ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

အောင်မော်ဦး ● "နေပြည်တော်” ဆိုတာကိုက ပဒေသရာဇ် ဆန်လွန်းလှပါပြီ

အောင်မော်ဦး ● "နေပြည်တော်" ဆိုတာကိုက ပဒေသရာဇ် ဆန်လွန်းလှပါပြီ
(မိုးမခ) မတ် ၁၅၊ ၂၀၁၇

"တိုင်းပြည်ကို ပညာရှင်တွေလက်ထဲမထည့်ရင် အစိုးရဟာ လူရယ်စရာ ပိုပိုဖြစ်လာပါလိမ့်မယ်။ ထို့အတူပဲ တိုင်းပြည်ကို ဖက်ဒရယ်ကျကျ မထူထောင်နိုင်ရင် ရှစ်လေးလုံးဟာ သဲထဲရေသွန်ဖြစ်ရပါလိမ့်မယ်”

ကျနော်တို့နိုင်ငံမှာ မတူကွဲပြားခြားနားတဲ့ လူမျိုး၊ ဘာသာစကား၊ ဓလေ့ထုံးတမ်းစဉ်လာယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုနဲ့ ပထဝီနယ်နိမိတ်တွေရှိကြပါတယ်။ ထို့အတူ ရှည်လျားတဲ့သမိုင်းကြောင်းအရ မဟာလူမျိုးကြီးဝါဒနဲ့ အနိုင်ကျင့်ဖိနှိပ်ခံခဲ့ရတဲ့ ရာဇဝင်လာ ကံဆိုးခဲ့ရမှုတွေဟာလည်း ဒုနဲ့ဒေးရှိခဲ့ပါတယ်။ ဒါတွေကို ထဲထဲဝင်ဝင်ထည့်သွင်းမစဉ်းစားဘဲနဲ့ ၂၁ ရာစုပင်လုံ ကတဆင့် ချဉ်းကပ်နေတဲ့ အမျိုးသားနိုင်ငံရေးလမ်းစဉ်ဟာ ဖက်ဒရယ်ပြည်ထောင်စုထူထောင်နိုင်ဖို့ ဘယ်လိုမှ မပြည့်စုံနိုင်ပါ ဘူး။

တိုင်းရင်းသားတွေဟာ “ဆတ်ဆတ်ထိမခံ” တွေ မဟုတ်ကြပါဘူး။ ကျနော်တို့ ခင်ဗျားတို့ ထင်ထားတာထက် “သည်းညည်းခံ” နိုင်ကြသူတွေပါ။ ဒါကို ကျနော်တို့တော်လှန်ရေးအတွေ့အကြုံတွေနဲ့ ဥပမာပေးရင် သိနားလည်သူနည်းနိုင်တဲ့အတွက် မပေး တော့ပါဘူး။ ဒါကြောင့် လူအများလည်းနားလည်အောင်နဲ့ မျိုးဆက်တဆက်မကလည်း နားလည်အောင်လို့ ကျောင်းသားဘဝ တုန်းက ဥပမာလေးနဲ့ ဆွေးနွေးလိုပါတယ်။ ဆိုကြပါစို့။ နယ်ကနေ ရန်ကုန်တက္ကသိုလ်ကို ကျောင်းလာတက်တဲ့ တိုင်းရင်းသားတယောက်ဆိုပါစို့။

သူဘာတွေစွန့်လွှတ်ခဲ့ရမလဲ။ သူ့မိသားစု၊ သူ့ဇာတိ၊ သူ့ငယ်သူငယ်ချင်း၊ သူ့ဘာသာစကား စသဖြင့် စွန့်လွှတ်ခဲ့ရမှာပါ။ သူ ဘာတွေ ပြင်ဆင်ခဲ့ရမလဲ။ သူမကျွမ်းကျင်တဲ့ သူများရပ်ရွာ၊ သူများဒေသ၊ သူများဘာသာစကားနဲ့ သူ့လူမျိုးမဟုတ်တဲ့ သူစိမ်းတရံစာတွေအကြားမှာ လိုက်လျောညီထွေဖြစ်ဖို့ သူ့ကိုယ်သူနှိမ့်ချ၊ သူများထက်ပိုလေ့လာပြီး မျက်စိသူငယ်နားသူငယ်နဲ့ စလှမ်းခဲ့ရရှာမှာပါ။ ဒါတွေကို ကျနော်တို့မြို့ကြီးသားတွေ ထည့်မစဉ်းစားမိခဲ့ကြပါဘူး။ သူတို့နေရာကနေ ဝင်မကြည့်မိခဲ့ကြ ပါဘူး။ အဲဒီလို မြို့ကြီးသားမျိုးတွေထဲ ခင်ဗျားတို့ ပါ/မပါ ခင်ဗျားတို့ရဲ့  ကောလိပ်နေ့ရက်များကို ခင်ဗျားတို့ဘာသာ ပြန်မြင် ယောင်ကြည့်ကြည့်ကြပါ။

ကောင်းပြီ။ ကျနော်တို့ သူ့ကို ဘယ်လိုကြိုဆိုခဲ့ကြသလဲ။ တောသား၊ ငတုံးငအဆိုပြီး အထင်သေးအမြင်သေးနဲ့ကြည့်ကြ၊ မလည်မဝယ်နဲ့ဆိုပြီး ညာချကြ၊ လှည့်စားကြ၊ ကျီစားကြ၊ ကြပ်ကြ၊ သူအကောင်းမေးတာကို တလွဲဖြေကြ၊ ချွန်တွန်းတွန်းကြ၊ အချွန်နဲ့မကြ။ (စိတ်ဓာတ်အောက်တန်းကျတဲ့သူတွေဆို) အနိုင်ပါကျင့်ကြနဲ့ အဲဒီလို လုပ်ခဲ့ကြတာပါ။ (အားလုံးမဟုတ် ခဲ့ကြပေမယ့် အများစုတော့ဟုတ်ခဲ့ကြတယ်ဆိုတာ ဝန်ခံရမှာပါ။) နောက် တဖြေးဖြေးနှစ်ကြာလာတော့မှ နားလည်လာကြ၊ တောင်းပန်ကြ၊ ဖက်လှဲတကင်းလုပ်ကြ၊ အစစအရာရာ အကူအညီပေးကြနဲ့ ဒီလိုမျိုး ရှေးကထက် ပိုချစ်ခဲ့ကြတာပါ။

အမှန်တကယ်က ကျနော်တို့ မြို့ကြီးသားတွေမှာ မဟာလူမျိုးကြီးဝါဒရှိကြလို့ရယ်လည်း မဟုတ်ပါဘူး။ သိကြလို့ရယ်လည်း မဟုတ်ပါဘူး။ ကျောင်းသားသဘာဝ ပျော်စေလိုရင်း၊ ချစ်စေလိုရင်း လုပ်မိကြတဲ့ အပြုအမူတွေပဲ ဖြစ်ပါတယ်။ ပြုသူက အမှတ်မဲ့ဆိုပေမယ့် ခံရတဲ့သူဘက်ကကျတော့ နင့်နေတာပေါ့ဗျာ။ သို့သော်လည်း သူ့တို့ခမျာ သီးခံရှာပါတယ်။ ကျနော်တို့ ရှေ့မှာ အပြုံးမပျက်နေပေမယ့် ကျနော်တို့မသိအောင် ကြိတ်ငိုနေနိုင်ရှာပါတယ်။ လက်တုန့်ပြန်ချင်စိတ်ကို ထိန်းချုပ်ပြီး အံ ကြိတ်နေခဲ့ရတဲ့ နေ့တွေလည်း အခါခါမက ရှိခဲ့နိုင်ပါတယ်။ စိတ်ဓာတ်ကျပြီး ပြန်ပြေးချင်စိတ်တွေလည်း ခဏခဏ ပေါ်ခဲ့နိုင် ပါတယ်။

ထားတော့။ ခု ကျနော်တို့တတွေလည်း လူကြီးပိုင်းထဲရောက်ခဲ့ကြပါပြီ။ ကျနော်တို့တိုင်းပြည်မှာလည်း နိုင်ငံ့ခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ လူကြီးလူကောင်းပီသစွာနဲ့ တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းတွေနဲ့ ပဋိပက္ခတွေကို အဖြေရှာနေ ကြပါပြီ။ ဒါပေမယ့်လည်း တွေ့ဆုံဆွေးနွေးပွဲတွေအောင်မြင်ဖို့ မူဝါဒတွေ၊ စည်းမျဉ်းစည်းကမ်းတွေတင်မက အခင်းအကျင်းက လည်း အထူးအရေးကြီးလှတာကို သတိပြုမိကြဖို့လည်း လိုအပ်ပါတယ်။

ဆိုကြပါစို့။ တိုင်းရင်းသားခေါင်းဆောင်တွေကို မြို့တော်ကို ဖိတ်ခေါ်ပြီးဆွေးနွေးကြတဲ့အခါမှာ သူတို့တည်းခိုဖို့ နေရာထိုင်ခင်း စီစဉ်ပေးတာ၊ သွားရေးလာရေး စီစဉ်ပေးတာ၊ အစားအစာစီစဉ်ပေးတာ၊ ကျန်းမာရေးစောင့်ရှောက်မှုစီစဉ်ပေးတာ၊ ရုံးလုပ်ငန်းတွေလုပ်ကိုင်နိုင်ဖို့ စီစဉ်ပေးတာ၊ ကိုးကွယ်ရာဘာသာအလိုက် ဝတ်ပြုဆုတောင်းဖို့ စီစဉ်ပေးတာ အစရှိတာတွေနဲ့ပတ်သက် လို့ အသေးစိတ်ကအစ ထောင့်စေ့အောင်စီစဉ်ပေးဖို့ အထူးအရေးကြီးလှပါတယ်။ (ထားရာနေ စေရာသွားလုပ်ခဲ့မိကြရင် ပြင်ကြပါ)

ဒါ့အပြင် အခြားအရေးကြီးတဲ့အချက်တခုကတော့ ဆွေးနွေးပွဲကျင်းပပြုလုပ်တဲ့ ခန်းမအပြင်အဆင်ပါ။ ခန်းမဟာ လူမျိုးစုံ၊ အဖွဲ့အစည်းစုံတဲ့ ပြည်ထောင်စုသဘော ဆန်ဖို့လိုပါတယ်။ ဒီအတွက် ခန်းမထဲမှာ လူမျိုးစုံသင်္ကေတ၊ အဖွဲ့အစည်းစုံသင်္ကေတ ဖြစ်တဲ့ အလံတွေ၊ အမျိုးသားလက္ခဏာတွေ (ကုလသမဂ္ဂအစည်းအဝေးခန်းမကို မြင်ကြည့်ပါ) ထားရှိပေးဖို့လိုပါတယ်။

ပြီးတဲ့အခါ အစည်းအဝေးပြုလုပ်တဲ့ စားပွဲနဲ့ ကုလားထိုင်တွေရဲ့ ပုံစံပါ။ တန်းတူရည်တူ၊ လက်ရည်တပြင်တည်းဆိုတာကို ဖော်ဆောင်ဖို့ စားပွဲဟာ စားပွဲဝိုင်းဖြစ်ရပါမယ်။ ဘယ်သူမှ အခေါင်အချုပ်နေရာက ထိပ်စည်းယူထားတာမျိုးမဖြစ်ရပါဘူး။ ကု လားထိုင်တွေဆိုရင်လည်း ပုံစံတူ၊ အရွယ်အစားတူ၊ အနိမ့်အမြင့်တူ ဖြစ်ဖို့လိုပါတယ်။ အရင်အစိုးရလက်ထက်မှာတုန်းက ကုလားထိုင်ကြီးတလုံးက သိသိသာသာကြီး ကြီးနေပြီး သူများထက်ပိုမြင့်နေတာကိုလည်း မြင်ဖူးကြမှာပါ။ လေးထောင့် ကျကျစားပွဲကြီးမှာ တဦးက ထိပ်စည်းကနေ မိန့်မိန့်ကြီးထိုင်ပြီး ဘေးတဘက်တချက်စီမှာထိုင်နေကြတဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေကို သြ၀ါဒခြွေနေတဲ့ပုံကိုလည်းမြင်ဖူးကြမှာပါ။ ဒါ အုံနာက သူ့အလုပ်သမားတွေကို တခုခုခေါ်ပြောနေတဲ့ လက္ခဏာပါ။ ဒါ အထက်အောက် အစီရင်ခံတင်ပြနေတဲ့ ဌာနတွင်း လုပ်နည်းလုပ်ဟန်ပါ။ ဒါ တန်းတူရည်တူလက္ခဏာဆောင်တဲ့ “ပြည်ထောင်စု စကားဝိုင်း” မဟုတ်ပါဘူး။

ဒီလိုအသေးစိတ်ကလေးတွေကအစ ဂရုတစိုက်လုပ်ကြမယ်ဆိုရင် ပြီးခဲ့တာတွေကိုလည်း တောင်းပန်ရာရောက်သလို ရှေ့ ခရီးအတွက်လည်း တလေးတစား အသိအမှတ်ပြုရာရောက်ပါတယ်။ ဒါပေမယ့် ဒီနေ့ တွေ့မြင်ကြားသိနေရသလောက် (တံ တားအမည်ကိစ္စအပါအဝင်) ကတော့ တိုင်းရင်းသားတွေကို လုံးလုံးနားမလည်ကြသေးဘူးဆိုတဲ့အချက်ပါပဲ။ အတော့်ကို ထိ ခိုက်ကြေကွဲရပါတယ်။ ပန်းတိုင်နဲ့ ဝေးသထက် ဝေးနေလိမ့်ဦးမယ်လို့လည်း ခံစားမိပါတယ်။

တိုင်းရင်းသားတွေကို ဒိ့ထက်ပိုနားလည်ဖို့ဆိုရင် သူတို့ကို ကိုယ့်ဆီခေါ်တာထက် သူတို့ဆီကိုယ်က သွားလည်တာမျိုး လုပ် သင့်ပါတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ တတ်သိပညာရှင်တွေအနေနဲ့ တိုင်းရင်းသား ဒေသတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာကြဖို့လိုပါတယ်။ ကားလမ်းတဆုံး၊ ရထားလမ်းတဆုံးလောက် သွား လေ့လာတာမျိုး မဟုတ်ပါဘူး။ ကျနော်တို့တတွေ ဆေးကုပေးခဲ့ကြတဲ့၊ ကျနော်တို့တတွေ စာသင်ပေးခဲ့ကြတဲ့၊ ကျနော် တို့နဲ့သူတို့နဲ့ အတူတူပြေးလွှားခဲ့၊ အတူတူရုန်းကန်ခဲ့ကြတဲ့ ကျည်ခရာ တောနက်နက်၊ တောင်မြင့်မြင့်တွေအထိ ခရီးကြမ်း နှင်ပြီး ကွင်းဆင်းလေ့လာကြဖို့ပြောတာပါ။

အဲဒီလိုသွားတဲ့အခါ ရာသီဥတုကဆိုး၊ ဒေသက ကြမ်းလွန်းလို့ ငှက်ဖျားပိုးရင်လည်း ဦးနှောက်ထဲရောက်သွားနိုင်ပါတယ်။ တချို့ချောင်းရေတွေထဲမှာ ခဲဓာတ်တွေပါတတ်လို့ ခဲဆိပ်လည်း သင့်နိုင်သလို၊ ရေကတဆင့်ကူးစက်တဲ့ ရောဂါဘယတွေလည်း ရရှိနိုင်ပါတယ်။ ဒါ့အပြင် ဘယ်မှာမှန်းမသိနိုင်တဲ့ မြေမြှုပ်မိုင်းတက်နင်းမိလို့ ပွဲချင်းပြီးလည်း သေသွားနိုင်ပါတယ်။ အဲဒီလို ရောဂါဘယထူပြောပြီး၊ အန္တရာယ်အတိပြီးတဲ့ အရပ်မှာ ခင်ဗျားတို့ဆုံးဖြတ်ချက်ဟာ သူတို့ကံကြမ္မာလို့ ယုံကြည်ထားကြသူတွေ စောင့်နေကြပါတယ်။

ဒီခရီးစဉ်ဟာ အတွေ့အကြုံရရုံ သက်သက်မျှသာမက တဦးနဲ့တဦး ရင်းနှီးမှုကနေ ချစ်ကြည်မှုလည်းရ၊ အပြန်အလှန် သိနားလည်မှုကနေ ယုံကြည်မှုလည်းတည်ဆောက်နိုင်ဆိုသလို အကျိုးရှိမှာပါ။ ဒီကမှ လွှတ်တော်မှာ အဆိုတွေတင်၊ ဘတ် ဂျက်တွေသတ်မှတ်၊ အစိုးရက စီမံကိန်းတွေအကောင်အထည်ဖော် ဒီလိုသွားကြရမှာပါ။ ချုပ်ပြောရရင် “တွေးကြည့်ရုံနဲ့မရ ပြေးကြည့်မှ ရနိုင်မယ့် ကျနော်တို့ရဲ့  ပြည်ထောင်စု” ပဲ ဖြစ်ပါတယ်။

အရင်လူတွေကို မုန်းသလောက် အခုလူတွေကို ချစ်တယ်ဆိုတာနဲ့ အရင်လူတွေကို အထင်သေးသလောက် အခုလူတွေကို အထင်တကြီးမျှော်လင့်ထားကြတယ်ဆိုတာ နိုဝင်ဘာ (၈) ရက်ရွေးကောက်ပွဲမှာ ပြည်သူတွေက သက်သက်ပြခဲ့ကြပြီးပါပြီ။ ဒါကြောင့်မို့လို့ တနေ့ကို “စကား အတင်အချ” လုပ်ရုံသက်သက်နဲ့တင် သိန်း (၇၀) လောက်ကုန်နေတဲ့ လွှတ်တော်မှာ ကြောင်ကို ဂျာကူဇီ (Jacuzzi) နဲ့ ရေချိုးမပေးကြပါနဲ့လို့ ပြောပါရစေ။

ပြီးတော့ အဲဒီ “နေပြည်တော်” ဆိုတဲ့ စကားလုံးကြီးချည်းကိုကလည်း ပဒေသရာဇ်ဆန်လွန်းလှပါတယ်ဗျာ။

အောင်မော်ဦး
မတ် ၁၄၊ ၂၀၁၇