သူသူမေ (မော်ကျွန်း) ● အမေ၊ လောကဓံတရားနှင့် ဖြူစင်သော ထမင်းလုပ်ကလေးများ ...


သူသူမေ (မော်ကျွန်း) ● အမေ၊ လောကဓံတရားနှင့် ဖြူစင်သော ထမင်းလုပ်ကလေးများ ...
(မိုးမခ) မတ် ၁၄၊ ၂၀၁၇

သေခြင်းတရားသည် သူ့အလုပ်​သူလုပ်​ရင်း အ​ဖေ့ကို ခေါ်​ဆောင်​သွားလေသည်။ အ​မေသည် ထိုမနက်က ဇူလိုင်၏သရုပ်​ကို မျက်​ရည်​ဖြိုင်ဖြိုင်ကြကာ ပုံ​ဖော်​ရနေလျက်ရှိရာ  မိုးစက်​​ရေစက်များကပင် ဒူး​ထောက်​အရှုံး​ပေးခဲ့ကြရသည်။ ​​လောကဓံ၏ ကြိမ်းလိုက်​​ မောင်းထုရိုက်နေသည့်ဒဏ်ကို ခံစားနေရသည့် အ​မေ့နားတွင်တော့ လူမမယ်​ ကျွန်မက မသိဆိုးဝါးနိုင်စွာ ​တေး ဆို​နေမိသည်။ အိမ်ဘေးထရံက ထနိရွက်​​တွေကလည်း လှုပ်​ချည်​ လူးချည်​နှင့် အမေ့သောကကို ရေလောင်း ပေါင်းသင်နေသ ယောင် ဖြစ်မည်။

ခေါင်မိုးက ချောင်းချောင်းကြည့်နေသည့် လမင်းနဲ့ မလင်းတလင်း ဆီမီး​ရောင်​​အောက်​ဝယ် သင်္ချာကိန်းဂဏန်းများ ဖြတ်​ပြေး​နေသည့် အမေ့မျက်နှာ၌ သူ့တစလစာ လခလေးနဲ့ ဟိုအဖိုး သည်အခ စီရရီတွဲ​နေသည့်အပေါ် စိုးရွံ့ခြင်းများ တရိပ်ရိပ်ထင် ဟပ်နေသည်ကိုလည်း အကြိမ်ကြိမ် မြင်ခဲ့တွေ့ရလေ့ရှိသည်။

ဒုက္ခသစ္စာကို တကိုယ်တည်းထမ်းပိုးရင်း ပခုံးထက်ဝန်ထုတ်ကြီးထဲက ကျွန်မတို့မောင်နှမတွေကို မနိုင်နိုင်အောင် သယ် ဆောင်ပြီး လက်တွေ့ဘဝထဲ အမေရုန်းကန်ခဲ့သည်။ ထိုစဉ်က အိမ်ထဲမှာ ချိုးချိုးချွတ်ချွတ် အသံလေးများကြားရင် သွားလေ သူအဖေများ လာကြည့်နေသလားရယ် အမေ့၏အတွေးမျက်လုံး ချာချာလည် ကစားနေတတ်သေး၏။ အစ်မကြီး ဆယ်တန်း အောင်စာရင်းထွက်တဲ့နေ့က အပုတ်နံ့ရသည်ဟု ဆိုပြန်သည်။ အမေ့ထင်မှတ်ချက် မှန်၏ မမှန်၏ဆိုခြင်းထက် အမေ့အပေါ် ကျမတို့မောင်နှမတွေ ခံစားနားလည်မိပါသည်။ အိမ်လယ်ခေါင်တည့်တည့်က ဇကောလောက်အပေါက်ကြီးကို အမေ မဖာ နိုင် မပြင်နိုင်သေးခင် မိုးတွေရွာတော့ ကျွန်မတို့တွေ ကိုယ့်အိမ်ထဲကိုယ်နေပြီး မိုးလွတ်ရာလေးမှာ ပြေးဝပ်ရကြရသည်။ ထိုဘီရိုအကွယ်နေရာကနေ ကြောက်မက်ဖွယ်ရွာနေတဲ့မိုးကို ချောင်းကြည့်မိသေးသည်။ ထိုနေ့ကစပြီး ကျွန်မမိုးကို မုန်းခဲ့ မိသည်။

ထိုစဉ်ချိန်တွေတုန်းက ရပ်ကွက်ထဲမှာပြောကြတာ မြို့ထဲမှာနေရင် သွပ်မိုးရမယ် သွပ်မမိုးနိုင်ရင် မြို့လယ်ခေါင် မနေရဘူးတဲ့ လေ။ ဘယ်သူကဘယ်လို ချမှတ်မှန်းမသိတဲ့ ရယ်စရာစည်းမျဉ်းတွေကြောင့် သွပ်မမိုးနိုင်တဲ့အမေသည် ရှိတာလေးပေါင်နှံပြီး အိမ်ရှေ့တခြမ်း သွပ်မိုးလိုက်ရသေးသည်ကို မမေ့နိုင်သေး။ နောက်ခြမ်းကတော့ ဓနိရွက်ဖျက်ဖျက်လူးလေးတွေနဲ့ နေလို့ရ သ၍ မှေးနေကြရသည်။ ကျောင်းမှာအကောက်အခံတွေများရင်တော့ အမေ့ကို အားနာမိသည်။

နောက်တော့ အမေသည် သူ့ တစ်လခတည်းနှင့် အိမ်စားရိတ်မလုံလောက်သဖြင့် အပိုဝင်ငွေရရန် ကပ်စေးနဲမုန့်လုပ်ပါသည်။
အမေ့ကပ်စေးနဲသည် တခါတခါသကြားလုံးကဲ့သို့ မာမာ၍သွားသဖြင့် ဓားနှင့်ခုတ်ယူကြရသည်။ ထိုစဉ်ကပင်သီချင်းစပ်ရန် ဝါသနာပါသည့်ကျွန်မက အမေ့ကပ်စေးနဲကို ကြော်ငြာသီချင်းစပ်ပြီး ဆိုပြခဲ့သေးသည်။ အမေသည် ကျွန်မသီချင်းကို သ ဘောကျသဖြင့် အိမ်သို့လာသမျှဧည့်သည်တိုင်းအား ကျွန်မစပ်သည့်သီချင်းအကြောင်းကို ထူးဆန်းသတင်းတပုဒ်သဖွယ် ပြောပြတတ်သည်။ ပြီးတော့ အမေသည် ကပ်စေးနဲအပြင် ထားဝယ်ဘက်ကလာသည့် မုန့်အသစ်တမျိုးကို လုပ်ရောင်းသေး သည်။ မုန့်ဣနြေ္ဒလို့ဆိုသည့် မုန့်ဖြစ်သည်။ ထိုမုန့်ကတော့ ကျွန်မတို့တွေအကြား ရယ်စရာဖြစ်ခဲ့သည်။ ဆန်မှုန့်များနှင့် အုန်းသီး၊ သကြားထည့်ပြီး အခြောက်လှော်စားသည့်မုန့်ဖြစ်၍ မုန့်စာရင်းရယ်လိုက်လျှင် ပါးစပ်ထဲက အမှုန့်များ ဖွားခနဲထွက် ကျလာတတ်သည်ဖြစ်ရာ ယင်းကို ဣနြေ္ဒနှင့်စားမှ အဆင်ပြေလေသည်။

အမေသည် မုန့်တော်တော်များများလုပ်တတ်သူဖြစ်သဖြင့် ကျောင်းဖွင့်ရက်များတွင် ကပ်စေးနဲ ၊ မုန့်ဣနြေ္ဒများလုပ်ရောင်းပြီး ကျောင်းပိတ်လျှင်တော့ အိမ်တွင် ကောက်ညှင်းထုပ်၊ ငှက်ပျောသီးမုန့်၊ မုန့်ဗိုင်းတောင့်များ လုပ်ရောင်းလေသည်။ ကျွန်မကို လည်း အိမ်ရှေ့မုန့်ဗန်းလေးချကာ ထွက်ထိုင်နေစေသည်။ သို့သော် လာပါ စားပါ ဝယ်ပါဦးလားတော့ဖြင့် ကျမနှုတ်က မ ထွက်တတ်ပါ။ ကျွန်မနှင့် အစ်ကိုသည် ဈေးရောင်းသည့်နေရာတွင်တော့ ရောင်းနည်းတူကြသည်။ အမေက အစ်ကို့ကိုလည်း နွေကျာင်းပိတ်ရက်တွင် ရေခဲချောင်း ရောင်းခိုင်းပါသည်။ အစ်ကိုသည်လည်း ကျွန်မလိုပင် မအော်တတ်မပြုတတ်ဘဲ ရေခဲ ပုံးကြီးဆွဲကာ လမ်းလျှောက်နေသဖြင့် တချောင်းမျှ မရောင်းခဲ့ရပါ။ ကျွန်မတို့ ထိုအသွင်တူ မောင်နှစ်မနှစ်ယောက်သည် ငယ်ငယ်က အမြဲတတွဲတွဲဖြစ်သည်။

တခါသော် ကျွန်မတို့နှစ်ယောက် အိမ်ရှေ့မြောင်းတွင် ငါးရှဥ့်ဖမ်းကြလေရာ ဖမ်းမိသဖြင့် နှစ်ယောက်သားဈေးသို့သွားရောင်း
ကြသည်။ ထိုငါးရှဥ့်မှာ လမ်းတွင် ဘယ်အချိန်ကခုန်ဆင်းသွားမှန်းမသိ ရောင်းခါနီးမှကြည့်မိသည့်အခါ အိတ်ထဲတွင် ငါးရှဥ့် မရှိတော့၍ မရောင်းခဲ့ရတော့ပေ။ ငယ်ဘဝသည် ရယ်စရာများ မောစရာများနှင့် လွမ်းစရာကောင်းလှသည်။

ကျွန်မသည် အမေဆရာမတစယောက်၏သမီးဖြစ်သော်လည်း ငယ်ငယ်က စာတော်လှသည်မဟုတ်ပါ။ အမေသည် မိသားစု စားဝတ်နေရေးတဖက်နှင့် ကျောင်းတက်ရသဖြင့် ကျွန်မကိုလည်း စာမသင်အားချေ။ ကိုယ့်အသိစိတ်ဓာတ်နှင့်ကိုယ် စာ ကျက်ပြီး အယောက် ၅၀ ရှိသည့်အတန်းတွင် အဆင့် ၄၉ ဖြင့် မူလတန်းကို ဖြတ်သန်းရသူဖြစ်သည်။ အမေသည် ကျွန်မကို သာ စာမသင်အားသည် သူ့ကျောင်းမှကလေးများ စာ​မေးပွဲနီးလျှင်တော့ အိမ်တွင်အခမဲ့ အချိန်ပိုခေါ်၍သင်ပေးတတ်သည်။

ကျွန်မ၏အစ်မနှစ်ယောက်မှာတော့ ထိုစဉ်ကတည်းက အခြေခံပညာကျောင်းများတွင် ဆရာမဝင်လုပ်ရင်း တဖက်တလမ်းမှ အမေ့ကို ဝိုင်းကူကြသည်။ အိမ်တွင် ကျွန်မမှလွဲ၍ အစ်ကိုအစ်မများအားလုံး အသက် ၁၈ နှစ်နှင့် အလုပ်လုပ်ကြရသည်။ အစ်မနှစ်ယောက်မှာ အလုပ်လုပ်ရင်း အဝတ်အစားချို့ချို့တဲ့တဲ့နှင့် တက္ကသိုလ်​တက်ကြရသည်။ အစ်မအလတ်မှာတော့ တောရွာလေးတရွာမှာ စာလည်းသင် စက်လည်းချုပ်ရင်းဖြင့် စားဝတ်နေရေးအတွက် တင်းမာနေရသော အမေ၏စိုးရိမ် သောကတွေကို ဖြည်လျော့ပေးနိုင်ခဲ့သည်။ အစ်မလတ်စက်ချုပ်တော့လည်း အမေနှင့် ကျွန်မတို့တွေပါ နေ့နေ့ညည ဝိုင်းဝန်း ကူညီလုပ်ကြရသည်။ အမေသည် ကျွန်မသက်တမ်းတလျှောက်တွင်တော့ သက်သက်သာသာ နားနေခဲ့ရသည်မရှိပါ။ အမေ့ မှမဟုတ် ကျွန်မ၏အစ်ကို အစ်မများသည်လည်း သက်တောင့်သက်သာနှင့် နေခဲ့ရသည်မရှိပါ။ ယခုအချိန်ပြန်လှန် တွေးကြည့်လျှင် ငယ်ငယ်က အမေကျွေးခဲ့သည့် ထမင်းလုပ်တိုင်းသည် ဖြူစင်သန့်ရှင်းသော အမေ့ချွေးနည်းစာ စစ်စစ်ဖြစ်ပြီး အကုသိုလ်​ကင်း၍ ဂုဏ်ယူရသည်။ အမေ၏သွေးဖြင့် လူဖြစ်ခဲ့ရသည့် အစ်ကိုအစ်မများ၏ ထမင်းလုတ်သည်လည်း မှန်ကန် ဖြူစင်သန့်ရှင်းသော ချွေးနည်းစာဖြစ်၍ အကုသိုလ်​ကင်းသောထမင်းလုပ်များဖြစ်ကြသည်။

အခုတော့ဖြင့် အမေသည် ပင်စင်စားဘဝဖြင့် မြေးများဝိုင်းဝိုင်းလည်နေသည့် ဘွားဘွားကြီးပင်ဖြစ်နေပေပြီ။ အမေသည် ယခုချိန်တွင်ပင် အစ်မလတ်ဆန်ဝယ်လျှင် သူ၏ပင်စင်ပိုက်ဆံ အတင်းပေးရှာသည်။ အစ်မက တိုးတိုးတိတ်တိတ်လေး ဝယ် ရသည်။ အမေသည် စွမ်းနိုင်သမျှထိ သူ၏ထမင်းလုပ်နှင့်သူ အာဟာရပေးချင်နေသေးသူဖြစ်သည်။ ကျမသည် အမေ့ကို ကြည့်မြင်ကာ အားမာန်နှင့် သတ္တိတရားများ တဖွားဖွားပေါ်လာနေလေသည်။

ကျွန်မသည်  ကျမတို့ငယ်စဉ်တောင်ကျေး ဖဝါးလက်နှလုံး ပခုံးလက်နှစ်သစ်အရွယ်ထဲက အသက်ရှင်ကြီးပြင်း လူလားမြောက် လာသည့်တိုင် အစာအလို့ငှာမှီဝဲခဲ့ရလေသည့် ပြန်လည်ရေတွက်ခြင်းငှာမစွမ်းနိုင်တော့သော ဖြူစင်သန့်ရှင်းလှသည့်မိခင်၏ထမင်းလုပ်ပေါင်း အနမတဂ္ဂကို သတိဂရုပြုမိလေတိုင်း ကိုယ်တိုင်ပင်လျှင် ဖြူစင်သောထမင်းလုပ်လေးများသခင်အဖြစ် ဘဝ လမ်းကိုလျှောက်လှမ်းသွားနေချင်မိလေသည်။

သူသူမေ (မော်ကျွန်း)