။

ခင်စန္ဒာမြင့်
26-1-2017 (11:18 AM)