ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ - အပိုင်း (၁၂)



မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ - အပိုင်း (၁၂)
(မိုးမခ) မတ် ၆၊ ၂၀၁၇


● ယာယီခရီး
သို့နှင့် မိမိလည်း ဘုန်းကြီးကျောင်းတွင်နေရသည့်အခြေအနေကိုတွက်ဆပြီး အကယ်၍ ခရီးထွက်ရန် အချိန်တပတ်ခန့် ကြာဦးမည်ဆိုပါက မိမိအား တပတ်ခန့် တာဝန်ယူပေးမည့်သူများ မန္တလေးပတ်ချာလည်တွင်ရှိကြောင်း မိမိတရက်သွား၍ စီစဉ်လျင်ရကြောင်း သို့မဟုတ်ပါကလည်း သူတို့၏အစီအစဉ်ဖြင့် တပတ်ခန့်နေရာရွှေ့ပေးလျင် သင့်တော်မည်ဖြစ်ကြောင်း မောင်ဝင်းမှတဆင့် ခင်မောင်သိန်းအား လှမ်းအကြောင်းကြားလိုက်သည်။

ထိုအတောအတွင်းမှာပင် ခင်မောင်သိန်း၏ညွှန်ကြားမှုနှင့် မိမိလည်း မောင်ဝင်းနှင့်အတူ ဓာတ်ပုံဆိုင်တခုသို့ မှတ်ပုံတင် ဓာတ်ပုံ သွားရိုက်ရသည်။ အရှေ့မြောက်ခရီးစဉ်အတွက် မှတ်ပုံတင်အတုပြုလုပ်ရန်ဖြစ်သည်။ ထိုစဉ်ကာလ သုံးခေါက်ချိုး မှတ်ပုံတင်များအတွက် ဓာတ်ပုံရိုက်ရာတွင် မှတ်ပုံတင်နံပါတ်ကဒ်ပြားပါတွဲ၍ ဓာတ်ပုံရိုက်ရသည်။ မိမိတို့လည်း တွေ့ရာ နံပါတ်တခုပြောပြီး ဓာတ်ပုံရိုက်လိုက်သည်။ မိမိတို့၏ မစေ့စပ်မှုကြောင့် မိမိတို့ရွေးချယ်လိုက်သည့် နံပါတ်ကား မန္တလေး တွင်မရှိသည့် နံပါတ်ဖြစ်နေလေတော့သည်။ သို့သော် ထိုနံပါတ်ပြဿနာကို သတိပြုမိသူ ထိုစဉ် မန္တလေးမြေအောက် ဦး ဆောင်မှုဆဲလ်တွင်ပါဝင်နေသူတဦးက ဓာတ်ပုံပညာကျွမ်းကျင်သူတဦးဖြစ်သဖြင့် မိမိတို့ပြန်ရိုက်စရာမလိုဘဲ နံပါတ်အား သူ ဖါသာသူပြင်လိုက်သည်ဟု နောက်မှပြန်သိရသည်။ အသေးစိတ်ကိစ္စများတွင် မိမိတို့၏မစေ့စပ်မသေချာမှုတခုဟု ဆိုရပါ မည်။

မှတ်ပုံတင် ဓာတ်ပုံရိုက်ပြီး တရက်နှစ်ရက်အကြာတွင် မိမိအား ခရီးတပတ်ခန့်ထွက်ရန် အကြောင်းကြားလာတော့သည်။ သို့နှင့် မိမိဘုန်းကြီးအား မိမိလည်း အိမ်သို့တပတ်ခန့်ပြန်ဦးမည်ဖြစ်ကြောင်း တပတ်ခန့်အကြာတွင် ပြန်လာပြီးမှ ရွှေဘို ဘက်က စာသင်ကျောင်းသို့ပြန်မည်ဖြစ်ကြောင်း ဇာတ်လမ်းဆင်လျှောက်ရသည်။ သို့မှလည်း နောက်တပတ်တွင် မန္တလေး ပြန်အဝင်၌ ဘုန်းကြီးကျောင်းတွင် တရက်နှစ်ရက်ပြန်တည်းခိုရေး အဆင်ချောပေမည်။

ခင်မောင်သိန်းက မိမိအား ထိုနေ့နေလည်က ဘုရားကြီးအရှေ့မုခ်တွင်တွေ့ရန် ချိန်းသည်။ မိမိလည်း ဘုန်းကြီးအား ဝတ် ဖြည့်နှုတ်ဆက်ပြီး အဝတ်အိတ်ကိုဆွဲကာ သက်တောင့်သက်သာဖြင့် ဘုရားကြီးအရှေ့မုခ်သို့ ထွက်ခဲ့တော့သည်။ ထိုအချိန် ထိ နောက်တနေရာတွင်နေထိုင်ဖို့ ခင်မောင်သိန်းစီစဉ်ထားသည်ဟု မှတ်ယူထား၍ဖြစ်သည်။ သို့သော် ဤကိစ္စတွင်လည်း နားလည်မှုလွဲချော်ပြန်သည်။ ခင်မောင်သိန်းနှင့်သူက မိမိအစီအစဉ်ဖြင့် တပတ်သွားနေရန်နှင့် ပြန်ရောက်ရမည့်ရက်ကို သတ်မှတ်ပေးလိုက်ပါသည်။

နားလည်မှု လွဲသည်ကတော့ မိမိအစီအစဉ်ဖြင့် နေရမည်ဆိုပါက မိမိအနေနှင့် ကျောက်ဆည်သို့တရက်ကြိုသွားပြီး ကိုချစ် ဆောင်ဦးသူငယ်ချင်း ကိုလေးခေါ် ကိုလှသိန်းနှင့် သွားရောက်ချိတ်ဆက်ရမည်။ သူနှင့်တွေ့မှ စီစဉ်၍ရမည်ဖြစ်သည်။ ယခု တော့ ဤသို့ကြိုတင်ချိတ်ဆက်ခြင်းမရှိဘဲ သွားရမည်ဖြစ်ရာ ကိုလေး ရှိ/မရှိလည်း မသေချာ။ သို့နှင့် မိမိလည်း ဖြစ်လာတော့ ကြုံသလိုဖြေရှင်းတော့မည်ဟူ၍ စဉ်းစားပြီး မန္တလေးမှ ကျောက်ဆည်သို့ထွက်ခွာခဲ့တော့သည်။

ထိုအခေါက် ကျောက်ဆည်ရောက်တော့ ကိုလေးသူငယ်ချင်းများနှင့်ချိတ်ပြီး ရက်တချို့နေခဲ့သည်။ ကိုလေးနှင့် တွေ့ခဲ့ မ တွေ့ခဲ့ မမှတ်မိတော့။ ထို့နောက် ရက်တချို့ကို စစ်ကိုင်းတွင်နေကြည့်ရန် ထွက်ခဲ့သည်။ စစ်ကိုင်းရောက်သည့်ရက်က ရုံးဖွင့် ရက်ဆိုသော ယခင်တခေါက် မိမိအားတာဝန်ယူပေးခဲ့ကိုတင်ညိမ်းအား သူအလုပ်လုပ်ရာ လျပ်စစ်ရုံးတွင်သွားရာ ဆိုက်ဆိုက် မြိုက်မြိုက်တွေ့၍ အဆင်ပြေသွားသည်။ ဤအခေါက်တွင် မိမိအား သူ့အိမ်တွင်မထားတော့ဘဲ သူနှင့်ချိတ်မိထားသည့် ရ ထောင်ကျေးရွာကလယ်သမားတဦးဖြစ်သည့် ကိုကျော်ခင်အိမ်တွင် မိမိအားထားပေးသည်။

ရထောင်ရွာအတွင်းရှိ ကိုကျော်ခင်တို့အိမ်ကား ခြံကျယ်ဝင်းကျယ်နှင့်ဖြစ်သည်။ လယ်သမားမိသားစုဖြစ်သည့် အားလျော်စွာ အနေအေးဆေးပြီး ရိုးသားကြသည်။ ကိုကျော်ခင်တို့အိမ်တွင် လေးငါးရက်ခန့်ကြာသည်။ သူတို့မိသားစုထမင်းဝိုင်းတွင် စားသောက်ရပြန်သဖြင့် ပြီးခဲ့သောရက်ပိုင်းက ဘုန်းကြီးကျောင်းတွင် ဖြစ်သလိုစားသောက်ခဲ့ရသည်နှင့် ပြန်လည်ကွာခြား သွားပြန်တော့သည်။ ကိုကျော်ခင်သည် သာမန်လယ်သမားတဦးဖြစ်သော်လည်း နိုင်ငံအခြေအနေစိတ်ဝင်တစားရှိပြီး လေ့လာရေးကောင်းသူတဦးဖြစ်သကဲ့သို့ မဆလစစ်အစိုးရဆန်ကျင်ရေးစိတ်ဓာတ် အပြည့်ရှိသူတဦးဖြစ်သည်။

မိမိမြန်မာပြည်အထက်အောက်တနံတလျား ပြေးလွှားပုန်းရှောင်ခဲ့သည့်တလျှောက်လုံး မဆလစစ်အစိုးရအား ပြတ်ပြတ်သား သား ဆန့်ကျင်ကြသည့် သာမန်ပြည်သူအများအပြားတွေ့ရှိခြင်းက မိမိစိတ်အားတက်ကြွစေခဲ့သည်။ ပြည်သူအများစုအနေ နှင့် သာမန်အားဖြင့် ရိုးသားအေးချမ်းစွာ အသက်မွေးဝမ်းကျောင်းပြုပြီး ဘဝကိုဖြတ်သန်းလိုကြသော်လည်း မင်းဆိုးမင်းညစ် နှင့်ကြုံလာရသောအခါ သူတို့ဘဝများကိုထိခိုက်လာသည့်အခါ မတရားမှုများကို ဆက်တိုက်ကြုံလာရသောအခါ တုန့်ပြန် ကြဖို့ဖြစ်လာပေသည်။ ထို့အတူ ပြည်သူအများသည် မိမိလမ်း မိမိရပ်ရွာမှအစ၍ လူ့အဖွဲ့အစည်းနှင့်ပတ်သက်၍ ကောင်းရာမွန်ကြောင်းလုပ်လိုစိတ်ရှိကြသည်ဖြစ်သည်။ ပြဿနာကား ထိုသူတို့အား စနစ်တကျ စည်းရုံးဦးဆောင်နိုင်ရေးသာဖြစ်ပေ တော့သည်။

သို့နှင့် တပတ်ခန့်ကြာမြင့်ပြီး သတ်မှတ်ရက်တွင် မန္တလေး စိန်ကြယ်သီးကျောင်းတိုက်သို့ ပြန်ရောက်လာခဲ့သည်။ ဤအကြိမ် တွင်တော့ ခရီးထွက်ရန်စီစဉ်ပြီးပေပြီ။ မိမိအတွက်ပြုလုပ်ထားသော မှတ်ပုံတင်အတု မိမိလက်ထဲသို့ရောက်ခဲ့သည်။ တနေ ရာရောက် နာမည်တခါပြောင်းခဲ့သည်ဖြစ်ရာ ထိုမှတ်ပုံတင်အတုထဲက နာမည်ကို ယခုမမှတ်မိတော့ပေ။ သို့သော် ထိုစဉ်က တော့ လမ်းတွင်စစ်ဆေးလျင် ဖြေနိုင်ရန် အလွတ်ကျက်ရသည်။

မသွားခင်တရက်တွင် ခင်မောင်သိန်းက မိမိအားတနေရာတွင်ခေါ်တွေ့ပြီး မိမိနှင့်အဆက်အသွယ်ရှိသူများစာရင်းအား တောင်းသည်။ မိမိအတော်လေး ချီတုံချတုံဖြစ်သည်။ မိမိသိထားသော မြေအောက်လှုပ်ရှားဆက်သွယ်ပုံသည် ဒေါင်လိုက် စနစ်ဖြစ်သည်။ ဆိုရလျင် မိမိနှင့်အဆက်သွယ်ရှိသည့် အပေါ်နှင့်အောက်ကို ချိတ်ပေးလေ့မရှိပေ။ အကယ်၍ အဖမ်းဆီးခံရ လျင် တသီကြီးအဖမ်းမခံရစေရန်ရည်ရွယ်ပြီး အဖမ်းခံရသူက မခံနိုင်၍ ဖေါ်ကောင်လုပ်လျင်လည်း များများမဖေါ်နိုင်စေရန် စီစဉ်ထားခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် မိမိသိသမျှလူအားလုံးအား သူအား အားလုံးပြောမပြလိုပေ။

သို့သော် ပြဿနာတခုက မိမိသည် ကျောင်းသားလှုပ်ရှားမှုအတွင်း မိမိအစုနှင့်မိမိ လှုပ်ရှားခဲ့သည်မှန်သော်လည်း CPB ၏ စနစ်တကျ ဖွဲ့စည်းထားသော မြေအောက်အဖွဲ့ဝင်တယောက်မဟုတ်ခဲ့ပေ။ ယခုမှ ပါတီအဖွဲ့အစည်းနှင့် ချိတ်မိခြင်းဖြစ်သည်။ ထိုသူများအား ပါတီနှင့်ချိတ်ပေးရန်လိုသည်။ တဖက်ကလည်း မိမိသိသမျှ အားလုံးအား သူ့အားပြောပြရမည်မှာ ဒေါင်လိုက်စ နစ်နှင့်မကိုက်၍ ခက်နေသည်။ သို့ပေမင့် သူက လက်ရှိ ပါတီနှင့်ချိတ်မိပြီး မန္တလေးမြေအောက်လှုပ်ရှားမှုကို ဦးစီးနေသူဖြစ် ပေရာ နောက်ဆုံးတွင် သူ့အား တချို့ပြောပြပြီး ကျန်သူများနှင့်ပတ်သက်၍ ပါတီရောက်မှအစီရင်ခံတော့မည်ဟု ဆုံးဖြတ် လိုက်ပြီး မိမိနှင့်ဆက်နွယ်နေသူအချို့အား သူအား မိတ်ဆက်ပြောပြပေးခဲ့သည်။ ဤသို့ပြောပြခဲ့ခြင်းအတွက် နောင်တွင် မိမိအတွက် စိတ်မကောင်းစရာ ခံစားရခဲ့ပေသည်။

● မြောက်ပိုင်းလမ်း
နောက်တနေ့ နံနက်စောစော မန္တလေးမှ လားရှိုးသို့ မီးရထားဖြင့်ထွက်ခဲ့သည်။ မောင်ဝင်းက ဘူတာရုံသို့လိုက်ပို့ပေးသည်။ မိမိနှင့်အတူ မန္တလေးမှ မြေအောက်ခေါင်းဆောင်အဖွဲ့တဦးပါမည်ဟု သိထားသော်လည်း မည်သူမည်ဝါမှန်းမသိပေ။ အချိန် တန်လျင် မိမိအားလာဆက်သွယ်မည်ဟုဆိုထားသည်။ သို့နှင့် လားရှိုးရထားနှင့် တကိုယ်တည်းထွက်လာခဲ့တော့သည်။ မိမိနှင့်အတူပါလာသူက တခြားတွဲမှာစီးသည်ဟု ဆိုသည်။ ဘူတာတခုရောက်တိုင်း မိမိအား လာရောက်အကဲခတ်ပြီး အကူ အညီပေးရန်အသင့်ရှိနေခဲ့သည်ဟု နောက်မှသိရသည်။

မေမြို့သည်လည်းကောင်း၊ မြောက်ပိုင်းလမ်းသည်လည်းကောင်း၊ ဂုတ်ထိပ်တံတားသည်လည်းကောင်း၊ မိမိအတွက် မ ရောက်ဘူးသေးသောအရပ်ဖြစ်သော်လည်း သဘာဝအလှသည်လည်းကောင်း၊ ပတ်ဝန်းကျင်အနေအထားသည်လည်းကောင်း၊ မိမိ ခံစားခွင့်မရခဲ့။ မျက်မှန်ချွတ်ထားသည်ဖြစ်ဖြစ်ရာ အရာအားလုံးသည် ခပ်ဝါးဝါးဖြစ်နေသည်။ ဂုတ်ထိပ်တံတားကို ရထားက ခပ်လှုပ်လှုပ်ဖြတ်စဉ်ကလည်း တံတားနှင့်ဂုတ်တွင်းကို ထွက်ကြည့်ဖို့ကြိုးစားသော်လည်း အဝေးမှုံ ပါဝါ ၇၀၀ ခန့်ရှိ သော မိမိအတွက် ဂုတ်တွင်းသည်လည်းကောင်း၊ ဂုတ်ထိပ်တံတားသည်လည်းကောင်း၊ တောင်တန်းပြာများသည် လည်း ကောင်း၊  အရာအားလုံးသည်လည်းကောင်း ဝါးတာတားသာဖြစ်ပေတော့သည်။

ဤသို့မျက်မှန်ချွတ်ထားသော်လည်း မိမိအားစစ်ဆေးလျင် ပြောရမည့်ဇတ်လမ်းက မျက်စေ့နှင့်မကိုက်ပေ။ အကယ်၍ လမ်း မှာစစ်ဆေးပါက နမ့်ခမ်းတွင်စက်သွားချုပ်မည့် စက်ချုပ်သမားအဖြစ်ပြောဆိုရန် ဇတ်တိုက်ထားသည်။ မိမိကစက်မချုပ် တတ်သည့်အပြင် မျက်မှန်ချွတ်ထားသည့်အချိန်တွင် အပ်ပေါက်ထဲ အပ်ချည်ကြိုးပင် ထိုးနိုင်မည်မဟုတ်၍ ကိုယ့်ဟာကိုယ် တွေးရင်းပြုံးမိသည်။ သို့သော် ပေါင် ၁၀၀ စွန်းစွန်းသာရှိသည့် မိမိကဲ့သို့ ခပ်ပိန်ပိန်ဗလံတယောက်ကို အသက်ရွယ်နှင့်ကိုက် သည့် အခြားအလုပ်ပြောရန်လည်း အဆင်မပြေလေရာ အသင့်တော်ဆုံးဇာတ်လမ်းကို ဖန်တီးခဲ့ရသည်ဟု ဆိုရမည်။ အရေးကြီးသည်မှာ နမ့်ခမ်းမြို့ ဘယ်ရပ်ကွက် ဘယ်သူ့ဆီမှာ စက်သွားချုပ်မည်ဆိုသည့် ထိုးဇာတ်သာအရေးကြီးပေသည်။ လမ်းမှစစ်ဆေးသူများက အပ်ပေါက်တော့ ထိုးခိုင်မည်မထင်ဟုသာ မှတ်ယူထားရပေတော့သည်။

လားရှိုးရောက်တော့ မိုးစုန်းစုန်းချုပ်ပေပြီ။ ဘူတာရုံမှ မြို့ထဲသို့ ဂျစ်ကားထပ်စီးရသည်။ လားရှိုးမရောက်ဘူးသော မိမိအား မန္တလေးထဲက လမ်းညွှန်လိုက်ပြီးသားဖြစ်သည်။ လားရှိုးဘူတာမှ မြို့ထဲသို့ ဂျစ်ကားစီးသွားရမည်။ မြို့ထဲဂျစ်ကားဂိတ်အနီး တွင် ပတ်ဝေးနှင့်အောင်မြတ်ဟူသော တည်းခိုခန်း ၂ ခုရှိသည်။ ပတ်ဝေးမှာ အရင်သွားတည်းပါ၊ အခန်းမရမှ အောင်မြတ် ကိုသွားပါဟုမှာလိုက်ပြီး ကားဂိတ်မှ တည်းခိုခန်းသို့သွားရမည့်လမ်းအားလည်း ညွှန်လိုက်ကြပြီးဖြစ်သည်။

ညကြီးမိုးချုပ်မှ လားရှိုးသို့ရောက်လာသော မိမိအဖို့ ခပ်ဝါးဝါးလမ်းမီးရောင်အောက်တွင် အရှေ့အနောက်လည်း ခွဲမရ။ သို့နှင့် ပြောသည့် အညွှန်းအတိုင်းလည်းလျှောက် လမ်းမှာလည်းမေးနှင့် တည်းခိုခန်းကို လိုက်ရှာခဲ့ရတော့သည်။ ထိုအဆောက်အဦး လေးသည် နှစ်ထပ်အဆောက်အဦးဖြစ်ပုံရသည်။ မီးက အခြားအဆောက်အအုံများထက် ပိုလင်းသည်။ ဆိုင်းဘုတ်နေရာက တော့ ပို၍ မီးထိန်ထိန်လင်းသည်။ မိမိအတွက်ပြဿနာ မျက်မှန်ချွတ်ထားသဖြင့် မီးထိန်လေ စာလုံးတွေက ဝါးပြီးပြားနေသည်။ ဖတ်၍မရ။ ပတ်ဝေးဟုတ်လား မဟုတ်လား မသေချာ။ သို့နှင့် ကျော်သွားပြီး ခပ်လှမ်းလှမ်းဒေါင့်ချိုးရောက်မှ "ပတ်ဝေးတည်း ခိုခန်းက ဘယ်နားလဲဗျ" ဟု မေးရပြန်သည်။ ခုနက မိမိကျော်ခဲ့သည့်နေရာကိုပင် ပြန်ညွှန်ပြန်သည်။

သို့နှင့် ထိုနေရာသို့ပင် ခပ်ဖြေးဖြေးပြန်လျှောက်လာခဲ့သည်။ အနားရောက်တော့ ဝင်ရမှာလား မဝင်ရမှာလား မသေချာ။ အ ကယ်၍ မှားယွင်းခဲ့ပါက ဒီလောက်ဆိုင်းဘုတ်ကြီးနဲ့ရေးထားသည်ကို မှားယွင်းရသလောဟု သံသယအတွေးများ ဝင်လာကြ မည်ကိုလည်း စိုးရိမ်နေမိသည်။ တည်းခိုခန်းရှေ့ ယောင်လည်လည်ဖြစ်နေစဉ်မှာပင် ထိုအဆောက်အဦးရှေ့တွင် ရပ်နေသူ တဦးက မိမိထံသို့လျှောက်လာပြီး "ပတ်ဝေး တည်းခိုခန်းရှာနေတာလားဗျ၊ ဒီဟာဘဲလေ" ဟု ဆိုလိုက်ရာ မိမိလည်း "ဟုတ် ကဲ့ ကျေးဇူးဘဲဗျာ" ဟုဆို၍ တည်းခိုးခန်းတွင်ဝင်၍ အခန်းယူလိုက်ရတော့သည်။

တကယ်တော့ မိမိအားထွက်၍ ပတ်ဝေးတည်းခိုခန်းအား လမ်းညွှန်လိုက်သူမှာ မိမိနှင့်အတူ အရှေ့မြောက်အခြေခံဒေသသို့သွားမည့်သူ မိမိအားပို့ဆောင်ပေးမည့်သူလည်းဖြစ်သည်။ မိမိနှင့် လမ်းတွင် မလိုအပ်လျင် မဆက်သွယ်ခဲ့ဘဲ ပတ်ဝေးရှေ့ ယောင်လည်လည်ဖြစ်နေ၍ ခရီးသွားဟန်လွှဲပုံဖမ်း၍ အကူအညီပေးလိုက်ခြင်းဖြစ်သည်။ ဤအဖြစ်သည် သူတို့အတွက် ရယ်ပွဲဖွဲ့စရာလည်း ဖြစ်သွားခဲ့သည်။ ပတ်ဝေးတည်းခိုခန်းဆိုသည့် ဆိုင်းဘုတ်အတော်ကြီးသည်။ စာလုံးတလုံးသည် စ ကောဝိုင်းတချပ်စာနီးပါး ခန့်ကြီးသည်။ သို့သာ် ညဘက်မီးထိန်အောင်ထွန်းထား၍ မိမိအမြင်တွင် ဝေဝါးပြီး ဖတ်မရခဲ့ပေ။ နောင်တွင် ရယ်ပွဲ ဖွဲ့စရာဖြစ်ခဲ့သော်လည်း ထိုစဉ်ကတော့ မိမိဇောချွေးများ ပြန်၍နေခဲ့သည်။

တည်းခိုခန်း အခန်းထဲရောက်ပေမဲ့ စိတ်ချလက်ချ မနေနိုင်သေးပေ။ မှတ်ပုံတင် ဧည့်စာရင်းစစ်မည်ကို တွေးပူနေရသည်။ မှတ်ပုံတင်က အတုလုပ်လာသည်ဆိုတော့ အတုမှန်းသိသွားမှာ စိုးရိမ်ရသည်။ မှတ်ပုံတင်ထဲက အမည်အသစ်နှင့် အချက် အလက်များကိုလည်းကောင်း၊ မိမိ၏လုပ်ဇာတ်အားလည်းကောင်း ပြန်လည်မှတ်သား ရေရွတ်နေရသည်။ ထွက်ပြေးနေသော တနှစ်ခန့်အတွင်း တနေရာရောက် နာမည်တခါပြောင်းနှင့် နာမည်ပြောင်းခဲ့သည်က အကြိမ် ၂၀ ခန့်ရှိပြီဖြစ်ရာ ကိုယ်နာမည်ကို ပြန်မှတ်နေရသည်ကလည်း အလုပ်တလုပ်ဖြစ်နေပေသည်။

ထို့ပြင် နောက်တနေ့တွင် ပါတီအခြေခံဒေသ လွတ်မြောက်ဒေသသို့ရောက်ရှိတော့မည်ဖြစ်ရာ စိတ်လှုပ်ရှားမှု အပြည့်နှင့်ဖြစ် သည်။ သို့ဖြစ်ရာ ထိုညက အိပ်၍ ကောင်းကောင်းမပျော်နိုင်ခဲ့ပေ။ သို့နှင့် အချက်အလက်များကျက်မှတ် ရေရွတ်ရင်း မိုးလင်း ခဲ့ရပေတော့သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး (Mg Mg Soe)