မြေ (စက်မှု) - ဥဒါန်းမကြေည


 
မြေ (စက်မှု) - ဥဒါန်းမကြေည
 
 
(မတ်လ ၁၃၊ ၁၉၈၉၊ စက်မှုအားမာန်စာစောင်၊ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားသမဂ္ဂ)
 
မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့၊ ဖုန်းမော်နေ့ - နှစ်ပတ်လည်  ၂၈ နှစ်မြောက်အဖြစ် ပြန်လည် ဖော်ပြသည်
 
(၁)
ညပေါင်းများစွာ
ကဗျာ ဖြစ်ခဲ့
ခုညတော့ မတူဘူးလေ။
(၂)
ကောင်းကင်မှာလေ
နီရဲကြယ်တွေ
ဆူပွက်နေကြ
တခိျု့ကြွေကျ
တခိျု့ကြေမွ
ရက်စက်လှစွာ
ဒါ ... ...
တကယ်ဖြစ်ခဲ့တယ်။
မတ်
၁၃ ရက်နေ့ည
ထာဝရရှင်သန်ဖို့
သွေးစက်တို့နဲ့ စုတ်ချက်တင်
ကျောင်းရင်ပြင်မှာ
သမိုင်းခြေရာချန်ခဲ့
ဒါ ... ...
တကယ်ဖြစ်ခဲ့တယ်။
ရဲဘော် ဖုန်းမော်
ရဲဘော် စိုးနိုင်
ရဲဘော်မြင့်ဦး
ကျည်ဖူးတိုးဝှေ့
မိစ္ဆာတို့ရဲ့ ဓလေ့ဟာ
စက်မှုတက္ကသိုလ်ရှေ့မှာ
အစပြုခဲ့ရာ
... ... ... ... ... ...
ဒါ ... ...
တကယ်ဖြစ်ခဲ့တယ်။
(၃)
ကမ္ဘာတည်သရွေ့
ဥဒါန်းမကြေ နေ့တစ်နေ့
တငွေ့ငွေ့ရှင်သန်ဖို့
အဓိဌာန်ပြုကြ
ညတစ်ည
လရောင်စိမ်းမြ
သမိုင်းတံခါးဝ
ကျစ်လစ်စုရုံးစ
ညတစ်ည
စားသောက်ဆိုင်တန်း
လမ်းနှစ်လမ်းကြား
ပြတ်သားညီညာ
ရင်ခုန်ပါတယ်။
အသက်ရှင် ရပ်တည်နိုင်မှုအား
တသားတည်းဖြစ်ခြင်းမှာ
အခြေခံတယ်ဆိုတာ
နားလည်စွာ ကျောချင်းကပ်
ကြားမလပ်စွာ အသက်ရှူကြပါတယ်၊
လူသတ်သမားတွေအလယ်
အဘယ်ကျောင်းသား
သီးခြားနေရဲပါ့မလဲ။
မိဝေးဖဝေး
ကျောင်းသားလေးတွေ
ဝေဒနာတစ်လမ်းသွား
စခန်းများ ပျောက်
လမ်းများပျောက်နဲ့
အသေခံတပ်ဖွဲ့လေး ဖွဲ့
ဒီလိုမှ … မလုပ်ခဲ့ရင်
ဘယ်သူ ဝင်ကယ်တင်မှာတဲ့လဲ
သွေးစွန်းတဲ့လက်
သက်သတ်ဖို့ ဝန်မလေးတဲ့
သူတို့လေးတွေ အသက်ဘေး
ကင်းဝေးရာ ကင်းဝေးကြောင်း
လမ်းကြောင်းတစ်ခုပေါ် ရပ်
တည့်မတ်ဖို့ ကြိုးစားရင်း
သေတွင်းကို တိုးဖို့
ရဲရင့်လို့ လာခဲ့ကြတယ်။
(၄)
ကျနော် ဦးဆောင်ပါ့မယ်
တကယ်လို့ ကျနော်သေရင်
အသက်ရှင် ကျန်သူတွေ
ကျနော့်နေရာ ဝင်ရောက်ကြပါ၊
ကျောင်းသား သုံးဦး
အသေခံတပ်ဦးမှာ ဦးဆောင်ပါ့မယ်၊
စစ်အစိုးရဟာ
မိစ္ဆာတပ်မဟာနဲ့
ပြည်သူတို့ရဲ့ ရင်သွေးကို
မျက်နှာလို မျက်နှာရ
သတ်ခဲ့ကြပြီ၊
ဒီအချိန်မှာ ကျနော်တို့ဘာလုပ်ကြမလဲ
တောင်းဆိုချက်တွေထဲမှာ
သူတို့ လိုက်လျောနိုင်တာ ဘာရှိသလဲ၊
ဖက်ဆစ်ပါတီဟာ
မေတ္တာကို နားမလည်
အာဏာကို ကျည်နဲ့ဝယ်
ကမ္ဘာအလယ်မှာ
အရှက်မဲ့စွာ
ကျောင်းသားဟာ
လူထု ရန်သူပါ ... တဲ့၊
အသံကြောင်နဲ့ ဟစ်
ညစ်ပတ်တဲ့ သတင်းလွှင့်မှု
လူထုသိတဲ့အခါ
ရွံရှာလာပါလိမ့်မယ်။
ဒါတွေဟာ
အဲဒီညမှာ ဟစ်ကြွေးတဲ့
ရာဇဝင်တွင်မယ့် တေးတွေပဲ။
(၅)
သွေးစွန်းအင်္ကျီ
ကျည်
မျက်ရည်ယိုဗုံး
အားလုံးသက်သေ
သူတို့ဆီမှာ ရှိတယ်
ဓာတ်ပုံမှတ်တမ်း ပြုခဲ့တယ်၊
နှလုံးသားနဲ့ သွန်းထုခဲ့တယ်၊
‘ထိမ်ဝှက်မရတဲ့ သမိုင်း
တော်လှန်ရေးလှိုင်းပေါ် တင်မယ်’ ... တဲ့။
(၆)
စက်မှုတက္ကသိုလ်
ပင်မ တက္ကသိုလ်
လှိုင်နယ်မြေ
ဗိုလ်တထောင်နယ်မြေ
... ... ... ... ... ...
အထက်တန်းကျောင်းသားတွေ
ရေတွေစီးဆင်း
ပေါင်းဆုံခြင်းမှာ
တိုက်စားမှုတွေ ပါတယ်။
နယ်ပေါင်းများစွာ
ကျောင်းပေါင်းများစွာ
ရင်နာတေးဆို
မျက်ရည်ယိုကြ
မိဘ မောင်ဖွား
သွေးသားများလည်း
ကြေကွဲဆူပွက်
လှိုင်းဂယက်ထ
လောင်းကျွမ်းကြရ
ထိန်းမရတဲ့ ကာလ
မီးတစ်စပဲ လိုတော့တယ်။
(၇)
တပ်ဘယ်လောက်စွဲစွဲ
ရဲဆေးဘယ်လောက်တင်တင်
မကြာခင် သိကြရလိမ့်မယ်
တပ်သားတစ်ဦးဟာ
ပညာသင်ဆဲ ညီ ညီမအတွက်
ရက်စက်တတ်ပါကလား
ဟို ရှေ့နားမှာ
ခင်ဗျားတို့ ညီ ညီမတွေ
ချီတက်နေကြတယ်၊
မျက်ရည်လည်ရွဲ ကြေကွဲနေကြတယ်၊
ခင်ဗျားတို့ သေနတ်အောက်
အသက်ပျောက်နေကြတယ်။
ဘယ်မှာလဲ တပ်
ဘယ်မှာလဲ သေနတ်
စိတ်ဓာတ်ချိုးနှိမ်
အာဏာအိမ်မှာ
ခင်ဗျားတို့ သတ်စရာ
ခန္ထာကိုယ် ပင်ခွဲ
ခင်ဗျားတို့ သွေးသားတွေပဲ ရှိတယ်။
ဗမာပြည်သတင်း
လေကို ထွင်းဖောက်
ကမ္ဘာက သိလောက်ပြီ
ညသည် ဟစ်ကြွေး
မွတ်သိပ်တေးနဲ့
တော်လှန်ရေးကို တောင်းဆိုပြီ။
(၈)
ရဲဘော် ဖုန်းမော်
ရဲဘော် စိုးနိုင်
ရဲဘော် မြင့်ဦး
... ... ... ... ... ...
... ... ... ... ... ...
... ... ... ... ... ...
ကျည်ဖူးတိုးဝှေ့
မိစ္ဆာတို့ရဲ့ ဓလေ့ဟာ
စက်မှုတက္ကသိုလ်ရှေ့မှာ
အစ ပျိုးခဲ့ရာ ... ...
... ... ... ... ... ...
... ... ... ... ... ...
ဒါ
တကယ်ဖြစ်ခဲ့တယ်။
(၉)
ညပေါင်းများစွာ
ကဗျာဖြစ်ခဲ့ ...
ခု ညနဲ့တော့ မတူဘူးလေ။   ။
(၁၉၈၈ မတ်လ ၁၃ ရက်နေ့သို့)

 
(သရုပ်ဖော် - ကိုမြိုး၊ ၁၉၈၉၊ မတ်၊ ၁၃၊ စက်မှုအားမာန်စာစောင်၊ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားသမဂ္ဂ)