ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ခင်စန္ဒာမြင့် ● မျှော်လင့်နေသော ပညာရေးနဲ့ ဝေဖန်သံတွေကြားက ပေါ်ထွက်လာသော မဟာဗျူဟာစီမံကိန်း

 
ခင်စန္ဒာမြင့် ● မျှော်လင့်နေသော ပညာရေးနဲ့ ဝေဖန်သံတွေကြားက ပေါ်ထွက်လာသော မဟာဗျူဟာစီမံကိန်း
(မိုးမခ) မတ် ၁၄၊ ၂ဝ၁၇

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း စတင်အကောင်အထည်ဖော်ပြီဆိုတဲ့ အကြောင်း ဖေဖော်ဝါရီလ ၂၃ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့အခမ်းအနားကတဆင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တရားဝင်ကြေညာခဲ့ပါတယ်။

ဒီစီမံကိန်းဟာ ဘက်စုံလွှမ်းခြုံနိုင်တဲ့ ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း (CESR) ရဲ့ အဆင့် ၁ နဲ့ ၂ အစီရင်ခံစာများ၊ ပညာရေး လုပ်ငန်းအဖွဲ့ရဲ့ အစီရင်ခံစာများ၊ အမျိုးသားပညာရေးဥပဒေ (၂ဝ၁၄) နဲ့ အမျိုးသားပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်တဲ့ ဥပဒေ (၂ဝ၁၅)၊ ကဏ္ဍအလိုက် လုပ်ငန်းစီမံကိန်းများနဲ့ အစိုးရရဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု ဦးစားပေးလုပ်ငန်းများ စတဲ့သတင်းအချက်အလက်အရင်းအမြစ် ၅ ခုကို အခြေခံ၍ ရေးဆွဲခဲ့တာဖြစ်တယ်လို့လည်း အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(NESP) မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

တဖက်မှာလည်း မြန်မာနိုင်ငံဟာ Global Partnership For Education (GPE) အဖွဲ့ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ကြိုးစားနေပြီး၊ GPE ကလည်း မြန်မာနိုင်ငံကို ပညာရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၇၃.၇သန်းထောက်ပံ့မှုပြုလုပ်မှာဖြစ်ပါတယ်။  ဒီလိုထောက်ပံ့ကူညီပေးမှုတွေရနိုင်ဖို့အတွက် GPE အဖွဲ့ရဲ့ စံသတ်မှတ်ချက်တွေရှိနေပါတယ်။ ဒါတွေကတော့ လူ့အခွင့်အရေးစံနှုန်းတွေပါဝင်တဲ့ အမျိုးသားပညာရေးဥပဒေရေးဆွဲရေး၊ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းရေးဆွဲရေးနဲ့ ဖွံ့ဖြိုးမှုမိတ်ဖက်များပါဝင်တဲ့ နိုင်ငံတော်အဆင့်ကော်မတီများဖွဲ့စည်းရေး စတာတို့ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလိုစံသတ်မှတ်မှုတွေကတဆင့် ရေးဆွဲထားတဲ့ NESP စီမံကိန်းကို စတင်အကောင်အထည်ဖော်ပြီလို့ ကြေညာပြီးတဲ့နောက်မှာတော့ ပညာရပ်ဝန်းအသိုင်းအဝိုင်းတွေကြားမှာ ကျယ်လောင်တဲ့ ဝေဖန်သံတွေပေါ်ထွက်လာပါတယ်။

● NESP စီမံကိန်းအတွက် အရပ်ဘက်အဖွဲ့အစည်းများပါဝင်နိုင်မှု
ဒီဝေဖန်သံတွေထဲက တခုကတော့ NESP စီမံကိန်းကိုရေးဆွဲတဲ့အခါမှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေဟာ နောက်ဆုံးမှ သိခွင့်ရခဲ့ကြတယ် ဆိုတာပါပဲ။

တကယ်တော့ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း(မူကြမ်း)ဟာ ၂ဝ၁၆ခုနှစ်၊ သြဂုတ်လအတွင်းမှာ ကတည်းက ထွက်လာခဲ့တာပါ။  ဒါပေမယ့် ပညာရေးဆက်စပ်တဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရဲ့ လက်ထဲကိုတော့ ရောက်ရှိဖို့ နှောင့်နှေးနေခဲ့တဲ့အတွက် အခုလိုဝေဖန်သံတွေ ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။ 



ဒါပေမယ့် NESP စီမံကိန်းရဲ့ ညှိနှိုင်းဆွေးနွေးရေးမူ ကဏ္ဍမှာကတော့ ၂ဝ၁၄ ခုနှစ် အောက်တိုဘာလကနေ ၂ဝ၁၅ ခုနှစ်အတွင်း CESR အဖွဲ့ဝင်တွေဟာ ပညာရေးမှာ ပူးပေါင်းဆောင်ရွက်သူ ၃,၁၉၉ ဦးနဲ့ ညှိနှိုင်းဆွေးနွေးပွဲ ၁ဝ၇ ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ ၂ဝ၁၅ခုနှစ်မှာလည်း CESR အဖွဲ့ဝင်တွေဟာ တနိုင်ငံလုံးရှိ ခရိုင်ပေါင်း ၄၃ ခုမှာ ပညာရေး ပူးပေါင်းဆောင်ရွက်သူ ၁၃,ဝဝဝ ဦးနဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သပြေပညာရေးဖောင်ဒေးရှင်းက အမှုဆောင်ဒါရိုက်တာ ဆရာစောမျိုးမင်းသူကတော့ NESP စီမံကိန်း ပေါ်ပေါက်လာဖို့အတွက် အခြေခံဖြစ်တဲ့ CESR ရဲ့ လုပ်ငန်းဆောင်ရွက်မှုအပိုင်းမှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေဟာ အတိုင်းအတာတခုအထိပါဝင်ခွင့်ရခဲ့ကြပေမယ့်၊ တကယ်တမ်း NESP စီမံကိန်းရေးဆွဲမှုအပိုင်းမှာတော့ နိုင်ငံခြားကပညာရှင်တွေနဲ့ရေးဆွဲခဲ့တဲ့အတွက်၊ ဒီစီမံကိန်းဟာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အတွက်တော့ ရင်းနှီးကျွမ်းဝင်မှု မရှိသလိုဖြစ်နေတယ်လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။

“ကျွန်တော်တို့ကို နေပြည်တော်မှာ တရားဝင်ထုတ်တော့မယ်ဆိုတော့မှ၊ တပတ်ကျော် နှစ်ပတ်လောက်အလိုကျမှ ပညာရေးဝန်ကြီးဌာနက UNICEF ကနေတဆင့် ခေါ်တွေ့တယ်ဆိုတော့ ဒီမဟာဗျူဟာစီမံကိန်းရဲ့ဖြစ်စဉ်တလျောက်မှာ ကျွန်တော်တို့ရဲ့ အဓိပ္ပာယ်ရှိတဲ့ ပါဝင်မှုရှိခဲ့တယ်လို့ မယူဆမိဘူး” လို့ သပြေပညာရေးဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဆရာမျိုးမင်းသူးကပြောပါတယ်။

ဒါပေမယ့် ပညာရေးသုတေသနဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောရာမှာတော့ ဒီအမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းဟာ ပြည်တွင်း၊ ပြည်ပ အကြံပေးပညာရှင်တွေက ပူးပေါင်းပြီးဆောင်ရွက်ခဲ့တဲ့အတွက် အကောင်အထည်ပေါ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် NESP ရဲ့ အခြေခံမူတွေထဲက လက်လှမ်းမီရေးမူမှာတော့ ‘ပညာရေးဝန်ကြီးဌာနသည် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းရေးဆွဲခြင်းကို ပြည်သူလူထုတရပ်လုံးက လက်လှမ်းမီနိုင်ရန် အထူးအလေးပေးဆောင်ရွက်ခဲ့ပါသည်’ လို့လည်း ဖော်ပြထားပါတယ်။

မသန်စွမ်းကလေးငယ်များ ပညာသင်ယူခွင့်ရှိရေး လှုပ်ရှားမှုကော်မတီက တွဲဖက်အတွင်းရေးမှူး၊ ပညာရေးစနစ်ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) အဖွဲ့ဝင် ကိုရဲဝင်းကတော့ “ပြည်သူတွေကို ချပြဖို့မပြောနဲ့ ပညာရေးကို ထဲထဲဝင်ဝင်လုပ်နေပါတယ်ဆိုတဲ့ ပညာရေးအဖွဲ့တွေကိုတောင် ဒီစီမံကိန်းကိုချပြဖို့ နှောင့်နှေးကြန့်ကြာနေတယ်” လို့ သူ့ရဲ့ အတွေ့အကြုံကိုပြောပါတယ်။

ဒါ့အပြင် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းကို အကောာင်အထည်ဖော်နိုင်ဖို့အတွက် နိုင်ငံတော်အဆင့်ပညာရေးကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းရေးမှာလည်း အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ပါဝင်နိုင်မှုနဲ့ပတ်သတ်ပြီး အစိုးရဖက်က ကန့်သတ်မှုတွေလည်းရှိနေတဲ့အပြင်၊ ကိုယ်စားလှယ်ရွေးချယ်မှုအတွက် တွေ့ဆုံဆွေးနွေးပွဲတွေကိုလည်း ရက်ရွှေ့ဆိုင်းတာမျိုးတွေရှိနေခဲ့ပါတယ်။

ထိုသို့ကန့်သတ်ထားတာနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးဖြစ်တဲ့ ကျောင်းပြင်ပ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ “မှတ်ပုံတင်ထားတဲ့အဖွဲ့အစည်းလား၊ ပညာရေးကဏ္ဍမှာ နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့တဲ့သူ တကယ်ဟုတ်ရဲ့လား၊ တကယ်ရော အကျိုးပြုရဲ့လား ဆိုတဲ့အပေါ်မူတည်ပြီး ကိုယ်စားလှယ် ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ စံသတ်မှတ်ချက်တွေကိုရေးဆွဲရမယ်။ ဒီစံတွေနဲ့ညီမှသာ ကိုယ်စားလှယ်ဖြစ်လာမယ်” လို့ ပြောပါတယ်။

ဒီပေါင်းစပ်ညှိနှိုင်းရေးကော်မတီဟာ အစိုးရဘက်က ၃ နေရာ၊ ဖွံ့ဖြိုးရေးမိတ်ဖက်တွေက ၂ နေရာ၊ INGO တွေဘက်က ၂ နေရာနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေဘက်က ၂ နေရာဆိုပြီး ၉ ဦးကော်မတီဖြစ်ပါတယ်။  ဒီအဖွဲ့ဝင်တွေက ပညာရေးအတွက် အကောင်အထည်ဖော်ရမယ့် အချက်တွေအပါအဝင်၊ GPE က မြန်မာ့ပညာရေးအတွက် ထည့်ဝင်ငွေတွေနဲ့ပတ်သက်ပြီး စဉ်းစားဆုံးဖြတ်မှုတွေကို ပြုလုပ်မှာဖြစ်သလို၊ စီမံကိန်းရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေကို သုံးသပ်မယ့် အဖွဲ့လည်းဖြစ်ပါတယ်။

အရပ်ဘက်လူ့အဖွဲ့အစည်းတွေကို တရားဝင်မှတ်ပုံတင်ထားတဲ့ အဖွဲ့များသာဖြစ်ရမယ်ဆိုပြီး အစိုးရဘက်က ကန့်သတ်ထားသော်လည်း မြန်မာ့ပညာရေးကဏ္ဍအတွက် ဒေါ်လာ ၇၃.၇သန်းထည့်ဝင်ပေးမယ့် GPE အဖွဲ့ရဲ့ စံသတ်မှတ်ချက်မှာတော့ ပညာရေးအတွက် အမှန်တကယ်ပြုလုပ်နေသော အဖွဲ့အစည်းများကို ပါဝင်ခွင့်ပေးရမယ်လို့သာ ပါရှိပါတယ်။

ဒီလိုအရပ်ဘက်လူ့အဖွဲ့အစည်းတွေ ပါဝင်ခွင့်ရမှုအပေါ် သဘောထားကွဲလွဲမှုတွေနဲ့ပတ်သတ်ပြီး သပြေပညာရေးဖောင်ဒေး ရှင်းမှ အမှုဆောင်ဒါရိုက်တာ ဆရာမျိုးမင်းသူကပြောရာမှာတော့ “အရင်အစိုးရလက်ထက်ကထက် အခုအစိုးရသစ်လက် ထက်မှာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ထိတွေ့မှုဟာ ပိုပြီးလျော့နည်းလာတယ်” လို့ဆိုပါတယ်။

● စီမံကိန်းပါ ကဏ္ဍများနှင့် အကောင်အထည်ဖော်မှု
ဒီ NESP စီမံကိန်းနဲ့ ပတ်သတ်ပြီး ဝေဖန်သံတွေထဲက နောက်တချက်ကတော့ စီမံကိန်းပါ ကဏ္ဍတွေနဲ့ အကောင်အထည်ဖော်နိုင်မှုတို့ပဲဖြစ်ပါတယ်။

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့အတွက် ပညာရေးကဏ္ဍမှာ မဟာဗျူဟာမြောက် အပြောင်းအလဲ ၉ ခုဖြစ်တဲ့ မူကြိုနှင့် သူငယ်တန်းပညာရေး၊ ၂၁ ရာစု အခြေခံပညာ ပြုပြင်ပြောင်းလဲမှုများ၊ အခြေခံပညာရေး-အခွင့်အလမ်း၊ အရည်အသွေးနဲ့ လူတိုင်းအကျုံးဝင်မှု၊ အခြေခံပညာသင်ရိုးညွှန်းတမ်း၊ ပညာရည်စစ် ဆေးအကဲဖြတ်ခြင်းနဲ့ စာမေးပွဲများကျင်းပခြင်း၊ ဆရာအတတ်ပညာရေးနဲ့ စီမံခန့်ခွဲမှု၊ ကျောင်းပြင်ပနဲ့ တသက်တာပညာရေး၊ နည်းပညာနဲ့ သက်မွေးပညာရေးနဲ့ လေ့ကျင့်ရေး၊ အဆင့်မြင့်ပညာရေး စတဲ့ အပြောင်းအလဲကဏ္ဍတွေနဲ့ အဆင့်ဆင့်ပြုလုပ်သွားမယ်လို့ NESP စီမံကိန်းမှာ ဖော်ပြထားပါတယ်။

ဒီကဏ္ဍကြီး ၉ ခုမှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေကို ကဏ္ဍ (၇)ခုမှာသာပါဝင် ဆွေးနွေးခွင့်ပေးပြီး၊ အခြေခံပညာသင် ရိုးညွှန်းတမ်းနဲ့ မူကြိုနှင့် သူငယ်တန်းပညာရေးဆိုတဲ့ ကဏ္ဍနှစ်ခုကိုတော့ အစိုးရကတိုက်ရိုက်ကိုင်တွယ်စီမံမှာဖြစ်ပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာဖော်ပြထားသော ‘အခြေခံပညာသင်ရိုးညွှန်းတမ်းကို ပြည်ထောင်စုလွှတ်တော်၏ခွင့်ပြုချက်ဖြင့်သာ ပြုပြင်ပြောင်းလဲနိုင်သည်’ ဆိုသော အချက်ဖြင့် NESP ၏ သင်ရိုးညွှန်းတမ်းကဏ္ဍကို အစိုးရက တိုက်ရိုက်ထိန်းချုပ်မှုဟာ ငြိမ်းချမ်းရေးဖြစ်စဉ်၏ အခြေခံအုတ်မြစ်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စုနှင့်၊ ဖက်ဒရယ်ပညာရေးအတွက် မေးခွန်းထုတ်စရာလည်း ဖြစ်နေပါတယ်။

“အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းဟာ ကျွန်တော်တို့ ထူထောင်ချင်တဲ့ ဖက်ဒရယ်ပညာရေးနဲ့ တက်တက်စင်အောင် လွဲနေပါတယ်” လို့ သပြေပညာရေးဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဆရာစောမျိုးမင်းသူကပြောပါတယ်။

တနိုင်ငံလုံးမှာရှိတဲ့ သင်ရိုးညွှန်းတမ်းကို နေပြည်တော်မှာရှိတဲ့ လူတစုနဲ့ ဆုံးဖြတ်မယ်ဆိုတဲ့သဘောဟာ ဖက်ဒရယ်ပြည် ထောင်စု ထူထောင်မယ်ဆိုတဲ့သဘောရယ်၊ ဗဟိုချုပ်ကိုင်မှုလျော့ချမယ်ဆိုတဲ့ သဘောတွေနဲ့ တက်တက်စင်အောင် လွဲနေပါတယ်လို့ ဆရာ ဦးစောမျိုးမြင့်သူက ဆက်လက်ထောက်ပြခဲ့ပါတယ်။

သို့သော် NESP တွင်ဖော်ပြထားသော အခြေခံသင်ရိုးညွှန်းတမ်းကဏ္ဍအတွက်ပြုလုပ်မယ့် မဟာဗျူဟာ (၃)ရပ်အနက် မဟာဗျူဟာ ၁ နဲ့ ၂ တို့ရဲ့ လုပ်ငန်းစဉ် - ၃ မှာတော့ နိုင်ငံသားအားလုံးရဲ့ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့ထုံးတမ်းအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်တတ်ရန် တိုင်းရင်းသားဘာသာစကားသင်ရိုးညွှန်းတမ်းပြုစုရေးဆွဲခြင်း၊ သင်ရိုးညွှန်းတမ်းရေးဆွဲသူများရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းဆိုတဲ့ ကဏ္ဍတွေကို ထည့်သွင်းဖော်ပြထားတာကိုတွေ့ရပါတယ်။ ဒါ့အပြင် မူကြိုနဲ့ သူငယ်တန်းပညာရေးကဏ္ဍကို အကောင်အထည်ဖော်မယ့် ကဏ္ဍ (၄) ရပ်ရဲ့ ပထမဆုံးကဏ္ဍဖြစ်တဲ့ ‘မူကြိုဝန်ဆောင်မှုဆိုင်ရာ အုပ်ချုပ်ရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကို ပိုမိအားကောင်းအောင် ဆောင်ရွက်ခြင်း’ ဆိုတဲ့ ကဏ္ဍရဲ့ လုပ်ငန်းအစီအစဉ်-၁ မှာ တော့ အရပ်ဘက် လူမှုအဖွဲ့အစည်းနဲ့ ပုဂ္ဂလိကကဏ္ဍတို့က ပညာရေးတွင် ပူးပေါင်းဆောင်ရွက်သူများနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် တကယ် လက်တွေ့အကောင်အထည်ဖော်မှုမှာတော့ အဆိုပါ မူကြိုနှင့် သူငယ်တန်းပညာရေးကဏ္ဍ အတွက် အရပ်ဘက်အဖွဲ့အစည်းတွေပါဝင်ခွင့်မရှိဘူးလို့ ကိုရဲဝင်းကပြောပါတယ်။

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (NESP) ဟာ (၂ဝ၁၆-၂ဝ၂၁) ငါးနှစ်တာ ကာလစီမံကိန်းဆိုပြီး ဖော်ပြထားသော် လည်း စီမံကိန်းကို စတင်အကောင်အထည်ဖော်ပြီလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ကြေညာလိုက်သည့် ကာလကပင် မူလစီမံကိန်းတွင် လျာထား ထားသည့် ကာလထက် ၁ နှစ်နီးပါး နောက်ကျနေခြင်းကလည်း ဒီစီမံကိန်းအပေါ် ထောက်ပြဝေဖန်စရာဖြစ်နေပြန်ပါတယ်။

“ဒီစီမံကိန်းဟာ အကောင်အထည်ဖော်မှုအပိုင်းမှာ အားနည်းတယ်ဆိုတာကိုတွေ့ရတယ်။  အခုကတည်းက အချိန်အရ အားနည်းနေတာကိုတွေ့နေရတယ်။ ဒီစီမံကိန်းပါ အကြောင်းအရာတွေကို ပြီးပြည့်စုံအောင် လုပ်နိုင်မယ်ဆိုရင်တောင် ဘယ်လောက်အထိ လုပ်နိုင်မယ်ဆိုတာ ကျွန်တော်တို့ စဉ်းစားစရာဖြစ်နေပါတယ်” ဟု ဆရာဦးမျိုးမင်းသူကပြောပါတယ်။

● စီမံကိန်းနှင့် ဘဏ္ဍာငွေ
NESP စီမံကိန်းကို အကောင်အထည်ဖော်မှု အပိုင်းမှာ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တဲ့ ပညာရေးအသုံးစရိတ် ဘဏ္ဍာငွေအပိုင်းကိုလည်း ဝေဖန်ထောက်ပြမှုတွေရှိနေပါတယ်။

၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ဦးစားပေး အစီအစဉ်များအရ ဘတ်ဂျက်ခွဲဝေမှုမှာ ပညာရေးဝန်ကြီးဌာနဟာ စတုတ္ထနေရာမှာရှိနေပြီး၊ ငွေကျပ် ၁,၇၆၄ ဘီလီယံဖြစ်ကာ စုစုပေါင်း အသုံးစရိတ်များ၏ ၈.၄၄ ရာခိုင်နှုန်းသာရရှိနေပါတယ်။

မဟာဗျူဟာစီမံကိန်းမှာ ဖော်ပြထားတာကတော့ NESP စီမံကိန်းမှာပါဝင်တဲ့ လုပ်ငန်းစဉ်များနဲ့ မျှော်မှန်းရလဒ်များ၏ ၈ဝရာခိုင်နှုန်းကို အကောင်အထည်ဖော်မည်ဆိုပါက ၂ဝ၁၆-၂ဝ၂၁ ငါးနှစ်တာကာလအတွင်း ပညာရေးအတွက် နှစ်စဉ်အသုံးစရိတ်သည် ၂ ဆထက်မက မြင့်တက်လာမှာဖြစ်ပြီး ကျပ်သန်းပေါင်း ၁၄,၄၇၄,၆၆၃ သန်းကုန်ကျ မယ်လို့ ဖော်ပြထားတဲ့အတွက်၊ တနှစ်ချင်းစီအနေနဲ့ ပြောရမယ်ဆိုရင် ကျပ်သန်းပေါင်း ၂,၈၉၄,၉၃၂ ကျော် ကုန်ကျမှာဖြစ်တယ်ပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် အစိုးရဟာ ဒီစီမံကိန်းအတွက် နိုင်ငံတော်က ထည့်ဝင်မှုရှိသော်လည်း နိုင်ငံခြားက ထည့်ဝင်လှူဒါန်းမှုတွေပေါ် မူတည်ပြီးရေးဆွဲထားသလိုဖြစ်နေပါတယ်။  နိုင်ငံခြားက ထည့်ဝင်လှူဒါန်းမှုဟာ နှစ်ကာလ အပိုင်းအခြားနဲ့ ရှိတဲ့အတွက် စီမံကိန်းတခုလုံး စဉ်ဆက်မပြတ် တိုးတက်အကောင်အထည်ဖော်နိုင်ရေးအတွက် ဘဏ္ဍာငွေနဲ့ပတ်သတ်ပြီး အရပ်ဘက်လူ့အဖွဲ့အစည်းတွေဘက်က ဝေဖန်အကြံပြုထောက်ပြမှုတွေလည်း ရှိနေပါတယ်။

“မြန်မာနိုင်ငံရဲ့ ပညာရေးက ဘတ်ဂျက်တွေ အများကြီးသုံးပြီးပြောင်းလဲမှ အဆင်ပြေမှာ။ နိုင်ငံခြားက အလှူရှင်တွေဆီက ပိုက်ဆံရမှာကိုလည်း ဝမ်းသာပါတယ်။ ဒါပေမယ့် အစိုးရက အခွန်တွေပေါ်မူတည်ပြီး စီမံကိန်းကိုရေးဆွဲရင်တော့  ပိုကောင်းတာပေါ့” ဟု ကိုရဲဝင်းကဆိုပါတယ်။

NESP စီမံကိန်းကြီးဟာ မသန်စွမ်းကလေးငယ်တွေနဲ့ပတ်သတ်တဲ့ အခန်းကဏ္ဍအချို့၊ အဆင့်မြင့်ပညာ၊ အသက်မွေးဝမ်းကျောင်းပညာနဲ့ ဆရာခန့်ထားမှု စတဲ့အပိုင်းတွေမှာလည်း အားနည်းချက်အချို့ရှိနေပါတယ်လို့ အရပ်ဘက်အဖွဲ့အစည်း အများစုက ထောက်ပြဝေဖန်နေကြပေမယ့်လည်း သူတို့အားလုံးဆီက တူညီတဲ့ အသံကတော့ … …

“ဒီစီမံကိန်းက ပညာရေးပြောင်းလဲမှုကဏ္ဍအတွက် အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်” ဆိုတာပဲဖြစ်ပါတယ်။

ခင်စန္ဒာမြင့်
မတ် ၁၀၊ ၂ဝ၁၇