ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

နေသွင် ● သူကြီးနွားကျောင်းခြင်း

နေသွင် ● သူကြီးနွားကျောင်းခြင်း
(မိုးမခ) မတ် ၁၈၊ ၂ဝ၁၇

မောင်စံမှာ အသက် ၃ဝ အရွယ် စိတ်မနှံ့သူဖြစ်ပြီး သရက်ကုန်း တရွာလုံး၏ လက်တိုလက်တောင်း ခိုင်းဘက်ဖြစ်သည်။ ရေမြောင်တူးစရာရှိလည်း မောင်စံ။ ထင်းခွဲစရာရှိလည်း မောင်စံ။ ခေါင်မိုး မိုးစရာရှိလည်း မောင်စံ။ ဘယ်သူ ခိုင်းခိုင်း မောင် စံက ကျိုးကျိုးနွံနွံ လုပ်သည်။ ပေးသမျှနှင့်လည်း ကျေနပ်သည်။ သို့နှင့် မောင်စံမှာ တရွာလုံး၏ လက်စွဲဖြစ်နေလေသည်။

သရက်ကုန်းရွာမှာ ဇနပုဒ်လေးသာဖြစ်ပြီး တရွာလုံးတွင် မောင်စံတို့ အသက်အရွယ်ဆို၍ လက်ချိုးရေတွက်လို့ရပါသည်။ လူငယ် အများစုသည် မြို့တက် အလုပ်လုပ်နေကြပြီး၊ မောင်စံနှင့် သူငယ်ချင်းဖြစ်သော မောင်စိုး၊ ကြက်သိုး၊ စသည်တို့မှာ တခြားရွာတွင် အိမ်ထောင်ကျကြသဖြင့် ရက်ကြီးအခါကြီးတွင်သာ ပြန်တွေ့ရသည်။ ဂျပု၊ ပိုင်စိုး၊ မိုးမင်းတို့မှာ နိုင်ငံခြားမှာ ကြုံရာကျပမ်းလုပ်ရင်း အဆင်ပြေနေသည့် သတင်းကြားရသည်။

ငယ်စဉ်ကတည်းက သူငယ်ချင်းအားလုံးတို့တွင် မောင်စံမှာ စာအညံ့ဆုံး ဖြစ်သည်။ မောင်စံမှာ ငယ်စဉ်ကတည်းကပင် မိဘ မဲ့ဖြစ်ပြီး ရွာဦးဆရာတော် ဦးဝိနာယ၏ကျောင်းတွင် ကြီးပြင်းခဲ့ရသည်။ ရွာဓလေ့အရ မောင်စိုး၊ ကြက်သိုး စသော သူငယ် ချင်းများလည်း ရွာဦးကျောင်းတွင် ဘုန်းကြီးကျောင်းသားများ ဖြစ်ခဲ့ကြသည်။ သို့သော်သူတို့မှာ မောင်စံလိုမဟုတ်ဘဲ သုံးမိုး၊ လေးမိုး စသဖြင့် ကျောင်းတွင်ထားကြပြီး အလုပ်လုပ်နိုင်သည့် အရွယ်ရောက်သောအခါ မိဘတွေက ပြန်ခေါ်ကြသည်။ လယ်ယာလုပ်ငန်းများတွင် ခိုင်းကြသည်။ မောင်စံမှာသာ ပြန်စရာအိမ်မရှိသဖြင့် ဦးဝိနာယ ကျောင်းတွင် သောင်းတင်နေခြင်း ဖြစ်သည်။

တမြန်နှစ်က တပို့တွဲလကွယ်တွင် ဦးဝိနာယ ပျံလွန်တော်သည့်နှစ်မှာပဲ မောင်စံမှာလည်း ဘဝတဆစ်ချိုး ပြောင်းခဲ့သည်။ ဘုန်းကြီးကျောင်းသားဘဝကို အဆုံးသတ်ပြီး ရွာ၏ လက်တိုလက်တောင်းဘဝသို့ပြောင်းဖို့ဇာတာ ပေါ်လာသည်။ မိုးကျ လာလျှင် သူ့လယ်ကို ထွန်ပေးရန်၊ ကိုယ်ခွဲမရှိသော သူကြီးက မောင်စံကိုခေါ်သည်။ စားပြီးသောက်ပြီး စပါး လှည်တစီးတိုက် ပေးမည်ဟု ဆိုသည်။

လယ်ဧက ၂၀ ကို ထွန်ရသည်။ ပျိုးကြဲရသည်။ ပျိုးနှုတ်ရသည်။ ပျိုးဆွဲရသည်။ စိုက်ခွက်ပြင်ရသည်။ မိုးလေးလခန့် ကြာသော အခါ လယ်အလုပ်ပြီးစီး၍ မောင်စံ၏တာဝန်လည်း ပြီးဆုံးလေသည်။

သို့သော် နဂိုကတည်းက မောင်စံကို ကရုဏာရှိသောသူကြီးက မောင်စံကို သူ့အိမ်တွင် ဝိုင်းလုပ်ဝိုင်းစားဆက်နေရန် ခေါ် သည်။ ဘုန်းကြီးကျောင်းကလွဲလို့ တခြားကို သွားစရာမရှိသော မောင်စံကလည်း သဘောတူသည်။ သို့နှင့် မောင်စံသည် သူကြီး အိမ်တွင် မိသားစုတယောက်လို့ ဝိုင်းလုပ်ဝိုင်းစားအဖြစ် ဆက်နေပြန်သည်။ သားထောက် သမီးခံမရှိသော သူကြီး အိမ်တွင် ရေခပ်ခြင်း၊ ထင်းခွဲခြင်း၊ ခိုင်းနွားများကို အစာကျွေးခြင်း၊ ယုယခြင်း စသည်တို့ ဖြင့် ရက်တို့ ကုန်လွန်လာခဲ့လေသည်။

စပါးပေါ်ချိန်တွင် သူကြီးသည် ကတိအတိုင်း စပါးလှည်းတစီးတိုက်ပေးသည်။ မောင်စံသည် စပါးကိုရောင်းပြီး ရသည့်ငွေ အားလုံးကိုလည်း သူကြီးကတော်ကိုပင် အပ်၍ထားလိုက်သည်။ လယ်ကွင်းတွင် စပါးပြတ်လပ်သောအခါ မောင်စံသည် သူကြီးနွားအုပ်ကို ကျောင်းရလေသည်။

သူကြီးသည် လူရိုးတယောက် ဖြစ်ပြီး သူကြီးကတော်မှာ စေ့စပ်သေချာသူ ဖြစ်သည်။ သူကြီးက စိတ်ထားနူးညံ့သော်လည်း သူကြီးကတော်မှာ ပြတ်သားသူ ဖြစ်သည်။ “ဟေ့ မောင်စံ၊ နင် ငါ့ကိုအပ်ထားတဲ့ငွေတွေကို နင်အသုံးလိုတဲ့အခါ ငါ အားလုံး ထုတ်ပေးမယ်။ အေး… သောက်ဖို့ စားဖို့ အလေလိုက်ဖို့တော့ ငါ့မှာ လာမတောင်းနဲ့။ တပြားမှ မရဘူး၊ ကြားလား”။ မောင်စံမှာ သူကြီးကတော်ကို အမေကဲ့သို့ ချစ်လည်းချစ်ရ ကြောက်လည်း ကြောက်ရပါသည်။ သူကြီးမှာ ကျန်းမာရေးအရ အလုပ်ကြမ်း များကို မလုပ်နိုင်တော့သော်လည်း သူကြီးကတော်မှာ သူ့အသက်နှင့်မမျှအောင် ကျန်းမာ၍ မောင်စံနီးပါး အလုပ်လုပ်နိုင်သူ ဖြစ်သည်။

မိုးတွင်းဘက်တွင် ရွာပတ်ပတ်လည်တွင် စပါးစိုက်ခင်းများ ဝိုင်းနေသဖြင့် နွားများကို ဂရုတစိုက် ထိန်းကြောင်းရန် လိုပါသည်။ သို့မဟုတ်ပါက သူများလယ်ခင်းသို့ဝင်ပြီး ပျိုးခင်းများပေါ် တက်နင်းပြေးလွှာခြင်း၊ ပျိုးပင်ပေါက်များကို ဝင်စားခြင်း၊ လယ်ကန် သင်းများကို ဖျက်စီးခြင်းပြုလုပ်လျှင် မျက်နှာပျက်စရာတွေ ဖြစ်တတ်ပါသည်။ သားသမီး နောက်ခံမရှိသော သူကြီးအိမ်တွင် မိုးတွင်းကာလ နွားမများကို ထိန်းကြောင်းမည့်သူမရှိသဖြင့် နွားကြောင်း အငှားချ၍ တခြားရွာသို့ ပို့ထားခြင်း ဖြစ်ပါသည်။ ယခုအခါ လယ်ယာလုပ်ငန်းသိမ်းချိန်ဖြစ်သဖြင့်၊ နွားစားကျက်ကွင်းများ ကျယ်လာချိန်ဖြစ်၍ နွားမများ အားလုံး ပြန်ရောက်လာ ပါသည်။ မောင်စံသည်လည်း သူ့အလိုလို သူကြီးနွားကိုကျောင်းဖို့ ဖြစ်လာလေသည်။

သူကြီးပိုင်သော နွားအုပ်တွင် နွားမ ၂၁ ကောင် ရှိပါသည်။ သူကြီးနွားများကို ကျောင်းရသည်မှာ မလွယ်ပါ။ ထိပ်ကျားမ၏ သားသည် နွားပေါက်အရွယ် ရောက်နေပြီး ချိုသွေးတတ်သည်။ လယ်ကန်သင်းကို ဝှေ့ခါ ဝှေ့ခါ ချိုကိုပင် အဆက်မပြတ် သွေးနေတတ်သည်။ အစာကို မစားပေ။ တခြား နွားအုပ်နှင့် တွေ့လျှင် ရွယ်တူ နွားပေါက်များကို ရန်စတတ်ပြီး နွားမများ နောက်သို့ တကောက်ကောက် လိုက်တတ်သဖြင့် လိုက်ခွဲရတတ်သည်။ အိမ်ပြန်ရောက်သောအခါ နွားများ ဗိုက်ပိန်နေ သည်ကိုတွေ့ရလျှင် သူကြီးကတော်က မောင်စံကို ဆူတတ်သည်။

သူကြီးနွားများကို ကျောင်းရသည်မှာ မလွယ်ပါ။ နွားမလေးတကောင်သည် မွေးကတည်းက ပိန်လှီနေသဖြင့် နို့မှုန့်ကိုဖျော်၍ တိုက်ရသည်။ တဖြည်းဖြည်းနှင့် နွားမလေးသည် ကျန်းမာခုန်ပေါက်တတ်လာသဖြင့် သူကြီးကတော်က ကျေနပ်နေသည်။ နွားမလေးကို မနက်ဘက် ခြံက မလွှတ်ခင် နို့မှုန်ဖျော်ရည်ကို ပုလင်းထဲထည့်၍ ပါးစပ်ပေါက်ထဲ အတင်းထိုးသွင်းရသည်။ ထို ကိစ္စမှာ မနက်ဘက် အပန်းမကြီးသော်လည်း နေ့လည် နေပူပူတွင် နို့မှုန်ဖျော်ရည်တိုက်ရန် တကွင်းလုံး ပတ်ပြေးနေသော နွားမလေးကို လိုက်ဖမ်းရသည်မှာ တကယ်မလွယ်ကူပါ။

နမဲမ (နွားမည်းမ) ဆိုသော နွားမလေးတကောင်က တမျိုးထူးပြန်သည်။ နမဲမသည် နွားအုပ်နှင့် မရောဘဲ သူ့သဘောနှင့် သူ စားကွက် ရှာတတ်သဖြင့် နွားအုပ်စစ်ချိန်တွင် တကောင်လျော့နေလျင် ငမဲမမှလွဲ၍ တခြားနွား မဖြစ်နိုင်ပါ။ နမဲမသည် ကိုယ့် အုပ်နှင့်မပျော်သော်လည်း တခြားနွားတအုပ်ထဲ ရောနေတတ်သည်။ တခြားအုပ်မှ နွားပေါက်တကောင်နှင့် မြက်စားနေတတ် သည်။ သူ့ကို ပြန်ခွဲလာလျှင် နမဲမသည် မြက်မစားတော့ဘဲ ဟိုဒီ လျှောက်ကာ သူဟာသူ မြက်စားနေသော တခြားနွားများကို အနှောင့်အယှက်ပေးတတ်သည်။

ဖြူလေးဆိုသော နွားမမှာ လယ်ကွင်းထဲတွင် ပြဿနာမရှာတတ်ပါ။ သို့သော် ညနေ ခြံထဲသွင်းချိန်တွင် အမြဲတမ်းပြဿနာ ရှာတတ်သည်။ သူ့အမွှေးအရောင်မှာ ဖြူသလောက် အသန့်ကြိုက်သောနွားဟု ဆိုရမည်။ သူကြီးကတော်ရဲ့  အဆိုအရ ဖြူ လေး၏ အမေနွားမကြီးမှာ တောနွားမျိုးမဟုတ်ဘဲ မြို့ကဝယ်လာသော နွားမျိုးဟု သိရသည်။ ဖြူလေးမှာ နွားခြံထဲတွင် တ ခြားနွားများနှင့် ရောအိပ်ရသည်ကို မပျော်ပိုက်ပါ။ စိုစိုစွတ်စွတ်တွင် မအိပ်တတ်ပါ။ မှက်ခြင်မကိုက်စေရန် ဖိုပေးထားသော မီးပုံနံဘေး မြေမို့မို့တွင်ပင် သီသန့် အိပ်ပါသည်။ ညဘက် နွားခြံဘက်က ရုန်းရင်းဆန်ခတ် အသံကြားရင် ဖြူလေးနဲ့ တခြား နွားမတွေ နေရာလုနေတာဖြစ်ဖို့ သေချာသလောက် ရှိပါသည်။

သို့နှင့် မောင်စံသည် သူကြီးပိုင်သောနွားများကို ကျောင်းရသည်။ နွားတကောင်ချင်စီ၏ စရိုက်တွေကိုလည်း လေ့လာထားရ သည်။ ဘယ်နွားက ဘယ်လိုအကျင့်ရှိသည်ကို အလွတ်မှတ်ရသည်။ ဘယ်နွားပျောက်ရင် ဘယ်မှာရှာရမည်ကို သိထားရ သည်။

နွားတို့သည် မြက်သာစားပြီး၊ ချိုသွေးရန်၊ နွားမ အဖော်နောက်သို့လိုက်ရန်၊ ခြံခုန်ရန်သာ စဉ်းစားနေကြသည်။ အကျိုး ကြောင်းနှင့်ပြောလည်း မောင်စံ၏စကားကို သူတို့ နားလည်မည်မဟုတ်သဖြင့် မောင်စံသည် အခါခါ မောရသည်။ တယောက် တည်းရေရွတ်ရင်း စိတ်ညစ်ရသည်။ သို့သော် သူကြီးနွားဖြစ်သဖြင့် မရိုက်ရဲ၊ မဟောက်ရဲ၊ လောက်လေးခွဖြင့် မပစ်ရဲ၊ မ ကျေနပ်၍ ကျိန်ဆဲသည့်အခါမှာပင် သူကြီးကတော်ကွယ်ရာတွင်ပင် တိုးတိုးတိတ်တိတ် ဆဲရလေသည်။

နွားမအုပ်ကိုကျောင်းရသည်မှာ ခိုင်းနွားကြီးနှစ်ကောင်နှင့် မတူပါ။ မိုးတွင်းဘက် မောင်စံကျောင်းရသော ခိုင်းနွားကြီး နှစ် ကောင်မှာ အိနြေ္ဒရသည်။ မိုးထဲ၊ လေထဲ၊ နွံထဲ၊ ဗွက်ထဲ၊ မနက်ကနေ ညနေအထိ မောင်စံနှင့်အတူ ပင်ပင်ပန်းပန်း အလုပ် လုပ်ကြသည်။ တချက်မညည်းငြူ။ အလုပ်နားသည့်အခါလွှတ်ထားသော်လည်း လယ်ကန်သင်းတွေကို မဖျက်ဆီး။ ပျိုးခင်း ထဲ မလျှောက်။ ညဘက်တွင် မြက်စားပြီး တိုးတိတ်စွာအိပ်ကြသည်။ မောင်စံလည်း  သူကြီးအိမ်ရှေ့က ကွပ်ပစ်တွင် အိပ်ရေး ဝဝ အိပ်ရသည်။

သို့သော် နွားမများ ရောက်လာကတည်းက မောင်စံသည် အိပ်ရေးဝဝ မအိပ်ရတော့ပေ။ နောက်တရက် ဘယ်ကွင်းတွင် နွား ကျောင်းရင်ကောင်းမလဲစဉ်းစားရင်း ဘယ်ချိန်အိပ်ပျော်သွားသည် မသိတော့။ နွားခြံထဲ ဝရုန်းသုန်းကားဖြစ်သည့်ညတွင် နှိုးပြီး တောင်တွေးမြောက်တွေး အိပ်မရတော့ပါ။  သူကြီးကတော်သည် မောင်စံ၏ သောကကို မသိ။ ညနေစောင်း၍ နွားအုပ် မစုံလျှင် မောင်စံကိုပင် ဆူသည်။ နွားမများ ဗိုက်မပြည့်လျှင် မောင်စံကိုပင် ဆူသည်။ ညဘက် နွားခြံထဲတွင် ဝရုန်းသုန်းကား ဖြစ်လျှင် မောင်စံကို အော်ခေါ်သည်။

“အရီးရေ၊ ဆိုးတဲ့ နွားမတွေကို ကြိုးချည်ထားရင် ကောင်းမယ်” ဟု ပြောသောအခါ သူကြီးကတော်က လက်မခံ။

“မလိုပါဘူးတော်။ ကျုပ်တို့ငယ်ငယ်က နွားအကောင် ၁ဝဝ ဘာမှမဖြစ်ဘူး” ဟုသာ ပြောတတ်သည်။ သူကြီးကတော်သည် မြေရှင်ကြီး၏သမီးဖြစ်ပြီး သူ့အဖေလက်ထက်က နွားအကောင် ၁ဝဝ ရှိခဲ့သည်ကို မကြာခဏ ပြောတတ်သည်။

သို့သော် ခေတ်ကားပြောင်းနေသည်။ သူကြီးကတော်မှာ တင်းခံ၍သာ နေသည်။ နွားစားကျက်တွေ အရင်လောက် မကျယ် တော့။ မောင်စံတို့ ငယ်ငယ်က ထင်းခုတ်၊ ဖက်ခူး၍ရသော တောများမှာ အခုအခါ သူပိုင်၊ ငါပိုင် ရာဘာခြံကြီးတွေ ဖြစ်ကုန် သည်။ လဆန်းရက်ကပင် ရွာမြောက်က ဖိုးလေးရဲ့နွားပေါက်လေးတွေ သူဌေးကြီးတယောက်ရဲ့ ရာဘာပင်တွေကို ဝင်စားလို့  နွားလည်း သေ။ အလျှော်လည်း ပေးရသည်ဟု ကြားသည်။

ဒီဘက်ခေတ်တွင် နွားများ စည်းကမ်းရှိရန်လိုသည်ဟု မောင်စံထင်သည်။ ချည်တန်ရင် ချည်၊ ရိုက်တန်ရင် ရိုက်၊ ငေါက်တန်ရင် ငေါက်သင့်သည်ဟု မောင်စံ က ထင်သည်။ နွားမများကို ခိုင်းနွားကြီးများကဲ့သို့ နဖားကြိုးထိုးတန်ရင် ထိုးရမည်။ မိုးဘက်တွင် ပင်ပင်ပန်းပန်း လယ်လုပ်ခဲ့သော ခိုင်းနွားကြီးများကို နွေတွင် အနားပေးပြီး နွားမများကို ခိုင်းတန်ရင် ခိုင်းသင့်သည်ဟု မောင် စံ ပြောပြချင်သည်။ ဥပမာ အခုလို ရေရှားသောနွေတွင် နွားများအတွက် သောက်ရေကို နွားမများကိုယ်တိုင် လှည်းနှင့် တိုက် ယူတာမျိုး ဖြစ်သည်။ ယခုအခါ နွားမများအတွက် သောက်ရေကို ခိုင်းနွားကြီးများက ဆွဲပေးနေရသည်။  တောင်ရွာက ရေကို အိမ်အရောက်တိုက်သောလမ်းတွင် မောင်စံက ခိုင်းနွားများကို ပြောသည်။

“ငါ့ကောင်ကြီးတွေရေ၊ ဒို့တွေကတော့ မိုးတွင်းလည်း အလုပ်များ၊ နွေလည်း မနားရ၊ နွားမတွေက ဇိမ်ကျတယ်”

ခိုင်းနွားကြီးနှစ်ကောင်သည် မောင်စံကို ဘာမှပြန်မပြော။ လှည်းကိုသာ ရုန်းနေကြလေသည်။ သူကြီးကတော်ကို ထပ်မ ပြောရဲသောမောင်စံသည် နွေမြန်မြန်ကုန်ပါစေ ဆုတောင်းသည်။ နွားမများကို တခြားရွာပြန်ပို့မှ ဒီဇာတ်လမ်းဆုံးမည်ဟု တွေးရင်း နွားကျောင်း၍သာ နေလေသည်။