ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လှကျော်ဇော - မဒမ်ကျူရီ ဆီကဘာတွေလေ့လာနိုင်သလဲ


လှကျော်ဇော - မဒမ်ကျူရီ ဆီကဘာတွေလေ့လာနိုင်သလဲ
(မတ်လ(၈)ရက် နိုင်ငံတကာအမျိုးသမီးနေ့ အမှတ်တရ)
(မိုးမခ) မတ် ၉၊ ၂၀၁၇


ကျွန်မငယ်စဉ်ကတည်းက အလွန်လေးစားကြည်ညိုခဲ့တဲ့ အမျိုးသမီးသိပွံပညာရှင်တဦး ရှိခဲ့ပါတယ်။ တက္ကသိုလ်ရောက်စ ရူပဗေဒလက်တွေ့သင်တန်းတခုမှာ ဆရာတယောက် ပြောပြဘူးတဲ့ ရေဒီယိုဓာတ်ကြွ ပစ္စည်း ရေဒီယံဓာတ်ကိုစတင်တွေ့ရှိပေမဲ့ ဒါဟာ ကမ္ဘာလူသားအားလုံးက ပိုင်ဆိုင်တဲ့ပစ္စည်းဖြစ်တယ် ငါတဦးတည်းပိုင်အဖြစ် မှတ်ပုံတင်(Patent)တာ မလုပ်နိုင်ဘူး ဆိုပြီး ငွေကြေးအမြောက်အများ ရနိုင်တဲ့လမ်းကို မလိုက်ခဲ့ပဲ၊ အာလူးမီးဖုတ်စား သုတေသနလုပ်ခဲ့တဲ့သိပွံပညာရှင် မဒမ်မာရီယာကျူရီ ဆိုသူပါ။

ဒါနဲ့ သူ့အကြောင်းကို တောက်လျှောက် အခွင့်ရရင်ရသလို စိတ်ဝင်တစားလေ့လာဖတ်ရှုကြည့်မိပါတယ်။ သူ့အကြောင်းကို ဖတ်မိတိုင်း အမျိုးအမည်မသိတဲ့ စိတ်ခံစားမှုတွေ ပေါ်ပေါက်လာတတ်ပါတယ် မဒမ်ကျူရီ (၇၊၁၁၊၁၈၆၇ -  ၄၊၇၊၁၉၃၄) ဆိုသူဟာ ကမ္ဘာပေါ်မှာ အမျိုးသမီးထဲက ပထမဆုံး နိုဘယ်လ်ဆု ရသူ၊ (ရေဒီယိုဓာတ်အားရောင်ခြည် (X ray) တွေ့ရှိမှုကြောင့်)၊ သီးခြား သိပွံပညာရပ် (၂) ခုအတွက် (ရူပဗေဒနဲ့ ဓာတုဗေဒ) အတွက် နိုဘယ်ဆု (၂) ဆုရရှိတဲ့ တဦးတည်းသော သိပွံပညာရှင်ဖြစ်ပြီး ၊ပြင်သစ်ပါရီတက္ကသိုလ်ရဲ့ပထမဆုံးသော အမျိုးသမီးပါမောက္ခဖြစ်ပါတယ်။ သူမကို ၂၀ ရာစုရဲ့ အာဇာနည်သိပွံပညာရှင်ကြီးလို့လည်း သတ်မှတ်ခံရပါတယ်။ အသက်ရှင်စဉ်မှာလည်း မရည်မတွက်နိုင်တဲ့ ဆုတံဆိပ်အမျိုးမျိုး၊ ဆုကြေးငွေအများအပြား ရရှိခဲ့ပြီး၊ ကွယ်လွန်ပြီးပြန်တော့လည်း သူ့ဂုဏ်ပုဒ်အမျိုးမျိုးကို ဖေါ်ကြူးတဲ့စာစောင်စာတမ်းတွေ အထုပွတ္တိစာအုပ်အမျိုးမျိုး၊ အဲဒါတွေကို ရုပ်ရှင်တွေရိုက်နဲ့ သူ့ဘ၀ဇာတ်ကြောင်းဟာ ဘယ်တော့မှ ရိုးမသွားတဲ့ တကယ့်ဒဏ္ဍာရီပုံပြင် တရပ်လိုပါပဲ။

သူ ဒီအောင်မြင်မှုတွေရလာအောင် ဘယ်လောက်ကြိုးစားခဲ့ရတယ်။ဆိုတာကိုလေ့လာကြည့်ရအောင်ပါ။

မဒမ်ကျူရီဟာ ရုရှားအင်ပိုင်ယာလက်အောက်ခံ ပိုလန်နိုင်ငံ ၀ါဆောမြို့ကပညာတတ်မိသားစုကပါ။ ပိုလန်လွတ်မြောက်ရေးလှုပ်ရှားမှုတွေနဲ့ ဆက်စပ်တဲ့ မိသားစုဖြစ်တာကြောင့်ရော၊ အဲဒီခေတ်ရဲ့ အမျိုးသမီးများအပေါ်ထားရှိတဲ့ သဘောထားများအရရော၊ အလွန်ခက်ခဲစွာ ပညာသင်ကြားခဲ့ရပါတယ်။ ပိုလန်မျိုးချစ်တွေ ဦးစီးဖွင့်လှစ်တဲ့ (အမျိုးသမီးများပါ တက်ရောက်နိုင်တဲ့) မြေအောက်တက္ကသိုလ်တခုမှာ တဘက်ကဘော်ဒါစောင့်လုပ်ရင်း စာသင်ခဲ့ရတာပါ။ အဲဒီက အောင်ပြန်တော့ အထက်တန်းပညာရပ်တွေကို ပြင်သစ်မှာသွားသင်ဖို့ ၂နှစ်လောက် အလုပ်လုပ်ပြီး ငွေစုရပါတယ်။ ၁၈၉၁မှာ ပြင်သစ်ကိုရောက်လာပြီး ဂိုဒေါင်အပေါ်က ထပ်ခိုးလေးမှာငှားနေရပြီး နေ့ကျောင်းတက်၊ ညဘက်မှာ ငွေဝင်လမ်းအတွက် ကျူရှင်ပြနဲ့ အအေးဒါဏ်၊ အငတ်ဒါဏ်တွေကို ခါးစီးခံခဲ့ရပါတယ်။ အာဟာရမလုံလောက်မှုကြောင့် မကြာခန မူးလဲတာတွေဖြစ်ခဲ့ပါတယ်။ ၁၈၉၅ မှာ ပြင်သစ်သိပွံပညာရှင် ပီရဲလ်ကျူရီနဲ့ လက်ထပ်ခဲ့ပါတယ်။

ပီရဲလ်က  တက္ကသိုလ်ဓာတ်ခွဲခန်းတာဝန်ခံ ဖြစ်လေတော့ အဲဒီဓာတ်ခွဲခန်းမှာ အလုပ်လုပ်နိုင်ဖို့အတွက်ရော၊ ကိုယ့်တိုင်းပြည်ပြန်ရရေး စဉ်းစားနေတဲ့သူမကို ပိုလန်ပြန်တဲ့တနေ့ သူလည်းလိုက်ပါ့မယ်လို့ ဂတိပေးတဲ့အတွက်ရော လက်ထပ်ဖြစ်ကြတာပါ။ အဲဒီမင်္ဂလာပွဲမှာဝတ်ခဲ့တဲ့ သတို့သမီးဝတ်စုံအပြာရင့် ချည်ထည်ဂါဝန်ကို ကိုမဒမ်ကျူရီက ဓာတ်ခွဲခန်းဝတ်စုံအဖြစ် တောက်လျှောက် ၀တ်ခဲ့ပါတယ်။ သူ့မှာဝတ်စုံအကောင်းကလည်း ဒီတထည်ပဲ ရှိရှာပါတယ်။

ဒိနောက် ဇနီးမောင်နှံ(၂) ယောက်ပေါင်းပြီး ရေဒီယိုဓာတ်ကြွဓာတ်တမျိုးကို သတ္တုရိုင်းတုံးများက သန့်စင် ထုတ်ယူခဲ့ပြီး အမိနိုင်ငံကို ဂုဏ်ပြုတဲ့အနေနဲ့  ပိုလိုနီယမ် (Polonium) လို့ အမည်ပေးခဲ့ပါတယ်။ အဲဒီအချိန်ကပိုလန်က လွတ်လပ်တဲ့နိုင်ငံ မဟုတ်သေးပါဘူး။ ဒါကိုသတိရဖို့အတွက် သူမက ဒီနံမည်ကိုပေးတာပါ။ အဲဒီကမှတဆင့် ရေဒီယိုဓာတ်ကြွပစ္စည်းများ အမျိုးမျိုးထွက်ပေါ်လာခဲ့ပြီး ရူပဗေဒပညာရပ်ဟာလည်း ဖွံ့ဖြိုးတိုးတက်လာပြီး လူသားများကို အကျိုးပြုလာတာဟာ ဒီနေ့ ဒီအခြေအနေ ရောက်လာတာပါပဲ။ အဲဒါတွေ အခြေခံပြီး ဓာတ်ရောင်ခြည်ကုသထုံး (radiotherapy) ပေါ်လာတာပါ။

ကျူရီတို့ဇနီးမောင်နှံဟာ ပညာရှင်တချို့ရဲ့စာတမ်းတွေကရတဲ့ အစအနများကနေ အလွန်စူးရှထက်မျက်စွာ အလွန်လုံ့လ ဇွဲ ၀ိရိယကြီးစွာ အလွန်ဆင်းရဲကြပ်တည်းစွာ(မိုးမလုံ လေမလုံမြင်းတင်းကုပ်သာသာတဲထဲမှာ) သုတေသနပြုလုပ်ပြီး လူသားများအတွက်အလွန်အဖိုးတန်တဲ့ ဓာတုပစ္စည်းတွေကို ရှာဖွေပေးခဲ့ပါတယ်။ဆေးပညာလောကအတွက်လည်း အလွန်အသုံးဝင်တဲ့အရာတွေဖြစ်လို့ လူသားအများအပြားကိုလည်း ကယ်တင်နိုင်ခဲ့ပါတယ်။

၁၉၀၃ခုနှစ် သူတို့ဇနီးမောင်နှံ နိုဗယ်ဆုကို ပူးတွဲ ရရှိခဲ့ပါတယ်။ ဒီတွေ့ရှိမှုရဲ့အဓိကဇာတ်ကောင်ဟာသူ့ဇနီးဖြစ်တဲ့အတွက် သူ့ဇနီးကိုပူးတွဲမပေးရင် သူ ဒီဆုမယူဘူး လို့ ပီရဲလ်က အကြပ်ကိုင်လို့သာ မဒမ်ကျူရီကို တွဲပေးတာပါ။ အမျိုးသမီးထဲက ပထမဆုံးနိုဗယ်လ်ဆုရသူ ဖြစ်သွားခဲ့ပါတယ်။ အဲဒါရပြီးနောက် သူတို့ဘ၀ အနည်းငယ် ချောင်ချိသွားပါတယ်။ ကျန်လုပ်ဖေါ်ကိုင်ဘက်ပညာရှင်တွေကို ပေးပစ်ပြီး အဓိကကတော့ သူတို့ရဲ့သုတေသနလုပ်ငန်းများအတွက်ပဲ သုံးစွဲခဲ့ပါတယ်။ သူတို့(၂)ယောက်ရဲ့ဇာတ်လမ်းကလည်း ပုံပြင်တပုဒ်လို ကမ္ဘာကျော်သွားခဲ့ပါတယ်။

၁၉၀၆ခုနှစ်မှာ ခင်ပွန်းသည် ပီရဲလ် မြင်းရထားတိုက်ခံရပြီး ရုတ်တရက် ကွယ်လွန်သွားခဲ့ရပါတယ်။ သူမအတွက် အလွန်ကြီးမားတဲ့ လောကဓံလှိုင်းလုံးဖြစ်ပေမဲ့ တည်တည်ငြိမ်ငြိမ်ပဲ ကျော်ဖြတ်ခဲ့ပါတယ်။ မုဆိုးမပင်စင်ကို မယူပဲ ကွယ်လွန်သူခင်ပွန်းသည်ရဲ့ ပါမောက္ခရာထူးကိုပဲ ယူတာဖြစ်လို့ ပြင်သစ်တက္ကသိုလ်ရဲ့ ပထမဆုံးအမျိုးသမီးပါမောက္ခ ဖြစ်လာပါတယ်။

သမီး (၂) ယောက် (၉နှစ် ၊ ၃နှစ်) ကျန်ခဲ့ပါတယ်။ ကလေးတွေကို အမိနိုင်ငံမမေ့စေဖို့ ပိုလန်စကား ပိုလန်စာ၊ ပိုလန်ယဉ်ကျေးမှုတွေကို သီးခြားဆရာနဲ့ သင်ကြားပေးခဲ့ပါတယ်။ အခွင့်ရရင်ရသလို ပိုလန်ကို အလည်အပတ်ခရီး  ခေါ်သွားတတ်ပါတယ်။

အဲဒီကာလက ပြင်သစ်မှာ နိုင်ငံခြားသားမုန်းတီးမှုစိတ်ဓာတ်များ ကြီးထွားလာနေမှုကြောင့် မဒမ်ကျူရီခမျာ  တခါတရံ အိမ်တောင်ပြန်မအိပ်ရဲဘဲ၊ မိတ်ဆွေအိမ်တွေမှာ ပုန်းအိပ်ရပါတယ်။ လုပ်ဖေါ်ကိုင်ဖက်တချို့ရဲ့ ဂျောက်တွန်းမှုအမျိုးမျိုး ၊ သွားပုပ်လေလွင့်ပြောဆိုမှုအမျိုးမျိုးကိုလည်း ခံရရှာပါတယ်။

၁၉၁၁ခုမှာ ဓာတုဗေဒပညာရပ်အတွက်နိုဗယ်လ်ဆုကို ထပ်မံရရှိပါတယ်။ ဓာတ်မှန်ရိုက်ရာမှာအသုံးပြုနိုင်တဲ့ ရေဒီယမ်ဓာတ်ကို သန့်စင်ခွဲထုတ်ပေးနိုင်မှုကြောင့်ပါ။

ဒါ့အပြင် ၁၉၁၄ခုနှစ်အကုန်ပိုင်းလောက်မှာ မဒမ်ကျူရီဟာ အဲဒီရေဒီယမ်ကိုအသုံးပြုပြီး ဓာတ်မှန်ရိုက်နိုင်တဲ့ နယ်လှည့်ကားများ (အစီး၂၀ကျော်)ကို တီထွင်ထုတ်လုပ်ပြီး၊ သူကိုယ်တိုင်ကားမောင်းကာ ရှေ့တန်းက ဒါဏ်ရာရ ပြင်သစ်စစ်သားသန်းချီပြီး အသက်ကယ်ခဲ့ပါတယ်။

သူမဟာ ပြင်သစ်နိုင်ငံအတွက် နယ်ပယ်အသီးသီးမှာ ဂုဏ်သိက္ခာအမျိုးမျိုးကို သယ်ဆောင်ပေးခဲ့ပေမဲ့ ပြင်သစ်အစိုးရက ဘာမှဖြစ်ဖြစ်မြောက်မြောက် ဂုဏ်ပြုမှုတွေ မရှိခဲ့ပါဘူး။ ပြင်သစ်အကယ်ဒမီသိပွံပညာရှင်အဖွဲ့ဝင်အဖြစ်လည်း အမျိုးသမီးဖြစ်လို့ ရမသွားရှာပါဘူး။ (၁၉၉၅ခုနှစ် ပြင်သစ်သမတ မစ်တရောင်ခေတ်ကျမှ ငါတို့ရဲ့သမိုင်းအမှားတွေကို ပြင်ရမယ် ဆိုပြီး ကျူရီဇနီးမောင်နှံ(၂)ဦးလုံးရဲ့ ဂူသင်းချိုင်းတွေကို ပြင်သစ် အာဇာနည်သင်္ချိုင်းမှာ ပြောင်းရွှေ့ မြှုပ်နှံ ပေးခဲ့တာပါ။)

သူမဟာ မိမိရဲ့တွေ့ရှိချက်များကို ကိုယ်ပိုင်အဖြစ် မှတ်ပုံတင်ဘို့ ငြင်းဆိုခဲ့ပေမဲ့ (သုတေသနဌာန ကောင်းကောင်းတခုသာပေးပါ လို့ဘဲ တောင်းဆိုထားတာပါ။) အဲဒီပစ္စည်းတွေကို နယ်ပယ်အသီးသီးမှာ သုံးနိုင်တဲ့ကုန်ပစ္စည်းများ ထုတ်လုပ်ဖို့ အမေရိကားမှာ စက်ရုံတွေပေါ်ထွက်လာပါတယ်။ ရေဒီယမ် ၁ ဂရမ်ကို ဒေါ်လာ (၁)သိန်းနဲ့ ရောင်းစားနေကြပါပြီ။ ဒါ့ကြောင့် အမေရိကန်က မိတ်ဆွေများကသူမကိုဖိတ်ပြီး ရန်ပုံငွေရှာပေးခဲ့ပါတယ်။ အဲဒီကရတဲ့ ရန်ပုံငွေနဲ့ သူမ သုတေသနလုပ်ဖို့ ရေဒီယမ်ကို ပြန်ဝယ်ပေးခဲ့ပါတယ်။ အမေရိကန်က သူမကို သမတကအစ သူရဲကောင်းကြီးအဖြစ် အုံးအုံးကြွက်ကြွက် ကြိုဆိုခဲ့ပါတယ်။ သူမဟာ အဲဒီလိုကျော်ကြားမှုတွေကို မကြိုက်လှပေမဲ့ သုတေသနလုပ်ငန်းများအတွက် အရင်းအမြစ်များရလို့ လုပ်ဆောင်ရပါတယ်။

၁၉၂၀ မှာ သူမရဲ့ဓာတ်ခွဲခန်းလက်ထောက်များဖြစ်တဲ့ သူမ သမီးအကြီးနဲ့ သမက်တို့ နိုဗလ်ဆု ရရှိပြန်ပါတယ်။ ကမ္ဘာကျော် နိုဗလ်ဆု (၅) ဆုရ ကျူရီများ လို့ပြောစမှတ် ပြုခံရပါတယ်။

အနုမြူဓာတ်အားကြွပစ္စည်းအမျိုးမျိုးကို အကာအကွယ်မဲ့ နှစ်ရှည်လများ ကိုင်တွယ်လုပ်ဆောင်လာခဲ့ရမှုများကြောင့်ရော၊ အလုပ်ပင်ပန်းမှုဒါဏ်ကြောင့်ရော သူမကျန်းမာရေးဟာ ယိုယွင်းလာပြီး သွေးကင်ဆာရောဂါတမျိုးနဲ့ ၁၉၃၄ခုနှစ် အသက် (၆၇) နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ပြီးမှ သူမတို့ဇနီးမောင်နှံဟာ ပိုမိုကျော်ကြားလာပြီး လူသားများကောင်းကျိုးအတွက် ကိုယ်ကျိုးမဖက် စွမ်းဆောင်ပေးခဲ့သော အာဇာနည်များအဖြစ် တကမ္ဘာလုံးကသတ်မှတ်ခြင်းကို ခံရပါတယ်။ ၁၉၆၀ - ၇၀ ခုနှစ်များမှာတော့ မဒမ်ကျူရီဟာ အမျိုးသမီးများလွတ်မြောက်ရေးလှုပ်ရှားမှုရဲ့တံဆိပ် သင်္ကေတဖြစ်လာပါတော့တယ်။

မဒမ်ကျူရီက ကမ္ဘာကြီးကို ဘာအမွေအနှစ်တွေ ပေးခဲ့သလဲ။

သူမရဲ့အခြေခံစိတ်ဟာ တိုင်းချစ်ပြည်ချစ်စိတ်ပါ။ ငါ ပညာတတ်ရင် တိုင်းပြည်ပြန်ပြီး စာသင်ပေးမယ် ... ဆိုတဲ့ စိတ်ဓာတ်ကစတင်ပြီး အလွန်ကြီးမားတဲ့ ဇွဲလုံ့လနဲ့ အခက်အခဲ အတားအဆီးဟူသမျှ ကျော်နင်းခဲ့ပါတယ်။ သိပွံပညာကို သင်ကြားရင်း လူသားတွေအတွက် အကျိုးရှိနိုင်ကြောင်း တွေ့ရှိလာတဲ့အခါမှာလည်း အဲဒီလမ်းကြောင်းကို မဆုတ်မနစ်လိုက်ခဲ့ပါတယ်။

သူမတို့ရဲ့တွေ့ရှိချက်များကြောင့် ဆေးလောက၊ ဓာတုဗေဒလောက၊ ရူပဗေဒလောကများအတွက်အလွန် အကျိုးရှိခဲ့ပေမဲ့ သူတို့ခမျာမှာတော့ ဘာမှအကျိုးကျးဇူးမှ ခံစားမသွားရရှာပါဘူး။ ဒါကိုဘဲနှောင်းလူတွေက ကြည်ညိုမဆုံး လေးစားမဆုံးဖြစ်နေတာပါ။ သူတို့ရေးခဲ့တဲ့ မှတ်တမ်းစာအုပ်များဟာ နောက်ပိုင်းသုတေသီများအတွက် အလွန်အဖိုးတန်ပေမဲ့ ရေဒီယိုဓာတ်ကြွ ရောင်ခြည်တွေရှိနေလို့ အကာအကွယ်မပါဘဲ မကိုင်တွယ်ရပါဘူး။ (သူတို့ ဘယ်လောက်အန္တရာယ်တွေကြီးခဲ့တယ် ဆိုတာ တွေ့နိုင်ပါတယ်) ဒါကြောင့်ဘဲ သိပွံပညာရှင်ကြီး အဲလ်ဘတ်အိမ်းစတိန်းက ကျော်ကြားမှုက မဖျက်ဆီးနိုင်သူလို့ သူမကို ခေါ်ဆိုခဲ့ပြီး၊ အမေရိကန်သမတ ဟာဒင်ကတော့ သူမကိုဂုဏ်ပြုတဲ့ပွဲမှာ အကျော်ကြားဆုံး သိပွံပညာရှင်၊ မြင့်မြတ်သောအမျိုးသမီး၊ ကိုယ်ကျိုးစွန့်ဇနီးသည်၊ အကြင်နာကြီးသောမိခင်လို့ ခေါ်ဝေါ်ခဲ့ပါတယ်။

မဒမ်ကျူရီဟာ ကမ္ဘာလူသားတွေအတွက် အထူးသဖြင့် အမျိုးသမီးထုကြီးအတွက် လေးစားဖွယ်၊ အတုယူ အားကျဖွယ်သူရဲကောင်းကြီးအဖြစ် ထာဝစဉ် တည်ရှိနေပါလိမ့်မယ်။

မဒမ်ကျူရီစိတ်ဓာတ် ထာဝစဉ် အဓွန့်ရှည်ပါစေ။

လှကျော်ဇော
၈ - ၃ - ၂၀၁၇
ကမ္ဘာအမျိုးသမီးနေ့အတွက်နဲ့ ဆရာမကြီးဒေါ်ငွေ ကွယ်လွန်ခြင်း (၃)နှစ် မြောက်နေ့အတွက် အမှတ်တရ