ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဝေယံဘုန်း ● ဒီမိုကရေစီနှင့် အတိုက်အခံ

ဝေယံဘုန်း ● ဒီမိုကရေစီနှင့် အတိုက်အခံ
(မိုးမခ) မတ် ၃၁၊ ၂၀၁၇

မိတ်ဆွေတယောက်က ပြောသည်။ ဒေါ်စုလည်း လူထဲကလူပဲမို့ အမှားမကင်းဟု နှလုံးသွင်းပြီး ခွင့်လွှတ်ကြပါတဲ့။ ကျွန် တော် အတော်အံ့ဩသွားသည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရတက်လာသည့် တနှစ်အတွင်း အားမလိုအား မရဖြစ်သည်များတွေ့တိုင်း ကိုယ်တိုင်လည်းပြောမိသလို သူများတကာပြောသည်များ ကိုယ့်စိတ်နှင့်တိုက်မိလျှင်လည်း ထောက်ခံလေ့ရှိခဲ့သည်။ သို့သော်လည်း တခြားသူများ၏အမြင်တွင် ထိုသို့ဝေဖန်နေကြသူများသည် လူတိုင်းမှားတတ်သည်ကို နှလုံးမသွင်းနိုင်ကြသဖြင့် “ခွင့်လွှတ်” မပေးနိုင်၊ နားလည်မပေးနိုင်ဖြစ်နေကြသူများဖြစ်သည်ဟု မြင်နေကြလိမ့်မည်ဟုတော့ မတွေးမိခဲ့ပါ။

ပထမတုန်းက အံ့ဩနေမိသောစိတ်သည် နောက်ပိုင်း တနုံ့နုံ့ဖြစ်သည့်ဘက်သို့ ပြောင်းသွားခဲ့သည်။ မြန်မာနိုင်ငံတွင် ဒီမို ကရေစီသဘောတရားများ အခြေခိုင်အောင်၊ ကျေညက်အောင် အတော်လုပ်ယူရဦးမည်ဟု နားလည်သထက် ပိုနားလည် လာ၍ဖြစ်သည်။ မိတ်ဆွေပြောသော အမှားနှင့်မကင်းနိုင်သည့် လူတွေအပေါ် ခွင့်လွှတ်ကြပါဆိုသောအချက်ကို မှားသည်ဟု မဆိုလိုပါ။ လူသားတဦးအနေဖြင့် ခွင့်လွှတ်စိတ်မွေးခြင်းသည် အကောင်းဆုံးဖြစ်သည်။ လူသားတိုင်း ခွင့်လွှတ်သောစိတ် မွေးကြလျှင်၊ မေတ္တာဖြင့် လူတိုင်းကိုကြည့်ကြလျှင် ကမ္ဘာလောကသည် အလွန်နေပျော်ဖွယ် လောကနိဗ္ဗာန်ဖြစ်နေမည်ဖြစ် သည်။ သို့သော် သည်အမြင်ကို နိုင်ငံရေးဓလေ့ထဲသို့ သွတ်သွင်းရမည်ဟုဆိုပါက စက်ဝိုင်းထဲ လေးထောင့်ထည့်သကဲ့သို့ ဖြစ်နေမည်ဖြစ်သည်။

ဒီမိုကရေစီစနစ်၏ အရေးကြီးသော လက္ခဏာသွင်ပြင်တရပ်က အပြန်အလှန်ထိန်းကျောင်းခြင်းဖြစ်သည်။ မဏ္ဍိုင်ကြီးသုံးရပ် အပြန်အလှန်ထိန်းကျောင်းသည်။ မဏ္ဍိုင်တခုချင်းစီအတွင်းမှာလည်း အပြန်အလှန် ထိန်းကျောင်းသည်။ အနိုင်ရပြီး အစိုးရ ဖွဲ့လာသော ပါတီတရပ်သည် အတိုက်အခံမရှိလျှင်၊ အထိန်းအကျောင်းမရှိလျှင် အာဏာရှင်ဘက်သို့ ရွေ့သွားနိုင်၍ ဖြစ် သည်။ ဒီမိုကရေစီ၏ အခြေခံစဉ်းစားမှုမှာကိုက လူသည် အထိမ်းအကွပ်မရှိလျှင် အကောင်းထက် အဆိုးပိုဖြစ်နိုင်သည်ဆိုသောအချက်ကို လက်ခံထားသည်။ ဒါကြောင့်လည်း အတိုက်အခံဆိုတာကို ခွင့်ပြုထားခြင်းဖြစ်သည်။ အတိုက်အခံအား ပျော့ သော နိုင်ငံရေးထက် အတိုက်အခံအားကောင်းသောနိုင်ငံရေးက ဒီမိုကရေစီပိုဆန်သည်။ အပြုတ်နှံသည့်နိုင်ငံရေးထက် ညှိနှိုင်းလက်ခံတိုင်ပင်ကြသောနိုင်ငံရေးက ပိုပြီးစုစည်းမှုရှိသည်။ ကွဲပြားသောအမြင်များကိုလက်ခံပြီး ဘုံရပ်တည်ချက်တခုကိုရှာခြင်းသည်ပင် ဒီမိုကရေစီ၏အနှစ်သာရ ဖြစ်သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရပြီး တက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် အ လွန်အားနည်းသော အတိုက်အခံရှိသည့် အစိုးရဖြစ်သည်။ လွှတ်တော်တွင်းမှာသာမက လွှတ်တော်ပြင်ပမှာပါ အတိုက်အခံ လုပ်လိုသူ အလွန်နည်းသောအစိုးရဖြစ်သည်။ အလွန်လူကြိုက်များသောပါတီမှ အစိုးရဖြစ်လာခြင်းဖြစ်ရာ မိဘက ဖူးဖူးမှုတ် ခံထားရသည့် သားသမီးလိုဖြစ်နေသည်။ ၎င်းသည် အစိုးရအတွက်ရော၊ နိုင်ငံ၏ဒီမိုကရေစီရှေ့ရေးအတွက်ပါ မကောင်းသော သဘောဖြစ်သည်။ ပထမတနှစ်တာကာလအတွင်း အစိုးရသစ်သည် အပျက်အစီးပုံကြီးကိုရှင်းရသောအစိုးရ၊ အခြေခံဥပဒေ အရ စိတ်ကြိုက်လုပ်၍မရသောအစိုးရ၊ (တခါတရံဆိုလျှင်) လက်မည်းကြီးများ၏နှောင့်ယှက်မှုကို ခံနေရသည့်အစိုးရ စ သည်ဖြင့် ဆင်ခြေအမျိုးမျိုးကြား၊ ဆင်ခြင်စဉ်းစားမှုအမျိုးမျိုးကြားတွင် ပန်းပန်ခဲ့သည်ဟု ဆိုရမည်။ ဒါက အစိုးရကို တကယ့် လက်တွေ့ မြေပြင်အမှန်တရားနှင့် ကင်းကွာသွားစေနိုင်သည်။

ပြည်ထောင်စုလွှတ်တော်မှာရော ဒေသန္တရလွှတ်တော်များမှာပါ အများစုအနိုင်ရထားသည့်ပါတီသည် အဆိုအများစု၊ ဆုံး ဖြတ်ချက်အများစုကို များရာမဲဖြင့် အတည်ပြုနိုင်ခဲ့သည်။ အတိုက်အခံအမတ်များက မည်သို့ထောက်ပြစေ မဲခွဲသည့်အခါ မိမိလိုချင်သည့်အရာကိုဖြစ်အောင်လုပ်နိုင်သည့် ဆေးကြိမ်လုံးကိုပိုင်ဆိုင်ထားရသည်ဖြစ်ရာ တဖက်ကကြည့်လျှင် မြန်မြန် ထက်ထက်ခရီးရောက်သဖြင့် ကောင်းသလိုရှိသည်။ သို့သော် ကျွန်တော်တို့ ထည့်စဉ်းစားရမည်က အားနည်းအုပ်စုများ၏အသံလည်းဖြစ်သည်။ ဝေးဝေးမကြည့်ပါနှင့် မကြာသေးမီက ချောင်းဆုံတံတားအမည်ပေးသည့်ကိစ္စဆိုလျှင် ဒေသခံတို့၏ အသံကိုမျက်ကွယ်ပြု၍ ကိုယ်လုပ်ချင်တာကို ဇွတ်လုပ်သည့်သဘောဆောင်သွားခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ယင်း သည် ဒီမိုကရေစီမဟုတ်၊ ဒီမိုကရေစီသည် အများညီတိုင်း ဤကိုကျွဲဖတ်သည်မျိုးမဟုတ်။
ပြီးခဲ့သည့် အစိုးရသက်တမ်းတနှစ်တာကာလအတွင်း အစိုးရသစ်၏စွမ်းဆောင်ချက်များကိုကြည့်လျှင် လက်ခံနိုင် တာလည်း ရှိ သလို သဘောမကျချင်စရာ၊ ဝေဖန်ချင်စရာများလည်း ရှိခဲ့သည်။ သို့သော်လည်း အစိုးရသည် လွှတ်တော်တွင်း အတိုက်အခံတို့၏ ပြစ်တင်ဝေဖန်ခံရမှု အတော်နည်းပါးခဲ့သည်ကိုတွေ့ရမည်ဖြစ်သည်။ အစိုးရ၏မိခင်ပါတီက အများစုနေရာ ယူထားသော လွှတ်တော်သည် လွတ်လပ်ရေးရပြီးခါစ ဖဆပလကြီးစိုးသောလွှတ်တော်နှင့် အတော်တူနေသည်ဟု ဆိုရ မည်။ ပါလီမန်ခေတ် (၁၉၄၈-၆၂) အတိုက်အခံအင်အားသည် ဖဆပလနှင့်ယှဉ်လျှင် အလွန်အားနည်းရုံသာမက အစိုးရက လည်း အတိုက်အခံကို လေးလေးစားစား မဆက်ဆံလိုသည့် သဘောရှိသည်။ အစိုးရလုပ်တာအားလုံးကောင်းပြီး အတိုက် အခံလုပ်တာ အားလုံးမကောင်းဆိုသည့်အမြင်မျိုး ဖဆပလမှာရှိခဲ့သည်။ အတိုက်အခံကို လျစ်လျူရှုထားဖို့၊ သို့မဟုတ် လုံးဝ မလှန်နိုင်အောင် လုပ်ထားဖို့ ရည်ရွယ်ခဲ့ကြသည်။

ပါလီမန်အစိုးရခေတ်တွင် အစိုးရနှင့်အတိုက်အခံကြားက ဆက်ဆံရေးမှာ များသောအားဖြင့် မကောင်းသလို အတိုက်အခံ ဘက်က တင်သွင်းသည့်အဆိုအများစုကိုလည်း လွှတ်တော်က ပယ်ချခဲ့ကြသည်။ ထိုစဉ်က အတိုက်အခံအမတ်များက အာ ဏာရဖဆပလအစိုးရ၏ မဟုတ်မဟတ်လုပ်ရပ်များကို ဖော်ထုတ်ဖို့ကြိုးစားခဲ့ကြသော်ငြား အတိုက်အခံက လက်တဆုပ်စာ သာရှိသဖြင့် အပြန်အလှန်ထိန်းကျောင်းမှု အတော်အားနည်းခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ရင့်ကျက်ဒီမိုကရေစီနိုင်ငံများ တွင် အစိုးရက လွှတ်တော်ကို ထိန်းချုပ်ရန်ကြိုးပမ်းကြသော်လည်း အတိုက်အခံကိုလေးစားကြသည်။ မြန်မာ့သမိုင်းကို ပြန် ကြည့်လျှင်တော့ အင်္ဂလိပ်ခေတ်က ပါလီမန်မှာရော၊ လွတ်လပ်ပြီးခေတ်ပါလီမန်မှာပါ အတိုက်အခံများကို နေရာမပေးလိုဘဲ တခါတရံတွင် အပြစ်ရှာထောင်ချခဲ့သည့် သာဓကအချို့ပင်ရှိခဲ့သည်။ ဒီမိုကရေစီ၏အသက်မှာ ဒီမိုကရေစီစနစ်ကို ယုံကြည် သည့် သစ္စာရှိအတိုက်အခံများရှိဖို့ ဖြစ်သည်ကို နားလည်ခဲ့ကြဟန်မတူပေ။

ဝန်ကြီးချုပ်ဦးနုသည် ဒီမိုကရေစီသဘောတရားကို လူထုအကြား နားလည်လာအောင် ပျိုးထောင်ဖို့လိုကြောင်း သဘော ပေါက်ခဲ့သည်။ ဒီမိုကရေစီသဘောတရားသည် တိုင်းသူပြည်သား၏နှလုံးသားနှင့် အတွေး အခေါ်မှာသာတည်ရှိနိုင်သည်ဟု ဆိုခဲ့သည်။ အခြေခံဥပဒေမည်မျှကောင်းစေ ပြည်သူလူထုက ဒီမိုကရေစီကို တန်ဖိုးမထားတတ်လျှင် အချည်းနှီးဖြစ်ရုံသာမက ဒီမိုကရေစီကို တိုင်းသူပြည်သားများ နားလည်အောင်လုပ်ရန် အစိုးရမှာတာဝန်ရှိသည်ဟု ဦးနုက ဆိုခဲ့သည်။ သို့သော်လည်း အောင်မြင်သော ဒီမိုကရေစီစနစ် အမြစ်တွယ်စေရန် အတိုက်အခံလုပ်မည့်သူများ ကောင်းကောင်းလိုသည်ဆိုကြောင်း မြန်မာ့လွှတ်တော်က နားလည်စပြုလာချိန်၊ အစိုးရနှင့် အတိုက်အခံတို့ကြား ဆက်ဆံရေးကောင်းမွန်စပြုလာချိန်မှာပင် စစ် တပ်က အာဏာသိမ်းသဖြင့် မြန်မာ့ဒီမိုကရေစီဘူးသီးနုနုမှာ အမွှေးသပ်ခံခဲ့ရသည်။

နှစ်ပေါင်း ၅၀ ကြာမှ ဒီမိုကရေစီကို တကျော့ပြန် မြေစမ်းခရမ်းပျိုးရသော ယနေ့မြန်မာနိုင်ငံတွင် အတိတ်ကလို ဆန့်ကျင်ဘက် အသံများကို မထွက်နိုင်အောင်လုပ်ထားလိုစိတ်၊ မတူကွဲပြားသောအမြင်များကို သဘောထားကြီးစွာ နားထောင်မပေးဘဲ ငါ့ တကောကောလိုစိတ်များ အမြစ်မတွယ်ရန် အရေးကြီးသည်။ ယနေ့ လွှတ်တော်အတွက် ကံကောင်းခြင်းတခုက လွှတ် တော်တွင်းအတိုက်အခံအင်အားနည်းသော်လည်း လွှတ်တော်ပြင်ပ အတိုက်အခံများ (မတူကွဲပြားအမြင်များ) ကို လွယ်လင့် တကူ နားဆင်၍ရခြင်းဖြစ်သည်။ ဆက်သွယ်ရေး နည်းပညာတိုးတက်ထွန်းကားလာမှုကြောင့် ပြည်သူတို့၏အသံကို နားဆင် လိုစိတ်ရှိပါက အမြန်ဆုံးနှင့် အထိရောက်ဆုံး နားဆင်နိုင်ခြင်းဖြစ်သည်။ အစိုးရနှင့်လွှတ်တော်တို့၏ဆုံးဖြတ်ချက်များကို လက်မခံကြသည့် ပြည်သူများသည် လက်ရှိအစိုးရအတွက် အစစ်မှန်ဆုံးသော အတိုက်အခံအင်အားစုပင်ဖြစ်သည်ဟု မြင် အောင်ကြည့်ရန် လိုသည်။

အတိုချုပ်ရလျှင် ဒီမိုကရေစီစနစ်တွင် အစိုးရတရပ်တက်လာသည့်အခါ လေ့လာစောင့်ကြည့်သူ၊ ဝေဖန်အကြံပြုသူတို့ ရှိကြ မည်မှာ ဓမ္မတာဖြစ်သည်။ ပြည်သူကလည်း မကြိုက်သည့်အခါတိုင်း အသံထွက်မည်ဖြစ်သည်။ ဒါကလည်း အစိုးရအဖွဲ့ သည် လူသားများသာဖြစ်သဖြင့် မှားနိုင်သည်ဆိုသော သဘောတရားအပေါ်မှာ အခြေခံထားခြင်းကြောင့် မကြိုက်လျှင်၊ မထောက်ခံလျှင် လွတ်လွတ်လပ်လပ် ပြောခွင့်ပြုထားခြင်းဖြစ်သည်။ ရှင်ဘုရင်ခေတ်ကလို ဘဝရှင်မင်းတရား လက်ညှိုး ညွှန်ရာ ရေဖြစ်သောစနစ်၊ ဘုန်းတော်ကြောင့် အားလုံးအဆင်ပြေသည်ဟု ခံယူကြ ဖားကြရမည့် ခေတ်စနစ်မဟုတ်တော့ပါ။ ထိုသို့ လုပ်ခဲ့ကြသဖြင့်လည်း တိုင်းပြည်ဆန့်ကျင်ဝေဖန် မတူကွဲပြားသော အသံများ အားလုံးကို အင်အားအကောင်းဆုံးသော စွမ်းအားတရပ်ဖြစ်အောင် စုစည်းရန်မှာ အစိုးရ၏တာဝန်သာဖြစ်သလို ပြည်သူများ၏စိတ်တွင်လည်း ‘ဒီအစိုးရဟာ ငါတို့ရွေး တဲ့အစိုးရမို့ ငါတို့အတွက်အကောင်းဆုံးလုပ်ပေးမှာပဲ’ ဟုသာ နှလုံးသွင်းပြီး နိုင်ငံရေးကို မျက်နှာလွှဲကာ ကင်းကင်းနေလို သောစိတ်များမမွေးမိဖို့ အရေးကြီးသည်။ ဒီမိုကရေစီစနစ်တွင် အစိုးရသည် သူပေးထားသော ကတိကဝတ်များကို တည် /မတည် စောင့်ကြည့်လေ့လာသုံးသပ်ရေးသည် အခရာဖြစ်သည်။

အစိုးရကိုဝေဖန်သူ၊ အမှားထောက်သူ၊ အားမလိုအားမရဖြစ်သူများမှာ အစိုးရကိုသော်လည်းကောင်း၊ ဒေါ်စုကို သော်လည်း ကောင်း ခွင့်မလွှတ်နိုင်ကြသူ၊ အမုန်းပွားနေကြသူများမဟုတ်ကြပါ (မုန်းနေသူများ မရှိမဟုတ်။ သို့သော် သူတို့က တကဏ္ဍ)။ နိုင်ငံရေးဆိုသည်မှာ ဘာသာရေးနှင့်မတူပါ။ ဘာသာရေးယုံကြည်ချက်အရ လူတယောက်သည် သူ့အပေါ်အမှားကျူး လွန်သူများကို ခွင့်လွှတ်ချင် ခွင့်လွှတ်နိုင်ပါသည်။ သို့သော် နိုင်ငံရေးမှာတော့ ထိုသို့မဟုတ်ပါ။ အမှားတွေ့လျှင် ထောက်ပြရ မည့်တာဝန်ရှိသည်။ ယင်းသည် နိုင်ငံသားတာဝန်လည်း ဖြစ်သည်။ နိုင်ငံ၏အရေးကိစ္စသည် နိုင်ငံသူနိုင်ငံသားအားလုံးနှင့် ဆိုင် သည်။ သားသမီးမှားနေလျှင် (သို့မဟုတ် မှားနေသည်ဟု သံသယရှိလျှင်) ပြုပြင်ပေးရန် မိဘမှာတာဝန်ရှိသည်။ အချစ် လွန်ကာ ဘာလုပ်လုပ် မပြောဘဲ မပြုပြင်ဘဲထားလျှင် ထိုမိဘသည် မိဘတာဝန်မကျေသော မိဘဖြစ်သည်။ မိဘနှင့်တူ သော  ပြည်သူတို့သည် သားသမီးနှင့်တူသောအစိုးရအပေါ် စိတ်ထဲကခွင့်လွှတ်ခြင်းက သပ်သပ်၊ ထောက်ပြဝေဖန်ပြုပြင်ခြင်း က သပ်သပ်ဖြစ်သည်ကို မြင်အောင်ကြည့်တတ်ကြမှ ဒီမိုကရေစီသည် ရွှေပြည်တော်မျှော်တိုင်းဝေး ဖြစ်မနေတော့မည်ဖြစ် သည်။

ရည်ညွှန်း
မြန်မာ့နိုင်ငံရေးအတွေးအခေါ် (ဒေါက်တာအောင်ခင်)
 Illustration by Victor Clemente