ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

အောင်မော်ဦး ● သံချပ်အသံလော၊ ဆန္ဒအမှန်လော

အောင်မော်ဦး ● သံချပ်အသံလော၊ ဆန္ဒအမှန်လော
(မိုးမခ) မတ် ၂၆၊ ၂၀၁၇

ဆောင်းနှောင်း၍ နွေဦးရက်များကား လာချေပြီ။

xxx နွေအကူး xxx လေရူးတွေလည်း မြူးပြီလေ xxx ကံ့ကော်တွေလည်း ဖူးနေ xxx သစ်ရွက်ကြွေ မြေမှာလူးကာ xxx ဥသြငှက်တွေတွေ့တော့ xxx ချစ်ရက်တွေရှည် xxx ဟူသည့် တေးတစကို လွမ်းညည်း ညည်းမိသည်။

နွေရာသီပွဲတော်များထဲမှ အထင်ကရပွဲတော်တခုဖြစ်သည့် သင်္ကြန်ပွဲတော်ကို စိတ်ကူးဖြင့် ပုံဖော် ကြည့်မိသည်။ အနှစ် (၂ဝ) စာမျှ ငဲ့စောင်းကြည့်ရသည့် ခရီးသည် ဝေးလွန်းလှ၍ထင်သည်။ မြင်ကွင်း သည် သဲသဲကွဲကွဲ မရှိလှ။ သို့သော်ငြား ရေးရေးမျှ မြင်ရသည်ဆိုရုံ ထင်ရသည့် မှုန်မှုန်မွဲမွဲ မြင်ကွင်း ထဲ၌ ရင်ခုန်သံက စည်းချက်လိုက်ပေးနေ၍ ထင်သည်။ မြင်ကွင်းသည် ဝေးရာမှ နီးလာသည်။ မှုန်မွဲ ရာမှ သဲကွဲလာသည်။ သင်္ကြန်သည် ရင်ဘတ်ထဲ၌ ဒုန်းဒုန်းခုန်နေ၍ ဝင်းဝင်းဝါသည့် ပိတောက်သည် အာရုံထဲ၌ မြမြမွှေးနေတော့သည်။

နွေဦးရောက်တိုင်း သင်္ကြန်ရနံ့ရ၍ သံချပ်သံများ ကြားကြားနေမိတတ်သည်။ တချို့စော၍၊ တချို့နောက်ကျ နေနိုင်သော်ငြား သင်္ကြန်မိုးတဖြိုက်ကြောင့် ပင်လုံးမျှသော ပိတောက်များကား ဖူးကြပွင့်ကြ၍ မွှေးကြမြကြပေဦးတော့မည်။ ဤအချိန်ဆိုလျှင် သင်္ကြန်ယိမ်းအဖွဲ့များ ယိမ်းတိုက်၍ သံချပ်အဖွဲ့များ သံချပ်တိုက်နေကြပေမည်။

အနေတော် အိမ်ကလေးတလုံးထဲ၌ အနုပညာရှင်များ ယိမ်းတိုက်နေ၊ သံချပ်တိုက်နေကြသည်ကို မမြင်ကြရသော်ငြား အသံများကိုမူ တရပ်ကွက်လုံး ကြားကြရပေမည်။ ကောင်မလေးများက အမတော် ကြီးများ ယိမ်းတိုက်သည်ကို ပြတင်းပေါက်မှ ချောင်းကြည့်၍ တုပကာ ကကြမည်။ ကောင်ကလေးများ က နောင်တော်ကြီးများ သံချပ်တိုက်နေသည်ကို အိမ်နံဘေးမှနားစွင့်၍ မပီကလာဖြင့် သံချပ်လိုက် ထိုးကြမည်။ လူကြီးသူမများက “ဒီအတိုင်၊ ဒီအဖောက်မျိုးကတော့ ဆုရမယ့်အကွက်ပဲ”ဟု တစ်ပေးကြ၍ “ဒီအတိုင်၊ ဒီအဖောက်မျိုးကတော့ ဆင်ဆာမိမယ့်အကွက်ပဲ”ဟု မှန်းဆကြမည်။

ပြိုင်ပွဲဝင်ကြမည့် သံချပ်ကားကြီးများ ပြင်ဆင်နေပုံကိုလည်း ကလေးများက အပြေးအလွှား သွားကြည့် ကြ၍ လူကြီးများအား ဖောက်သည်ချကြမည်။ ထိုအခါ “ဒီအပြင်အဆင်မျိုးနဲ့သာ ဆိုလို့ကတော့ စွယ်စုံတောင် ဝင်မယ့်ပုံပဲဟေ့”ဟု မှတ်ချက်ပေး ကြမည်။ သေချာသည်မှာ သံချပ်သံများကို လူတိုင်း၏ နှုတ်ဖျားဆီမှ တိုးတိုးတဖုံ၊ ကျယ်ကျယ်တသွယ် ကြားကြရလေ့ ရှိတတ်ခြင်းပင်ဖြစ်သည်။

တနေ့သားမတော့ ကျနော်သည် အလွမ်းဓာတ်ခံနှင့် နိုးကြွလာသည့် ရှေးဟောင်းနှောင်းဖြစ်များကို ဆွေးဆွေးမြေ့မြေ့ ရှိလှသည်နှင့် ဘေးစားပွဲမှ လုပ်ဖော်ကိုင်ဖက်တဦးနှင့် စကားစမြည်ပြော၍ ဖြေဖျောက်ရန် ကြိုးစားကြည့်ဖူးသည်။ သို့နှင့် ကျနော့် ဘေးစားပွဲ၌ အလုပ်လုပ်နေသည့် လူငယ်လေး တဦးကို စကားစလိုက်မိသည်။ သူသည် ကွန်ပြူတာတက္ကသိုလ်မှ ကျောင်းပြီး၍ ငွေစာရင်းဌာနတွင် အလုပ်လုပ်နေသူဖြစ်သည်။ ၁၉၈၈ ခုနှစ်တုန်းက သူငယ်တန်းကျောင်းသားအရွယ်လေး ဖြစ်သဖြင့် ကျနော်တို့၏ နောက်မျိုးဆက်ဟု ဆိုလျှင်ရမည်ထင်သည်။ ငယ်ဂုဏ်နှင့်အညီ လျင်မြန်သွက်လက်၍ ထူးချွန်ထက်မြက်မှု အပြည့်နှင့် သူ့ကိုတွေ့ရသည်မှာ ပြန်မရနိုင်တော့သည့် အရာတခုကို ကြည့်နေရ သည်နှင့်ပင် တူလှတော့သည်။

ကျနော်က လွမ်းလွမ်းဆွေးဆွေးနှင့် ကျနော်တို့ ငယ်ဘဝ သင်္ကြန်တွေအကြောင်း ပြောဖြစ်သည်။ ကျနော်က အားတက်သရော ပြောနေသော်လည်း ထိုလူငယ်လေးသည် မကြားဘူးသည့် အကြောင်း အရာတခုကို နားထောင်နေရသဖြင့် တအံ့တသြ ဖြစ်နေရုံမျှထက်မပို။

ကျနော်မျှော်လင့်ထားသည်က သူ့ဆီမှ ကျနော့်နည်းတူ အလွမ်း၊ ကျနော့်နည်းတူ အဆွေး။ သို့သော် ဖြစ်မလာ။ ကျနော်ကသာ ရင်ခုန်ခြင်းကြီးစွာဖြင့် တသသပြောနေသော သင်္ကြန်သည် သူ့အတွက် ဒဏ္ဍာရီဆန်နေပုံရသည်။ စကားပြောရပ်ပြီး တအံ့တသြ ပြန်ကြည့်နေမိသည့် ကျနော့်အကြည့်ကို နားလည်ပုံရသည့် လူငယ်လေးသည် ကျနော့်ကို သူတို့၏ ငယ်ဘဝ အကြောင်းများ ပြောပြပါသည်။

သူ သိတတ်စအရွယ်ကတည်းက (ကျနော်ပြောသလို) ခြိမ့်ခြိမ့်သဲ ကျင်းပသည့် ပွဲလမ်းကြီးငယ်များ မရှိတော့ဟု သိရသည်။ ကျနော်တို့တုန်းကလို ရပ်ကွက်လိုက် အပျော်တမ်းတီးဝိုင်းများ၊ ပလေးဘွိုင်း ကဲ့သို့သော ဒိတ်ဒိတ်ကျဲ တီးဝိုင်းကြီးများ၏ တီးခတ်ဖျော်ဖြေမှုများ မရှိတော့ဟု သိရသည်။ ရပ်ကွက်၊ မြို့နယ် အားကစားကွင်းကြီးငယ်များထဲတွင် ထိုင်ခုံများခင်း၍ တီးခတ်ဖျော်ဖြေမှုများကို စစ်အစိုးရက ပိတ်ပင်လိုက်သဖြင့် ဟိုတယ်ကြီးများ၌ တန်ရုံသင့်ရုံခန်းမတခုငှား၍ တီးခတ် ဖျော်ဖြေကြရသည်ဟု သိရသည်။

ကျနော်တို့တုန်းက ကွင်းပြင်ကျယ်ကြီးများတွင် အဆိုတော်သုံးလေးဆယ် ပါဝင်သည့် တီးဝိုင်းကြီးများ သည် လူအများ လည်းကြည့် ရှုနိုင်သလို၊ ဂီတပညာရှင်များအနေဖြင့်လည်း ပရိတ်သတ် (လူထု) နှင့် ထိတွေ့ ခွင့်ရရှိနိုင်ကြသည်။ သို့သော် သူတို့ခေတ်တွင်မူ ထိုင်ခုံ (၁ဝဝ) ကျော်မျှသာဝင်ဆံ့သည့် ဟိုတယ်ခန်းမတခုထဲ၌ ရုံဝင်ခများ ဈေးနှုန်းမြှင့်၍ ရောင်းချရသဖြင့် လူအများဝင်မကြည့်နိုင်ကြတော့။ ပရိတ်သတ်အရေအတွက်လည်း သုံးလေးရာထက် မပိုသလို အဆိုတော်အရေအတွက် လည်း လေးငါး ဆယ်ဦးထက်မပိုတော့သည့် တေးဂီတဖျော်ဖြေမှုများသည် လူတန်းစားတရပ်သာ ခံစားနိုင်တော့သည့် ဇိမ်ခံပစ္စည်းတခုနှယ်ဖြစ်သွားရတော့သည်။

ကျနော်တို့တုန်းကဆိုလျှင် လက်မှတ်မဝယ်နိုင်လျှင် ထိုင်ခုံမှ ကြည့်ခွင့်မရသည်မှလွဲ၍ စင်နံဘေးမှ ရပ်ကြည့်နိုင်သည်။ ကိုယ့်အိမ်မှ ခုံ၊ ဖျာ စသဖြင့်ယူလာ၍ ဘေး၌ခင်း၍ ကြည့်နိုင်သည်။ အိမ်ဝရန်တာ ပေါ်မှ ကြည့်နိုင်သည်။ ယုတ်ဆွအဆုံး အိပ်ယာထဲမှပင် နားထောင်နိုင်သေးသည်။

ကျနော်ပြောသည့် သင်္ကြန်မဏ္ဍပ်ကြီးများ၊ စတုဒီသာမဏ္ဍပ်ကြီးများ၊ ရေပက်ခံမဏ္ဍပ်ကြီးများ သည်လည်း ရှိသည်ဆိုရုံမျှလွဲ၍ မြို့လုံးပါတ်လည် မရှိကြတော့။ အထူးသဖြင့် သင်္ကြန်ဆုပေးမဏ္ဍပ် များနှင့် သင်္ကြန်သံချပ်ကားများ လုံးလုံးမရှိကြတော့ခြင်းပင်။ ကျနော်တို့တုန်းကဆိုလျှင် နေ့ဘက်၌ ရေပက်ခံထွက်၍ ညဘက်၌ ဆုပေးမဏ္ဍပ်များသို့လှည့်၍ သံချပ်ထိုးကြသည်ကို ကြည့်ကြရသည်မှာ ခုထိအမှတ်ရကောင်းနေဆဲပင်။ ဌာနဆိုင်ရာများ၊ မြို့နယ်/ရပ်ကွက်များအလိုက် ဆုပေးမဏ္ဍပ်ကြီးငယ် များမှာ မြို့လုံးပါတ်လည်မဆုံး။ မြို့တော်ခန်းမရှေ့မှ ဆုပေးမဏ္ဍပ်ကို ဗဟိုမဏ္ဍပ်ဟု ခေါ်ကြသည် ထင်သည်။ ထိုမဏ္ဍပ်များ တွင် သက်ဆိုင်ရာ မဏ္ဍပ်ရှင်များက သင်္ကြန်ယိမ်း၊ တပင်တိုင်ယိမ်းအက တို့ဖြင့် ဧည့်ခံ၍၊ သံချပ်ကားများက ကိုယ်ပိုင်သံချပ်များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

လူကြိုက်များ၍ ထင်ရှားသည့် သံချပ်ကားများ၊ သံချပ်အဖွဲ့များမှာ “အနန္တစွမ်းအားရှင်”၊ “ပြီးပါပြီ”၊ “ဒိုးဒိုးဒေါက်ဒေါက်” စသဖြင့် အများအပြားရှိကြသည်။ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် သည်ပင်လျှင် သံချပ်အဖွဲ့သားတဦး ဖြစ်ခဲ့ဖူးသည်ဟု ကျနော့်ဇနီးက ပြောပါသည်။

သံချပ်အဖွဲ့များကလည်း တနေ့ထက်တနေ့၊ တနှစ်ထက်တနှစ် မရိုးရလေအောင် ဆန်းသစ်တီထွင်၍ တင်ဆက်ကြသည်။ သံချပ်များသည် ဘုန်းတော်ဘွဲ့များကို မသီကျူးကြ။ စောစောက သင်္ကြန်မဏ္ဍပ် ကြီးသည် လူမှုဇာတ်ခုံကြီး ဖြစ်လာသည်။ နိုင်ငံရေးစနစ်အကြောင်း၊ စီးပွားရေးစနစ်အကြောင်း၊ ပညာရေးစနစ်အကြောင်း၊ ကုန်ဈေးနှုန်းအကြောင်း၊ လူနေမှုစနစ်အကြောင်း၊ အစိုးရဌာနဆိုင်ရာများ အကြောင်း အကွက်ကျကျ ထောက်ပြကြသည်။

စောစောက သင်္ကြန်မဏ္ဍပ်ကြီးသည် “ပွဲတော်”တခု၊ “ဖျော်ဖြေတင်ဆက်မှု”တခုထက်ကျော်လွန်၍ ဟစ်တိုင်တခု ဖြစ်သွား သည်။ လူထု၏ ရင်ဘတ်ကို သူတို့၏ အနုပညာအစွမ်းနှင့် ပေါင်းကူး၍ ဟစ်ကြွေးကြသည်။ လူထု၏ လူမှုဒုက္ခအဝဝကို မီးမောင်းထိုးပြကြသည်။

လူထုသည် သံချပ်ထိုးနေကြသူများကို သူတို့ကိုယ်စားပြောနေကြသူများ၊ သူတို့၏ ကိုယ်ပွားများဟု မြင်လာကြသည်။ လူထု၏ ဆန္ဒနှင့် လူထု၏ခံစားချက်များကို ထုတ်ဖော်ပြသသည့် သံချပ်များသည် ဌာန်ကရိုင်းအကျဆုံး ဘာသာစကားတခု (သို့) စိတ်၌ စွဲမြဲထင်ကျန်ရစ်စေဆုံးသော အနုပညာထုတ်လုပ်မှု တခုဟုပင် ဆိုနိုင်မည်လောမပြောတတ်။

ထို့ကြောင့်ပင်ထင်သည်။ နဝတ/နအဖ စစ်အစိုးရလက်ထက်တွင် လူအများစုဝေးစေမည့် ပွဲလမ်း ကြီးငယ်များနှင့် လူထု၏ ဆန္ဒနှင့် ခံစားချက်တို့ကို ပေါင်းရုံးဖော်ပြနိုင်စွမ်းသည့် သင်္ကြန်သံချပ်များအား ပိတ်ပင်ပစ်ခဲ့ခြင်းဖြစ်ပေမည်။ ဖွင့်ပေးထားလျှင် ရပ်ကွက်တိုင်းရပ်ကွက်တိုင်း၌ သံချပ်တိုက်ကြမည်။ ဤသံချပ်တိုက်သံများက လူအများ၏နှုတ်ဖျား၌၊ လူအများ၏ စိတ်ထဲ၌ စွဲထင်စေလိမ့်မည်။

လူထု၏ရင်ဘတ်နှင့် ပညာရှင်များ၏ အနုပညာစွမ်းအားတို့ ပေါင်းကူးမိသွားခဲ့ပါက လူထု၏ဆန္ဒနှင့် လူထု၏ ခံစားချက်များ မုချပေါ်ထွက်လာပေလိမ့်မည်။ ထုနှင့်ထည်နှင့် ရှိသည့် လှုပ်ရှားမှုတရပ်အနေ ဖြင့်လည်း ပေါ်ထွက်လာနိုင်သလို၊ ဆန္ဒခံယူပွဲပြုလုပ်မည့် ယနေ့လိုကာလမျိုး၌ဆိုပါက (သံချပ်ထိုးခွင့် မရှိသဖြင့်) “ကန့်ကွက်မဲပြားများ” အဖြစ်နှင့်လည်း ပေါ်ထွက်လာနိုင်ပေသည်။ သံချပ်သာ ထိုးခွင့်ရမည် ဆိုပါက သံချပ်သံသည် ဆန္ဒအမှန်ပင် ဖြစ်ရချေရော့မည်ထင်၏။

ရပ်ဝေးရှိ မိတ်ဆွေတဦးဆီမှ “ဒီသင်္ကြန် အိမ်ပြန်လိုက်ဦးမယ်ဗျာ”ဟု ရေးထားသည့် စာလေးတစောင် ဖတ်ရသည်။ အလုပ်မှ ခွင့်ယူ၍ ရင်ခွင်တခုဆီ အပြေးခိုလှုံရသည့် သူ့အဖြစ်ကို စာနာနားလည်မိသည်။ သူလည်း xxx သမုဒယနှင့် ကြိုးမဲ့ချည်တိုင်ကို xxx ဟူသည့် တေးတစကို လွမ်းညည်းညည်းနေမည် လားမပြောတတ်။

ကျနော့်စိတ်တွင်မူ တခုခုကို ကြားနေမိသလိုရှိသည်။ တေးသံတော့ မဟုတ်တာသေချာသည်။ သို့သော် သံချပ်သံလား၊ ဆန္ဒအမှန်လား ဟူသည်ကိုမူ မသဲကွဲ။ ကြားတော့ ကြားနေရသည်။ နွေဦးလေပြေသည် မိုးရိပ်မိုးငွေ့တို့ကို သယ်ဆောင်၍ ချမ်းမြေ့အေးမြစေမည်လော၊ နွေဦးလေရူးသည် သင်္ကြန် ရနံ့တို့ကို သယ်ဆောင်၍ သင်းပျံ့မွှေးမြစေမည်လော မပြောတတ်။ တခုခုတော့ တခုခုပင်။

အောင်မော်ဦး
မတ်၊ ၉၊ ၂ဝဝ၈။


မှတ်ချက်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုဖို့အတွက် လူထုဆန္ဒခံယူပွဲလုပ်မယ်လို့ ကြားရတဲ့အချိန်မှာ ဒီအက်ဆေးလေးကို ရေးဖြစ်ပါတယ်။ သို့သော်လည်း ကံဆိုးတဲ့တိုင်းပြည်ဟာ ကံဆိုးခဲ့ရှာပါတယ်။ ခုထိလည်း ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာပဲရှိနေဆဲဖြစ်တာကြောင့်ရယ်၊ သင်္ကြန်နားလည်းနီးလာတာကြောင့်ရယ်မို့ ဒီအက်ဆေးလေးကို ပြန်လည်ဖော်ပြ ချင်လာပါတယ်။

ထို့အတူ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး အကြီးအကျယ် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ဖူးပါတယ်။ ဒါနဲ့ပဲ “လက်ပိုက် ကြည့်နေရတယ်”ဆိုတဲ့ ကဗျာလေးတပုဒ်ကို ရေးဖြစ်ခဲ့ပါတယ်။ သို့သော်လည်း ကံဆိုးတဲ့တိုင်းပြည်ဟာ ကံဆိုးမြဲ ဆိုးနေ ဆဲပါပဲ။

ခုထိလည်း ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က မလွတ်မြောက်နိုင်သေးတဲ့အတွက် အဲဒီ ကဗျာလေးကိုလည်း ပြန်လည် ဖော်ပြလိုပါတယ်။ တကယ်ပဲ လက်ပိုက်ကြည့်နေခဲ့ရသလို၊ တကယ်ရော လက်ပိုက်ကြည့်နေကြရဆဲပဲလား ဆိုတာကိုတော့ ခင်ဗျားတို့ဘာသာပဲ ဆုံးဖြတ်ကြပါ။


လက်ပိုက်ကြည့်နေရတယ်

အဲသည်မှာ
ပြိုကျနေရဲ့
ကောင်းကင်တခု
ရင်အုံဆီ မခိုလှုံနိုင်တော့ဘူး။

အဲသည်မှာ
တိမ်ကောနေရဲ့
မြစ်တမြစ်
ပင်လယ်ဆီ မစီးဝင်နိုင်တော့ဘူး။

ပြိုလဲသွားတယ်
စုံးစုံးမြုပ်သွားတယ်
"ရသ" စင်တာကြီးတခု။

ပြာညိုပြာမည်းတွေ မထွက်ဘူး
သွေးစိမ်းရှင်ရှင်တွေ မထွက်ဘူး
အတုံးလိုက် အတစ်လိုက်တွေပဲ ထွက်လာတယ်
အစိမ်းလိုက် အတောင့်လိုက်တွေပဲ ထွက်လာတယ်။

သေကုန်ကြပေါ့
ကဗျာတွေ၊ ဝတ္တုတွေ
အက်ဆေးတွေ၊ အိပ်မက်တွေ
ရှိရှိသမျှ
အနုရသ သုခုမတွေ။

ပြန်ပေးပါ့ ငါ့ ထပ်ခိုးလေး
ပြန်ပေးပါ့ ငါ့ သိုက်မြုံလေး
ပြန်ပေးပါ့ ငါ့ ခိုလှုံရာလေး။

မြစ်တမြစ်ဟာ
ခေတ်ကို အခါခါ ဖြတ်စီးရင်း
ခေတ်လို အမှောင်မှာ နစ်နေရတာ
(မတတ်သာဘူး)
လက်ပိုက် ကြည့်နေရတယ်။
အောင်မော်ဦး
ဇန်နဝါရီ၊ ၁၆၊ ၂ဝဝ၈။