ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကိုသစ် (သီတဂူ) ● စစ်တပ်မရှိသော တိုင်းပြည် (သို့) ကိုစတာရီကာ

ကိုသစ် (သီတဂူ) ● စစ်တပ်မရှိသော တိုင်းပြည် (သို့) ကိုစတာရီကာ
(မိုးမခ) မတ် ၃၁၊ ၂ဝ၁၇

“တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” ဟူသော ယိုင်နဲ့နဲ့ ဆိုင်းဘုတ်ကလေးများကို ကိုစတာရီကာ ဆိုသောတိုင်းပြည်က လေးတွင် တွေ့မြင်ရမည်မဟုတ်ပါ။ “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” ဟူသော စကားလုံးကို ကိုစတာရီကာ ပြည်သူတို့ ကြားဖူးကြမည်လည်း မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော ကိုစတာရီကာဆိုသော တိုင်းပြည်ကလေးတွင် စစ် တပ်မရှိသောကြောင့်ပင်ဖြစ်သည်။ Central America တိုင်းပြည်များတွင် တခုအပါအဝင်ဖြစ်သော သည်တိုင်းပြည်ကလေးက စိတ်ဝင်စားဖို့ ကောင်းပါသည်။ လူဦးရေ လေးသန်းခွဲသာရှိသည့် ကိုစတာရီကာနိုင်ငံလေးတွင် စစ်တပ်မရှိသည့်အတွက် ငါ တို့ တိုင်းပြည်ကိုတော့ တခြားတိုင်းပြည်တွေက လာသိမ်းတော့မှာပဲဟူ၍လည်း သူတို့ကိုသူတို့ စိုးရိမ်ကြောက်လန့်စိတ် အလျဉ်းမရှိကြ။ ထိုသို့ သွေးထိုးလှုံ့ဆော်ကြသူများပင် မရှိ။ ကိုစတာရီကာဆိုသည်မှာ “ကြွယ်ဝချမ်းသာသည့် ကမ်းခြေ” ဟု အဓိပ္ပါယ်ရပါသည်။ ကိုစတာရီကာရဲ့ လူဦးရေက လေးသန်းခွဲဆိုတော့ ရန်ကုန်မြို့လူဦးရေလောက်ပင် မရှိ။ လူဦးရေထက် ဝက်ကျော်ကျော်လောက်က မြို့နေလူထုဖြစ်ပြီး မြို့တော် ဆန်ဟိုဆေးတွင် နေထိုင်ကြပါသည်။ Central America-တွင် တည်ရှိသည့် သည်တိုင်းပြည်ကလေး၏ မြောက်ဘက်တွင် နီကရာဂွါရ၊ အရှေ့တောင်ဘက်တွင် ပနားမား၊ အနောက်ဘက် တွင် ပစိဖိတ်သမုဒ္ဒရာ၊ အရှေ့ဘက်တွင် ကာရေဘီယံပင်လယ်၊ တောင်ဘက်တွင် အီကွေဒေါတို့ တည်ရှိနေကြပါသည်။

စပိန်တို့မသိမ်းပိုက်မီ ၁၆ ရာစုနှစ်များရဲ့ ဟိုမှာဘက်တုန်းကတော့ ကိုစတာရီကာ လူဦးရေက အလွန်နည်းပါးလှပြီး အများစု က ဒေသခံတိုင်းရင်းသားများပင်ဖြစ်သည်။ စပိန်လက်အောက်တွင် နှစ်ပေါင်းသုံးရာနီးပါး နေထိုင်ပြီးနောက် ၁၈၄၇ ခုနှစ်တွင် လွတ်လပ်ရေးရယူခဲ့ပြီး လက်တင်အမေရိက တိုင်းပြည်များတွင် တိုးတက်အောင်မြင်သည့် တိုင်းပြည်ဖြစ်လာခဲ့သည်။ လွတ် လပ်သည့် တိုင်းပြည်တခုအဖြစ် တည်ဆောက်ရာတွင် ပြည်တွင်းစစ်အပါအဝင် အဖုအထစ်များစွာရှိခဲ့သော်လည်း အောင်မြင် စွာ ကျော်လွှားနိုင်ခဲ့ပြီး ၁၉၄၉ ခုနှစ်တွင် စစ်တပ်ကို အပြီးတိုင်ဖျက်သိမ်းပစ်လိုက်ပါသည်။ ကမ္ဘာပေါ်တွင် စစ်တပ်မရှိသည့်တိုင်းပြည်များတွင် ကိုစတာရီကာသည်လည်း တခုအပါအဝင်ဖြစ်သည်။

ကိုစတာရီကာနိုင်ငံက အပန်းဖြေအမဲလိုက်ခြင်းကို ပြင်းပြင်းထန်ထန်တားမြစ်ထားပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာတန်ဖိုးထားလေ့ရှိသည့် တိုင်းပြည်ဖြစ် သည်။ ၂ဝ၁၅ ခုနှစ် စစ်တမ်းအရ ကိုစတာရီကာက HDI ခေါ် Human Development Index တွင် အဆင့် ၆၉ မှာရှိပြီး လက်တင်အမေရိကတိုင်းပြည်များတွင် ထိပ်ဆုံးမှာ ရပ်တည်နေခြင်းဖြစ်ပါသည်။

ရှေးဟောင်းကျောက်စာများအလိုအရ ဘီစီ ၁ဝဝဝဝ- ၇ဝဝဝ အထိ ကိုစတာရီကာနိုင်ငံဖြစ်လာမည့်ဒေသမှာ လူအမျိုး ယဉ် ကျေးမှုအဖုံဖုံ ရှင်သန်ခဲ့ကြဖူးသည်ဟု ဆိုပါသည်။ အထူးသဖြင့် အမဲလိုက်ခြင်းအဖွဲ့တွေ အခြေချနေထိုင်လာခဲ့ကြပြီး လွန်ခဲ့ သော နှစ်ပေါင်းငါးထောင်ခန့်လောက်ကတည်းက စိုက်ပျိုးရေးကို စတင်ခဲ့ခြင်းဖြစ်သည်။ မြေထည်ကြွေထည်ပစ္စည်းတွေ ကိုတော့ ဘီစီ ၂ဝဝဝ ကနေ ၃ဝဝဝ ဝန်းကျင်လောက်မှာ ပနားမားနယ်စပ်ဘက်မှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပြီလို့ ဆိုပါတယ်။ ၁၅ဝ၂ ခုနှစ်မှာ ကိုလံဘတ်စ်ဟာ ကိုစတာရီကာကို ရောက်ရှိခဲ့ပါတယ်။ ကိုစတာရီကာဟာ စပိန်လက်အောက်မှာ နှစ်ပေါင်းများစွာနေခဲ့ရပြီး စပိန်ကိုလိုနီပြုခံရတဲ့နိုင်ငံတွေထဲမှာ အဆင်းရဲဆုံး ဖွံ့ဖြိုးမှုအနည်းဆုံး တိုင်းပြည်တပြည်ဖြစ်ခဲ့ဖူး သည်။ ၁၈၂၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် စပိန်လက်အောက်ကလွတ်မြောက်ပြီး လွတ်လပ်ရေးရယူခဲ့ပါသည်။

 ကိုစတာရီကာနိုင်ငံရဲ့ အဓိကထွက်ကုန်မှာ ကော်ဖီနှင့် ငှက်ပျောသီးတို့ဖြစ်ပြီး အဆင့်မြင့်နည်းပညာဖြင့် ထုတ်လုပ်ထားသည့် ကော်ဖီကို ဥရောပနှင့်အမေရိကတိုင်းပြည်များသို့ အဓိကတင်ပို့လျှက်ရှိသည်။ နိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်မှုရှိနေသည့် ယခုတွေ့မြင်နေရသည့် ကိုစတာရီကာနိုင်ငံမှာ ဟိုယခင် ၁၉၁၇ ခုနှစ်တွေတုန်းကတော့ ဗိုလ်ချုပ်ကြီး Federico Tinoco Dranados ဆိုသော စစ်အာဏာရှင်ကြီးတယောက် ပေါ်ပေါက်ခဲ့ဖူးသည်။ သို့သော် ကိုစတာရီကာပြည်သူတို့က ညီညီ ညွတ် ညွတ်ဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုရဲ့အန္တရာယ်ဖြစ်တဲ့ အာဏာရှင်နှင့် အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ဖျက်ချေမှုန်းနိုင် ခဲ့ခြင်းက သူတို့၏ရဲစွမ်း သတ္တိရှိမှု၊ အမှန်တရားကို ချစ်မြတ်နိုးမှုနှင့် အလှတရားကို ဖော်ညွှန်းနေပြန်ပါတော့သည်။ လက်နက် အားကိုးဖြင့် ပြည်သူအပေါ် အနိုင်ကျင့်ချုပ်ချယ်တတ်သည့်စနစ်ကို ကိုစတာရီကာပြည်သူတို့က မနှစ်မြို့ကြ။ ၁၉၄၉ ခုနှစ် တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲပြီးနောက် ကိုစတာရီကာနိုင်ငံရဲ့စစ်တပ်ကို အပြီးတိုင် ဖျက်သိမ်းပစ် လိုက်ပါသည်။ ကိုစတာရီကာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်ထူထောင်ခွင့် လုံးဝမရှိစေရ။ ကုလသမဂ္ဂငြိမ်းချမ်းရေး တက္ကသိုလ်သည် ကိုစတာရီကာနိုင်ငံတွင်တည်ရှိပြီး ကိုစတာရီကာ ပြည်သူတို့က ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို အလေး အနက် တန်ဖိုးထားပါသည်။

ကာရေဘီယံပင်လယ်နှင့် ပစိဖိတ်သမုဒ္ဒရာကမ်းခြေကို မေးတင်ထားသည့် ကိုစတာရီကာတိုင်းပြည်ကလေးက မြင့်မားမတ် စောက်သည့်တောင်တန်းများ၊ သဘာဝသစ်တောများနှင့် မီးတောင်ကြီးများဖြင့် သာယာလှပလို့နေပါ တော့သည်။ စင်ထရယ် အမေရိကတိုင်းပြည်များတွင် ငါးခုမြောက်အမြင့်ဆုံးတောင်သည် ကိုစတာရီကာမှာတည်ရှိနေပြီး မီးတောင်ပေါင်း ၁၄ ခုရှိသည့်အနက် ပေါက်ကွဲဖို့တာဆူနေသည့်မီးတောင်ပေါင်း ခြောက်ခုရှိသည်ဟု ဆိုပါသည်။ ကိုစတာရီကာတွင် မည်သည့် ကုမ္ပဏီမှ သစ်ခုတ်ခွင့်မရှိ။ သဘာဝသစ်တောကြီးများကို နိုင်ငံတော်အဆင့်ထားပြီး ထိန်းသိမ်းစောင့်ရှောက်ထားလျှက်ရှိပါသည်။

ကိုစတာရီကာနိုင်ငံ၏ ဘာသာစကားမှာ စပိန်စကားဖြစ်ပြီး ဘာသာရေးမှာတော့ ၇၆ ရာခိုင်နှုန်းက ရိုမန်ကက်သလစ်ကို ယုံ ကြည်ကိုးကွယ်ကြသူများ ဟိန္ဒူဘာသာ၊ ဂျူးဘာသာ၊ အစ္စလာမ်နှင့် ဗုဒ္ဓဘာသာတို့ကို ယုံကြည်ကိုးကွယ်ကြသူများလည်းရှိ ပါသည်။ ယခုအခါ ကိုစတာရီကာတွင် ဗုဒ္ဓဘာသာကို စိတ်ဝင်စားလာကြသူ အများအပြားရှိလာကြပြီး ဗုဒ္ဓဘာသာဦးရေ တသိန်းခန့်ရှိသည်ဟု ဆိုပါသည်။ ထိုတွင် အများစုက ဟန်မျိုးနွယ်ဝင် တရုတ်လူမျိုးများဖြစ်ပါသည်။

တနိုင်ငံလုံးအတိုင်းအတာဖြင့် စာတတ်မြောက်မှုနှုန်းမှာ ၉၆ ရာခိုင်နှုန်းရှိပြီး အထက်တန်းပြီးဆုံးသည်အထိ အခမဲ့ပညာရေးဖြစ် သည်။ ကျန်းမာရေးအတွက် အစိုးရက ၇ဝ ရာခိုင်နှုန်း တာဝန်ယူစောင့်ရှောက်ပေးထားပြီး ကိုစတာရီကာပြည်သူတို့ရဲ့  ပျမ်း မျှသက်တမ်းမှာ ၇၉ နှစ် ဖြစ်ပါသည်။ ငွေကြေးမှာ ကိုစတာရီကန်ကိုလုံးကို အသုံးပြုသည်။

လူဦးရေလေးသန်းခွဲ၊ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် (၁၉၇၃ဝ) မျှသာရှိသည့် Central America ရှိ ကာရေဘီယံပင်လယ် နှင့် ပစိဖိတ်သမုဒ္ဒရာကြီးဘေးက ကိုစတာရီကာဆိုသော တိုင်းပြည်ကလေးတွင် ယမ်းငွေ့နံ့တွေ မရှိ။ သေနတ်သံများကို မကြားရ။ ပြည်တွင်းစစ်ဟူ၍လည်း မရှိ။ စစ်ဘေးရှောင် ပြည်သူတွေလည်း လုံးဝမရှိ။ စစ်ဘေးရှောင် စခန်းများလည်း မတွေ့ မြင်ရ။ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း အရသာကို တဝကြီးခံစားရင်း ကိုစတာရီကာပြည်သူတွေကတော့ အိပ်မက်လှလှတွေ မက်နေကြပြီဖြစ်သည်။ ကျနော်တို့မှာသာ…။ ကျနော်တို့ ပြည်သူတွေမှာသာ…။  ကိုစတာရီကာပြည်သူတွေလို ကျနော်တို့မှာ အိပ်မက်လှလှမက်ခွင့်မရှိတော့ဘူးတဲ့လား။ ကမ္ဘာ့အကောင်းဆုံး ဘာသာတရားကို ရရှိပိုင်ဆိုင်ထားသည့်တိုင် ကျနော်တို့ နိုင်ငံရဲ့ ကောင်းကင်ယံတွင် သေနတ်သံတွေညံနေပါတော့သည်။ ကိုစတာရီကာပြည်သူတွေလို ကျနော်တို့လည်း အိပ်မက် လှလှ မက်ခွင့်ရချင်ပါသည်။ စစ်ပွဲတွေ ရပ်ပါတော့။

ကိုသစ် (သီတဂူ)
မတ် ၂၈၊ ၂ဝ၁၇