ကိုအောင်မှိုင်း - ထွက်ပေါက်ကိုဆန်းစစ်ခြင်း (တတိယပိုင်း)



ကိုအောင်မှိုင်း - ထွက်ပေါက်ကိုဆန်းစစ်ခြင်း (တတိယပိုင်း)
(မိုးမခ) မတ် ၂၈၊ ၂၀၁၇


(စကားချီး။ ။အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ကိုယ်ကိုယ်တိုင်ဒူးထောက်အညံ့ခံရေးမဟုတ်သလို အခြား မည်သူတဦးတယောက်ကိုမျှ ဒူးထောက်အညံ့ခံရန် စေခိုင်းခြင်းမဟုတ်ပါ။)

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စစ်အုပ်စုရဲ့ ဝိုင်းကြီးချူပ်အစီအစဉ်ကို အံတုခြင်း။

မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ဘို့ မီးသတ်ကားတွေလိုတယ်လို့ပြောရင် အံ့သြကြမယ်မထင်ပါ။ အကြောင်းကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကြီးဘေးမှာ ဓါတ်ဆီဗုံးကိုင်စောင့်နေကြသူတွေက ပေါများလွန်းလှလို့ဖြစ်ပါတယ်။ အမျိုးသားရင်ကြားစေ့ရင်းစေ့ရင်းနဲ့  အမျိုးသားရင်ကြား ပိုပိုကွဲလာတာကလဲ ဗမာပြည် နိုင်ငံရေးလို့ ပြောစမှတ်ပြုရတော့မလို ဖြစ်နေပါတယ်။ အဲဒီလိုဖြစ်အောင်ကို လူအားငွေအားအလုံးအရင်းနဲ့ အပင်ပန်း ခံလုပ်ကိုင်နေသူတွေကလဲ ရှိနေပြန်ပါတယ်။

သူတို့အားလုံးဟာ အမျိုး ဘာသာ သာသနာဆိုတဲ့ခေါင်းစဉ်အောက်မှာ တလုံးတစည်း အရေခြုံလှုပ်ရှားနေကြတာက တော့ ပေါ်ပေါ်ထင်ထင်ရှိလှပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်က ကြွေးကြော်ခဲ့တဲ့ ကိုလိုနီခေတ် ဒီလှုပ်ရှားမှုကို ၂၁ရာစုမှာပြန်လည်လှုပ်ရှားဘို့ကြိုးစားနေတာမြင်ရတော့ နှစ်ပေါင်း၇၀ကျော်ကျော်လောက် အတွေးအခေါ် အမြင် အယူ အဆတွေနောက်ကြနေပါလားလို့ သုံးသပ်သူတွေရှိလာတာ လက်တွေ့ ကျတယ်လို့ပြောရတော့မယ် ထင်တယ်။ တကယ်တော့ ဒါဟာ အယောင်ဆောင်လှုပ်ရှားမှုခေါင်းစဉ်တခုပါ။လူကြိုက်များနိုင်တဲ့ ခေါင်းစဉ်တခုဆိုပြီးရွေးခဲ့ကြတာပါ။ တကယ် လုပ်ချင်တာက တကယ်လုပ်နေတာက လူထုဆီကအာဏာကို တရားသဖြင့်မရနိုင်တော့ အာဏာဓါးပြတိုက်ဘို့အတွက် စစ်ဗိုလ်ဆိုးတွေ ဘုန်းကြီးဆိုးတွေ နဲ့  စစ်အာဏာရှင်ဆိုးတွေရဲ့  ကြိုးပမ်းမှုတခုသာဖြစ်တယ်ဆိုတာ ကျနော်တို့လူထုက ရှင်းရှင်းလင်းလင်း သိနေကြသလို ကမ္ဘာတခုလုံးကလဲ သိနေကြပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ဘဲပြောပြော အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဘဲပြောပြော အဓိပ္ပါယ်ကအတူတူ ဘဲလို့ ကျနော်တော့ထင်တယ်။ရေးကြီးခွင်ကျယ်လုပ်ပြီး ရင်ကြားစေ့ရေးမဟုတ်ပါဘူး။ ပြန်လည်သင့်မြတ်ရေးပါ ဆိုလိုဆို၊ တချို့ ကလဲ ပြန်လည်သင့်မြတ်ရေးမဟုတ်ပါဘူး။ ရင်ကြားစေ့ရေးပါဆိုလိုဆို။ ကျနော့်အမြင်ကတော့ အတူတူပါဘဲ။အခြေခံအနေနဲ့ လူ၂ဦးဟာ ရန်ဘက်လက္ခဏာဆောင်ရင် ရင်ကြားစေ့ရေးလုပ်ဘို့လိုပါတယ်။ ပြန်လည်သင့်မြတ်ရေးလုပ်ဘို့ လိုပါတယ်။ မိတ်ဖက်လက္ခဏာဆောင်နေတဲ့ လူ၂ယောက်ရဲ့ ပဋိပက္ခကို ကျနော်တို့ ရင်ကြားစေ့ရေးလုပ်ဘို့ လိုမယ်မထင်ပါ။ အချိန်တခုမှာ သူတို့ချင်း ရန်ဘက်လက္ခဏာ မဆောင်ပါက ပြန်လည်သင့်မြတ်မှာ အသေအချာဘဲဖြစ်ပါတယ်။ အချိန်တခုမှာ ရန်ဘက်လက္ခဏာကို ကူးပြောင်းပြီဆိုရင်တော့ ရင်ကြားစေ့ရေး မလွဲမသွေလိုပြီလို့ပြောရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အထူးသဖြင့် ရန်ဘက်လက္ခဏာဆောင်နေတဲ့ အင်အားစုကြီး ၂ခုရှိပါတယ်။ ဒါကလဲ လက်ငင်းချက်ခြင်း ဖြစ်တာတော့မဟုတ်ပါဘူး။ နှစ်ပေါင်း ၆၀နီးပါး ပဋိပက္ခ ရှည်ကြာလာတဲ့အခါ အခိုင်အမာလို ဖြစ်လာတာဘဲ ဖြစ်ပါတယ်။ ဒီအင်အားစုကြီး၂ခုကတော့ စစ်တပ်နဲ့ လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးဘဲဖြစ်ပါတယ်။ဗမာ့တပ်မတော်ဟာ နှစ်ပေါင်း ၆၀နီးပါး လူမျိုးပေါင်းစုံပြည်သူလူထုကြီးကို လက်နက်အားကိုးနဲ့  အနိုင်ကျင့်နှိပ်စက်ခဲ့တဲ့အတွက် ရန်ဘက်ပဋိပက္ခ အသွင်ကို ဆောင်ခဲ့ရခြင်းလဲဖြစ်ပါတယ်။ ဒါဟာ အရှိတရားပါ။ ဒီလိုအမှန်တရားကို တဲ့တဲ့ပြောလို့ မကျေနပ်သူတွေလဲ ရှိနိုင်ပါတယ်။ ရှိမယ်ဆိုလဲ မတတ်နိုင်ပါ။ ဒါဟာ မြန်မာနိုင်ငံသမိုင်းလဲဖြစ်ပါတယ်။ စစ်တပ်ရဲ့  သမိုင်းဆိုင်ရာအမဲစက်လဲ ဖြစ်ပါတယ်။ အပြုသဘောအရပြောရရင် ဒီအနေအထားကို ပြောင်းလဲရမှာ လက်ရှိတပ်မတော်မှာ တာဝန်ရှိပုဂ္ဂိုလ်ဆိုသူ အားလုံးဘဲ ဖြစ်ပါတယ်။ ဆိုးဝါးပက်စက်လွန်းလှတဲ့ စစ်တပ်ကို သမိုင်းနွံထဲကကယ်တင်ရမဲ့တာဝန်ပါ။မကြေနပ်လို့ အ၀ီစိ ရောက်တဲ့အထိ တွင်းတူးမိုက်မယ်ဆိုလဲ မတတ်နိုင်ပါ။ တချိန်မှာတော့ တပ်မတော်သမိုင်းဟာ အမှန်တရားဘက်ကို ကူး ပြောင်းမှာ မြေကြီးလက်ခတ်မလွဲ သေချာလှပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ကိုလုပ်ရမှာပါ။ အမျိုးသားပြိုကွဲရေးဖြစ်ခဲ့တာ နှစ်ပေါင်းဆယ်စုနှစ် ၆ စုလောက်ကြာခဲ့ပြီဖြစ်ပါတယ်။ ဒီအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကျနော်တို့ဘယ်လိုလုပ်ကြမလဲ။ ကနေ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ လူထုကရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရဆိုတာ ရှိနေပါပြီ။ အဲဒီအစိုးရက ဦးစီး ဦးဆောင်ပြုရမှာပါ။ ခက်တာက အစိုးရကိုယ်တိုင်ကိုက အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာကို အဓိပ္ပါယ်ကောက်လွဲ နေပုံရပါတယ်။ ဒီအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ရာမှာ အကြီးအကျယ်အဟန့်အတား အနှောက် အယှက်တွေနဲ့ ကြုံနေရတာလို့ ကျနော်တော့ပွင့်ပွင့်လင်းလင်းပြောချင်တယ်။ အစိုးရက လူထုအ၀န်းအ၀ိုင်းမှာရှိရမှာဖြစ်ပါ တယ်။လူထုနဲ့ စစ်တပ်ကြား အမျိုးသားပြန်လည်သင့်မြတ်ရေးဆောင်ရွက်ရာမှာ အစိုးရဟာ လူထုကိုယ်စားဆောင်ရွက်ရ တာဖြစ်တယ်ဆိုတဲ့ သဘောတရားကို အခြေပြုဘို့လိုပါတယ်။ လက်ရှိအနေအထားကပြောင်းပြန်ဖြစ်နေတာတွေ့ရပါတယ်။ အစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးခေါင်းစဉ်အောက်မှာ စစ်အုပ်စုဝင်ဟောင်းတွေနဲ့  လူထုဆန့်ကျင်ရေးသမား တွေကို ပွဲထုတ်တာက အစပြုခဲ့တဲ့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းမှာ အနှောက်အယှက်တွေတလှေ ကြီးကို ကနေ့တွေ့ နေရတာဖြစ်တယ်လို့ ပြောရတော့မှာဖြစ်ပါတယ်။

ဒီအတွက်

၁။ လူထုဆန့်ကျင်ရေးလုပ်ခဲ့တဲ့ ဗိုလ်ချူပ်ဟောင်းတွေ စင်ပေါ်ပြန်တက်လာကြတယ်။

၂။ စစ်တပ်လုပ်ချင်တာလုပ်သမျှကို ငြိမ်ခံနေရတယ်။

၃။ ရွေးကောက်ပွဲမတိုင်ခင်က ဂတိတွေကို လစ်လျှူရှုခဲ့ရတယ်။

၎။ စစ်အုပ်စုရဲ့ ဗမာလူမျိုးကြီးဝါဒကျင့်သုံးမှုကို မကာကွယ်နိုင်ခဲ့ဘူး (NCA ကို ဇွတ်လက်မှတ်ထိုးခိုင်းတာလုပ်ခဲ့တယ်)

၅။ စစ်အုပ်စုဝင်ဟောင်း/သစ်တွေဟာ နေရာအထိုင်တွေရလာတာနဲ့  တိုင်းရင်းသားလူမျိုးပေါင်းစုံပြည်သူတွေနဲ့  အစိုး ရကို စစ်မျက်နှာအသီးသီးဖွင့် တိုက်ခိုက်ကြတော့တာပါဘဲ။ (ဒီမိုကရေစီကို သင်းသတ်ဘို့ကြိုးစားကြတော့တာပါဘဲ။)

အစိုးရကိုယ်တိုင်က ဒီလိုလုပ်နိုင်အောင် အားပေးသလိုဖြစ်နေတယ်။

၆။ NLD အစိုးရဟာ မိတ်ဆွေနဲ့ ရန်သူမကွဲပြားတော့ဘဲ မိတ်ဆွေကို ရန်သူလိုတိုက်ခိုက်တတ်သလို ရန်သူကိုလဲ မိတ်ဆွေ လို ကာကွယ်မှုတွေလုပ်လာတာတွေ့ ရပါတယ်။

ရ။ အချိန်ကြာလာတာနဲ့ အမျှ အစိုးရဟာ အစိုးရတရပ်နဲ့ မတူတော့ဘဲ စစ်အုပ်စုနောက်မြီးဆွဲဖြစ်လာတယ်။ ရုပ်သေး အစိုးရသဏ္ဍာန်ဖြစ်လာတယ်။(စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို လိုက်ကာကွယ်ဖါထေးရတဲ့ အဖွဲ့ လိုဖြစ်လာတယ်။)

၈။ အစိုးရဟာ အဓိကနဲ့ သာမညကို မခွဲခြားနိုင်တော့တာတွေ့ ရပါတယ်။

၉ ။NLD ပါတီဟာ တလက်ကိုင်ပါတီအဆင့်ကို လျှောကျလာနေတာတွေ့ ရပါတယ်။

၁၀။ ဗမာပြည်ရဲ့ အဓိကပြဿနာဟာ စစ်အာဏာရှင်စနစ်ပြဿနာဘဲဖြစ်ပါတယ်။စစ်အုပ်စုဝင်အများစုရဲ့  စစ်အာဏာရှင် စနစ်ကို ဆက်လက်ဖက်တွယ်ထားလိုတဲ့ဆန္ဒဟာ ကနေ့တိုင်းပြည်ရဲ့ အဆိုးဝါးဆုံး ဒုက္ခအပေးဆုံးပြဿနာဘဲဖြစ်ပါတယ်။

၁၁။ စစ်အာဏာရှင်စနစ်ကို ဗမာပြည်မှာဖါယ်ရှားနိုင်ဘို့က စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေဘို့ ရည်ရွယ်ချက်နဲ့  ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းဘို့လိုမှာဖြစ်ပါတယ်။ အစိုးရအနေနဲ့ အခြားလုပ်ငန်းတွေကို မယ်မယ်ရရ မလုပ်နိုင်ရင်တောင် အနည်းဆုံးလူထုအတွက် ၂၀၀၈ကိုဖျက်သိမ်းဘို့ ကြိုးစားပေးဘို့လိုပါတယ်။(လူထုကို ဂတိလဲပေးထားခဲ့ပြီးဖြစ်ပါတယ်။)

ကနေ့စစ်အုပ်စုဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးခေါင်းစဉ်အောက်မှာ NLD အစိုးရအပါအ၀င် လူထုကို ၀ိုင်းကြီးချူပ် တွေလုပ်လာတာ တွေ့ရမှာဖြစ်ပါတယ်။

ပြည်ထဲရေးဟာ လုံခြုံရေးအကြောင်းပြချက်နဲ့  အစိုးရနဲ့ လူထုကို ခြိမ်းခြောက်အကြပ်ကိုင်မှုတွေလုပ်လေ့ရှိပါတယ်။

စစ်တပ် ကြံ့ဖွံ့  စင်ပျောက်ပါတီအချို့ နဲ့  ဘုန်းကြီးဆိုးတွေက တိုင်ပင်ကိုက်ပြောဆို လှုပ်ရှားမှုတွေ ဟန်ချက်ညီညီ လုပ်လေ့ရှိပါတယ်။

NLD အစိုးရကို ဆန့်ကျင်ဘို့ ပုဂ္ဂိုလ်တဦးခြင်းစီ တဖွဲ့ ခြင်းစီကလဲ သီးသန့်လှုပ်ရှားမှုတွေလုပ်လေ့ရှိပါတယ်။

ဥပမာကြံ့ဖွံ့ ဥက္ကဌဦးသန်းဌေးက သူတို့ပါတီအနိုင်ရရင် ၂၀၀၈ဖွဲ့ စည်းပုံပြင်မယ်ပြောတော့ NLD ပါတီမလုပ်နိုင်တာသူတို့ လုပ်မယ်ဆိုတဲ့သဘောပြောသွားတာပါ။ ခက်တာက ၂၀၀၈ဖွဲ့ စည်းပုံရဲ့ ဘယ်အပိုင်းကိုပြင်မယ်ဆိုတာတော့ ပြောမသွားခဲ့ ပါဘူး။ မျက်နှာဖုံးဒီဇိုင်းကိုပြင်မှာလား။ နောက်ပိတ်ဒီဇိုင်းကိုပြင်မှာလားလို့ဘဲ မေးရတော့မှာပါ။ သူ့အဆင့်လောက်နဲ့ စာအုပ်စိမ်းရဲ့ အရေးပါတဲ့ ပုဒ်မတွေပြင်မယ်ဆိုတာကတော့ လူပြောလူယုံဆိုသလိုပါဘဲ။

အရှေ့မြောက်ဒေသစစ်ဆင်ရေးတွေဟာ လက်ရှိအစိုးရကိုဖိအားပေးတာလို့ ကျနော်တော့ယုံကြည်တယ်။တိုင်းပြည် တည် ငြိမ်အေးဆေးနေရင် ကနေ့အစိုးရရဲ့ စီမံကိန်းတွေအောင်မြင်မှာစိုးရိမ်တဲ့အတွက် တိုင်းပြည်မတည်ငြိမ်အောင် ဓါတ်ဆီ လောင်းတာထက်မပိုပါဘူး။ ၂ဘက်စလုံးက လူငယ်တွေအသက်တွေနဲ့ လောင်းကြေးထပ်ပြီး စစ်ဗိုလ်ချူပ်ဟောင်းတွေရဲ့  အကျိုးစီးပွါးကို ကာကွယ်ဘို့လုပ်ရပ်တွေထဲက တခုလို့ဘဲပြောရမှာပါ။

ကာကွယ်ရေးဦးစီ်းချူပ်ကိုယ်တိုင်က လူအများယုံကြည်မှုပျက်ပြားနေတဲ့ မဘသလိုအဖွဲ့ အစည်းနဲ့  ကူးလူးဆက်ဆံမှုတွေ လုပ်နေတာကိုက အတော်စိတ်ပျက်ဘို့ကောင်းတဲ့ အခြေအနေလို့ ပြောရမှာဖြစ်ပါတယ်။ ကာချူပ်က မဘသ ကိုပံ့ပိုးလိုက် တာဟာ ဗုဒ္ဓဘာသာဝင်ကောင်းတယောက်ရဲ့ လုပ်နည်းလုပ်ဟန်နဲ့ ညီရဲ့ လားဆိုတာတော့ ပြန်စဉ်းစားစေချင်ပါတယ်။

စစ်အုပ်စုဝင်တွေဟာ ဆိုးဆိုးဝါးဝါးပြောဆိုလုပ်ကိုင်လာကြတာ တနေ့ထက်တနေ့ဆိုသလို ပိုပိုပြီးဆိုးဝါးလာခဲ့ပါတယ်။ နောက်ဆုံးဆရာဦးကိုနီကို ဗြောင်လုပ်ကြံသတ်ဖြတ်တဲ့အထိအတင့်ရဲလာခဲ့ကြတာလဲဖြစ်ပါတယ်။

စစ်အုပ်စုဝင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို မထိကြသေးပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမာခံဆိုသူတွေ တိုင်း ပြည်အပေါ်သြဇာရှိတဲ့ နိုင်ငံရေးသမားတွေကိုတော့ ထိပါးနိုင်ကြတယ်ဆိုတာကိုတော့ သတိထားဘို့လိုမှာဖြစ်ပါတယ်။

(တိုင်းပြည်အာဏာဟာ အစိုးရလက်ထဲမှာမရှိဘဲ စစ်တပ်မှာရှိနေတာကိုက တိုင်းပြည်ဒုက္ခရောက်စေတာဖြစ်ပါတယ်။)

ခက်တာက ဒီလူတွေကို NLD ကမွေးထားပေးခဲ့သလိုဖြစ်နေတာပါ။ကိုယ့်ကို ဒုက္ခပေးမဲ့လူတွေ ဒုက္ခပေးနေတဲ့လူတွေကို သိသိကြီးနဲ့ အိမ်ဦးခမ်းမှာထားမိတော့ အိမ်ဦးခမ်းမသန့်တော့ဘူးပေါ့ဗျာ။ ဒီလူတွေက အခွင့်သာရင်သာသလို အိမ်ဦးခမ်း မှာ ( )ပါကြလေ့ရှိတာကိုလဲ တနိုင်ငံလုံး တွေ့ ရှိသိမြင်နေကြတာပါဘဲ။

ကျနော်တို့အမြင်ကတော့ NLD ပါတီဟာ အဓိကလုပ်ရမဲ့လုပ်ငန်းတွေကို အစီအစဉ်ရှိရှိလုပ်စေချင်ပါတယ်။ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တာဝန်ပေးရင်လဲ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချူပ်တွေအပါအ၀င် ဗဟိုကော်မတီအဆင့် ပုဂ္ဂိုလ်တွေကို ပါပူးတွဲ တာဝန်ပေးစေလိုပါတယ်။သူတို့ဟာ စစ်ပြုတ်တွေ ပွဲစားတွေထက်တော့ ပိုပြီးရိုးသားကြမှာ အမှန်ဘဲဖြစ်ပါတယ်။ NLD ပါတီဟာ ပါတီဝင်အမာခံတွေကို ပွဲထုတ်ဘို့အချိန်ရောက်ပြီိလို့ဘဲ ရိုးသားစွာအကြံပြုပါရစေဗျာ။

ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တာဟာ အကြံပေးတာထောက်ပြ တာဘဲဖြစ်ပါတယ်။အပြုသဘောဆောင်ပါတယ်။NLD ပါတီဟာ လူထုနဲ့ ကင်းကွာတာနဲ့  လူထုလဲနစ်နာ ပါတီလဲနစ်နာ ဆိုသလို ဖြစ်မှာပါ။ ကနေ့နိုင်ငံရေးသမားတွေက NLD ပါတီကို ထောက်ပြဝေဖန်နေကြတာဟာ တိုင်းပြည်ကောင်းစားရေး အတွက်ဆိုတာ မမေ့သင့်ပါ။ စစ်အုပ်စုရဲ့  ၀ိုင်းကြီးချူပ်အစီအစဉ်ကနေ အစိုးရနဲ့ လူထု အတူပူးပေါင်း ရုန်းထွက်နိုင်ကြစေ လိုကြောင်းပါဗျား။

ကိုအောင်မှိုင်း (၁၈.၃.၂၀၁၇)