ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

အောင်မော်ဦး - "ဖွေးဖွေးနီတဲ့ မတ်လ ပန်းတွေ"


အောင်မော်ဦး - "ဖွေးဖွေးနီတဲ့ မတ်လ ပန်းတွေ"
(မိုးမခ) မတ် ၁၇၊ ၂၀၁၇


”နံပါတ်တုတ်၊ မျက်ရည်ယိုဗုံးနဲ့ လက်ထိပ်တန်းလန်းခတ်ထားတဲ့ ဇာတ်သိမ်းခန်းမျိုးတွေဟာ
ပြောင်းလဲဖို့ကြိုးစားနေတဲ့ ကျနော်တို့ လူ့အဖွဲ့စည်းမှာ တခန်းရပ်သင့်ပါပြီ”

တယောက်စ နှစ်ယောက်စကနေ ဒုနဲ့ဒေးဖြစ်လာနေတဲ့ အလိုမကျ ဖြစ်ရမှုတွေဟာ လူတွေရဲ့ ရင်ဘတ်တွေထဲမှာ အရေးတော်ပုံအငယ်စားလေးတွေ ဖြစ်တည်လာနေကြပြီလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာနေပါပြီ။ ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေအပါအဝင် အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုနဲ့ဆိုင်တဲ့ ယန္တရားတိုင်းလိုလိုမှာ ရိုးတွင်းချဉ်ဆီလိုက်နေတဲ့အာဏာရှင်ဆန်မှုနဲ့ အသားကျနေတဲ့ လူ့အဖွဲ့အစည်းကိုလည်း ပြောင်းလဲပစ်ဖို့ လိုအပ်နေပါပြီ။

ဆန္ဒဖော်ထုတ်ပြသတဲ့လှုပ်ရှားမှုမျိုးတွေနဲ့ပတ်သက်ပြီး ခေတ်အဆက်ဆက် အာဏာရှင်တွေကတော့ အာဏာကို အတွဲလိုက်ဖြန့်ကြက်ပြီး ကျင့်သုံးခဲ့ကြပါတယ်။ ခံဝန်ကတိထိုးခိုင်းတာ၊ ကျောင်းထုတ်ပစ်တာ၊ အလုပ်ထုတ်ပစ်တာ၊ ထောင်ချပစ်တာတို့လို ခပ်ကြမ်းကြမ်းနှိမ်နင်းပစ်တဲ့နည်းလမ်းတွေကို အသုံးပြုခဲ့ကြသလို ကျောင်းပြောင်းပစ်တာ၊ နယ်ပြောင်းပစ်တာ၊ရာထူးတိုးမပေးတာ၊ ပညာတော်သင်သွားခွင့်ပိတ်ပင်ပစ်တာ၊ ထောင်ပြောင်းပစ်တာလိုမျိုး အငြိုးတကြီးနဲ့နှိပ်ကွပ်တဲ့နည်းလမ်းတွေကိုလည်း အသုံးပြုခဲ့ကြပါတယ်။

ကနေ့ အရပ်သားအစိုးရအနေနဲ့ကတော့ ဒီလို ဆန္ဒဖော်ထုတ်ပြသကြတယ်ဆိုတာ ငါတို့ရဲု့အုပ်ချုပ်မှု၊ ငါတို့ရဲ့စီမံခန့်ခွဲမှုတွေဟာ ငါတို့ မဲဆန္ဒရှင်တွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုမရှိလို့များလားဆိုတဲ့ ဒီမိုကရေစီ တွေးထောင့်ကနေ ချဉ်းကပ်ကြည့်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီလိုဆန္ဒဖော်ထုတ်ပြသကြတယ်ဆိုတာ ငါတို့ရဲ့ မဲဆန္ဒရှင်တွေက ငါတို့ကို ဥပဒေနဲ့အညီပူးပေါင်းဆောင်ရွက်ကြတာပါလားဆိုတဲ့ ဒီမိုကရေစီတွေးထောင့်ကနေ ချဉ်းကပ်ကြည့်ကြလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။ ဒါကြောင့်အစိုးရက ဒီမိုကရေစီနည်းလမ်းနဲ့ မျှတမှုရှိတဲ့ အဖြေတခုကို ညှိညှိနှိုင်းနှိုင်း ရှာဖွေနိုင်လိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။

"နိုင်ငံတော်က သင်ပေးထားတဲ့ ပညာနဲ့ နိုင်ငံတော်ကို ကျေးဇူးဆပ်ရမယ်" ဆိုတာ သက်ဦးဆံပိုင်အယူအဆပါ။ “နိုင်ငံတော်”ဆိုတာ “နိုင်ငံတော်အစိုးရ”ကို ဆိုလိုတာမဟုတ်ပါ။ ထို့အတူ“နိုင်ငံတော်”ဆိုတာ နိုင်ငံ့လုံခြုံရေးတပ်မတော်”ကို ဆိုလိုတာမဟုတ်ပါ။ အမှန်တကယ်က “နိုင်ငံတော်”ဆိုတာ “အခွန်ထမ်းပြည်သူတွေ”ကို ဆိုလိုတာဖြစ်ပါတယ်။ တကယ်တော့“အစိုးရ”နဲ့ “တပ်မတော်”ဆိုတာ အခွန်ထမ်းပြည်သူတွေရဲ့ အကျိုးကို ဖြည့်ဆည်းပေးဖို့ လိုအပ်ချက်အရ ပေါ်ပေါက်လာကြရတဲ့ ယန္တရားတွေသာဖြစ်ပါတယ်။ ပြည်သူကပိုင်တဲ့ ပြည်သူပိုင် ယန္တရားတွေသာဖြစ်ပါတယ်။

အခွန်ထမ်းပြည်သူတွေရဲ့ ကျေးဇူးရှင်ဆိုတာ အခွန်ထမ်းပြည်သူတွေကိုယ်တိုင်ပဲဖြစ်ပါတယ်။ အစိုးရလည်းမဟုတ်သလို၊ စစ်တပ်လည်း မဟုတ်ပါဘူး။ အဲဒီအချက်ကို အမှန်အတိုင်းမပြောဘဲ ငါတို့က ကျေးဇူးရှင်လို့ထုတ်ပြောတာ၊ ငါတို့သာလျှင် ကျေးဇူးရှင်ဖြစ်တယ်လို့ မှိန်းပြီးအထင်ခံနေကြတာတွေဟာ အခွန်ထမ်းပြည်သူတွေအပေါ် (မဲဆန္ဒရှင်တွေအပေါ်) မရိုးမသားပြုမူတာပဲဖြစ်ပါတယ်။ အမှန်တကယ်က ကျောင်းသားတွေရဲ့ ပညာသင်ကြားစရိတ်နဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်သင်ယူနေကြသူတွေရဲ့ ပညာသင်ကြားရေးစရိတ်ဆိုတာ ပြည်သူ့အခွန်ငွေတွေကို ပြည်သူတွေက ပြန်အသုံးပြုကြတာပဲဖြစ်ပါတယ်။သူတို့ငွေနဲ့ သူတို့သင်ထားတဲ့ပညာကို သူတို့အကျိုးအတွက် သူတို့ဘာသာ ပြန်အသုံးချကြမှာပါ။ ဒါကို သက်ဦးဆံပိုင်အယူအဆနဲ့ နှောင်ကြိုးတည်းတာမျိုးမလုပ်ဘဲ လုံလောက်တဲ့ လုပ်ခလစာပေးတဲ့နည်းနဲ့ ဖြေရှင်းပေးရမှာဖြစ်ပါတယ်။

တကယ်တော့ အစိုးရတို့ စစ်တပ်တို့ဆိုတာ ပြည်သူက အလုပ်အပ်ထားတဲ့ “ကန်ထရိုက်တာတွေ”သာဖြစ်ပါတယ်။ ချုပ်ပြောရရင် ပြည်သူက “အုံနာ”ပါ။ သူတို့က “ကန်ထရိုက်တာ”ပါ။ သူတို့ရတဲ့ လစာဆိုတာ အခွန်ထမ်းပြည်သူတွေကပေးတဲ့ ကန်ထရိုက်ကြေးပဲဖြစ်ပါတယ်။ အဲဒီ အုံနာဖြစ်တဲ့ပြည်သူနဲ့ ကန်ထရိုက်တာဖြစ်တဲ့ အစိုးရနဲ့ စစ်တပ်တို့ရဲ့ အကြားမှာ ပြည်သူတွေရဲ့ လိုအပ်ချက်(စီမံကိန်း)တွေကို ရေးဆွဲဖို့ ပညာရှင်ဆိုတာ လိုအပ်လာပါတယ်။ အဲဒီ ပညာရှင်ဆိုတာကတော့ အုံနာဖြစ်တဲ့ပြည်သူတွေလိုအပ်တဲ့ ဒီဇိုင်း(စီမံကိန်း)ကို ရေးဆွဲပေးရတဲ့သူတွေပဲဖြစ်ပါတယ်။ အဲဒီ ပညာရှင်တွေဆွဲပေးတဲ့ ဒီဇိုင်း(စီမံကိန်း)တွေအတိုင်း ကန်ထရိုက်တာတွေက ဆောင်ရွက်ပေးကြရတာ ဖြစ်ပါတယ်။

တကယ်လို့ အုံနာဖြစ်တဲ့ အခွန်ထမ်းပြည်သူတွေ လိုအပ်ချက်အတိုင်း ကန်ထရိုက်တာတွေက မလုပ်ကြရင်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အဲဒီ ကန်ထရိုက်တာတွေ လုပ်နေကိုင်နေပုံတွေက အုံနာဖြစ်တဲ့ ပြည်သူတွေအတွက် အကျိုးမရှိရင်ပဲဖြစ်ဖြစ် လိုအပ်ရင်လိုအပ်သလို ပြောကြဆိုကြရမှာပါပဲ။ နှုတ်နဲ့တင်ပြမယ်၊ စာနဲ့တင်ပြမယ်၊ လက်မှတ်ထိုးတောင်းဆိုမယ်၊ ဆန္ဒပြမယ်၊ သပိတ်မှောက်မယ်၊ တွေ့ဆုံဆွေးနွေးပြီး ညှိနှိုင်းအဖြေရှာမယ် စသဖြင့် တဆင့်ပြီးတဆင့် လုပ်ကြမှာပါပဲ။ နောက်ဆုံး ဘယ်လိုမှ ပြောမရတဲ့အဆုံးဆိုရင်တော့ ကန်ထရိုက်အသစ်ပြောင်းဖို့လိုအပ်လာရင် ပြောင်းကြမှာပါပဲ။ ရွေးကောက်ပွဲဆိုတာ အဲဒီ ကန်ထရိုက်စာချုပ်ကို သက်တမ်းတိုးမလား၊ မတိုးဘူးလားဆိုတဲ့ စနစ်တခုပါပဲ။

“အမှတ်ရစရာများတဲ့ မတ်လမှာ
ဖွေးဖွေးနီတဲ့ မတ်လ ပန်းတွေ လိုရာဆန္ဒ ပြည့်ကြပါစေ
ပညာကို နှောင်ကြိုးနဲ့ သင်ယူရတဲ့ မတရားဥပဒေ ကျဆုံးပါစေ“

အောင်မော်ဦး
မတ်၊ ၁၆၊ ၂၀၁၇။