ဆောင်းယွန်းလ ● မရေးဖြစ်ခဲ့တဲ့ ကဗျာ


ဆောင်းယွန်းလ ● မရေးဖြစ်ခဲ့တဲ့ ကဗျာ
(မိုးမခ) မတ် ၁၄၊ ၂၀၁၇

ဘယ်မှမရွေ့တဲ့နေ့တွေကို
ဂငယ်ကွေ့ ကွေ့ရင်း
ဘာသတင်းဖတ်ဖတ်
လူကိုခွေးကိုက်တဲ့အကြောင်းတွေနဲ့ တိုင်ပတ်တယ်။

ထိုင်မှတ်စရာ တရားရှာမတွေ့တာနဲ့
ခေတ်ပေါ်သီချင်းတွေနားထောင်တော့
ပြန်ဆိုတေး ကမ္ဘာကြီးထဲကိုရောက်နေပြန်ပေါ့။

မော့သောက်မိတဲ့ ကော်ဖီဟာ
ရေကျဲကျဲ ကော်ဖီမှုန့်နဲနဲနဲ့ သကြားထူထူထဲထဲ။

လူမှုရေးရာမှာ ဗီတာမင်ဓာတ်နဲနေလို့
လူလူသူသူဖြစ်ဖို့အတွက်
မြို့ပြအလယ်က လူအုပ်ကြီးထဲတိုးဝင်လိုက်မိမှ
တောနက်ကြီးထဲရောက်သွားသလို ခံစားရတယ်။

ဆက်ရန်မျှော်နေမိတဲ့ ပျော်ရွှင်ခြင်းဟာ
ပြန်ရှာမတွေ့နိုင်တော့တဲ့ ဒိုင်ယာရီစာအုပ်လေးထဲမှာ
လူစုံတက်စုံပြန်ဆုံရန် တောင်းတဲ့ဆုဟာ
မတော်တဆကျကွဲသွားတဲ့ ဖန်ခွက်ကလေးထဲမှာ။

ဒီလိုနဲ့
မရေးဖြစ်ခဲ့တဲ့ ကဗျာတွေသာ ပိုများလာခဲ့ရတာ။

ဆောင်းယွန်းလ
မတ်လ ၁၁ ရက်၊၂၀၁၇