ဗိုလ်ထက်မင်း - အမျိုးသားလုံခြုံရေးခြိမ်းခြောက်ခံရပြီဆိုရင် - ၎


ဗိုလ်ထက်မင်း - အမျိုးသားလုံခြုံရေးခြိမ်းခြောက်ခံရပြီဆိုရင် ဘယ်လိုစီမံချက်ရှိရင် ကောင်းမလဲ - (၄)
(မိုးမခ) မတ် ၂၅၊ ၂၀၁၇

မဟာဗျူဟာ အစီအစဉ်(Grand strategy plan)

၄၅။ စစ်သုံးဝေါဟာရ searching fire တဖက်သဘောထားသိစေဖို့ ဘယ်လိုခြေလှမ်းလှမ်းမလဲ။  ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်ချုပ်တို့ လောက်ကိုင်အရေးအခင်းအပေါ် တိုင်ပင်ဆွေးနွေးပြီး အထက်တင်ပြပါမြောက်ပိုင်းအဖွဲ့တွေဟာ တရုတ်နောက်ခံထား ခြေကုပ်ယူကာ နိုင်ငံရဲ့အချုပ်အချာအာဏာ ထိခိုက်သည် အထိ ကျုးလွန်ခဲ့တာမို့ တရုတ်အစိုးရကို ပြတ်ပြတ်သားသား တည့်ဘဲ အောက်ပါ မေးခွန်းများကို မေးသင့်ပါကြောင်း တိုက်တွန်းလိုက်ပါတယ်။

တရုတ်က ကိုယ်ကျိုးစီးပွား ဘာကိုလိုလားနေတာလဲပွင့်ပွင့်လင်းလင်း မေးပါ။တတ်နိုင်သလောက်ဖြေလျှော့ပေးမည်။ သို့သော် ဒီလို POWER GAME ကစားလိုမျိုး ထပ်လုပ်လိုက်ရင်လည်း မိမိတို့ကလည်း အလားတူတုန့်ပြန်မယ် ဆိုတာသတိပေးလိုက်ပါ။ သံတမန်ကျင့်ဝတ်အရ မပြောသင့်ပါက စစ်သား စကားအရ တည့် ပြောခွင့်ရှိရာ တပ်ချုပ်ကို အမာလိုင်း Hard power သုံးပြီး နောက်က ဦးထင်ကျော်အစိုးရနဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က အပျော့လိုင်းSoft powerနဲ့  ဟန်ချက်ညီ ဘယ်ညာကစားကာ SMART POWER သုံးသင့်ပါတယ်။

 ရခိုင်ပြည်နယ် ဘင်္ဂလီကိစ္စနဲ့ စပ်လျဉ်းပြီး လုံခြုံရေးကောင်စီမှာ မမျှော်လင့်ဘဲ တရုတ်နဲ့ ရုရှားက မြန်မာဘက်ရပ်တည်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်ကို တစိုက်မတ်မတ်ထောက်ခံခဲ့တဲ့ ဗြိန်တိန်က အဆိုပြုတာ အံ့သြဘွယ်ရာတွေ့ရှိရပေမဲ့ နောက်ပိုင်း မအံ့သြနိုင်တော့ပါ။ ဘာလိုံလဲဆိုတော့ နိုင်ငံတကာမှာ ထာဝရမိတ်ဆွေ၊ ထာဝရရန်သူဆိုတာမရှိဘဲ ထာဝရ အကျိုးစီးပွါးဆိုတာဘဲ ဆိုတာနားလည်လို့ဘဲဖြစ်ပါတယ်။

၄၆။ ဒါကြောင့် တရုတ်ဟာ သူ့အကျိုးစီးပွါးကြောင့် မြန်မာနိုင်ငံကို အရေးကြုံတိုင်း ကာကွယ်စောင့်ရှောက်တတ်တာ ၂ကြိမ်ရှိပြီဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျေးဇူးတင်ကြောင်းနဲ့ တရုတ်ကို ဆုလဒ်အနေနဲ့
 တရုတ်အကျိုးစီးပွါးကို လက်လွှတ်စပယ်လုပ်မှာ မဟုတ်ဖူးဆိုတာ သံတမန်စကားပြောသင့်ပါတယ်။ တပ်ချုပ်ကတော့ ဗီလိန်မင်းသားသဖွယ် ကပြနေရမည်ဖြစ်ရာ အမဖြစ်သူက ထိန်းပါ့မယ်ပုံစံမျိုး မုန့်တဖက် ဒုတ်တဖက် မဟာဗျုဟာကျင့်သုံးရပါမယ်။ မြန်မာနိုင်ငံရဲ့တည်ငြိမ်မှုနဲ့ငြိမ်းချမ်းရေးကို ရိုးသားစွာ အမှန်တကယ် လိုလားရဲ့လား မေးပါ၊ လိုလားတယ်ဆိုရင် ပြည်သူတွေက ဒီသူပုန်တွေ မြေလျိုးပြီး မိုးပျံနေကြတာလား မေးနေကြပြီ။ ပြန်ပေးဆွဲထားတဲ့ လူထုကို ပြန်လွှတ်ပေးဖို့ စေတနာမှန်က တရုတ်က ဆောင်ရွက် ပေး၊ မပေး စောင့်ကြည့်သင့်တယ်။

 မြောက်ပိုင်းအဖွဲ့တိုက်တာ တကြိမ်မက ၃ ကြိမ်ရှိနေပြီး သက်သေအထောက်အထား ရနိုင်သရွေ့ေ ထာက်လှမ်းရေးသတင်း စုဆောင်းကာ နယ်စပ်ပြသနာကြောင့် လူထုဒုက္ခရောက်နေရပုံနဲ့ မိမိအချုပ်အချာ ထိခိုက်ခံရတာကို ရှင်းပြသင့်ပါတယ်။

 ပြသနာဖန်တီးနေတဲ့သူတွေ KIA ခေါင်းဆောင်တွေ၊ ဖုန်ကြားရှင်၊ ဖုံတာရွှင်နဲ့ ရမ်ကွမ်း နောက်ကွယ်မှ ထောက်ခံအားပေးနေတဲ့ (ယူနန်ပြည်နယ်အုပ်ချုပ်ရေး၊ တရုတ်ထောက်လှမ်းရေး၊ ကွန်မြုနစ်ပါတီ) တရုတ်အာဏာပိုင်တွေကို ဖော်ထုတ် အရေးယူပေးနိုင်မလား မေးရပါမယ်။

မတ်၂၁ရက်နေ့က တပ်ချုပ် တရုတ်သံအမတ်ကြီးနဲ့ တွေ့ဆုံခဲ့စဉ်က အထက်တင်ပြပါအတိုင်း ပြောလိမ့်မယ်လို့ ယုံကြည်သလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိက လှုပ်ရှားနေတဲ့ တရုတ်ရဲ့ အထူးကိုယ်စားလှယ်ဆွန်ကောရှန်းကိုလည်း ထပ်မံပြောဖို့လိုပါတယ်။ သူရဲ့လှုပ်ရှားမှုတွေဟာ ဆုတ်ယုတ်မှုတွေ တွေ့နေရလို့ ပြန်သုံးသပ်သင့်ပါတယ်။

၄၇။ ဦးဖုန်ကြားရှင်၊ ဖုန်တာရွှင်တို့ကို မူးယစ်တရားခံများအဖြစ် မြန်မာအစိုးရလက်ထဲအပ်ဖို့ တောင်းဆိုရပါမယ်။ သူတို့ကို ဖြေပေါက်တခုပေးမလား၊ ဦးသိန်းစိန်လက်ထက်က မိုင်းလားခေါင်းဆောင် သားမက်ဖြစ်သူ
ဦးစိုင်းလင်းရဲ့စေ့စပ်မှုနဲ့ မြန်မာပြည်မှာ ခေါင်းချချင်ကြောင်း၊ သူရဲ့လုံခြုံရေးအတွက် လက်နက်ကိုင်ခေါ်လာချင်
ကြောင်း တင်ပြလာရာ လက်နက်ကိုင်ပါမယ်ဆိုလို့ ပျက်ခဲ့ပါတယ်။

 ဦးခွန်ဆာတုန်းက သူ့လုံခြုံရေးကို ထောက်လှမ်းရေးက တာဝန်ယူရာ အစိုးရက အကာအကွယ်ပေးခဲ့လို့ ပြသနာတစုံတရာ မတက်ဘဲ ရန်ကုန်မှာ ကောင်းမွန်စွာနေခဲ့ရာမှ အသုဘကိုလည်း သိမ်မွေ့စွာနဲ့ပြီးခဲ့ပါတယ်။ 

တကယ်လို့ မြန်မာနိုင်ငံမှာ နေချင်တယ်ဆိုရင် သူတို့ကျုးလွန်ထားတဲ့ ပြစ်မှုများကို သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်အာဏာနဲ့ပေးရမှာဖြစ်ရာ သူရဲ့လုံခြုံရေးဟာလည်း မကျေနပ်သူများရှိနိုင်လို့ အထိုက်အလျောက် သူရဲ့လက်နက်ကိုင်တပ်စုတစု (အပြင်စည်းပေးမထွက်ရ) ဒါမှမဟုတ် ပြည်မမှာဆိုရင် ခေါ်လာခွင့်မပြုဘဲ တပ်မတော်မှ တာဝန်ယူသင့်ပါတယ်။ ဒါဟာလည်း ဦးဖုန်ကြားရှင်ဟာ နဝတလက်ထက်က ပထမဦးဆုံး ယုံကြည်မှုတည်ဆောက်ခဲ့လို့ သူ့လမ်းအတိုင်း ဝ ပါလာလို့ ကျေးဇူးသိတတ်မှုနဲ့ တပ်မတော်က ခွင့်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ ပိုပြီး လုပ်ကိုင်ရခက်ပါတယ်။

မူးယစ်ဆေးဝါေးတွသယ်ခဲ့တဲ့ တရုတ်တွေကို သတ်ခဲ့တဲ့ စိုင်းနော်ခမ်းကို ပြည်တွင်းမှာ အမှုစီရင်ခွင့်မရဘဲ တရုတ်က အတင်းလွဲပေးခိုင်းပြီး သတ်ခဲ့တုံးက ပြည်သူတွေ ကျေနပ်မှု မရှိခဲ့တာ ပြောရပါမယ်။ မိမိတောင်းတဲ့ အလှည့်ကျတော့ တရုတ်က ငြင်းရင်လဲ တရားမျှတမှု တန်းတူရည်တူသံတမန်ဆက်ဆံရေးဆိုတာ ပြောသင့်ပါတယ်။ ပစ်မှတ်ဟာ ပြည်တွင်းဝင်ခဲ့လို့ သတင်းရပါက အင်အားသုံး ရှာဖွေဖမ်းဆီးရေးလုပ်နေစဉ် နယ်စပ်က ပိတ်ပေးရေး သဘောတူလားမေးသင့်ပါတယ်။

၄၈။ MNDAA,  TNLA နှင့် AA အဖွဲ့များအား လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်သည့် ကြေညာချက်ထုတ်ပြန်ပါ က NCA တွင် လက်မှတ်ရေးထိုး ရန် မလိုအပ်ဘဲ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်ပြီး နိုင်ငံရေးဆွေးနွေးပွဲများ ၌ တိုက်ရိုက်ပါဝင် ဆွေးနွေးခွင့်ပြုမည်ဟု ကမ်းလှမ်းစည်းရုံးဆောင်ရွက်မှုဟာ ဒေါ်စုလိုလားချက်အတိုင်း တပ်မတော်က ကြေညာချက် ထုတ်ပြန်ပေးလိုက်ရတာကြောင့် အဲဒီ (၃) ဖွဲ့ အတွက် အင်မတန်မှ နှမျောဖို့ကောင်းပါတယ်။

သူတို့ဟာ အခြားအဖွဲတွေနဲ့ တန်းတူထားမခံရလို့ ဒီကြေညာချက်ကို ဂုဏ်သိက္ခာနဲ့ယှဉ်ပြီး ငြင်းနေပါတယ်။ ဒါဆိုရင် တကယ်လက်တွေ့လုပ်ရပ်တွေဟာ ဂုဏ်သိက္ခာမဲ့တဲ့ အထက်ပိုင်းတွေမှာ ဖေါ်ပြခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေဖြစ်တာမို့ စစ်ရေးနဲ့မဖြေရှင်းဘဲ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကိုသာ တက်လှမ်းသင့်ပါတယ်။ မိမိမူကို အသေဆုပ်ကုင်ထားပြီးတဖက်က လျှော့ပေးလိုက်လို့ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကို မျက်နှာပူရမည့်အရေး ထည့်စဉ်းစားပေးဖို့ကောင်းပြီး အပစ်ရပ်ထိုးဖို့ အဆင့်ဆင့် ဘယ်လိုကျော်ဖြတ်ရတယ်ဆိုတာ နားလည်သင့်ပါတယ်။

လက်နက်စွန့်ဖို့ကြေညာချက်ဟာ ချက်ခြင်း မဟုတ်သေးဘဲ ဒီမိုကရေစီ အနှစ်သာရ ပေါ်လွင်လာပြီးမှ အခြေခံဥပဒေပြင်ပြီးမှ အခြားအဖွဲ့တွေနဲ့ မရှေးမနှောင်း လက်နက်ဖြုတ်သိမ်းရေးလုပ်ရမှာဖြစ်လို့ အများကြီးပြင်ဆင်ချိန်၊ သဘောထားလိုအပ်က ပြောင်းလို့ရပါသေးတယ်။ အစိုးရက စံထားနေတဲ့ NCA စာချုပ်ကိုတောင် ဥပက္ခာပြုပေးပြီး နိုင်ငံရေးစားပွဲဝိုင်းကို အတူပါဝင်လို့ရအောင် နည်းလမ်းရှာပေးတာတောင် ငြင်းနေတယ်ဆိုရင် တစုံတယောက်က ဖိအားပေးကြိုးကိုင် နေသလား။ ဒီမိုကရေစီရရင်တောင် ခွဲထွက်ဖို့ကြံနေသလားဆိုတဲ့ မေးခွန်း ထွက်လာပါတယ်။ ဒါကြောင့် ဒီ(၃)ဖွဲ့ကို NPRC က တကြိမ်နားမလည်သေးရင် အနည်းဆုံး(၃) ကြိမ် တွေ့ဆုံဆွေးနွေး ရှင်းပြနိုင်ဖို့ လိုအပ်ပေမဲ့ တိုက်ပွဲများပြင်းထန်နေတာကြောင့် အခွင့်အရေးဆုံးရှုံး သွားခဲ့ရပါတယ်။ ဒါကြောင့် ယခုအချိန်မှာ နှစ်ဖက်စလုံး ရှိန်နေကြတာမို့ ကြားခံ တရုတ်အထူးကိုယ်စားလှယ် ဆွန်ကောရှန်းက စေ့စပ်ညှိသင့်ပါတယ်။ သူက ဘက်မလိုက်ဖို့ အထူးလိုအပ်ပြီး  တရုတ်နေရာဝင်ယူတာကို တပ်မတော်က သတိနဲ့ ကြိုဆိုသင့်ပါတယ်။ စိတ်မသန့်ပါက ကုလသမဂ္ဂကို ထည့်ထားသင့်ပါတယ်။

၄၉။ KIA ကိုတော့ အနေအထား မတူတာကြောင့် သီးခြားတွေ့ဆုံရာမှာ သူတို့ရဲ့ခံစားချက်ဖြစ်တဲ့ စခန်းတွေ လက်လွှတ်ဆုံးရှုံးရတဲ့အပေါ် အဓိကဖြစ်ပြီး တပ်မတော်က ဘယ်လောက်အထိ သဘောထားကြီးနိုင်မလဲ၊ KIA က ခွဲထွက်မယ်ဆိုတဲ့ အမြင်ဖျောက်ကာ အချိန်မဆွဲဖို့နဲ့ မျှမျတတ တောင်းဆိုတတ်ဖို့ အများကြီးမူတည်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကြားခံကနေ ဆောင်ရွက်ပြီး တပ်မတော်နဲ့ဦးစွာဆွေးနွေးကာ KIA ထိပ်ပိုင်းနဲ့ လျှို့ဝှက်တွေ့ဆုံဖြေရှင်းလိုက်တာဟာ သင့်တော်မလား၊ သတ္တိရှိရင် တပ်မတော်စရဖချုပ်နဲ့ KIA မှ ဆုံးဖြတ်ပေးနိုင်မဲ့ ဒုချုပ်အဆင့် တွေ့ပြီးမှ ထိပ်သီးတွေကို တင်ပြသဘောတူညီချက်ယူမလား၊ မဟာဗျူဟာမြောက် စဉ်းစားတွေးခေါ်ချက်ပင်ဖြစ်ပါတယ်။

၅၀။ UWSA ကိုဟာ တရုတ်အထူးကိုယ်စားလှယ်မှတဆင့် ပန်းဆန်းကြေညာချက်ဟာ လူထုက လက်မခံတာကြောင့် ဘယ်လိုနည်းနဲ့မျှ ပေါင်းစပ်လို့ရမှာမဟုတ်ကြောင်းနဲ့ အစိုးရဖိတ်ခေါ်ထားချက်ကို လက်ခံဖို့သြာေ ပာရပါမယ်။ တရုတ်က ဒီတခါအစိုးရဖက် ပြတ်ပြတ်သားသားရပ်တည်ပေးဖို့ တောင်းဆိုရမှာဖြစ်ပါတယ်။

နည်းဗျူဟာအစီအစဉ်များ WELL TACTICAL PLANS

၅၁။ ပူးပေါင်းလုပ်ချင်ရင် ချပြ၊ မလုပ်ချင်ပါက အသိပေးစရာမလိုဘဲ ကြိုတင်စဉ်စားချက် လုပ်ဆောင်နိုင်ဖွယ် နည်းလမ်းများဖြစ်ပါတယ်။

တောင်းဆိုသူတွေကိုမအပ်နိုင်ပါက နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ အမေရိကန်DEA တို့ကို အကြောင်းကြားပြီး ဆုငွေ ထုတ်ရပါလိမ့်မယ်။ လွှတ်တော်မှာလည်း အကြမ်းဖက်သမားစာရင်း တင်ပြပြီး ပိုင်ဆိုင်မှုအားလုံး ထိန်းချုပ်ရပါမယ်၊

ဟုန်ပမ်းကုမ္ပဏီ၊ YANGON AIR WAY၊ ရန်ကုန်မှာ ဟိုတယ်လုပ်ငန်း၊ ဖါးကန့်ကျောက်လုပ်ငန်းနဲ့ တနင်္သာရီ၊ အေးရှားဝေါဆိပ်ကမ်းတွေမှာ စီးပွါးရေးလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကို ငွေမဲကိစ္စ အခွန်နဲ့ စသုံးလုံးက ဝင်စစ်ရပါမယ်။

တရုတ်အထူးသံတမန်ကိုလည်း သူက အဓိကဖြစ်တာမို့ နယ်စပ်မှာ သူပုန်များကို တရုတ်က လက်သိပ်ထိုး အကူအညီ ပေးနေတာကို ရပ်စဲခိုင်းဖို့နဲ့ တရုတ်အာကာပိုင်အဖွဲ့တွေ ထောက်ခံအားပေးမှုကို ဖေါ်ထုတ်ခိုင်းပြီး ပီကင်းက အရေးယူခိုင်းဖို့ တောင်းဆိုကာ သူ့ရဲ့လုပ်ကွက်ကို ကြည့်ရပါမယ်။ ဒီထက်ပြင်းချင်ရင် အာဆီယံနဲ့ ကုလသမဂ္ဂတို့ လုံခြုံရေးကောင်စီတို့ဆီ တင်မယ်။ နှစ်နိင်ငံ ၂ ပူးတွဲ အစည်းအဝေးထိုင်ယုံတင်မက ၂နိုင်ငံနယ်စပ် တပ်မတော် ၂ရပ် ပူးတွဲလှည့်ကင်းဆောင်ရွက်ဖို့ တောင်းဆိုရပါမယ်။ သူတို့လိပ်ပြာသန့်ရင်လက်ခံရင် ကောင်းပါတယ်။

၅၂။ Economic Power Game အနေနဲ့ ရခိုင်ပြည်နယ်မှာ ရေနံနဲ့သဘာဝဓါတ်ငွေ့ကျန်လုပ်ကွက်များကို အင်္ဂလန်နဲ့ ဂျပန်မှ ကုမ္ပဏီများချပေးခြင်းဖြင့် ယှဉ်ပြိုင်မှုနဲ့ လိုအပ်က ချိန်းနိုင်တယ်ဆိုတာ အရိပ်အမြွက်ပြသင့်ပါတယ်။ တရုတ်ရဲပိုးလမ်းမကြီးစီမံကိန်းကို ပြန်လည်သုံးသပ်မယ် ဆိုတဲ့ သံတမန်စကားလုံး ပစ်သွင်းသင့်ပါတယ်။ အထက်ပါတောင်းဆိုမှု မေးခွန်းများကို အိမ်နီးနားချင်းပီသစွာ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ပေးပါက တရုတ်ကို ကျေးဇူးဆပ်တဲ့ အနေနဲ့ မြစ်ဆုံစီမံကိန်း တစိတ်တဒေသကို ပတ်ဝန်းကျင် မထိခိုက်အောင် ပြန်လည်ပြုပြင်ပြီး ဆက်လက်လုပ်ခွင့်ပြုပေးရပါမယ်။ ဒါ့မှမဟုတ် အခြားအစားထိုးစီမံကိန်း တခုခု ပေးသင့်ပါတယ်။ တရုတ်က ၀ အပါအ၀င် မြောက်ပိုင်းအဖွဲ့ (ကျန်၃ဖွဲ့ မပါ) တွေကို လက်မှတ်ထိုးဖို့ အမိန့်ပေးမယ်ဆိုရင်
 တရုတ်စကားပုံအတိုင်း ဆွေမျိုးပေါက်ဖော် ပီသသွားပြီ၊ မဟာဗျူဟာမြောက်မိတ်ဆွေဆိုတာ ပြောလိုက်စေချင်ပါတယ်။

၅၃။ ပြည်သူလူထုကို စည်းရုံး လှုံ့ဆော်ပြီး မျိုးချစ်စိတ်ဓါတ်များကိန်းအောင်းနေတာကို ထကြွအောင် တိုက်တွန်းရပါမယ်။ အပစ်ရပ်လက်မှတ်ထိုးဖို့ ငြင်းဆန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ အသွင် အတွင်းသရုပ်မှန်နဲ့ ငြိမ်းချမ်းရေးမလိုလားသူအဖြစ် ပုံပေါ်အောင် တိုင်းရင်းသားတွေ ပကတိတိုင်းမြင်စေဖို့ မီဒီယာကွန်ယက်ကြီးကိုင်ထားသူရဲ့ အခွင့်အရေးကို အပြည့်အဝသုံးကာ ချပြရပါမယ်။ ထိုင်းနိင်ငံနဲ့ပြသနာဖြစ်ခဲ့တုံးက အစိုးရမီဒီယာစစ်ဆင်ရေးလုပ်လိုက်လို့ တနိုင်ငံလုံး မျိုးချစ်စိတ်ဓါတ်တက်ကြွလာကာ ထိုင်းအစိုးရတောင် ဗီဇာပိတ်တဲ့အထိ ဆပ်ဆပ်ထိမခံ ဖြစ်စဉ်ရှိခဲ့ဖူးပါတယ်။ တပ်ထဲကို မကွေးတိုင်းကရွာတရွာမှ အစုလိုက်အပြုံလိုက်ဝင်လာပါတယ်။အလားတူ ယခုဖြစ်နေဆဲ လိပ်ကျွန်းလူသတ်မှူဖြစ်စဉ်မှာလည်း တနိုင်ငံလုံးအုတ်သြသောင်းနင်းဖြစ်ခဲ့တာကို သတိပေးလိုပါတယ်။ ပြည်သူ မယုံကြည်လာတော့ရင် တော်လှန်ရေး ကျဆုံးရခဲ့တာ ရှိပါတယ်။

၅၄။ အစိုးရကလည်း ငြိမ်မနေသင့်ဘဲ မြောက်ပိုင်းအဖွဲ့တွေနဲ့ မကင်းရာမကင်းကြောင်း အမျိုးနွယ်များဖြစ်တဲ့ တရုတ်ဘုံကျောင်း၊ မန္တလေးမှယူနန်တရုတ်များ၊ ဦးအိုက်ထွန်း၊ မေဖလားဝါးဦးကျော်ဝင်း၊ ဦးထွန်းမြင့်နိုင် ခေါ်စတီဗင်လော၊ ဖူလီလိုက်ဟိုတယ် (အသစ်) ၊ ပိုင်ရှင်ညီအစ်ကိုနှစ်ဦးဖြစ်သော ဦးမောင်မောင်(ညီ) နှင့်ဦးအားလျှံ(အကိုကြီး) (၄င်းတို့ဟာ မြန်မာနိုင်ငံအတွင်းဂေါက်ကွင်းလုပ်ငန်းများ၊ တနင်္သာရီကျွန်းစုဒေသတွင်လုပ်ငန်းများလုပ်ကိုင်နေပြီး၊ ၄င်းတို့ကိုယ်တိုင် တိတ်တဆိတ် MNDAA သိုဆက်ကြေးပေးနေခဲ့ရပါသည်။) ကျင်းတင် ဟိုတယ်ပိုင်ရှင် (၀ဒေသဥက္ကဌဟောင်းပယ်ဆောက်ချိန်၏သား) ဦးခင်မောင်လွင် (၄င်းသည်လည်းဆက်ကြေးပေးခဲ့ပါသည်။) ဦးတေဇ စတဲ့ ခရိုနီကြီးတွေနဲ့ ယခင်ထောက်လှမ်းရေးက ဗိုလ်မှူးကြီးစန်းပွင့်တို့ကို လျှို့ဝှက်စေလွှတ်ကာ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် လုပ်ခိုင်းသင့်ပါတယ်။

၅၅။ UNFC ထဲက တွေဝေနေတဲ့ အောက်ပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို စဉ်ဆက်မပြတ် ထိတွေဆက်ဆံ စည်းရုံးရေးကွန်ယက် တည်ဆောက်ရမှာ သြဇာရှိတဲ့ ရင်းနှီးပတ်သက်တဲ့ အဖွဲ့အစည်းများကိုအကူအညီ တောင်းခံရပါမယ်။

RCSS မှ ဦးရွယ်ဆစ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီမှ ဦးစိုင်းညွှန်လွင်တို့မှတဆင့် SSPP ကို ထိတွေ့ခြင်း၊ KNU၊ PNLO တို့မှ တဆင့် KNPP ကို ထိတွေ့ခြင်း၊ မွန်အမျိုးသားပါတီ အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်း၊ NMSPအဖွဲ့ဝင်ဟောင်း ဦးမြင့်လွင်မှတဆင့် NMSPကိုထိတွေ့ခြင်း၊ ဗိုလ်မှူးကြီး ငြိမ်းစန်းပွင့်ကို UWSA နဲ့ MNDAA သို့ စေလွှတ်စည်းရုံးခြင်း၊ ဒေါက်တာတူးဂျာ၊ နှစ်ခြင်းခရစ်ယာန်သာသနာပြုများကို KIA သို့စေလွှတ်ထိတွေ့ ဆက်ဆံစေကာ တီးခေါက်ခြင်း၊ အဆိုပါထိတွေ့ဆက်ဆံမှူ တိုးတက်မှူရလဒ်ရှိလာပါက ဒေါက်တာတင်မျိုးဝင်းတို့အဖွဲ့ကို အလွတ်သဘော ထပ်လွှတ်ရပါမယ်။

အုပ်ချုပ်မှူ

၅၆။ စက်သုံးဆီထောက်ပံ့ပို့ဆောင်ရေး၊ ဘဏ္ဏာရေးဆိုင်ရာ အရေးပေါ်ရံပုံငွေထားရှိရေး၊ လက်နက်ခဲယမ်း ဖြည့်တင်းရေး၊ ပြည်သူလူထုဘေးကင်းရာရွှေ့ပြောင်းပေးရေး စီမံချက်တွေကို တကယ်ဖြစ်လာမှ လုပ်သည်ထက် အဆိုးဆုံးတွေကို ကြိုတင်မျှော်မှန်းပြင်ဆင်ရထားပါမယ်။ ဥမင်လှိုင်ခေါင်းများထဲမှာ ဗဟိုကွပ်ကဲရေးစင်တာထားရှိ သင့်ပါတယ်။ တရုတ်ရန်ကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ မိမိကလည်း ပြည်သူ့စစ်မဟာဗျူဟာ ခင်းဖို့နဲ့ စစ်မှုထမ်းဥပဒေပြဌန်းခြင်း၊ စစ်မှူထမ်းဟောင်းများ ပြန်လည်ဆင့်ခေါ်ခြင်း၊ ဖောင်ကြီးအမှုထမ်းများလေ့ကျင့်ပေးခြင်း စတဲ့ ကြိုတင်ပြင်ဆင်မှု လုပ်သင့်တာလုပ်ထားရမယ်။

ဆက်သွယ်ရေး

၅၇။ သံတမန်ရေးရာ ဆက်သွယ်လှူပ်ရှားမှုအနေနဲ့ အမေရိကန်သမ္မတနဲ့ ရုရှား၊ EUတို့ကို လိုအပ်က ကူညီပေးရေး တီးခေါက်ထားရပါမယ်။ ဒီနေရာမှာအမေရိကန်သမ္မတ အိုဘားမားထက် ထရန့်က ပိုမိုပြီးကောင်းတာက စီးပွါးရေးသမားပေမဲ့ စစ်ရေးအမြင်ရှိရှိ ပြတ်သားတာတွေ့ရပါတယ်။ ဆောင်းပါးရေးနေတုံးမှာပင် ဂျပန်ကို ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြောက်ကိုရီးယားအား သံတမန်ရေးရာချဉ်းကပ်မှူ အလုပ်မဖြစ်တာကြောင့် စစ်ရေးအရအရေးယူဖို့သာရှိတော့ကြောင်းနဲ့ ပက်ထရောစ်ဒုံးခွင်းဒုံးစနစ် ချမယ်လို့ြေ ပာခဲ့ပါတယ်၊ ဒါကြောင့် အမေရိကန်သွားပြီး သံတမန်ရေးရာ ဆက်သွယ်လှုပ်ရှားမှုလုပ်သင့်ပါတယ်။

တပ်မတော်အနေနဲ့ ကြိုတင်ပြင်ဆင်မှုကတော့ လုံခြုံရေးဖြစ်နေလို့ဖေါ်ပြရန် မသင့်လို့ပြည်သူစစ်မဟာဗျူဟာခင်းရင် ဥပဒေသများအတိုင်း ပြင်ဆင်ဖို့လိုသလို ခံစစ်စည်းဘယ်လိုတည်ဆောက်မလဲ၊ ဆက်သွယ်မှူကွန်ယက် ဘယ်လိုခိုင်မာအောင် မြေအောက်ချ ဆက်သွယ်ရေးကြိုး ဖိုင်ဘာကွန်ယက် သုံးသပ်ပြင်ဆင် မလဲဆိုတာ စဉ်းစားထားရပါမယ်။

(ဆက်လက်ဖော်ပြပါမည်)