မောင်စွမ်းရည် - အသက် ၈၀ပြည့်၊ ရွယ်တူများ

မောင်စွမ်းရည် နယူးယောက်နေအိမ်၊ ၈၀ပြည့်မွေးနေ့။ စမ်းစမ်းတင်၊ မေငြိမ်း၊ မောင်စွမ်းရည်၊ ဦးမောင်မောင်ခင်(ကိုပြားကြီး)၊ ကိုဂျေ။


မောင်စွမ်းရည် - အသက် ၈၀ပြည့်၊ ရွယ်တူများ
(မိုးမခ) မတ် ၆၊ ၂၀၁၇

ကျွန်တော် အသက် ၈၀ပြည့်သွားပြီဆိုတော့ 'သည်အရွယ် ဖိုးဖိုးတို့အရွယ်' ရောက်ပြီပေါ့။ 'ငါ ရှစ်ဆယ် ပြည့်ပြီဟေ့'လို့ တစ်နည်း ဂုဏ်ယူရသလို၊ ငါတော့ 'နီးပြီပေါ့' လို့ တစ်နည်းထိတ်လန့် သံဝေဂရစရာလဲ ကောင်း ပြီပေါ့နော်။ 'ရှစ်ဆယ်ပြည့်'လို့ ဆင်ခြင်ရန် ကိုယ်လိုသူလို ရှစ်ဆယ်ရွယ်တွေကိုလည်း စာရင်းလုပ်ကြည့်မိပါတယ်။

သက်ရှိထင်ရှား ရှစ်ဆယ်ပြည့်တွေကို စဉ်းစားတိုင်းထိပ်ဆုံးက ပြုံးဖြဲဖြဲပေါ်လာတတ်သူကတော့ သူငယ်ချင်း 'ဘကြီးမိုး' ခေါ် 'မောင်မိုးသူ' ခေါ် 'မောင်စိန်မြင့်'ပါပဲ။ မောင်မိုးသူရယ်၊ မောင်စွမ်းရည်တို့နဲ့အတူ မန်းတက္က သိုလ်ကို အတူရောက်ကြတဲ့ ကဗျာဆရာကြည်အောင်၊ ညွန့်အေး(အင်းဝ)၊ ကသာ ၀င်းကြွယ် ခေါ် ခင်မောင်ဝင်း၊ ဇော်ဇော်အောင် ခေါ် ဇော်မြင့်၊ ကိုကိုးကျွန်းအစာငတ်ခံတိုက်ပွဲမှာ ကျဆုံးသွားရှာတဲ့ သူငယ်ချင်းလေးမောင် (မြင်းခြံ)စတဲ့ ရဲဘော်သူငယ်ချင်းများကို စဉ်းစားမိပါတယ်။ အဲဒီအထဲမှာတော့ ဘကြီးမိုးရယ်၊ ဘကြီးစွမ်းရယ်၊ ကသာဝင်းကြွယ်ရယ်၊ သုံးယောက် သက်ရှိထင်ရှား ရှိနေကြပါသေးတယ်။ အားလုံး ၁၉၃၇ခုနှစ်ဖွားကြသူတွေပါ။

ကျွန်တော် '၈၀'ပြည့်မွေးနေ့မှာ ၀ါရှင်တန်က မိတ်ဆွေတစ်ခုလည်း နယူးယောက်ကိုရောက်လာကြ တယ်။ ညီအကို၊ မောင်နှမတွေဆိုပါတော့။ ကားမောင်းလာသူက တူအရင်း 'ဘုံဗုံ'တဲ့။ အဲဒီအထဲမှာ စင်သီယာစန်းစန်းတင်နဲ့ စင်သီယာမေငြိမ်းလည်းပါတယ်။ ကိုဂျေနဲ့ ကိုမောင်မောင်ခင်ခေါ် ကိုပြားကြီး သားအဖလည်းပါ တယ်။ ကိုပြားကြီးဆိုတာ သွားလေသူ-ကိုဝင်းတင်(ဟံသာဝတီဦးဝင်းတင်)ရဲ့ ညီဆိုပါတော့။ သူကလည်း ကျွန်တော်နဲ့ မွေးနှစ်တူ (၁၉၃၇)မွေးသူပါတဲ့။ သူကတော့ ရန်ကုန်ကပေါ့။ ရန်ကုန်မှာ သက်တူရွယ်တူရဲဘော် တစ်ယောက်ကတော့ စာရေးဆရာ 'အောင်သာ'ခေါ် ကျောင်းသားခေါင်းဆောင် ကိုလှရွှေပါပဲ။ ရဲဘော်ကြီးကိုလှရွှေတစ်ယောက် အတ္ထုပ္ပတ္တိကျမ်းကြီးတစ်စောင် အောင်မြင်စွာပြုစုပြီး ကျန်းကျန်းမာမာရှိနေတာကြာသိရလို့ ၀မ်းသာရပါတယ်။

ဗမာပြည်ကိုခေတ္တပြန်သွားတဲ့ ဗိုလ်ကြီးခင်မောင်ညွန့်ဆိုတာ ကြားဖူးကြမလား မသိပါ။ သူက ကျွန်တော် တို့မြင်းခြံမှာ နေဖူးသတဲ့။ သူ့အကိုက ထင်ရှားတဲ့ကျောင်းသားခေါင်းဆောင် ကိုခင်မောင်ဦးဖြစ်ပါတယ်။ မောင် သာနိုး၊ မောင်သာရ၊ မောင်သာလှတို့နဲ့ ခေတ်ပြိုင်တွေပေါ့။ 'အလံနီ ခင်မောင်ဦး'လို့လဲထင်ရှားပါတယ်။ သူ့ညီ ခင်မောင်ညွှန့်က မန္တလေး၊ အမှတ်(၁)မှ ကျွန်တော်နဲ့တစ်ကျောင်းတည်း နေခဲ့ဖူးတယ်။ ကျွန်တော်က အကြို ဆေးသင်တန်းကျောင်းသားဆိုတော့ အတန်းမတူလို့ တစ်ယောက်နဲ့တစ်ယောက် မသိကျွမ်းခဲ့ပါ။ အဲ-အဲ့ဒီလူက လည်း ၁၉၃၇မှာ မွေးဖွားတဲ့ ၈၀ပြည့်အမျိုးသားကြီးပါပဲ။ သူကလည်း ခေသူမဟုတ်၊ ဗိုလ်လက်ျာတို့ 'ထိုင်း'ဘက် တောခိုပြီး ၀န်ကြီးချုပ်ဦးနုနဲ့အတူ စစ်အာဏာရှင်တို့ပုန်ကန်ကြတော့ အတူပါလာခဲ့သူတစ်ဦးဖြစ်ပါတယ်။ ပြည်ပမှာ မျိုးချစ်တပ်မတော်သားဟောင်းများအဖွဲ့ ဥက္ကဋ္ဌပါ၊

ရှစ်ဆယ်က တစ်နှစ်ကျော်သွားပြီ။ ကိုယ်က အစ်ကိုခေါ်ရမယ်လူတွေထဲ ကိုယ့်အပေါင်းအသင်းတွေထဲ မှာရှိပါသေးတယ်။ ပန်းချီဝင်းဖေ၊ ကဗျာကိုလေး (အင်းဝဂုဏ်ရည်)နဲ့ ကျူရှင်ပဂေး လူမြင်ရင်ငေးရပါတဲ့ ဂုဏ်ထူး ကြီးသိန်းနိုင်တို့ပေါ့။ ၁၉၃၆၀-မွေးကြတဲ့ သူတို့သုံးယောက်က တစ်နှစ်စီကြီးကြတော့ ကိုယ့်အကိုတွေပေါ့လေ။ ခုနှစ်၊ ၄နှစ်ကြီးတဲ့အကိုများလဲ ကိုယ့်အပေါင်းအသင်းထဲမှာ ရှိပါတယ်။ 'နိုး'နဲ့ 'မိုး'ပေါ့။ ကိုသာနိုးနဲ့ ကိုတင်မိုးပါ။ သူတို့က ၁၉၃၃ခုနှစ်မွေးဖွားကြသူတွေပါ။ အစ်ကိုကြီးတွေပေါ့။ အစ်ကို ကိုတင်မိုးကတော့ ဆေးလိပ်ကြောင့် အသက်တိုသွားခဲ့ပါပြီ။

 ဆေးလိပ်ကို အစောကြီးဖြတ်ခဲ့သူဖြစ်တဲ့ အစ်ကိုသာနိုးက အသက်ရှည်နေပါတယ်။ သေချာပြန်ပြီးစဉ်းစားလိုက်တော့ အသက်ရှည်သူတွေဟာ ဆေးလိပ်မသောက်သူတွေ၊ ဆေးလိပ်အစောကြီး ဖြတ်ခဲ့သူတွေပဲဆိုတာ တွေ့ရပါတယ်။ ကိုသာနိုး၊ ပန်းချီဝင်းဖေ၊ ဂုဏ်ထူးသိန်းနိုင်၊ ကိုလေး(အင်းဝဂုဏ်ရည်)တို့ တာ ဆေးလိပ်မသောက်ကြပါ။ တင်မိုး၊ ကြည်အောင်၊ လေးမောင်(မြင်းခြံ)၊ ညွန့်အေး(အင်းဝ)စတဲ့ သူငယ်ချင်း များကတော့ ဆေးလိပ်ကို လက်ကမချသူတွေ ဖြစ်ကြပါတယ်။ ဆေးလိပ်မသောက်သူတွေ အသက်ရှည်ကြတာ ဟာ ဆေးလိပ်မသောက်ရုံသာမက၊ ဗျစ်ရည်၊ ဗျန်ဒီနည်းနည်းစီ မှီဝဲကြလို့ပဲလားလို့ ပြောကြည့်ချင်ပေမင့် ကိုလေးဆိုတဲ့ အင်းဝဂုဏ်ရည်မှာ ရှင်ရည်ရော သေရည်ကိုပါ လုံးဝသောက်သုံးသူမဟုတ်ပါ။ သေချာတာက တော့ ဆေးလိပ်လဲတို၊ အသက်တိုတတ်တာပါပဲ။ 'ဆေးလိပ်မရှူ၊ ဘိန်းမရှူ၊ ထိုသူ အသက်ရှည်ပေတဲ့'လို့ ဆိုရင် လည်းရပါတယ်။ 'အငန်အချို အသက်တို'လို့ ဆိုရင်လည်းရတာပဲ။ 'သကြားနဲ့ဆား၊ အလွန်စားသူကား အသက် တိုလိမ့်မည်'လို့ ပြောရင်လဲဖြစ်တာပါပဲ။ ကျုပ်တို့ ကိုတင်မိုးဟာ ဆားနဲ့သကြားကို အံ့သြလောက်အောင် စားနိုင် ပါတယ်။

အသက်ရှည်သူ သူငယ်ချင်းများဟာ အသက်တိုသူသူငယ်ချင်းများအကြောင်းကို အတ္တုပ္ပတ္တိရေးဖို့ တာဝန်ရှိမယ်ထင်ပါတယ်။ အသက်တိုရတဲ့အကြောင်းရင်းဟာ 'ဆေးလိပ်'ပဲဆိုတာလဲ ပေါ်လွင်အောင်ဖော်ပြပေး ရပါလိမ့်မယ်။ မောင်စွမ်းရည်ကတော့ သူ့ရဲ့ ၈၀ပြည့်နှစ် မွေးလမှာ၊ သူရဲ့သူငယ်ချင်း အသေစောသူ တင်မိုး အကြောင်းကို စာတစ်စောင်ပေတဖွဲ့ ပြုစုရေးသားလို့ပြီးသွားခဲ့ပါပြီ။ မိုးမခက ထုတ်ပါလိမ့်မယ်။ ဆေးလိပ်မ သောက်လို့ အသက်ရှည်နေတဲ့ ကိုလေး(အင်းဝဂုဏ်ရည်)ကလည်း၊ သူရဲ့သူငယ်ချင်း ဆေးလိပ်ကြောင့်အသက် တိုသူ ကဗျာဆရာကြည်အောင်ရဲ့ အတ္ထုပ္ပတ္တိကို ရေးဖွဲ့ရပါလိမ့်မယ်။ ဒါ-သူငယ်ချင်းတို့တာဝန်ပါ၊ ကိုလေးကြီး ဟာ လေးနေလို့ မဖြစ်ပါ။ သူငယ်ချင်းကြည်အောင်ရဲ့ အတ္ထုပ္ပတ္တိကိုရေးဖြစ်အောင်ရေးပါလို့ တိုက်တွန်းရင်း ၈၀ ပြည့် သူငယ်ချင်းများအကြောင်းကို နိဂုံးချုပ်လိုက်ရပါတယ်

ရှစ်ဆယ်ပြည့်ရွယ်တူ တစ်ဦး

မောင်စွမ်းရည်

၂၀၁၇ ဖေဖော်ဝါရီ ၂၈