ဇင်လင်း ● အဂတိလိုက်စားမှုများခွင့်ပြုနေသမျှ တရားရုံးများ၏ ဂုဏ်သိက္ခာ ကျဆင်းနေဦးမည်

ဇင်လင်း ● အဂတိလိုက်စားမှုများခွင့်ပြုနေသမျှ တရားရုံးများ၏ ဂုဏ်သိက္ခာ ကျဆင်းနေဦးမည်
(မိုးမခ) မတ် ၁၄၊ ၂ဝ၁၇

တရားစီရင်ရေးတွင် အဂတိ လိုက်စားမှုများ ကျယ်ပြန့်စွာရှိနေပြီး၊  တရားသူကြီးမှ စာပို့လုလင်အထိ ပါဝင် ပတ်သက်နေသဖြင့် ထင်သာမြင်သာဖြစ်အောင် ဖော်ထုတ်ရန်ခက်ခဲနေကြောင်း "တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသ နားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ" က ပြည်သူ့လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခဲ့ဖူးသည်ဟု အလဲဗင်း မီဒီယာသတင်းတပုဒ်၌ ဖေါ်ပြခဲ့ဖူးသည်။  ထို့ပြင် တရားစီရင်ရေးတွင် အဂတိတရားများ လွှမ်းခြုံလျက်ရှိနေသည်ကို တွေ့ရ ကြောင်း၊ တရားသူကြီးအဆင့်ဆင့်သည် အထက်တရားသူကြီး အဆင့်ဆင့်၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရာတွင် အပေးအယူ ကိစ္စများတွင် ကွင်းဆက်များရှိနေကြောင်း၊ အလားတူပင် ဥပဒေဝန်ထမ်းအဆင့်ဆင့်၌လည်း ကြီးကြပ်သူအဆင့်ဆင့် ဝန် ထမ်းများသည် ယျေဘုယျအားဖြင့် ကွင်းဆက်ရှိနေပြီး နားလည်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အများအားဖြင့် ပြစ်မှုများတွင် အဆိုပါအခြေအနေများကို တွေ့ရှိရကြောင်း အဆိုပါကော်မတီက အစီရင်ခံစာ၌ ဖေါ်ပြခဲ့သည်။ တရားစီရင်ရေး ဟုဆိုရာတွင် တရားသူကြီးများ သာမက တရားရေး ဝန်ထမ်းများ၊ ရှေ့နေများ၊ ဥပဒေ ဝန်ထမ်းများ၊ တရားစွဲ အဖွဲ့အစည်းများ၊ ဝန်ထမ်း အကြီးအမှူးဖြစ်သော ညွှန်ကြားရေးမှူးချုပ်အဆင့် တာဝန်ထမ်းဆောင်သူများမှ အဆင့်ဆင့် စာပို့လုလင်အထိ ပါ ဝင်ဆက်စပ်လျက်ရှိရာ ၎င်းတို့အားလုံး၏ အဂတိလိုက်စားမှုကို ထင်သာမြင်သာအောင် ဖော်ထုတ်နိုင်ရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ကြောင်း ကော်မတီက လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းရာတွင် ဖေါ်ပြခဲ့သည်။

ထိုသို့ တရားစီရင်ရေးတွင် အဂတိလိုက်စားမှုနှင့်ပတ်သက်၍ ကော်မတီအနေဖြင့် လိုအပ်သောကြားနာမှုမျိုးဖြင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အမှန်နစ်နာသူ ပြည်သူများကလည်း နိုင်ငံတော်၏ အကျိုးစီး ပွားအတွက် မိမိ၏ ကိုယ်ကျိုးမဖက်သော မှန်ကန်သည့်ရပ်တည်ချက်များဖြင့် လာဘ်စားမှုများ၊ မသမာမှုများ၊ အဂတိ လိုက်စားမှုများကို ရဲဝင့်စွာ တင်ပြကြရန်လိုအပ်ကြောင်း ကော်မတီက သုံးသပ်ရပါကြောင်း၊ ထို့အတူ ဥပဒေပညာဖြင့် အ သက်မွေးဝမ်းကျောင်း ပြုသူများသည် ဥပဒေပညာကို မျက်ကွယ်ပြု၍ အမှု အနိုင် အရှုံးကိုသာ စိတ်ဝင်စားပြီး အမှုပွဲစားများ လုပ်နေမည်ဆိုပါက တရားစီရင်ရေးမဏ္ဍိုင်မှာ ပို၍သာဆိုးဝါးသွားနိုင်ပြိး တရားဥပဒေစိုးမိုးရေးဆိုသည်မှာလည်း ဝေးကွာနေ မည်ဖြစ်ကြောင်း အစီရင်ခံစာ၌ ဖေါ်ပြခဲ့သည်ဟု ဆိုသည်။

၂ဝ၁၇ ခုနှစ် မတ်လ ၇ ရက်နေ့က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထအကြိမ်ပုံမှန်အစည်းအဝေးသို့ ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေးက “တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေမှုအား ပြန်လည်တည့်မတ်နိုင်ရေးအတွက် ပြည်ထောင်စု တရားလွှတ် တော်ချုပ်သို့ တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းခဲ့ကြောင်း အစိုးရသတင်းမီဒီယာများတွင် ဖေါ်ပြခဲ့ကြောင်း တွေ့ရ သည်။ ၎င်းအဆိုနှင့်ပတ်သက်၍ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက တရားစီရင်ရေးကဏ္ဍသည် ယခုအချိန်အထိ တိမ်း စောင်းနေပြီး တရားဥပဒေစိုးမိုးမှုကျဆင်းနေသည့် ဝေဖန်မှုများကို ကြားသိနေရသည်ဟု နိဒါန်းပျိုးကာ အဆိုကို ထောက်ခံ ဆွေးနွေးသွားသည်။  ဒေါ်ချိုချိုက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားစီရင်ရေးကဏ္ဍသည် အရေးကြီးကြောင်း၊ တရားစီရင်နေကြသည့် တရားရုံးများသည် မိမိတို့စီရင်ပိုင်ခွင့်အရ တရားစီရင်ရာတွင် ဆင်ခြင်တုံတရားကို အခြေခံ၍ အဂတိ တရားလေးပါးကင်းစွာ တရားစီရင်ရန် အထူးအရေးကြီးကြောင်း၊ တရားစီရင်ရေးနှင့်ပတ်သက်၍ ပြည်သူ့အသံများကို ကြား နေရပြီး အမှုရင်ဆိုင်ရချိန် ကြာလွန်းသဖြင့် အချိန်ကုန် ငွေကုန် လူပင်ပမ်းပြီး စီးပွားပျက်မှုများ ကြုံတွေ့နေရသည့် အခြေအ နေများကြားသိနေရကြောင်း စသဖြင့် ထောက်ခံဆွေးနွေးခဲ့သည်။ ထို့ပြင် လူသတ်မှု၊ မုဒိန်းမှု၊ လုယက်မှုများအား တရားစီ ရင်ရာတွင် ပြစ်မှုပြစ်ဒဏ် မျှမျှတတမရှိသည့် ဖြစ်ရပ်များကိုတွေ့နေရသောကြောင့် တရားစီရင်ရေးတွင် အဂတိ တရားများ ရှိနေသည်ကို မြင်သာနေသည်ဟုလည်း ဒေါ်ချိုချိုက ဝေဖန်ထောက်ပြခဲ့သည်။

တရားစီရင်ရေးကဏ္ဍတွင် အကျင့်ပျက် ခြစားမှုများကြောင့် တိမ်းစောင်း ယိမ်းယိုင်မှုများဖြစ်ပေါ်နေဟု တရားရုံးများ၏ ဂုဏ် သိက္ခာကို အကြီးအကျယ်ထိခိုက်စေသည့် စွပ်စွဲပြောဆိုမှုများသည် တရားရုံးများကို မထီမဲ့မြင်ပြုရာရောက်ကြောင်း ပြည် ထောင စု တရားလွှတ်တော်ချုပ်တရားသူကြီး ဦးစိုးညွန့်က တုန့်ပြန်ပြောကြားကြောင်းလည်း ကြားသိရသည်။

မတ်လ ၇ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် တင်သွင်းထားသည့် “တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေမှုအား ပြန်လည် တည့်မတ်နိုင်ရေးအတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ တိုက်တွန်းကြောင်း” အဆိုနှင့်ပတ်သက်၍ ပြန်လည် ဆွေးနွေးစဉ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က အထက်ပါအတိုင်း ထည့်သွင်းတုန့်ပြန် ပြော ကြားခဲ့သည်ဟု ဆိုသည်။ ပထမအကြိမ် အမျိုးသားလွှတ်တော်နှင့် ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး များတွင်လည်း တရားစီရင်ရေးကဏ္ဍနှင့် ပတ်သက်သည့်အဆို တင်သွင်းခဲ့ဖူးကြောင်း၊ ထိုစဉ်က ပြည်ထောင်စု တရားလွှတ် တော်ချုပ်က ထောက်ခံတင်ပြ ဆွေးနွေးခဲ့ကြောင်း၊ တရားစီရင်ရေးကဏ္ဍတွင် တရားသူကြီးများသာမက ဥပဒေအရာရှိများ၊ ရှေ့နေရှေ့ရပ်များနှင့် တရားစွဲ အဖွဲ့အစည်းအားလုံးလည်း အကျုံးဝင်ကြောင်း၊ တရားစီရင်ရေး ဖြောင့်မတ် ကြံ့ခိုင်ရန်အတွက် တရားသူကြီးများတွင် တာဝန်ရှိသကဲ့သို့ တရားစီရင်ရေး လုပ်ငန်းတွင် အကျုံးဝင်သူများ အားလုံး၌လည်း အမှန်တရား ပေါ်ပေါက်ရေး၊ တရားမျှတစွာ စီရင်ဆုံးဖြတ်ရေး၊ အဂတိတရား ကင်းစင်ရေးတို့အတွက် တာဝန်ရှိကြောင်း၊ ၎င်းတို့၏ ပေါ့ လျော့မှု၊ လုပ်ငန်းမကျွမ်းကျင်မှု၊ မရိုးသားမှုကြောင့် တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနိုင်ကြောင်း၊ ပြည်ထောင်စု တရားစီရင် ရေး ဥပဒေအရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က တရားရုံးအဆင့်ဆင့်ကို ကြီးကြပ်ကွပ်ကဲနိုင်သည့် လုပ်ပိုင်ခွင့် ရှိသော်လည်း တရားစီရင်ရေးကဏ္ဍတွင် အကျုံးဝင်သည့် ဥပဒေအရာရှိများ၊ ရှေ့နေရှေ့ရပ်များနှင့် တရားစွဲ အဖွဲ့အစည်းများ ကို ကြီးကြပ်ကွပ်ကဲနိုင်သည့် လုပ်ပိုင်ခွင့် မရှိကြောင်း၊ ပြည်ထဲရေးဝန်ကြီး ဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ တရားလွှတ်တော် ရှေ့နေများကောင်စီမှသာ လုပ်ပိုင်ခွင့်ရှိကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်အနေဖြင့် တရားစီရင်ရေး ကဏ္ဍတွင် ဆက်စပ်ပါဝင်နေသည့်အဖွဲ့အစည်းများကို တည့်မတ် ထိန်းကျောင်းပေးနိုင်ခြင်းမရှိကြောင်းနှင့် သက်ဆိုင်ရာ လုပ်ပိုင်ခွင့်ရှိသည့် အဖွဲ့အစည်းများကို တိုက်တွန်းသည့် အဆိုမတင်သွင်းဘဲ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကိုသာ တိုက်တွန်းကြောင်း အဆို တင်သွင်းခြင်းမှာ မှန်ကန်မှုမရှိကြောင်း ဦးစိုးညွန့်က ထည့်သွင်းပြောဆိုခဲ့သည်ဟု ဆိုသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် တရားရုံးအဆင့်ဆင့်တွင် အဂတိလိုက်စားမှု ကင်းစင်ရေး၊ တရားသူကြီးများ၏ စိတ်ဓာတ်ခံယူချက် မြင့်မားရေး၊ ကျင့်ဝတ်သိက္ခာ ထိန်းသိမ်းလိုက်နာရေး၊ အသိအမြင် မြှင့်တင်ရေး၊ ဥပဒေလုပ်ထုံး လုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရေး အစရှိသည့် နည်းလမ်းများဖြင့် ပညာပေးခြင်း၊ စည်းရုံးခြင်း၊ အသိပေးခြင်း များ ပြုလုပ်လျက်ရှိပြီး အဂတိ လိုက်စားမှုများကို တွေ့ရှိရပါက ထိရောက်စွာ အရေးယူခြင်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် တရားရုံး အဆင့်ဆင့်တွင် လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုများ မရှိစေရန်အတွက် ကြိုတင်ကာကွယ် တားဆီးရေးအပိုင်းနှင့် အရေးယူမှု အပိုင်း အပိုင်းနှစ်ပိုင်းဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ တရားစီရင်ရေးအား အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် လွတ်လပ်၍ တာဝန်ခံမှုရှိသည့် တရားစီရင်ရေးစနစ် ဖြစ်ထွန်းပေါ်ပေါက်ရေး ရည်မှန်းချက်ထားရှိကြောင်း၊ တရားစီရင်ရေး လွတ်လပ်မှုနှင့် တာဝန်ခံမှု မြှင့်တင်ရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် လွတ် လပ်သော တရားစီရင်ရေး နှစ်ပိုင်းခွဲခြား ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ ပြည်ထောင်စု လွှတ်တော်ချုပ်၏ ဆောင် ရွက်ချက်များကို တင်ပြရခြင်းမှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်အနေဖြင့် မည်သူက တိုက်တွန်းသည်ဖြစ်စေ၊ မတိုက်တွန်းသည်ဖြစ်စေ တာဝန်ဖြစ်သည့် တရားရုံးများအပေါ် ပြည်သူများ ယုံကြည်စိတ်ချ ကိုးစားမှုရှိစေရန်နှင့် မျှတမှုနှင့် ဂုဏ်သိက္ခာရှိသည့် တရားစီရင်ရေး ပေါ်ပေါက်ရန်ဆိုသည့် ရည်မှန်းချက်ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက် ဆောင်ရွက်မည့် အစီအမံများလည်း ချမှတ်ထားပြီးဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နေသည်ကို ကျယ်ကျယ်ပြန့်ပြန့် မသိရှိကြ သည့်အတွက် ယခုကဲ့သို့ အဆိုတင်သွင်းခြင်းဖြစ်သည်ဟု ယူဆကြောင်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဆောင်ရွက် နေသည်ဖြစ်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်အား တိုက်တွန်းသည့်အဆို တင်သွင်းရန် လိုအပ်မည် မဟုတ်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ဆွေးနွေးပြောကြားခဲ့သည်။ ဦးစိုးညွန့်က ရှင်းလင်းတင်ပြမှုများ မှန်ကန် ပါက တရားရုံးများအပေါ် ပြည်သူများ ယုံကြည်စိတ်ချ ကိုးစားမှုရှိစေရန် ၎င်းနည်းအတိုင်းလည်း ဆက်လက် ဆောင်ရွက် ရမည်ဖြစ် ပါသည်။

“ပထမအကြိမ် လွှတ်တော်အစည်းအဝေးများမှာ တင်သွင်းခဲ့တဲ့ အဆိုများကတော့ အပြုသဘောဆောင်တဲ့ အဆိုများ ဖြစ်ပါ တယ်။ ယခုတင်သွင်းတဲ့ အဆိုကတော့ တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေမှုအား တည့်မတ်ထိန်းကျောင်းပေး နိုင်ပါရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ တိုက်တွန်းကြောင်းလို့ ဖော်ပြထားပြီး အဆိုရဲ့နိဂုံးပိုင်းမှာတော့ ယနေ့အချိန်မှာ တရားစီရင်ရေးကဏ္ဍမှာ အကျင့်ပျက် ခြစားမှုများကြောင့် ယိုယွင်းအားနည်းမှု၊ ယိမ်းယိုင် တိမ်းစောင်းနေခြင်းဖြစ်ပေါ်နေမှု အပေါ်မှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ထိန်းကျောင်းပေးနိုင်ပါရန် တိုက်တွန်းကြောင်းလို့ ပါရှိပါတယ်။ ဒါဟာဆိုရင် တရားစီရင်ရေး ကဏ္ဍမှာ အကျင့်ပျက် ခြစားမှုများကြောင့် တိမ်းစောင်း ယိမ်းယိုင်မှုများ ဖြစ်ပေါ်နေတယ်လို့ အတိအလင်း စွပ်စွဲထားတာဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒီလိုတရားရုံးများရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေသည့် စွပ်စွဲပြောဆို မှုများဟာ တရားရုံးများကို မထီမဲ့မြင်ပြုရာရောက်ပါကြောင်း လေးစားစွာ ပြောကြားအပ်ပါတယ်” ဟု ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ပြောကြားခဲ့ ကြောင်း Daily Eleven သတင်းတွင် ဖေါ်ပြထားသည်။

ထို့ပြင် အဆိုတင်သွင်းမှုနှင့် ပတ်သက်၍လည်း ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ အခန်း (၁၇) အပိုဒ် ၁၅၈ (ခ) ပါအဆို နှင့်ပတ်သက်သည့် ပြဋ္ဌာန်းချက်များနှင့်လည်း ဆန့်ကျင်နေကြောင်း ဦးစိုးညွန့်က လွှတ်တော်တွင် ပြန်လည် ရှင်းလင်းစဉ် ထည့်သွင်းပြောကြားသည်။

“အထောက်အထား မခိုင်လုံဘဲ အကျင့်ပျက် ခြစားမှုများကြောင့် တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေတယ်ဆိုတဲ့ အဆို လောက် တရားရုံးများရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်တာ မရှိတော့ပါဘူး။ ဒါကြောင့် တရားစီရင်ရေး တိမ်းစောင်းနေတယ် ဆိုတဲ့ အဆိုဟာ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ အပိုဒ် ၁၅၈ (ခ) နဲ့ဆန့်ကျင်နေပါကြောင်းနဲ့ နည်းဥပဒေနဲ့ မညီညွတ် တဲ့အဆိုဖြစ်တာကြောင့် ကန့်ကွက်ရခြင်းဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။ ဥက္ကဋ္ဌကြီးနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များခင်ဗျား ဤနည်းဥပဒေပါ ပြဋ္ဌာန်းချက်များကို အလေးအနက် ထားပြီးတော့ လေးစားလိုက်နာပေးပါရန် လေးစားစွာ တင်ပြအပ်ပါတယ် ခင်ဗျား” ဟု ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ထည့်သွင်း ပြောကြားခဲ့ သည်ဟု အလဲဗင်းမီဒီယာ သတင်းကဖေါ်ပြထားသည်။

ထိုသို့ ပြောကြားမှုနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က “ဒီအဆိုဟာ Check and Balance အရ အပြန်အလှန် ထိန်းကျောင်းခြင်းမူအရ ကိုယ်စားလှယ်က တင်သွင်းတဲ့အဆို ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် အာဏာကြီးသုံးရပ်မှာ ဥပဒေပြုရေး အာဏာအနေနဲ့ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေး အာဏာတို့ကို Parliamentary Oversight လုပ်လို့ရပါတယ်။ ဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၁ (က) က ပေးအပ်ထားတဲ့ အာဏာပါ။ ဒါတစ်ခု။ နောက်တစ်ခုက ဆွေးနွေးတဲ့အထဲမှာ ဒီအဆိုဟာ အဆိုရဲ့စည်းကမ်းချက်တွေ၊ ကန့်သတ်ချက်တွေနဲ့ ဆန့်ကျင်တယ်လို့ ဆွေးနွေးသွားတာ ကြားလိုက်ရပါတယ်။ ဒီအဆိုဟာ အဆိုရဲ့ စည်းကမ်းချက်တွေ၊ ကန့်သတ်ချက်တွေနဲ့ ညီညွတ်လို့ လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုတဲ့အဆို ဖြစ်ပါတယ်။ ဒါကြောင့်မို့ ခုနက Separation of Power မှာ ဥပဒေပြုရေး အာဏာကို တော့ တရားစီရင်ရေး အာဏာက အဲဒီလို ဝင်ရောက်စွက်ဖက်မှုမျိုး မဖြစ်သင့်ပါဘူး။ ဒါကျွန်တော် ရိုးရိုးရှင်းရှင်းပဲ ပြောပါ မယ်။ နောက်တစ်ခု ကိုယ်စားလှယ်တွေ ဆွေးနွေးတယ်။ ကိုယ်စားလှယ်တွေက ဆွေးနွေးပိုင်ခွင့်အရ ဆွေးနွေးတယ်။ ဆွေးနွေးပိုင်ခွင့်အရ ဆွေးနွေးတာကို တရားရုံး မထီမဲ့မြင်ပြုတယ်လို့လည်း စွပ်စွဲလို့မသင့်ပါဘူး။ ဒါ ပြည်ထောင်စု တရား လွှတ်တော်ချုပ် အနေနဲ့ အလေးအနက် သတိပြုစေလိုပါတယ်” ဟု တုံ့ပြန်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုကို စက်ခလုတ် အသုံးပြု မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၂၈၆ မဲ၊ ကန့်ကွက်မဲ ၄ မဲ၊ ကြားနေ ၆၁ မဲဖြင့် ထောက်ခံသူ များ၍ တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေမှုအား ပြန်လည်တည့်မတ်နိုင်ရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် သို့  တိုက်တွန်းသည့် အဆိုအား အတည်ပြုကြောင်း လွှတ်တော်က ကြေညာခဲ့သည်ဟု အစိုးရသတင်းစာကဖေါ်ပြခဲ့သည်။

နိုင်ငံတစ်နိုင်ငံ၏ စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်ရေးအတွက် တရားစီရင်ရေးအာဏာပိုင်ဆိုင်သည့် တရားရုံးများ တောင့်တင်းခိုင်မာ ရန်လိုသည်။ တရားစီရင်ရေးမဏ္ဍိုင် ယိုယွင်းလျှင် နိုင်ငံ ဘက်ပေါင်းစုံ ချွတ်ခြုံကျကာ ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်ရတတ် သည်။ လွန်ခဲ့သော နှစ် ၅ဝ ကျော် မြန်မာနိုင်ငံအခြေအနေကို ပြန်လည်သုံးသပ်ကြည့်လျှင် စီးပွားရေးတင်မက အားကစား ကဏ္ဍပါ အောက်တန်း နောက်တန်း ရောက်ခဲ့ရသည်မှာ အစိုးရ၏ တရားစီရင်ရေးနှင့်တကွ စာရိတ္တမဏ္ဍိုင်ယိုယွင်း၍ ဖြစ် သည်။  အဂတိလိုက်စားမှု အခြေအနေများကို စောင့်ကြည့်လျှက်ရှိသော Transparency International အဖွဲ့၏ ၂ဝ၁၅ ခုနှစ် အစီရင်ခံစာ အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၆၈ နိုင်ငံအနက် မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု အဆင့် ၁၄၇ တွင် ရှိသည်။ အာဆီယံအဆင့်၌ပင် မြန်မာနိုင်ငံ၏ နောက်တွင် ကမ္ဘောဒီးယားနိုင်ငံသာရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ဘက်ပေါင်းစုံ ဖွံ့ဖြိုးမှု နိမ့်ကျ ဆင်းရဲမွဲတေရသည့် အဓိကအချက်များထဲတွင် တရားစီရင်ရေးအပါအဝင် အစိုးရယန္တရားအတွင်း အဂတိ လိုက်စားမှု အကျင့်ပျက်ခြစားမှုသည် အဆိုးဆုံးကိစ္စဟု ဆိုနိုင်သည်။

ဥပမာတစ်ခုမှာ ဇန္နဝါရီ (၁၁)ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် တရားသူကြီး ဒေါ်အဉ္ဇလီမြရှိန်သည် တရားခံဘက်မှ လာဘ် ငွေ ရယူမှု ပေါ်ပေါက်ခဲ့သောကြောင့် တရားစွဲဆိုလိုက်ကြောင်း သတင်းကို တွေ့လိုက်ရသည်။ ဒေါ်အဉ္ဇလီမြရှိန်က ယစ်မျိုး ဥပဒေအရ တရားစွဲခံရသူများအနက် သူ့အား လာဘ်ငွေမပေးသူများကို ထောင်ဒဏ် ချမှတ်ပြီး လာဘ်ငွေပေးသူများကို ငွေဒဏ်သာ ချမှတ်ခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် ၎င်း တရားသူကြီးကို အရေးယူပေးရန် တိုင်ကြားလာသဖြင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က အဂတိလိုက်စားမှု ဥပဒေ ပုဒ် ၂၁ (ဂ) (၃) အရ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်းခဲ့ကြောင်း သတင်းကဆိုသည်။ တိုင်ကြားစာအရ စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ရာတွင် ယစ်မျိုးဥပဒေ ပုဒ်မ ၃ဝ (က) အမှုမှာ  အမှုပြီးပြတ်ရေး အတွက်ဟုဆိုကာ၊ အမှုလိုက်ပါ ဆောင်ရွက်သူ အထက်တန်းရှေ့နေ ကတဆင့် ငွေ ၅ သိန်း တောင်းခဲ့ကြောင်း၊ တရားခံအပေါ် သက်ညှာစွာ စဉ်းစားပေးရေးအတွက်လည်း တရားခံ၏ ဇနီးဖြစ်သူထံမှ ငွေ ၅ သိန်း လက်ခံရယူခဲ့ကြောင်း၊ ထို့ကြောင့် လုပ်ပိုင်ခွင့် အာဏာရှိသူတဦး အနေဖြင့် ရာထူး တာဝန်ကို အလွဲသုံးစားပြု၍ လာဘ်ငွေရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ကြေးမုံသတင်းစာ၌ သတင်းဖေါ်ပြခဲ့သည်ကို တွေ့ရသည်။

 အဂတိလိုက်စားမှုဖြစ်လာခဲ့လျှင် ရာထူးကြီးငယ်မရွေး ဆင်းရဲချမ်းသာမရွေး မည်သူ့ကိုမျှ သည်းခံခွင့်လွှတ်ရမည် မဟုတ် ပေ။ လာဘ်ပေးလာဘ်ယူမှုများ ရှိနေသောကြောင့် အာဏာအလွဲသုံး ကိုယ်ကျိုးရှာမှုများ ပေါ်ပေါက်နေရခြင်းဖြစ်သည်။  ပြည်သူ့ အကျိုးစီးပွါးကို မျက်ကွယ်ပြု၊ ကိုယ်ကျိုးစီးပွါးကို ရှေ့တန်းတင်၍ အစိုးရလုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို အဂတိ လိုက်စားချမှတ်ခဲ့သဖြင့် တိုင်းပြည် ဘက်ပေါင်းစုံမှာ ဆုံးရှုံးနစ်နာခဲ့ရခြင်းဖြစ်သည်။ အဂတိလိုက်စားမှုများအနက်  အဓိက တိုက်ဖျက်ရမည်မှာ တရားရုံးများ၏ အဂတိလိုက်စားမှုဖြစ်သည်။ တရားစီရင်ရေးကဏ္ဍတွင် အဂတိလိုက်စားမှု ထူပျောပါက တရားဥပဒေစိုးမိုးရေး ပျက်သုဉ်းပေလိမ့်မည်။ ထို့ကြောင့် “တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေမှုအား ပြန်လည် တည့်မတ်နိုင်ရေးအတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ တိုက်တွန်းကြောင်း” အဆိုကို ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေး က တင်သွင်းခဲ့ပြီး ၎င်း အဆို အပေါ် လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦးက ထောက်ခံ အကြံပြု ဆွေးနွေးခဲ့ကြ ကြောင်း သတင်းများအရ သိရသည်။ နိုင်ငံတော်၏ စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်ရေးအတွက် ကြိုဆိုထောက်ခံသင့်သည့် အဆိုဖြစ်သဖြင့် ဥပဒေပြုလွှတ်တော်အဆင့်ဆင့်က ဆက်လက် ထောက်ခံ အတည်ပြုပေးကြဖို့လိုပါသည်။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့များလည်း နိုင်ငံတကာစံများနှင့်အညီ စနစ်တကျ ဖွဲ့စည်း၍ မျက်နှာကြီးငယ် မလိုက်ဘဲ အရေးယူနိုင်ရန် တိကျခိုင်မာသော ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်ကြချိန် ရောက်ပေပြီ။ ပြည်သူ့ ဝန်ထမ်းများဖြစ်ကြသော အစိုးရအရာရှိများအတွက် စည်းမျဉ်း စည်းကမ်းများ စနစ်တကျ သတ်မှတ်ကာ လာဘ်ပေးလာဘ်ယူမှု လျော့နည်း ပပျောက်ရေး ဆောင်ရွက်ကြရန်လိုပါသည်။ အဂတိလိုက်စားမှုဆိုသည်မှာ လူ့အဖွဲ့အစည်း အတွင်း တနည်းမဟုတ် တနည်းဖြင့် ဆက်လက် တည်ရှိနေတတ်သောကြောင့် အစိုးရအဖွဲ့အသီးသီးနှင့် လွှတ်တော်အသီးသီးတို့က အမြဲမပြတ် နိုးနိုးကြားကြား သတိရှိရှိ တိုက်ဖျက်ရန် စီစဉ်မှသာ  နိုင်ငံတော်ကို ဘက်စုံတိုးတက်စေရန် အထောက်အကူ ဖြစ်လိမ့်မည်ဟု ယူဆပါသည်။