ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မင်းကိုနိုင် ● ဖြုံဘူး ... အားပြိုင်ပွဲ

မင်းကိုနိုင် ● ဖြုံဘူး ... အားပြိုင်ပွဲ
(မိုးမခ) မတ် ၁၁၊ ၂၀၁၇

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

ဆရာမ ခင်ခင်​ထူးက သူ၏အမျိုးများနှင့် နှစ်ကြိမ်မိတ်ဆက်ပေးဖူးသည်။ “အညာသူ အညာသား ကျွန်မ ဆွေမျိုးများ” ဆို သည့်စာအုပ်တွင် ပထမအကြိမ် မိတ်ဆက်ခြင်း။ ထိုစဉ်ကပင် သူ့အမျိုးရွာများကို ကျွန်တော်က ရင်းနှီးနှင့်ပြီ။ အပြင်တွင် ထပ်မိတ်ဆက်သော် ကျွန်တော့်အတွက် မျက်နှာမစိမ်းသည့် ရွာများဖြစ်နေပြီ။

၂၀၁၃ ခုနှစ်ခန့်က ဖြစ်မည်။

သူခေါ်သွားသည့် အမျိုးရွာမှာ တည်နေရာကော နာမည်ပါ ထူးပါဘိ။ ဧရာဝတီနှင့် ချင်းတွင်းမြစ်ကြားမှ ကျွန်း။ သင်္ချိုင်းမြေ မရှိ၍ လှေနှင့်ပင် ရေထဲ ဈာပနချရသည့် ရွာကလေး။ အမည်ကလည်း “ဖြုံဘူး” ဆိုပဲ။ ရုတ်တရက်ဆိုလျှင်တော့ ဖရုံဘူးဟု နားကြားလွဲနိုင်သည်။ တကယ်က “ဖြုံဘူး” သာ အမှန်။ ဘာအဓိပ္ပါယ်လဲဆိုတော့ ဟိုဘက်ရွာနာမည် ကြည့်ခိုင်းသည်။ ဟုတ် ပ၊ လိုက်ဖက်လှချည့်။ “ကြောက်ဖူး” ဆိုပဲ။ ရှင်းပေပြီ။ မကြောက်ဘူး၊ မဖြုံဘူးပေါ့။ ဒါတောင် ဟိုခပ်လှမ်းလှမ်းမှာ တရွာ ရှိသေးသည်။ နာမည်ကလည်း “လန့်ဘူး” ဆိုပဲ။ ပြောသူက ဆရာနေဝင်းမြင့်။ ဆိုတော့ ကျွန်တော်နှင့် ဆရာညီမင်းညိုက ယုံကြည်သည်။ ဆရာမခင်ခင်ထူးက လက်ကာလျက် မဟုတ်ဘူး၊ လန့်ဘူးဆိုတာ မရှိပါဘူး၊ ကြောက်ဘူးနဲ့ ဖြုံဘူးပဲ ရှိတယ် ဟု သူ့အမျိုးရွာတွေအကြောင်း ရှင်းယူရသည်။

ကျွန်တော့်စိတ်ထဲတော့ မြေနုကျွန်းပေါ်ချိန်တွေမှာ မြေဦးပွဲကို မကြောက်တမ်း မဖြုံတမ်း နွှဲခဲ့ရသည့် ရွာသူရွာသားများ။ အချို့ကိစ္စများ၌ အတီး အတ။ အချို့နေရာတွေမှာ ခွတီး ခွကျ။ အညာသူ အညာသားဆွေမျိုးများက ဘယ်လိုကြိုမှာပါလိမ့်။
# ................#...................... #

ဂွမ်ဒေါင်းသံ တညံညံဖြင့် ဟောပြောပွဲဆီချီလာနေသည့် အညာကအမျိုးများကို ဖုန်လုံးတွေအောက် တွေ့နေရ သည်။ “ပူသူ အေးကွက်လိုက်ရှာ” ဆိုသည့်အတိုင်း ကျွန်တော်က ငှက်ပျောတောကလေးတခုတွေ့သည်ဆိုသည်နှင့် မြက်လျှောမြွေ တကောင်လို ဝင်တိုးလိုက်သည်။ ခုံတန်းလျားလေးကလည်း အရံသင့်ကြိုလို့မို့ တမှေးတော့ နားခွင့်ရပြီ။

အေးရိပ်မှာ ချွေးသိပ်မယ် မကြံသေး၊ ဆရာညီမင်းညို၏ ပေါက်ကွဲသံက အပြင်းစားသံစဉ်တွေနှယ် ငှက်ပျောတော စတူဒီယို ထဲ ထွက်လာသည်။ “ဘာမသိဘူး၊ သွားမေးဗျာ၊ အူကြောင်ကြောင်လာလုပ်မနေနဲ့”။

ဘာတွေဖြစ်နေလဲဆိုတော့ ကျွန်တော့်ကိုယ်ရေးရာဇဝင်ကို ဒေသအာဏာပိုင်တွေက မရရှိ မသိရဟုဆိုကာ ဟောပြောပွဲကို ခွင့်မပြုခြင်းပင်။ ဟောပြောပွဲလုပ်ပါက အရေးယူမည်ဆိုပဲ။ ခြိမ်းခြောက်၍ကောင်းသော အရာလည်းမဟုတ်။ ဒီလောက်ခရီး ဝေးလာပြီးမှ လက်လျော့၍လည်း မပြန်နိုင်။ ဆရာမခင်ခင်ထူးက ကျွန်မအမျိုးတွေရွာမှာ ဘာလို့အညံ့ခံရမတုံး။ ဟောမည်ဟု ဆိုသည်။

စစ်ကိုင်း၊ မကွေး၊ မန္တလေး တိုင်းသုံးခုဆုံရာ ဖြုံဘူးရွာမှာ ကျွန်တော်တို့ ခေါင်းသုံးလုံးဆိုင်ကြသည်။ ဆရာ ညီမင်းညိုကလည်း ရှေ့တလှမ်း တိုးချင်သူ။ မိန်းမကိုတောင် ဖုန်းဆက်ပြီးပြီ။ အခြေအနေကတော့ ပြန်မလာရင် ငါးပိကြော်ပြင်ထားဆိုတာမျိုး။ကျွန်တော်ကလည်း ဟောပြီးမှ ပြန်ချင်သူ။ သို့နှင့် သူတို့၏ရာဇသံကို ကျွန်တော်တို့သုံးဦးကိုယ်စား ဆရာနေဝင်းမြင့်က မာထန်ထန် တုံ့ပြန်သည်။ ဟောမှာပဲ ပြောမှာပဲ တို့ကို လာမတားနဲ့။တားမြစ်သူ ကြောင်အမ်းအမ်းဖြင့် ပြန်သွား၏။
# ................#...................... #

မှောင်ရိပ်က ခြေသွက်သွက်ရောက်လာသည်။ ရွာလယ်လမ်းမှာ မော်တော်ဆိုင်ကယ်တွေ ပွဲခင်းကို အားဖြည့်ဖို့ စီတန်းဝင် လာပုံက တံခွန်တွေ လွှားတွေ ချည်လာသည့် မြင်းတပ်တွေလို ဟဲလို တက်စတင် ဝမ်းတူး ဆိုသည့် အသံက ခရာတွက်သလို စထွက်လာပြီ။ ဟော အမှောင်ရိပ်ထဲက စီးတော်ယာဉ် ဟောဟဲမြည်ရောက်လာသည်မှာ ဒေသန္တရ အာဏာပိုင်ဆိုသူများ ကိုယ်စားမဟုတ်ပါလား။ သူက ပွဲခင်းကို ဝေ့ကြည့်လျက် တခွန်းသောအမိန့်ကို ဖတ်သည်။

“တားမရလျှင်လည်း လုပ်ကြပေါ့။ ဒါပေသည့် အသံချဲ့စက်တော့ မသုံးနဲ့ ”

တချက်လွှတ် ရာဇသံပေတည်း။

ဟောပြောသူများ ခေါင်းချင်းဆိုင်ကြပြန်ပြီ။ ကျွန်တော်က ဓာတ်တိုင် သုံးတိုင်လောက်တော့ ကြားအောင် အော်နိုင်သည့် အတွေ့အကြုံရဖူးပြီ။ ဆရာညီမင်းညိုကလည်း ကျူရှင်ဆရာပီပီ အော်ကာ ဟစ်ကာ စာသင်နေကျ။ ကိစ္စမရှိနိုင်။ ဒါပေမယ့် ဆရာနေဝင်းမြင့်ကပင် ဟောမည့်ဘက်က ပြန်ကြားချက်ကို ကျောက်ထီးမဏ္ဍိုင်ကြီးလို မားမားရပ်ထုတ်ပြန်သည်။

“ဘာဗျ၊ ယောက်ျားကြီးတွေကတော့ ရကောင်းရပေမပေါ့။ ကျုပ်မိန်းမ နုနု ဖတ်ဖတ်လေးက အော်ဟစ် ဟောရမှာလား။ မလိုချင်ဘူး၊ အသံချဲ့စက်နဲ့ကိုဟောမှာ ဒါပဲ”

ခံတပ်ပေါ်မှ ပြတ်သားသည့်တုံ့ပြန်ချက်ကြောင့် လာတားသူမှာ ဇဝေဇ၀ါ အိုမျက်နှာဖြင့် လာရာလမ်းက ပြန်ရသည်။

“ကြေညာလိုက်တော့ဟေ့၊ ပွဲစတော့မယ်လို့ နေရာယူခိုင်းလိုက်တော့” မန်းတောင်လက်ျာသီချင်းထဲကလို နတ်ရွာရေသို့ မ အေးနိုင်သည့် ဆရာနေဝင်းမြင့်၏ အမိန့်ပေးသံကြီးက ရွှေဘိုစည်ကြီးလို ဟိန်းပါဘိ။
# ................#...................... #

ပွဲဈေးတန်းမှ ဘက္ကထရီ မီးရောင်စုံက ညတိုက်ပွဲကို သြဘာပေးနေသယောင်။ အခမ်းအနားအစီအစဉ်ကို ဖတ်ကြားရန်ပြင်ပြီး အခမ်းအနားမှူးက မိုက်ခွက်ကိုအဆွဲ၊ ပွဲခင်းထဲ ဒရောသောပါးဝင်လာသည်က နောက်ဆုံး တချက်လွှတ်အမိန့်တော်​ပြန် မည့်သူ။

ဆရာမ ခင်ခင်ထူးကား ဇာတိမြေပေါ်မှာအလံထူပြီ။ ဘာလဲ မြန်မြန်ပြော၊ မဟောဘဲတော့ မနေဘူးနော်။ အသံချဲ့စက်လည်း တပ်မှာပဲ။ ပြီးမှ ကားပြာကြီးနဲ့ခေါ်ခေါ် လိုက်ခဲ့မယ်၊ ဘာမှလာမတားနဲ့။ ကျွန်မ အရင်ဟောစမ်းပါရစေ စသဖြင့် အတွဲလိုက် အဆက်မပြတ် စပစ်ချေပြီ။

ကိုယ်စားလာသူခင်ဗျာ အမိန့်တော်ကို ဖဲအဆင်မလှတော့သူလို လေသံလျှော့ ဖတ်ရတော့သည်။ “တားမရလျှင်လည်း စပီ ကာ တပ်ချင်တပ်ပေါ့။ ဒါပေမယ့် ဟိုဘက်ရွာတော့ မကြားစေနဲ့ ” ဟူ၏။
# ................#...................... #

ဘ၀တွင် အမှန်အတွက် ဆန်တက်ရတိုင်း ခြိမ်းခြောက်မှုက ကာဆီး ကာဆီး လုပ်တတ်မြဲ။ ချွေးနည်းစာဖြင့် ဝယ်ထားသည့် ပုရပိုက် အခေါက်ရွှေစင်အား ခိုးရာပါ ၁၄ ပဲရည်လို အောက်ဈေးဖြင့်ဖြတ်လိုသူတွေနှင့်ကြုံတိုင်း ဘယ်သူမှ သနားသဖြင့်ပေး သည်မဟုတ် မူလအခွင့်အရေးများအတွက် လမ်းပိတ်ခံရတိုင်း ကျွန်တော်ကတော့ “ဖြုံဘူး” မှာ ကြုံဖူးတာတွေ သတိရနေဦး မည်။

ဖြုံဘူးအောင်ပွဲကိုလည်း အမှတ်ရနေဦးမည် ဖြစ်ပါသည်။

#မင်းကိုနိုင်
[ပြည်သူ့အရေးဂျာနယ် အပတ်စဉ်ဆောင်းပါးမှ]