ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၁၁)


မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၁၁)
(မိုးမခ) မတ် ၅၊ ၂၀၁၇

● မှိုင်းရာပြည့်
မိမိပုန်းကောင်းနေဆဲ ၁၉၇၆ မတ်လ ၂၃ ရက်နေ့တွင် မှိုင်းရာပြည့်အရေးတော်ပုံဖြစ်သည်။ မဖြစ်ခင်ကထဲက ထိုနေ့ထိုရက်တွင် ဖြစ်တော့မည်ဟု ကြိုသိနေသော အရေးအခင်းဖြစ်သည်။ မဆလအစိုးရကြိုတင်ကာကွယ်နိုင်ရန်အောင် ကြိုးစားခဲ့သော်လည်း ဖြစ်ဖြစ်အောင်ကို ဖြစ်ခဲ့သည်ဟု ဆိုရပါမည်။ ထိုအရေးတော်ပုံတွင် ဆလိုင်တင်မောင်ဦး တကျော့ပြန်ပေါ်လာသည်။ RIT မှ ကျောင်းသား ၃ ယောက် ကျောင်းသားဆိုးအဖြစ် အကြေညာခံရသည်။ ကိုတင်အေးကြူ (မန္တလေး)၊ ကိုဝင်းမင်းထွေး (နောင် တေးရေးဆရာဖြစ်လာသူ) နှင့် နောက်တဦးဖြစ်ကြသည်။ ယနေ့ကာလကဲ့သို့ အကြမ်းဖက်ဝေါဟာရခေတ်စားနေပါက ထို သူများသည် အကြမ်းဖက်သမားများအဖြစ် ကြေညာခံရနိုင်သည်။

ကျောင်းသား ကျောင်းသားများကား တဗိုလ်ကျတဗိုလ်တက် မဆလစစ်အစိုးရကို ဆက်လက်အံတုနေဆဲဖြစ်သည်။ သတင်း စာထဲတွင် ဘွဲနှင်းသဘင်ခန်းမ သံဘာဂျာတံခါးအား တုတ်နှင့်ထောက်၍ ဆွဲလှန်ထားသည်ပုံကို တွေ့ရသည်။ မိမိတို့တုန်း ကလို အစောင့်က အသာတကြည်ဖွင့်ပေးပုံမရ။ သော့ပိတ်ထားပြီး အစောင့်ကို ရှောင်ခိုင်းထားပုံရသည်။ ထိုဘွဲ့နှင်းသဘင် ခန်းမအား စစ်ဆေးနေသော ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသူရတင်ဦးအား သတင်းဓါတ်ပုံတွင် တွေ့ရသည်။ သို့သော်များမကြာမှီ ဗိုလ်တင်ဦးလည်း နိုင်ငံတော်လုပ်ကြံမှုတွင်ပါဝင်မှုနှင့် ထောင်ထဲရောက်သည်။

ထိုစဉ်က အဆိုတော် တင်တင်မြ၏ ရေပန်းစားနေသောသီချင်းတပုဒ်ရှိသည်။ "အချစ်ဦးရေ သောကဟူသမျှ အတူတကွ မျှ ခံစားဝေ အသဲနှလုံးက ဒီလောက်ချစ်ကြ" ဟူ၍ ဖြစ်သည်။ ထိုသီချင်းကို ထောင်ထဲရောက်ကျောင်းသားရဲဘော်များက " တင်ဦးရေ သောကဟူသမျှ အတူတကွ မျှခံစားဝေ အသဲနှလုံးက ဒီလောက်ချစ်ကြ" ဟူ၍ စာသားပြောင်းဆိုကြသည်ဟု ကြားရသည်။

ကျောင်းသားများ၏ လှုပ်ရှားမှု များကား ၁၉၇၄ /၁၉၇၅/၁၉၇၆ တွင်ဆက်တိုက်ဖြစ်နေသည်။ သို့ပေမဲ့ ထိုကာလကျောင်းသား လှုပ်ရှားမှုများအား လူထုက ထောက်ခံကြ တတ်အားသမျှ ပူးပေါင်းပါဝင်ကြသော်လည်း အင်နှင့်အားနှင့် ပူးပေါင်းပါဝင်နိုင်ကြ ခြင်းမရှိသေး ပါဝင်နိုင်ကြသည့် အခြေအနေမျိုးမပေါ်ပေါက်သေးဟု ဆိုရပါမည်။ သို့ပေမဲ့ စစ်အစိုးရဆန့်ကျင်ကြသည့်မျိုး ဆက်တဆက်တော့ ထွက်ပေါ်လာသည် ဆိုရပါမည်။

မှိုင်းရာပြည့်ကြောင့် မိမိကား ပျော်လည်းပျော် မပျော်လည်း မပျော်နိုင်ဟုဆိုရမည်။ မိမိအရှေ့မြောက်သို့သွားနိုင်ရန် စီစဉ်မှု များသည် မှိုင်းရာပြည့်လှုပ်ရှားမှု မတိုင်မှီနှင့်လှုပ်ရှားမှုအပြီး ထောက်လှမ်းရေး၏ စောင့်ကြည့်ဖမ်းဆီးမှုများကြောင့် နောက် ဆုတ်ရပြန်သည်။ မိမိနှင့် ပတ်သက်ဆက်နွယ်နေသူများသည် အဆိုပါ မှိုင်းရာပြည့်နှင့် ဆက်စပ်လှုပ်ရှားနေကြသည် မဟုတ် ပါလော။ သို့နှင့် အိမ်ပေါ်ထပ်အခန်းငယ်တွင်လဲလျောင်းရင်း စာဖတ်ရင်း လမ်းလျောက်ရင်း စိတ်ဓါတ်ခွန်အား မွေးလျက်နှင့် မျှော်လင့်မထားသော အခြေအနေဆိုးများအတွက်လည်းပြင်ဆင်ရင်း အံတင်း၍သာ နေရပေတော့သည်။ ထိုအခြေအနေ အောက်တွင် လွတ်လပ်ပေါ့ပါးစွာနေခဲ့ရသော မော်တိတ်ရွာလေးအား အတော်လွမ်းမိပေတော့သည်။

● မန္တလေးသို့
သို့နှင့် ပုသိမ်အိမ်ပေါ်ထပ်တွင် ပုန်းအောင်းနေခဲ့သည်မှာ ၄ လခန့်ကြာမြင်ခဲ့ပြီးသကာလ ခရီးထွက်ဖို့ဖြစ်လာသည်။ ဒီတခါက တော့ မန္တလေးသို့ဖြစ်ပြီး မန္တလေးမှရဲဘော်များမှ တာဝန်ယူပြီး အရှေ့မြောက်သို့ပို့ပေးမည်ဟု သိရသည်။ မန္တလေးသို့ ထွက်ခါနီးတွင် မိမိထံသို့တိကျသော ဆက်သွယ်မှုတခုပေးပို့လာသည်။ မိမိမန္တလေးအရောက်သွားရမည့်ရက် မန္တလေးမှဆက် သွယ်မည့်သူနှင့် တွေ့ရမည့်ဆိုင် တွေ့ရမည့်အချိန် သွားတွေ့စဉ် မိမိအား တဖက်မှချက်ခြင်းသိနိုင်စေရန် ဝတ်ရမည့် အဝတ် အစား လက်ထဲကိုင်သွားရမည့်စာအုပ်မှစပြီး တစ်ကျပ်တန် ငွေစက္ကူတပိုင်းပါ ပေးပို့လာသည်။ မိမိအားလာရောက်ဆက်သွယ် မည့်သူထံတွင် ကျန်တပိုင်းရှိလိမ့်မည်။ တပိုင်းစီတွင်ရှိသောတူညီသည့် ငွေစက္ကူနံပါတ်ဖြင့် မလွဲချော်အောင် စီစဉ်ပေးခဲ့ကြ ပါသည်။

နောက်မှပြန်သိရသည်မှာ ကိုအောင်မေသုက ထိုစဉ် ရန်ကုန် ယူဂျီအားတာဝန်ယူဆောင်ရွက်နေသည့် ကိုးကိုးကျွန်းပြန် ကို ထွန်းအောင်ကျော်ခေါ် လိပ်ကလေး (ကွယ်လွန်) နှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ ကိုထွန်းအောင်ကျော်တို့ မြေအောက်လှုပ်ရှားသူများလည်း အရှေ့မြောက်နှင့် အဆက်အသွယ်ရခဲ့ပေပြီ။ အခိုင်အမာ မန္တလေးနှင့်ချိတ်ဆက်ရန် စီစဉ် ပေးသူကတော့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏သားဖြစ်သူ ကိုကျော်ဇောဦး (ကွယ်လွန်) ဖြစ်သည်ဟု ပြန်လည်သိရသည်။ သို့နှင့် ပုသိမ်အိမ်တွင်းပုန်းဘဝမှ လွတ်မြောက်ခဲ့ပေတော့သည်။

မန္တလေး၌ မိမိနှင့်ချိန်းဆိုထားသည့်ဆိုင်ကား ဒန်ပေါက်ဆိုင်ဖြစ်သည်။ သတ်မှတ်ပေးထားသည့် ထိုလထုတ် ရှုမဝမဂ္ဂဇင်း တအုပ်ကိုင်၍ဝင်သွားသောမိမိအား မန္တလေးကမှ ဆက်သွယ်မည့်သူက ချက်ခြင်းဆိုသလို လာရောက်နှုတ်ဆက်ပြီး စားပွဲ ဝိုင်းတဝိုင်းသို့ သွားထိုင်လိုက်ကြသည်။ မိမိပုံပန်းသဏ္ဌာန်အားလည်း ရန်ကုန်မှ လှမ်းပြောထားပုံရသည်။ သို့နှင့် မိမိလည်း မိမိအားအရှေ့မြောက်ပို့ပေးမည့် မန္တလေးယူဂျီမှလူနှင့် ချိတ်ဆက်မိတော့သည်။ နောင်မှသိရသည်မှာ ထိုသူကား မန္တလေး မြေအောက်တာဝန်ခံ ခင်မောင်သိန်းဖြစ်ပေတော့သည်။

● စိန်ကြယ်သီးကျောင်းတိုက်
မန္တလေး မဟာမြတ်မုနိဘုရားကြီးအနောက်မုခ်၌ ရွှေရေးဆောင်ကျောင်းတိုက်ကြီးရှိသည်။ ပင်မကျောင်းတိုက်ကြီးဖြစ်သည်။ မန္တလေးဘုန်းကြီးကျောင်းတိုက်ကြီးများ၏ ထုံးစံအတိုင်း ပင်မတိုက်ကြီးအားဝိုင်းရံ၍ကျောင်းတိုက်ငယ်များရှိသည်။ အုပ်ချုပ် မှုကတော့ ပင်မကျောင်းတိုက်ဆရာတော်၏လက်အောက်တွင် ရှိသည်။ စိန်ကြယ်သီးကျောင်းတိုက်ကား ရွှေရေးဆောင် ကျောင်းတိုက်၏ အနောက်ဖက်ခြမ်း စစ်ကိုင်းလမ်းနှင့် ကပ်ရက်တွင်ရှိသည်။ ခင်မောင်သိန်း၏စီစဉ်ပေးမှုနှင့် နောက်တနေ့ တွင် မိမိလည်းစိန်ကြယ်သီးကျောင်းတိုက်သို့ ရောက်သည်။ စိန်ကြယ်သီးကျောင်းတိုက်တွင် မိမိအား တာဝန်ယူထားပေးသူက မောင်ဝင်းဟု ခေါ်သည်။

မောင်ဝင်းကား မိမိနှင့်မတိမ်းမယိမ်း လူငယ်တဦးဖြစ်သည်။ စိန်ကြယ်သီးကျောင်တိုက်၏ အုတ်တံတိုင်းအပြင်ဘက် စစ်ကိုင်း လမ်းဘေးရှိ မန်ကျည်းပင်အောက်တွင် မြင်းသံခွာရိုက်၍ အသက်မွေးဝမ်းကျောင်းပြု သူဖြစ်သည်။ မောင်ဝင်းက ထိုဘုန်းကြီး ကျောင်းနှင့် ရင်းနှီးသူဖြစ်ရာ မိမိသည်ရွှေဘိုဘက်တွင် ကျောင်းဆရာလုပ်ရာမှ အိမ်အပြန် မန္တလေးတွင်ဝင်ရောက်လည်ပတ်တည်းခိုသည်ဟူသောအကြောင်းပြချက်ပေးပြီး ဘုန်းကြီးထံတွင် တည်းခိုခွင့်တောင်းပေးထားသည်။

ထိုစဉ်ကထဲက မန္တလေးဘုန်းကြီးကျောင်းများတွင် ဘုရားဖူးများရော အရောင်းအဝယ်လုပ်သူများရော ခရီးသွားများရော တည်းခိုလေ့ရှိကြသည်ကို တွေ့ရသည်။ ကျယ်ဝန်းသောဘုန်းကြီးကျောင်းကြီးများသည် ခရီးသွားများအတွက် စားရိတ်သက် သာသော မြန်မာဓလေ့ တည်းခိုဆောင်များလည်းဖြစ်နေတော့သည်။ မိမိရောက်ရှိနေစဉ် ရွှေရေးဆောင်တိုက်ဝင်းအတွင်း ရှိ ကျောင်းတိုက်တိုင်းလိုလို၌ တည်းခိုသူများရှိကြသည်။

ကျောင်းတိုက်တိုင်းလိုလိုတွင် စာသင်သား ဦးဇင်းငယ်များရှိကြသည်။ ထိုထဲတွင် နာရီပြင်သင်နေသည့် ကိုယ်တော်လည်း တွေ့ရသည်။ ရေဒီယိုပြင်သင်နေသည့်ကိုယ်တော်လည်းတွေ့ရသည်။ ပရိယတ္တိ ပရိပတ္တိ လုပ်ရမည့်ကိုယ်တော်များက အ ဘယ်ကြောင့် ဤကိစ္စများကိုလုပ်နေရသနည်း မိမိသဘောပေါက်နိုင်ခဲ့ပါ။ မန္တလေးသား မိတ်ဆွေတဦးကရှင်းပြသည်။ " ကျနော်တို့ မန္တလေးဘုန်းကြီးကျောင်းတိုင်းလိုလိုမှာ အညာကျေးလက်က စာသင်သားဦးဇင်းတွေရှိတယ်ဗျ၊ အဲဒီထဲမှာ ခင် ဗျားတွေ့သလို အတတ်ပညာတခုခု လာသင်နေတဲ့သူတွေရှိတာ အမှန်ဘဲ။ ကျနော် အညာကျေးလက်တွေက ဆင်းရဲတယ်ဗျ။ ကိုယ်ဘာသာကိုယ် မြို့တက်လာပြီး အသက်မွေးဝမ်းကျောင်းတခုခု လာသင်ကြဖို့ မတတ်နိုင်ကြသူတွေက များတယ်။ အခု ခင်ဗျားတွေ့တဲ့အတိုင်းဘဲ ပဇင်းတက်ပြီး ဆွမ်းလည်းခံ စာဝါလဲလိုက် အတတ်ပညာလည်း သင်ရတာ။ ဒါကြောင့်လဲ မန္တလေး စာသင်တိုက်တွေမှာ စာသင်သားများနေတာပေါ့။ ဒါက ကျနော်တို့ လူမှုဘဝ ဘုန်းတော်ကြီးကျောင်းတွေက ဘာသာရေး ယုံကြည်ကိုးကွယ်မှုသာမက ကျေးလက်ကမတတ်နိုင်သူတွေ အသက်မွေးဝမ်းကျောင်းပညာသင်လိုတဲ့သူတွေကို တဖက်တ လမ်း အထောက်အကူပေးနေတာလို့ ဆိုရမှာပေါ့။ တသက်လုံး ဘုန်းကြီးဝတ်ပြီးဘာသာရေးမှာ နှစ်မြှုပ်သွားသူတွေရှိသလို အသက်မွေးဝမ်းကျောင်းပညာသင်ပြီး မြို့ပေါ်ရပ်တည်သွားနိုင်သူတွေလည်း ပေါ်လာတာပေါ့။ တဖက်တလမ်းကလည်း ဒီလူတွေကလည်း သူတို့အဆင်ပြေရင်ပြေသလို ဘုန်းကြီးကျောင်းတွေကိုပြန်လှူကြ ပြန်ပံ့ပိုးကြတာပေါ့။ ဒါ ကျနော်တို့ ဗမာလူမှုဘဝ အထူးသဖြင့် ဆင်းရဲတဲ့ကျေးလက်ဒေသတွေမှာ ဘုန်းတော်ကြီးကျောင်းတွေဟာ ဘာသာရေးကိုးကွယ် ယုံကြည်မှု ရှေ့ဆောင်ရုံတင်မကဘူး ကျေးလက်လူမှုကိုလည်း အပြန်အလှန် ပံ့ပိုးပေးနေတာကိုပြတာဘဲ" ဟု ဆိုပါသည်။ ဘာသာရေးနှင့် လူမှုဘဝတို့ယှက်နွယ်၍ အပြန်အလှန်ပံ့ပိုးပတ်သက်နေသည်ကို ထိတွေ့သဘောပေါက်ခဲ့ရသည်ဟု ဆိုရ မည်။

ဘုန်ကြီးကျောင်းဘေးတွင် မြင်းခွာရိုက်နေသော မောင်ဝင်းကတော့ အားလျင်အားသလို လာ၍ မိမိစားသောက်ရေးကိစ္စလာ၍ စီစဉ်ပေးသလို စကားစမြည်လည်း လာပြောသည်။ တခါတရံ ခင်မောင်သိန်းအိမ်မှ ဟင်းယူလာသည်။ တခါတလေတော့ ဈေးဝယ်လာပြီး သူကိုယ်တိုင်ချက်သည်။ သူမအားလျင် မိမိဝင်ချက်သည်။ အိမ်နှင့်အဆောင်တွင် ထမင်းပွဲလက်ရောက် စားလာသည့်မိမိလည်း ယခုတော့ ထမင်းချက်တတ်စပြုပေပြီ။ ပျော့တူးမနပ် တမျိုးမျိုးတော့ ကြုံရသည်။ ပျော့သည် တူး သည်က စား၍ရသေးသည် မနပ်ရင်တော့ အတော်ကသီသည်။ တခါတရံတော့ ဘုန်းကြီးကျောင်း ထမင်းကျန် ဟင်းကျန် များလွေးရသည်။

လွတ်လပ်နေရပြီဖြစ်သော်လည်း ဘုန်းကြီးကျောင်းပြင် သိပ်မထွက်ရဲသေးပေ။ မလိုအပ်ဘဲ မစွန့်စားရဲ။ ဆင်ပြောင်ကြီး အမြီး ကျမှ တစ်မှာစိုးရသေးသည်။ စာအုပ်သာအဖေါ်ပြုနေရသည်။ တခါတလေပျင်းလျင် အုတ်တံတိုင်းအပြင်ဘက် မောင်ဝင်း မြင်းခွါရိုက်နေသည်ကို လှမ်းမျှော်ကြည့်ရသည်။ ထိုစဉ်က မန္တလေးတွင် မြင်းလှည်းများ တခွပ်ခွပ်နှင့် မောင်းနှင်းနေဆဲဖြစ် သည်။ ယခုတော့ မြင်းလှည်းရော မြင်းခွာရိုက်သည့်လုပ်ငန်းရော မရှိတော့ပြီ။ ရွှေရေးဆောင် အနောက်ဖက်ပေါက် စစ်ကိုင်း လမ်းဘေး မန်ကျည်းပင်ရိပ်အောက်တွင် ရပ်ထားတတ်သည့် မြင်းလှည်းများနှင့် မြင်းခွာရိုက်သည့်လူငယ်တို့၏ပုံရိပ်များ ယနေ့မန္တလေးပုံရိပ်တို့မှ ပျောက်ကွယ်သွားပေပြီ။

မောင်ဝင်းလည်း နေ့လည်အလုပ်အားလျင် မိမိအားလာခေါ်ပြီး လဘက်ရည်ဆိုင်သွားကြသည်။ စစ်ကိုင်းလမ်းကျော်လိုက် လျင် မာလကာခြံအတွင်း ချောင်ကျကျနေရာက လူသူအထိုင်နည်းသည့် လဘက်ရည်ဆိုင်သို့ မိမိတို့သွားထိုင်လေ့ရှိသည်။ ထိုစဉ်က မန္တလေး မာလကာခြံတဝိုက် လူအနေကျဲသေးသည်ဟု ဆိုရမည်။ ကျောင်းသားဘဝက လဘက်ရည်ဆိုင်ထိုင် တတ်သောအကျင့်သည် ပြေးလွှားနေသည့် တနှစ်အတွင်း ပျောက်လုနီးပါးဖြစ်မှ ပြန်ထိုင်ရသည်။ လဘက်ရည်ဆိုင်နိုင်ငံရေးသမားအကျင့်က မပျောက်ချင်သေး။ ခပ်ပိန်ပိန် အတန်းပညာတပိုင်းတစနှင့် ကျောင်းထွက်ခဲ့ရပြီး မြင်ခွာရိုက်နေသော မောင်ဝင်းသည် ခင်မောင်သိန်းတို့ စည်းရုံးထားသည့် လူငယ်တဦးဖြစ်သည်။ နိုင်ငံရေးသဘောတရား ကြီးကြီးကျယ်ကျယ် မပြောနိုင်သော်လည်း လက်တွေ့အလုပ်ကို သေသေသပ်လုပ်နိုင်ပြီး မိမိအားတာဝန်ယူထားသည့်ကာလတွင် အတော်ဂရု စိုက်သည်ဟု ဆိုရမည်။ ယခုတော့ မရှိရှာတော့ပေ။ စောစောစီးစီးပင် ကွယ်လွန်သွားသည်ဟု ကြားရသည်။

မန္တလေးသို့ရောက်ပြီးဖြစ်သော်လည်း ချက်ခြင်းမထွက်နိုင်သေးပေ။သွားလာရန်စီစဉ်နေရဆဲဖြစ်ပုံရသည်။ ထိုတလနီးပါး အတွင်း မန္တလေး၏အပူဒဏ်ကို ကောင်းစွာခံရသည်။ ခြင်ကလည်းကိုက် ပူကလည်းပူနှင့် မင်းတုန်းမင်းအား ဘယ်လိုနေရာမျိုး များ မြို့လာတည်ထားသလဲဟူ၍ အပြစ်တင်ချင်စိတ်ပေါ်လာသည်။ သို့သော် မင်းတုန်းမင်းကလည်း "ဟကောင်ရ ဗမာပြည် အရှေ့အနောက် တောင်မြောက်ကိုဆက်သွယ်လို့ရမယ့် အလယ်ခေါင်တည့်တည့် တည်ထားတာကွ။ ဧရာဝတီမြစ်ကြောင်း ကလည်း အထက်အောက်အစုံအဆန် ကုန်သွယ်လို့ရတယ်ကွ။ ငါပုန်းလို့ကောင်းမဲ့နေရာ ရွေးတည်ထားတာမဟုတ်ဘူး။ ပူတာ ခြင်ကိုက်တာလောက်တော့ သည်းခံ" ဟုပြန်ချေပနိုင်သည်။ သို့နှင့် အောင်ကျော် ချမ်းအေး မန္တလေးဟုဆိုသော အ ရပ်၌ နေပျော်ခဲ့ရပြန်ပါသည်။

ထိုစဉ်က တရက် ကျောင်းပေါ်၌ ထိုင်နေစဉ် သိမ့်ကနဲ သိမ့်ကနဲ လှုပ်သွားသည်ကို ခံစားလိုက်ရသည်။ ငလျင်သာလှုပ် သွားပေမဲ့ မိမိခရီးစဉ်က မလှုပ်သေး။ ဘုန်းကြီးကျောင်းရောက်သည်ကလည်း နှစ်ပတ်ကျော်ခန့်ရှိပြီ။ မိမိကလည်း ကိုယ့် အကြောင်းနှင့် ကိုယ်အပြင်မထွက်သူမို့ ဘုန်းကြီးကလည်း မေးစမ်းစပြုလာပေပြီ ။ မောင်ဝင်းက မိမိအားတာဝန်ယူနိုင်ပေသည့် ဘုန်းကြီးကြည့်ကောင်းအောင်တော့ဖြင့် တခုတခု စီစဉ်ရပေအုံးတော့မည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး (Mg Mg Soe)