အောင်သဇင် ● မျက်နှာမရ ခြေထောက်ဘဲရမယ့် မင်းအောင်လှိုင်

အောင်သဇင် ● မျက်နှာမရ ခြေထောက်ဘဲရမယ့် မင်းအောင်လှိုင်
(မိုးမခ) မတ် ၂၀၊ ၂၀၁၇

မင်းအောင်လှိုင်စစ်တပ်က ခြေမြန်တပ်မ ၆၆ ဟာ ရှေ့တန်းမှာနှစ်ပေါက်နေပြီဖြစ်တဲ့ တပ်မ ၅၅ ကိုလဲဖို့ မတ်လ ၅ ရက်နဲ့ ၆ ရက်တွေမှာ ပြည်-မိတ္ထီလာ-လားရှိုးအတိုင်း တက်လာပြီး ၇ ရက်နေ့မှာ လားရှိုးက လောက်ကိုင်ထွက်လာတယ်။ ဗိုလ်မှူးချုပ်မြင့်သန်း (DSA ၂၇) ဦးစီးတဲ့ လူအင်အား ၈၀၀ ကျော်ပါ တပ်မ ၆၆ က ၂ ဗျူဟာ နဲ့ ၇ ရင်းဟာ လောက်ကိုင်ရောက်ပြီး နောက်တရက် မတ် ၈ ရက်မှာဘဲ တိုက်ပွဲစတိုးခဲ့ တယ်။

တပ်မ ၆၆ လာလဲတဲ့ တပ်မ ၅၅ ကတော့ ၁၉၉၇ ခုတုံးကပြုတ်သွားတဲ့ ဗိုလ်ချုပ်ကျော်ဘရဲ့သား ဗိုလ်မှူးချုပ် နိုင်နိုင်ဦးက ဦးစီးပြီး ကိုးကန့်ဒေသမြောက်ခြမ်းမှာ MNDAA တပ်မဟာ ၂၁၁ နဲ့ DKBA ဗိုလ်ဆန်းအောင်အဖွဲ့ တို့ရဲ့ စခန်းငယ်တချို့ကို နှစ်လကျော်အပြင်းအထန်တိုက်မှ စခန်းတချို့ရခဲ့ပေမဲ့ ခလရ ၇ အကြီးအကျယ် အထိနာသွားခဲ့တယ်။ ဒါ့အပြင် နိုင်နိုင်ဦး လူလည်ကျပြီး တပ်မ ၇၇ ကို အတင်းရှေ့ကတက်ခိုင်းလို့ ခမရ ၇၊ ခမရ ၈ နဲ့ ခမရ ၁၀၆ တို့လဲ တပ်ပျက်မတတ်ဖြစ်သွားသေးတယ်။ ဒါကြောင့် တပ်မ ၅၅ ကို တပ်မ ၆၆ နဲ့လဲ ပြီး ကိုးကန့်ဒေသထဲက ထုတ်လိုက်တာဖြစ်တယ်။

လောက်ကိုင်စစ်ဆင်ရေးအတွင်း မတ်လ ၈ ရက်က မတ်လ ၁၅ ရက်အထိ တပတ်အတွင်းမှာ MNDAA နဲ့ AA ပူးပေါင်းတိုက်ခိုက်လို့ တပ်မ ၆၆ ကလူ ၉၀ ကျခဲ့တယ်။ အဲ့ဒီထဲမှာ အရာရှိ ၁၃ ယောက်ပါတယ်။ တပ်ရင်းမှူး ၁ ယောက်နဲ့ ဒုရင်းမှူး ၂ ယောက် အသက်ပျောက်သွားတယ်။ ဒဏ်ရာရတာ၊ သုံ့ပန်းဖမ်းခံရတာ၊ ပျောက်ဆုံး သို့မဟုတ် တပ်ကထွက်ပြေးတာ စုစုပေါင်း ၃၀၀ လောက်ရှိတယ်။ ကိုးကန့်အမျိုးသားသစ္စာ ဖောက် မင်းအောင်လှိုင်ရဲ့ဂုဏ်ထူးဆောင်ဗိုလ်မှူးကြီး ဝှေ့ဆန်းရဲ့ BGF နဲ့ ပြည်သူ့စစ်တွေ ပြုန်းတီးအင်အားပါ ထည့်တွက်လိုက်ရင် နောက်ထပ် ၂၀၀ လောက်ရှိသေးတယ်။

တပ်မ ၆၆ တပ်ရင်း ၇ ရင်းထဲမှာ အခြေအနေအဆိုးဆုံးက ခလရ ၁၁၊ ခမရ ၄၊ ခမရ ၆ နဲ့ ခမရ ၁၀ တို့ ဖြစ်ပြီး တချိန်ကနာမယ်ရခဲ့တဲ့ (ရှစ်လုံးတင်အောင်မြင့်ဦး တပ်ရင်းမှူးလုပ်ခဲ့ဖူးတဲ့) ခလရ ၁၁ ဆိုရင် တပ်ရင်း မှူး သန့်ဇင်ဦးပါကျလို့ တပ်ပျက်လုနီးသွားတယ်။ ဒါနဲ့ တပ်မ ၆၆ တခုလုံးမှာ လူ ၅၀၀ ဘဲကျန်တဲ့အခြေအနေ ဆိုက်သွားတယ်။ ဒါကြောင့် မတ်လ ၁၂ ရက်နေ့မှာ နောက်တန်းချန်ထားတဲ့ ခလရ ၁၊ ခမရ ၅၊ ခမရ ၁၀၈ တို့ကို ထပ်ခေါ်လိုက်ရတယ်။ တက်လာပြီး မကြာခင် ၁၆ ရက်နေ့မှာ အပြင်းအထန်တိုက်ပွဲကြုံရလို့ ထပ်ထိ ကြပြန်တယ်။

မင်းအောင်လှိုင်ရဲ့ စိတ်ကူးယဉ်အိပ်မက်ကတော့ မတ်လ ၂၇ ရက်မတိုင်ခင် ကိုးကန့်ဒေသမှာ လောက် လောက်လားလား ‘အောင်ပွဲကြီး’ တခု ပြနိုင်ဖို့ဖြစ်တယ်။ ၆၆ တပ်မမှူးအသစ် မြင့်သန်းကလဲ တခြား DSA အပတ်စဉ် ၂၇ ထဲက တိုင်းမှူးဖြစ်နေတဲ့ နေပြည်တော်တိုင်းမှူး မြင့်မော်၊ အရှေ့ပိုင်းတိုင်းမှူး ဝင်းမင်းထွန်း၊ အနောက်ပိုင်းတိုင်းမှူး မောင်မောင်စိုး၊ ကမ်းရိုးတန်းတိုင်းမှူး လင်းအောင် တို့လို တိုင်းမှူးဖြစ်ဖို့ မျက်နှာရ အောင်ကြိုးစားပြီး မီးကုန်ယမ်းကုန် ရမ်းမယ့်အခြေအနေရှိတယ်။ ဗျူဟာမှူးအသစ်၊ တပ်ရင်းမှူးအသစ်တွေ ကလဲ နောက်ထပ်ရာထူးတက်ဖို့ အစွမ်းပြချင်နေတယ်။ ဒါပေမဲ့ စောစောစီးစီးကတည်းက တပ်မရဲ့ သုံးပုံ တပုံလောက် ပြုတ်သွားပြီဆိုတော့ ရှေ့ရှောက်အခြေအနေကောင်းမယ့်ပုံ မရှိပါဘူး။

MNDAA အပါအဝင် မြောက်ပိုင်းမဟာမိတ်တွေကလဲ နေရာယူစစ်ကိုရှောင်လွှဲပြီး ပျောက်ကျားစစ်နဲ့ လှုပ်ရှား စစ်ကို ပိုအလေးပေးလာတော့ အရင်နေရာယူစစ်တုန်းကလို ‘စခန်းသိမ်းအောင်ပွဲကြီး’ တွေပြနိုင်ဖို့ အလား အလာ အတော်နည်းသွားပြီဖြစ်တယ်။ ဒီတော့ အခု ကိုးကန့်လူဦးရေသုံးပုံတပုံလောက် (၇၀၀၀၀ ကျော်) အိုးအိမ်တွေစွန့်ပြီး ဒုက္ခသည်ဖြစ်ကုန်လို့ ကျန်ခဲ့တဲ့ အဖိုးတန်ပစ္စည်း၊ အဖိုးမတန်ပစ္စည်း ရသမျှအားလုံး လုယက်ခိုးဝှက်ခွင့်ပေးပြီး တပ်ကိုချော့ဖို့ဘဲ ရှိပါတယ်။

တဖက်မှာလဲ ကိုးကန့်တောင်ဖက်ခြမ်း ဝ နယ်စပ်မှာ ဗမာစစ်တပ်ရဲ့ငယ်ကြောက် ဝ တပ်တွေ အင်အားစု တပ်ရွှေ့ပြောင်းနေတဲ့သတင်းတွေကြားလို့ မင်းအောင်လှိုင်တပ်တွေ ပြာနေတယ်။ NCA လက်မှတ်တွေထိုး ထားပြီး ငြိမ်းချမ်းရေးတွေ အကြီးအကျယ်ရနေတယ် ဆိုတဲ့ခေတ်မှာ ရှိသမျှတပ်မတွေလဲ အကုန်ရှေ့တန်းပို့ စစ်တိုက်ခိုင်းနေလို့ နောက်တန်းမှာ အရန်တပ်မ မကျန်တော့ဘဲ ဖြစ်နေတယ်။ တပ်မ ၅၅ ကလဲ ကိုးကန့် ဒေသထဲက ထွက်လာပေမဲ့ နောက်တန်းမပြန်ရသေးဘဲ တပ်မလေးခု (၁၁ ၃၃ ၈၈ ၉၉) ရှိနေပြီးဖြစ်တဲ့၊ သတင်းအမျိုးမျိုးကြားနေလို့ စိတ်မချရတဲ့ မုန်ဂူ-ဖောင်းဆိုင်၊ မူဆယ်-နမ်းခမ်း-ကွတ်ခိုင်ဘက်ကို အင်အား သွားဖြည့်ရတယ်။ ရှမ်းပြည်-ကယားပြည်အခြေစိုက်စကခ ၇ တခုဘဲ ကချင်ပြည်ကစခန်းတွေ တပ်မ ၁၀၁ ကိုလွှဲပေးပြီး အခုမှ နောက်တန်းပြန်ရတာဖြစ်တယ်။ ဒါကြောင့် ဗမာပြည်မမှာ တခြားအရန်တပ်မ အသင့် မရှိပါဘူး။ ပြည်နယ်တွေမှာရှိတဲ့ စကခတွေကလဲ စစ်ဆင်ရေးထွက်နိုင်လောက်တဲ့ အဆင့်မရှိဘဲ နောက် တန်းအခြေစိုက်ရာ အညိုရောင်နယ်မြေတွေမှာ နယ်မြေထိန်းနေရတယ်။

ဒါကြောင့် မြင့်သန်းခမြာ မျက်နှာမရ တိုင်းမှူးမဖြစ်ဘဲ တပ်မ ၅၅ တပ်မမှူး အောင်သူလို စစ်ရှုံးလို့ ခြေထောက် ရပြီး စစ်ခုံရုံးတင်ခံရမလား မရေရာတဲ့ဘဝဖြစ်နေသလို၊ မင်းအောင်လှိုင်လဲ ၂၇ ရက်နေ့အမှီ ကြွားလုံးထုတ် ဖို့ မျှော်လင့်ထားပေမဲ့ မနှစ်က ဂိဒွန်စစ်ဆင်ရေးနဲ့ မုန်ဂူစစ်ဆင်ရေးတွေကြောင့် အရှက်တွေကွဲခဲ့ပြီး အခုတခါ လောက်ကိုင်စစ်ဆင်ရေးကြောင့် အရှက်ထပ်ကွဲရပြန်တဲ့အတွက် စာဖတ်နေသူကြီးဆီမှာရော၊ တပ်တွင်းမှာ ပါ မျက်နှာမရ ခြေထောက်ရမယ့်အခြေအနေဖြစ်နေပါပြီ။ ဒီအတိုင်းဆိုရင် မင်းအောင်လှိုင်ရဲ့ ၂၀၂၀ သမတ အိပ်မက်လဲ မြောင်းထဲငြောင်းဖို့ သေချာနေပါတယ်။

အောင်သဇင်
Photo credit : Daily mail