ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

သာထက်အောင် ● မမွဲဘယ်သူနေပါ့မယ်


သာထက်အောင် ● မမွဲဘယ်သူနေပါ့မယ်
(မိုးမခ) မတ် ၇၊ ၂၀၁၇


ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် နှစ်ကုန်ပိုင်းလောက်က ဇနီးလုပ်သူ အားလပ်ရက် တလယူ ရွှေပြည်ကြီး သွားလည်ပြီး ပြန်လာတော့ တော်တော်ပျော်လာပုံပေါ်ပါတယ်။ သြဇီ ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁, ၀၀၅ ကျပ် မရစဖူးရခဲ့တော့ သူသုံး လို့ တယ်ကောင်းဆိုပဲ။ မင်းတယောက်အတွက်တော့ သုံးလို့ကောင်း၊ ဖြုန်းလို့ကောင်း၊ ဒေါ်လာဈေးတတ်တာ ကိုပဲ မင်းမှာအပျော်ကြီးပျော်နေ၊ အေး .…ကျန်ခဲ့တဲ့ မင်းအမေ၊ အမ၊ အမျိုးအဆွေ နိုင်ငံတူ၊ နိုင်ငံသားတွေ ဒေါ်လာဈေးတတ်တဲ့ဒဏ် ဘယ်လောက်ခံကြရသလဲဆိုတာ မင်းသိသလားဆိုတော့မှ ငြိမ်သွားပါတော့တယ်။

ရတောင့်ရခဲ့ လူ့ဘ၀ခဏတာမှာ ကျိကျိတက် မချမ်းသာဦးတော့ အသက်ကလေးတချောင်းတော့ သက်တောင့်သက်သာလေး မွေးသွားချင်ကြတာ လူ့ဓမ္မတာပါ။ မိခင်အရင်းက ကိုယ့်ရင်သွေးနီတာကွေးလေးကို လမ်းကြိုလမ်းကြား၊ အမှိုက်ပုံဘေးတွေမှာ စွန့်ပစ်တဲ့သတင်းတွေ မြင်ရကြားရတော့ အပြစ်ပြောရမှာထက် သူတို့ ရဲ့သောက ဒုက္ခပရိဒေ၀ကို စာနာနိုင်အောင် ကြိုးစားနေရပါတော့တယ်။

ကြပ်ပါတယ်။ ရွှေပြည်ကြီးမှမဟုတ်ပါဘူး။ ကမ္ဘာကြီးတခုလုံး အရင်ထက်စာရင် အနေကြပ်၊ အသေ ကြပ်လာပါပြီ။ ဒါပေမဲ့ အသိ ဉာဏ် ပညာကြီးတဲ့ စီမံခန့်ခွဲမှုကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်များ ဦးစီးတဲ့နိုင်ငံတွေမှာ သိပ်မဆိုး ၀ါးလှပေမယ့် အာဏာ၊ ပါဝါ၊ နေရာအတွက်လောက်သာ ဇောကပ်နေတဲ့ ပုဂ္ဂိုလ်များဦးစီးတဲ့ ရွေှ့ပြည်ကြီးကတော့ ဆိုးဝါးလွန်းလှပါတယ်။

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် ကျွန်တော်ရောက်စ ဆစ်ဒနီနဲ့ အခုဆစ်ဒနီအများကြီးကွာ သွားပါပြီ။ ကုန်ဈေးနှုန်းတွေ၊ အိမ်ဈေး၊ မြေဈေးတွေကွာသလို လုပ်အားခလည်း လွန်ခဲ့တဲ့အနှစ်၂၀ ကျော်နဲ့ ယှဉ် ရင်ကွာသွားပါပြီ။ ကုန်ဈေးနှုန်းတက်တယ်ဆိုရာမှာလည်း ဘီယာ၊ အရက်၊ စီးကရက်ဆိုတဲ့ လူ့အဖွဲ့အစည်းကို ဒုက္ခပေးမယ့်ဟာတွေကိုတော့ တမင်အခွန်တိုးကောက်ထားလို့ ဈေးကြီးပါတယ်။ အခြေခံစားကုန်ဖြစ်တဲ့ ပေါင်မုန့်၊ နွားနို့၊ ငှက်ပျောသီးဆိုတာမျိုးတွေကတော့ ရတဲ့လုပ်အားခနဲ့ ၀ယ်နိုင်စားနိုင်ကြတာချည်းပါပဲ။

နည်းပညာ တွေဆန်းသစ်လာလို့လားတော့ မသိဘူး။ မော်တော်ကားတို့၊ တီဗွီတို့ဆိုရင် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်နဲ့စာရင် ဈေးတောင်ပေါလာပါသေးတယ်။ အိမ်ဈေး၊ မြေဈေး၊ တိုက်ခန်းဈေးကတော့ ကမ္ဘာမှာ ဟောင်ကောင်ပြီးရင် ဆစ်ဒနီက ဒုတိယဈေးအကြီးဆုံးပါ။ စီးပွားရေးနယ်ချဲ့တတ်တဲ့ တရုတ်ဒဏ်ကို မန္တလေးမှမဟုတ်ပါဘူး။ ဆစ်ဒနီ လည်း ခံရတာပါပဲ။

ကုန်ဈေးနှုန်းကျအောင် ဘယ်လိုလုပ်ရမလဲလို့ မိတ်ဆွေတယောက်က ကျွန်တော့်ကိုမေးဖူးပါတယ်။ အဲဒီအဖြေသာ ကျွန်တော်သိရင် နိုဗယ်ဆုရွေးချယ်ရေးအဖွဲ့က စီးပွားရေးနိုဗယ်ဆုရှင်အဖြစ် ကျွန်တော့်ကိုပေးမှာ ပေါ့လို့ ရယ်ရွှန်းပက်ရွှန်းဖြေခဲ့ပါသေးတယ်။ တကယ်ပါ။ ကျွန်တော်မသိပါဘူ။ နံမည်ကြီးပေ့ဆိုတဲ့ ကမ္ဘာ့ထိပ် တန်းတက္ကသိုလ်ကြီးတွေက PhD ဘွဲ့ကို စီးပွားရေးဘာသာရပ်နဲ့ ဂုဏ်ထူးထွက်အောင်ခဲ့သူလည်း မြန်မာ့စီးပွား ရေးဦးမော့လာအောင်၊ တိုင်းပြည်ချမ်းသာလာအောင်၊ လုပ်ပေးနိုင်မယ်မထင်ပါဘူး။ သီအိုရီနဲ့ ဇလုတ်တိုက်ပြီး စာအုပ်ကြီးထဲကအတိုင်း အဖြေရှာလို့ရတဲ့ နိုင်ငံမျိုးမဟုတ်ပါဘူး။ သိပ္ပံပညာနည်းပညာမထွန်းကား၊ ကုန်သွယ်မှု အတတ်မကျွမ်းကျင် ရှိတဲ့ သယံဇာတကို အကျိုးရှိအောင် အသုံးမချတတ်၊ ခိုးချင်ဝှက်ချင်တဲ့ ဥာဉ်ရှိတဲ့ မင်းဆိုး မင်းညစ်တွေအောက်မှာ ဘယ်လိုမှတိုင်းပြည်ရဲ့စီးပွားရေး ဦးမော့မလာနိုင်ပါဘူး။

ခုန ကုန်ဈေးနှုန်းကိစ္စပြန်ကောက်ရရင် သာမန် လူပြိန်း နားလည် နည်းမျိုးနဲ့ပဲ နည်းနည်းဆွေးနွေးပါရစေ။ တကယ်တော့ ကုန်ဈေးနှုန်းဆိုတာ ၀ယ်လိုအားနဲ့ရောင်းလိုအား ထုတ်လုပ်သူနဲ့ စားသုံးသူတိုရဲ့ အားပြိုင်မှုပါပဲ။ ၀ယ်လိုအားနဲ့ ရောင်းလိုအားညီမျှနေရင် ကုန်ဈေးနှုန်းတည်ငြိမ်နေမှာဖြစ်ပြီး ၀ယ်လိုအား ဆွဲအားက များနေပြီး ရောင်းလိုအားကနည်းနေရင် ဈေးနှုန်းဆိုတာတက်မှာပါပဲ။ ထို့အတူ ရောင်းလိုအားက မတရားများနေပြီး ၀ယ်လို အားကမရှိသလောက် နည်းနေရင်တော့ ကုန်ဈေးနှုန်းဆိုတာ တဖြုတ်ဖြုတ်ကျလာမှာပါပဲ။ ၀ယ်လိုအား၊ ရောင်း လိုအားမျှပါလျက်နဲ့ ကုန်ဈေးနှုန်းမတည်မငြိမ်ဖြစ်ပြီး ဈေးတွေတတ်နေပြီဆိုရင် တစုံတရာမှားလွန်းနေပါပြီဆိုပါတော့။ အစိုးရ အခွန်အခတွေ မတရားတိုးကောက်မယ်၊ ဆိုင်ခန်းခ၊ မြေငှားရမ်းခတွေ မတရားတက်မယ်ဆိုရင် ကုန်သည်ကလည်း သူ့ကုန်ပစ္စည်းအပေါ်မှာ ဈေးတင်မှာပါပဲ။

ဒီနေရာမှာ တခုရေးချင်တာက ဆိုရှယ်လစ် 'စော်' နည်းနည်းနံ တဲ့သူတွေက ကုန်ဈေးနှုန်းတက်ပြီဆို ရင် ငွေရှင်၊ ကြေးရှင်တွေ့ ဈေးကစားလို့၊ အရင်းရှင်တွေလက်ဝါးကြီးအုပ်လို့ဆိုပြီး ရေးကြပြောကြပါတယ်။ သာမန်အတွေးအမြင် Common Sense နဲ့ပဲပြောပါရစေ။ ကုန်ဈေးနှုန်းဆိုတာ ကိုယ်တင်ချင်တိုင်း တတ်လို့ရတဲ့ကိစ္စ မဟုတ်ပါဘူး။ ဈေးကွက်ပြိုင်ဆိုင်မှုရှိတဲ့ ပုဂ္ဂလိကပိုင်စီးပွားရေးစနစ်မှာ 'ဆန်တပြည် ၆၅ပြား၊ တအိမ်ထောင် ၂ ပြည် ၊ ဘယ်နေ့ နောက်ဆုံး' လုပ်လို့မရပါဘူး။

မျက်စေ့ထဲမြင်အောင် ဥပမာလေးတခုဆောင်ပါရစေ။ ဇနီးလုပ်သူက တပတ် ၅ ရက်အလုပ်သွားရတော့ အားနေတဲ့ ကျွန်တော်ဈေးဝယ် မကြာမကြာထွက်ဖြစ်ပါတယ်။ ကျွန်တော့်ရပ်ကွက်နဲ့ သိပ်မဝေးလှတဲ့ CABRAMATTAA ဆိုတဲ့ ဗီယက်နမ်ရပ်ကွက်ကြီးမှာ အရှေ့တိုင်းထွက်စားစရာ အသားငါးသီးနှံမျိုးစုံရလို့ ကျွန်တော် မကြာမကြာရောက်ပါတယ်။

ဆိုပါတော့ ဆိုင်ကြီးတဆိုင်က သရက်သီး ၁ ကီလို ၅ ဒေါ်လာလို့ ဆိုင်းဘုတ်ကပ်ထားတယ်။ နောက် တဆိုင်သွားကြည့်တော့ ၁ ကီလို ၆ ဒေါ်လာတဲ့။ ဒီတော့ ဈေးအားဖြင့် ၁ ကီလို မှာ ၁ ဒေါ်လာကွာနေပြီ။ ၁ ဒေါ်လာကွာလောက်အောင် ပစ္စည်း အရည်အသွေးကွာရဲ့လား အလုံးအဖန် အနံ့ယှဉ် ရပြီ။ ၅ ဒေါ်လာဆိုတဲ့ သရက်သီး နည်းနည်း အမှည့်လွန်နေပြီ။ ၆ ဒေါ်လာ သရက်သီးကတော့ ပြောင်လက် ချောမွေ့ပြီး အလုံးကလည်း ပိုကြီးတယ်ဆိုရင် ၀ယ်သူက ကွာခြားတဲ့ ၁ ဒေါ်လာကို မမြင်တော့ဘဲ ၆ ဒေါ်လာတန် သရက်သီးကိုယူပါလိ့မ်မယ်။ ကုန်ပစ္စည်းချင်း ယှဉ်ကြည့်လို့ ဘာမှမကွာဘူးထင်ရင်တော့ ဈေးသက်သာရာကိုပဲ ရွေးကြမှာ ဘယ်လူမျိုး၊ ဘယ်နိုင်ငံသားဖြစ်ဖြစ် စားသုံးသူရဲ့သဘောထားဟာ ဒီအတိုင်းပါပဲ။ ဆိုင်ရှင် လောဘဇောတိုက်လို့ ၁ ကီလို ၇ ဒေါ်လာစာချိတ်ပြီး ရောင်းကြည့်ပါလား။ အူတူတူဝယ်သူ တယောက်စနှစ်ယောက်စ လာကောင်းလာနိုင်ပေမယ့် အချိန်တန်ရင် ဘယ်သူကမှအမိန့်မပေးရဘဲ သူ့ပစ္စည်းသူ့ဘာသာ ဈေးချလာပါလိမ့် မယ်။

ဒ့ါကြောင့် ကုန်ဈေးနှုန်းဆိုတာ ခြောက်လုံးပြူးပြပြီး ချလို့မရသလို အမိန့်နဲ့လည်းတားလို့မရပါဘူး။ ဦးနု ခေတ်က အမဲသားကိုပိတ်ပင်တော့ 'တိုးတိုးသား'ဆိုပြီး အမဲသားမှောင်ခိုဈေးကွက်ပေါ်လာတာ မှတ်မိကြပါလိမ့် မယ်။ ဗိုလ်နေ၀င်းခေတ်တုန်းက အခြေခံ စားကုန်တွေကို ဆီစာအုပ်လို့အရပ်ကခေါ်တဲ့ ကုန်ဝယ်စာအုပ်နဲ့ဝယ် ရတော့ အဲဒီကုန်ဝယ်စာအုပ်ကိုပဲ ရတနာပစ္စည်းများလို ပေါင်လို့နှံလို့ရောင်းလို့ဝယ်လို့ရတယ်ဆိုတာ ခုခေတ် ကလေးများသိချင်မှ သိပါလိမ့်မယ်။

ဈေးကွက်အပြိုင်စီးပွားရေးစနစ်မှာ 'ပြိုင်ဆိုင်မှု'ဆိုတာ ကြောက်စရာကောင်းလောက်အောင် အရေးကြီး လှပါတယ်။ စားသုံးသူ တယောက် ဆုံးရှုံးမှာကြောက်တော့၊ ဈေးနှုန်းမှာအချိုသာဆုံးဖြစ်အောင် ၀န်ဆောင်မှုမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြရပါတယ်။ သူ၁ ကျပ်နဲ့ရောင်းရင် ကိုယ်က ၉၅ ပြား ရောင်းနိုင်အောင် ကြိုးစားမယ်ဆိုတာ ဈေးလျော့နိုင်ဖို့ အလေအလွင့်တွေ နည်းအောင်လုပ်ရတယ်။ ကုန်ကြမ်းကိုသူများထက် ဈေးပေါ အောင် ၀ယ်နိုင်ရမယ်။ အလုပ်သမားဦးရေ ထိန်းချုပ်ရတယ်။ အလုပ်ချိန်အတွင်းမှာ သတ်မှတ်ထားတဲ့စံချိန် စံညွန်းကိုမီအောင် ကြိုးစားရတယ်။ စားသုံးသူရဲ့ယုံကြည်မှုကိုရအောင်ယူရတယ် စသဖြင့်…။ ခရိုနီနဲ့အစိုးရ ပင်းပြီး 'ဂွင်'ဖန်တာကတော့ တပြဿနာပါ။

သြစတြေးလျနိုင်ငံမှာနေတဲ့ လူမှန်ရင် Woolworths တို့၊ Coles တို့ဆိုတဲ့ စူပါမားကတ်ကြီးတွေနဲ့ ကင်းလို့မရပါဘူး။ အခြေခံစားကုန်၊ နေ့စဉ်သုံးလူသုံးကုန်ပစ္စည်း လိုအပ်သမျှအတော်များများ အဲဒီဆိုင်ကြီးတွေ မှာပဲဝယ်ကြရတာပါ။ ဒါ့ကြောင့် ဒီကုမ္ပဏီကြီးတွေရဲ့စီးပွားရေးက အတော်ကြီးလှပါတယ်။ အဲ…သူတို့ကို ပြိုင် မယ့် ကုမ္ပဏီတစ်ခု ဥရောပအခြေခံ (ALDI) ဆိုတဲ့ စူပါမားကတ်ကြီးလာဖွင့်တော့ နဂိုကအေးအေးဆေးဆေး ဒူးနှံ့ပေါင်နှံ့လုပ်နေတဲ့ကုမ္ပဏီကြီးတွေ ပြူးတူးပြာတာဖြစ်ကုန်ကြတော့တာပါပဲ။ ALDI ရဲ့အားသာချက်က ဘယ် ပစ္စည်းပဲယှဉ်ယှဉ် အရည်အသွေးမှာမကွာပဲ ဈေးမှာ အနည်းနဲ့အများ သက်သာပါတယ်။ ကျန်တဲ့စူပါမားကတ် ကြီးတွေက အလုပ်သမားအများကြီးသုံးပြီး သူကတော့ အလုပ်သမားနည်းနည်းနဲ့ ကြဲကြဲဝိုင်းပါတယ်။ ဈေးဝယ် တဲ့အခါ ငွေသားမပေးဘဲ ဘဏ်ကဒ်/ခရက်ဒစ် ကဒ်ပေးရင် ALDI က ထပ်ဆောင်း ငွေ Surcharge 2% လားယူပါတယ်။ ငွေသား (Cash) ကိုပဲလက်ခံချင်တယ်ဆိုတဲ့ သဘောပါ။ ခရက်ဒစ်ကဒ်လက်ခံရင် ငွေ ၁၀၀ မှာ ခရက်ဒစ်ကဒ်ကုမ္ပဏီ လိုက်ပြီး ၂ % /၂.၅% ပေးရတော့ ပိုက်ဆံငွေသားကိုပဲလက်ခံပြီး ကုန်ပစ္စည်းအပေါ်မှာ ဈေးနည်းနည်းချပေးလို့ရပါတယ်။ ကျန်တဲ့ကုမ္ပဏီတွေက ၀ယ်သမျှပစ္စည်းတွေကို ကျွတ်ကျွတ်အိတ်တွေနဲ့ထည့်ပေးပေမယ့် ALDI ကတော့ ကျွတ်ကျွတ်အိတ်မပေးပါဘူး။

သူ့ကုမ္ပဏီဒီဇိုင်း စာတန်းပါတဲ့ ပလတ်စတစ် အိတ်ခပ်ကြီးကြီးကို ၁၅ ပြား နဲ့ရောင်းပါတယ်။ ကျွတ်ကျွတ်အိတ်ဖိုး ခြွေတာနိုင်တဲ့အပြင် သူတို့ရောင်းတဲ့အိတ် ၁၅ ပြားမှာ ၅ပြား ပဲ မြတ်ဦးတော့ အိတ်ပေါင်းများစွာဆိုရင်….။ ပြီးတော့ ကုမ္ပဏီတံဆိပ်ပါတော့ ကြော်ငြာပြီးသားလည်းဖြစ်ရော၊ ဒါ့ကြောင့် နောက်ပေါက်ရွှေကြာပင် ALDI ကနဂို အရှိန်ရ ပြီးသား စူပါးမားကတ်တွေနဲ့ ပုခုံးချင်းယှဉ်ပြီး ဟောတဆိုင်၊ ဟောတဆိုင်အသစ်တွေဖွင့်နေတာ သူတို့ရဲ့စီမံခန့်ခွဲ မှုနဲ့စီးပွားရေးအမြင်ကျယ်မှုကြောင့်လို့ပဲ ပြောရပါလိမ့်မယ်။

ခုတလော၊ မခိုင်လုံတဲ့ ဖေ့စ်ဘွတ် သတင်းတွေအရ ရွှေပြည်ကြီးက မဟာရန်ကုန်မှာ လျှပ်စစ်မီတာခတွေ (၃) ဆတက်တော့မယ်ဆိုတဲ့ သတင်းထွက်လာတော့ နဂိုကမှနှာခေါင်းလေး ပေါ်ရုံရှိတဲ့ ရန်ကုန်မြို့က အခြေခံလူ တန်းစားတွေ တကိုယ်လုံးမြုပ်မယ့်ကိန်းပါပဲ။ လျှပ်စစ်မီးဆိုတာ ခေတ်သစ်လူနေမှုဘ၀မှာ အခြေခံအကျဆုံး အရေးအပါဆုံးမို့ သူအဆင်မပြေရင် ဘယ်ဟာမှအဆင်မပြေပါဘူး။ ကမ္ဘာ့မြို့တော်ကြီးတွေမှာ လျှပ်စစ်မီးကို တမိနစ်၊ တနာရီ၊ တရက်အပျက်မခံနိုင်ကြပေမယ့်၊ ကျွန်တော်တို့ရွှေပြည်ကြီးကတော့ (နှစ်ပေါင်းများစွာကြာပါ ပြီ) လာလိုက်၊ ပျက်လိုက်၊ လာလိုက် (အင်း…ယူတတ်ရင် တရားရစရာတွေပေါ့လေ၊ ဘယ်ဟာကမှမမြဲပါလား ဆိုပြီး)

ကိုယ့်နိုင်ငံမှာ ဒါလောက်တိုရေရှားရေနိုင်လှတဲ့ လျှပ်စစ်မီးကို သူများနိုင်ငံမှာယူပါ၊ ၀ယ်ပါတစာစာ အော်ပြီးကြော်ငြာအမျိုးမျိုးနဲ့ ဆွဲဆောင်စည်းရုံးနေကြပုံလေးကို ဗဟုသုတအနေနဲ့ မျှဝေပါရစေ။
ကျွန်တော့်အိမ်က လျှပ်စစ်မီးကို စရောက်ကတည်းက ENERGY AUSTRACIA ဆိုတဲ့ ကုမ္ပဏီနဲ့ပဲဆက် သွယ်ခဲ့တာပါ။ လွန်ခဲ့တဲ့တနှစ်လောက်က စာတိုက်ပုံးထဲက ကြော်ငြာစာရွက်တွေ ဟိုကြည့်သည်ကြည့်နဲ့ AGL ဆိုတဲ့ လျှပ်စစ်ကုမ္ပဏီက သက်ကြီးနိုင်ငံသား (SENIOR CITIZEN) ဆိုရင် ၁၅%လျှော့ပေးရပါမယ်လို့ ကြော်ငြာထားတာ တွေ့ပါတယ်။

ကျွန်တော်လည်း အသက် ၆၀ ကျော်ပြီဆိုတော့ စီနီယာ၊ စီတီဇင်ဖြစ်ပြီးပြီမို့ စိတ်ဝင်စားတာနဲ့ ဖုံးဆက် စုံစမ်းရုံရှိသေး သူတို့ကကျွန်တော့်အိမ်က လျှပ်စစ်ကို သူ့ကုမ္ပဏီထဲပြောင်းလိုက်ပါပြီ။ ကျွန်တော်လည်း 15% သက်သာမှာပဲဆိုပြီး ဘာမှမပြောတော့ပါဘူး။ တလကျော်လောက်ရှိတော့ နဂိုမူရင်းဆက်သွယ်ခဲ့တဲ့ Enengry Auslialia ကဖုံးဆက်လာပါတော့တယ်။ ဘာလို့ပြောင်းသလဲပေါ့၊ ဘာများမကျေနပ်တာရှိသလဲပေါ့၊ ကျွန်တော် ကလည်း အမှန်အတိုင်းပဲပြောလိုက်ပါတယ်။ ၁၅ %လျှော့ပေးမယ်ဆိုလို့ ပြောင်းတာပါဆိုတော့ ဒို့လည်းလျှော့ ပေးနိုင်ပါတယ်။ မင်းသာ ဒို့နဲ့ပြန်ဆက်မယ်ဆိုရင် ၁၈% လျှော့ပေးမယ်။ မင်းဘာမှလုပ်စရာမလိုဘူး။ Yes တခွန်း ပြောရင် ကျန်တာငါတို့အားလုံးလုပ်ပေးမယ်ဆိုတာနဲ့ ကျွန်တော်လည်း Yes လိုက်ပါတယ်။ သိပ်မကြာပါဘူးဗျာ။ AGL ကဖုံးဆက်လာပြန်ပါတယ်။ ဘာလို့ ဒို့ဆီမှာမနေသလဲပေါ့။ မကျေနပ်တဲ့အကြောင်းများရှိရင် ပြောပါဆို တော့ ကျွန်တော်လည်း ရှင်းရှင်းပဲပြောလိုက်တယ်။ သူတို့က ၁၈ % လျှော့ပေးလို့ဆိုတော့ AGL ကဘာပြောတယ် မှတ်လဲ ဒို့နဲ့ပြန်ဆက်သွယ်ရင် မင်းကို ၂၁% လျှော့ပေးမယ်တဲ့။

တော်ပါတော့…သူတို့စားသုံးသူ (Customer) တယောက်ရဖို့ အပြိုင်အဆိုင်လုနေတာအကြောင်း မဟုတ် ဘူး။ ကျွန်တော်စာရေးစာဖတ်ပျက်တယ်။ ဆိုလိုတာက သူများနိုင်ငံတွေမှာ ကိုယ့်ပစ္စည်းဈေးကွက်မှာစွံအောင် ကြော်ငြာကြ၊ စည်းရုံးကြ၊ မဲဆွယ်ကြလုပ်ပြီး အတော်ကြီးရုန်းနေကြချိန်မှာ ကျွန်တော်တို့ရွှေပြည်ကြီးက EPC လို့ ခေါ်တွင်ကြတဲ့ လျှပ်စစ်ဌာနကတော့ တယောက်တည်းပြေးတာတောင် ဗိုလ်မစွဲပါဘူး။ ရန်ကုန်မြို့နေ ၂၁ ရာစု လူသားတွေမှာ မီးစက်ဆောင်ရ၊ အင်ဗာတာဝယ်ရ၊ ဘက်ထရီအိုးအားသွင်းရ၊ ကြုံရင်ဖရောင်းတိုင်လေးဝယ်ထား ရ၊ ပြည်သူတွေမှာသာမီးလေးမှိတ်တုန်၊ မလင်းတလှည့် လင်းတလှည့်နေရပေမယ့်၊ ဘယ်တိုင်းပြည်မှမရှိခဲ့ဖူးတဲ့ လျှပ်စစ်ဝန်ကြီးဆိုတာတောင် ရှိခဲ့ဖူးသေးဗျာ။ အမေရိကားလို တိုင်းပြည်ကြီးမှာတောင် ဒု-သမ္မတတယောက် တည်းရှိပေမယ့်၊ ကျုပ်တို့ရွှေပြည်ကြီးမှာက လစာကောင်းကောင်း၊ အဆောင်အယောင်အပြည့်နဲ့ ဒု-သမ္မတက ၂ယောက်။

လက်ရှိဗိုလ်ချုပ်ကြီးအဆင့်ရှိတဲ့သူက ပြောသွားတာလေ။ ဖေ့စ်ဘွတ်ခ် မှာဖတ်လိုက်ရတော့ သူ့ကိုတော်တော် သနားသွားပါတယ်။ သူတရုတ်ပြည် ကွမ်းကျိုးက ကျောက်စိမ်းပြခန်းကိုရောက်သွားတော့ ဒီကျောက်စိမ်းတွေ ဟာ မြန်မာပြည်ကဟာတွေမှန်းသိရပြီး တော်တော်နှမြောတသ သံဝေဂတွေရမိတယ်ဆိုပဲ။ ဗိုလ်ချုပ်ကြီးအဆင့် လောက်က ခုလိုပြောတာဒီတခါပဲကြားဖူးလို့ ကျေးဇူးတင်ချင်ပေမယ့် ခင်ဗျားတို့အသိနောက်ကျလေခြင်းဆိုပြီး စိတ်မကောင်းဖြစ်ရပါတယ်။ ဒီထက်ကြီးကျယ်ခမ်းနားတဲ့ ဘေဂျင်း၊ ရှန်ဟိုင်းက ကျောက်စိမ်းပြခန်းတွေကြည့်ပြီး အသည်းကွဲခဲ့ဖူးတဲ့ ကျွန်တော့်အဖိုးတိုင်းပြည်ရဲ့ သယံဇာတတွေ မှောင်ခိုဈေး၊ သူခိုးဈေးနဲ့ ပြည်ပရောက်ပြီး ချမ်းသာချင်တိုင်း ချမ်းသာနေတဲ့ အိမ်နီးချင်းနိုင်ငံတွေက တကယ်တော့ ကိုယ့်တိုင်းပြည်ကခေါင်းဆောင်ဆိုသူ တွေရဲ့ အမြော်အမြင်နည်းမှု၊ လောဘသက္ကာယကြီးမှုကြောင့်တွေလို့ပဲ ပြောပါရစေ။ တရားဝင်ရောင်းထားတဲ့ တိုင်းပြည်ရဲ့မြေပေါ်မြေအောက် သယံဇာတတွေကလည်း စာရင်းပျောက်အင်းပျောက် ဘယ်သူ့အိတ်ထဲ ဘယ် လောက်ရောက်သွားမှန်းမသိ တတ်နိုင်တဲ့ ရွှေပြည်ကြီးမွဲသွားတယ်။ ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင်သွားတယ် ဆို တာ တကယ်တော့ သိပ်ဆန်းလှတဲ့ကိစ္စမဟုတ်ပါဘူး။ ။

သာထက်အောင်
၆ မတ်၊ ၂၀၁၇