ဗိုလ်ထက်မင်း - အမျိုးသားလုံခြုံရေးခြိမ်းခြောက်ခံရပြီဆိုရင် (၃)



ဗိုလ်ထက်မင်း - အမျိုးသားလုံခြုံရေးခြိမ်းခြောက်ခံရပြီဆိုရင် ဘယ်လိုစီမံချက်ရှိရင် ကောင်းမလဲ - ၃
(မိုးမခ) မတ် ၂၃၊ ၂၀၁၇
ဘီလူးဆိုင်းတီးသူ ရွာစားကြီး စိန်လဝ UWSA
၃၁။ UWSA က NCA ကို ပြင်းပြင်းထန်ထန်ဝေဖန်သလို ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသားများနဲ့  လှည့်တိုက်ပေးတဲ့စာ ထွက်လာရာ ကောက်နှူတ်ဖေါ်ပြပေးလိုက်ပါတယ်-

“ဦးသိန်းစိန်အစိုးရမှ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအထိ တစိုက်မတ်မတ် ဖော်ဆောင်နေ သော NCA ပုဒ်မ များမှာ လွန်စွာတရားမျှတမှုမရှိ” ဟု ထင်မြင်ကြောင်းလည်း UWSA စာတွင်ပါရှိပါတယ်။

‘ပြည်ထောင်စုအတွင်း ပြည်တွင်းစစ် တစ်နေ့ထက်တစ်နေ့ ပြန့်ကျဲလာခဲ့ပြီး အထူးသဖြင့် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၏ စစ်ပွဲပြင်းထန်မှုသည် မြန်မာ့သမိုင်းတွင် ဖြစ်ပွားခဲ့သော စစ်ပွဲများထက် ကျော်လွန်လာခဲ့သော ယခုအချိန်၌ အသိဉာဏ် အမြော်အမြင်ရှိကြသော ပုဂ္ဂိုလ်များအနေဖြင့် လက်ရှိ NCA စာချုပ်သည် သေဆုံးခဲ့ပြီဖြစ်၍ ဆက်လက်လျှောက်လှမ်းရန် မဖြစ်နိုင်တော့ဟု မြင်လာကြပါသည်’ ဟု ရေးသားထားပါတယ်။

‘ထို့ကြောင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကိစ္စ မည်သို့ဖြေရှင်းရမည်ဆိုသည့် ဦးတည်ချက်နှင့် နည်းလမ်းသစ်ကိုရှာဖွေ၍ လိပ်ခဲတည်းလည်းဖြစ်နေသော အခြေအနေကို ထိုးဖောက်ရန် လိုအပ်လာပါသည်’ ဟုလည်း ဆိုသည်။ UWSA အနေဖြင့် ဒေါ် အောင်ဆန်းစုကြည်ထံသို့ NCA ၏ အားနည်းချက်များကို ဆန်းစစ်ကာ နိုင်ငံရေးဖြေရှင်းသော နည်းလမ်းသစ်များ တင်ပြခဲ့သော်လည်း NCA ကိုသာ ဆက်လက်ဖော် ဆောင်နေသောကြောင့် ၎င်းအား ထောက်ခံမှုကျဆင်းလာကြောင်းလည်း ပါရှိသည်။ ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ပန်ခမ်းအစည်း အဝေး၏ ရည်ရွယ်ချက်ကို နားလည်သဘောပေါက်ပြီး အစည်းအဝေးမှ ဖွဲ့စည်းခဲ့သည့် နိုင်ငံရေးဆွေးနွေးမှုကော်မတီနှင့် လက်တွဲကာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို တစ်ဖန်ပြန်လည်ဖော်ဆောင် မည်ဆိုပါက ထောက်ခံမှု ပြန်လည်ခံယူရရှိနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ‘၀’ အဖွဲ့စာတွင် ပါရှိပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၄ ရက် အထိ ကျင်းပသည့် ပန်ခမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးခေါင်းဆောင်အစည်းအဝေး ထုတ်ပြန်ကြေညာချက်သည် ငြိမ်းချမ်းသောနည်းလမ်းဖြင့် နိုင်ငံရေးအရ လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်မှု အခက်အခဲများကို ဖြေရှင်းရန်ဖြစ်သည်ဟု UWSA က ဆိုသည်။ အဆိုပါ အစည်အဝေးသတင်းထုတ်ပြန်ကြေညာချက်ကို မီဒီယာများ၊ အစိုးရနှင့် တပ်မတော်တို့ဘက်က ပြင်းထန်သည့် တုံ့ပြန်ချက်များပေါ်ပေါက်ခဲ့သည် ဟုလည်း ရေးသားထားပါတယ်။ ပန်ခမ်း ထိပ်သီးအစည်းအဝေးတွင် အရေးကြီးသည် သဘောတူညီချက် ကိုးချက်ရရှိပြီး ယင်းကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းသောဗျူဟာသစ်အဖြစ် ပြည်ထောင်စု အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရှေ့သို့ ဆက်လက်ဖော်ဆောင်ရန် ဖြစ်သည်ဟု ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စစ်ရေးမဟာမိတ်ဖွဲ့ ၍ လက်နက်ကိုင်လမ်းစဉ်ဖြင့် ပြည်ထောင်စုအစိုးရနှင့် မြန်မာ့တပ်မတော်ကို ဆန့်ကျင်တော်လှန်မည် စသည့် ပြောကြားမှုများနှင့် သတင်းတင်ဆက်မှုများသည် ပန်ခမ်းထိပ်သီးအစည်းအဝေး၏ နိုင်ငံရေးရပ်တည်ချက်များကို ကိုယ်စားမပြုနိုင်ဘဲ အစည်းအဝေး အပေါ် အထင်အမြင်လွဲမှားမှုသာ ဖြစ်ပေါ်စေသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိပါတယ်။

ပန်ခမ်းအစည်းအဝေး သတင်းထုတ်ပြန်ချက်သည် အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးမှုများကို ငြင်းပယ်ခြင်း မဟုတ်၍ တပ်မတော်နှင့်အစိုးရ တို့က အစည်းအဝေးကြေညာ ချက်ကို မည်သို့ပင်သဘောမကျ သည်ဖြစ်စေ အပြုသဘောဆောင် သော နိုင်ငံရေးသဘောထားဖြင့် နိုင်ငံတော်၏ ယဉ်ကျေးမှုသိက္ခာ ကို ဖော်ပြသင့်ကြောင်း  ‘၀’လက်နက်ကိုင်အဖွဲ့ (UWSA) က သတင်းထုတ်ပြန်ပါတယ်။

၃၂။ ၀ ကနိုင်ငံတော်၏ယဉ်ကျေးမှုသိက္ခာကို ဖော်ပြသင့်တယ်လို့ ဆိုရင်- ဒေါ်အောင်ဆန်းစုကြည်အား တိုင်းရင်သားတွေက ထောက်ခံမှူကျဆင်းတယ်လို့ စွပ်စွဲထားရာ ဒါဆိုရင် ဘယ်ပေတံနဲ့တိုင်းပါသလဲ?၊ အခြားတိုင်းရင်းသားပါတီကြီးက ခေါင်းဆောင်တစ်ဦးရဲ့စကားကို ယူသုံးတာလား၊ သံသယဖြစ်မိပါတယ်။ ဒေါ်စုကို ထောက်ခံမှုကျဆင်းနေတာဟာ ၀ နယ်က ဆိုရင် မှန်ကောင်း မှန်နိုင်ပေမဲ့ ဒါတောင် ယခင်ရွေးကောက်ပွဲတွေကို ၀ နယ်မှာ ဘာလို့လွတ်လပ်စွာပေး မလုပ်ရဲရတာလဲ ဆိုတာမေးလိုပါတယ်။ ဒီမိုကရေစီဆိုတာနဲ့ လက်နက်ကိုင် အာဏာရှင်ဆိုတာ ပြဒါးတလမ်းသံတလမ်းဆိုတာ သဘောပေါက်ပုံမပေါ်သေးရင် ဒီမိုကရေစီအနှစ်သာရကို လေ့လာဖို့ လိုအပ်ပါသေးတယ်။။ ၂၁ ပင်လုံ ညီလာခံမှာ နေရာချထားရေး အဆင်မပြေတာလေးကိုဘဲ ကောက်ခါငင်ခါ ထွက်သွားတာကိုလည်း နိုင်ငံရေးယဉ်ကျေးမှုတခုတီထွင်ပြီး  လုပ်ပြနေတာလား မသိပါ။

၃၃။ ထိပ်သီးတွေတက်ရမည့် ၂၁ပင်လုံညီလာခံကို မိုင်းလားက တက်ပြီး ဝ က မြို့နယ်အဆင့်ရှိသူကိုသာ တမင်ရွေး ပြီးတက်ခိုင်းတာက နှိမ်တဲ့ချိုးတဲ့လုပ်ရပ်က ဝ ရဲ့ ယဉ်ကျေးမှုအသစ်လို့ ခေါ်ရမလား။  ဦးသိန်းစိန်လက်ထက်က နေမကောင်းချင်ယောင်ဆောင်နေရာ ရဟတ်ယာဉ်နဲ့ ညီလာခံကိုတက်လို့ရအောင် တကူးတက လုပ်ပေးမယ်ဆိုခဲ့တာတောင် ငြင်းဆန်ခဲ့ပေမဲ့ မိုင်းလားနယ်ကို ၀ ခေါင်းဆောင် သန်သန်မာမာကြီး သွားရောက် ညှိနှိုင်းမှုတွေ လုပ်နေတာမျိုးတွေ၊ လက်ရှိအစိုးရက ဆွေးနွေးဖို့ ဖိတ်ကြားနေတာတောင် နှာစေးသလိုနေတာ စတဲ့ပြုမူဆောင်ရွက်ချက်တွေဟာ တန်းတူရည်တူလိုတယ်လို့ အပြောတမျိုး၊ အလုပ်တမျိုး မညီတဲ့ ဝ ခေါင်းဆောင်တွေရဲ့ မောက်မာတဲ့အသွင်စရိုက်လက္ခဏာလို့ဘဲ သတ်မှတ်ရမလို ဖြစ်ပါတယ်။ ဒီနေ့ မြန်မာနိုင်ငံလူထုအများစု (တိုင်းရင်သားများကပါ) က ဝ ဟာ ဝ ပီပီ လူပါးကို ဝ တယ်လို့ ပြောနေကြတာမျိုး မကြားလိုလို့ ပြောရတာဖြစ်ပါတယ်။

၃၄။ တခြားတိုင်းရင်းသားတွေထက် အခွင့်အရေး ပိုရတဲ့ဝတွေဟာ ဦးခင့်ညွန့်အားကိုးနဲ့ မြန်မာနိုင်ငံရဲ့သယံဇာတ၊ ဖုန်း၊ ကားပါမစ်ကအစ စီးပွားရေးအခွင့်အလမ်းသိမ်းကျုံးယူကာ သူတို့ကျတော့ မြိုတော်တွေ ချောင်းပေါက်မတတ် သွားးပြီး သူတို့နယ်မြေထဲ အစိုးရ၀န်ထမ်းတွေလာမယ်လုပ်တော့ ကန့်သတ်ချက်တွေနဲ့ ချုပ်ချယ်ထားတာတွေ ရှိတာမို့ တန်းတူရည်တူဆိုတာ အဲဒါကို ပြောတာလားလို့ ၀ ခေါင်းဆောင်တွေကို မေးလိုပါတယ်။ လိုရင်းပြောရရင် ၀ တွေဟာ နိုင်ငံရေးပါး မ၀သေးဖူးလို့ ပြောရပါမယ်။ ယခုတလောကြေညာချက်တွေဟာ နိုင်ငံရေးသုတေသီတစ်ဦးကိုအကြံပေးအဖြစ် အငှားစကားလုံးတွေလား ဒါမှမဟုတ် နောက်ကွယ်မှ နိုင်ငံရေးယဉ်ကျေးမှုရင့်ကျက်တဲ့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ရဲ့ အာဘော်တွေပါနေဟန်တူပါတယ်။ ဘာလို့လဲဆိုတော့ သမ္မတဟောင်းဦးသိန်းစိန်က NCA လက်မှတ်ထိုးခိုင်းတော့ သူတို့က အနောက်နိုင်ငံတွေပါလို့ ယူနန်ပြည်နယ်က မထိုးခိုင်းဖူးဆိုပြီး ပေါ်တင်ကြီးထုတ်ပြန်ခဲ့ဖူးရာ နိုင်ငံရေးအသုံးအနူံးမကျွမ်းကျင်မှန်း သိသာလှပါတယ်။ နောက်တခုက ယခုပန်ဆန်းကြေညာချက်ထဲမှာ တရုတ်အကျိုးစီးပွါးပါဝင်နေရာ (တရုတ်ပြည်၏ ပိုးလမ်းမစီမံကိန်းတွေအကြောင်း) တရုတ်ကွန်မြူနစ်ပါတီက လွမ်းမိုးနေပြီလားလို့ မေးစရာဖြစ်ပါတယ်။

၃၅။ ၀ တွေကို သတိပေးချင်တာက ဗကပ ကို နာကျည်းလို့ ပုန်ကန်ခဲ့ပြီးပြီ၊ ကိုယ့်ကျိုးစီးပွားနဲ့ပတ်သက်
လာရင် တပည့်ဗကပကို ရက်ရက်စက်စက် ပစ်ခွာခဲ့တဲ့ တရုတ်တို့ရဲ့ သမိုင်းစာမျက်နာ မှင်မချောက်သေးဖူးဆိုတာ သတိရစေလိုပါတယ်။ NCA စာချုပ်ကို မကောင်းဖူးလို့ လက်ညှိးထိုးနေရင် ဝ ဆွဲတဲ့ စာချုပ်က ဘယ်မှာလဲ၊ တရုတ်က ရေးဆွဲနေမှာလား၊ ဘုံပျောက်တော့မည့် မြောက်ပိုင်းအဖွဲ့တွေက ကန့်လန့်ကာနောက်ကွယ်က ရေးပေးတာကို ဖတ်ပြမှာလား။ KIA ဒါရိုက်တာကြီးရဲ့အစီအမံလား မေးချင်ပါတယ်၊ NCA စတင်ကတည်းက တက်ရောက်လေ့လာသင့်ပြီး သဘောမတွေ့ပါက ကန့်ကွက်ဆွေးနွေးလို့ရလျှက်သားနဲ့ အခုညီလာခံက အရှိန်ရပြီးလုပ်နေတာကို မျက်ကွယ်ပြုပြီး သေသွားပြီ ... ဒီစာချုပ်အချက်တွေက လွန်စွာ တရားမျှတမှုမရှိဖူးလို့ မျက်စိပိတ်အော်နေတာကျတော့ ဆွေးနွေးပွဲစကားဝိုင်းမလိုလားသလို နိုင်ငံရေးရင့်ကျက်မှု မရှိတာပေါ်လွင်နေပါတယ်။

၃၆။ ယနေ့ မီဒီယာအချို့မှာ ပန်ဆန်း (ပန်ခမ်း) စာချုပ်ကို ကြိုဆိုဖို့ လော်ဘီလုပ်နေတဲ့ စာရေးဆရာများဟာ မိမိလိုင်းတင်မည့် ဝနဲ့ အပေါင်းအပါ ခေါင်းဆောင်တွေရဲ့သမိုင်းကြောင်းလှ၊ မလှဆန်းစစ်ပြီးမှ ထောက်ခံချက်ရေးသင့်ပါတယ်။ မူးယစ်ဆေးဝါးရာဇာကြီးလား၊ အာဏာရှင်ကြီးလား၊ တရုတ်သြဇာခံလား၊ ယခင်စစ်အာဏာရှင်နဲ့ ပေါင်းစားခဲ့တဲ့သူတွေလား၊ သူတို့တိုင်းရင်းသား လူထုအတွက် ဘယ်လောက်ကောင်းအောင် အနစ်နာခံလုပ်ခဲ့ပြီးလဲ။ နှစ်နိုင်ငံမှတ်ပုံတင် ကိုင်သူတွေလား ၊ သူတို့သားသမီးတွေ နိုင်ငံခြားမှာ ကျောင်းတက်ကာ ချမ်းသာသူတွေလား၊ လေ့လာဖို့လိုသလို ပြည်ထောင်စုပြိုကွဲတာကို အားပေးချင်လို့၊ ဒို့တာဝန်အရေး ၃ ပါးနဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ရောကြိတ်ရုံတင် အားမရဘဲ မဆီမဆိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ နိုင်ငံတကာကပါ ရေးဆွဲအသိအမှတ်ပြုထားတဲ့ NCA ကိုပါ ထွက်ပေါက် ပိတ်တယ်ဆိုပြီး အဖျားခတ် မရေးသားဖို့ တိုက်တွန်းလိုပါတယ်။

၃၇။ UWSA ကို သတိပေးချင်တာက မိမိအင်အားတောင့်တယ်ဆိုတိုင်း မာန်မာနနဲ့ ကန့်လန့်တိုက်မယ် ဆိုရင် မှားပါလိမ့်မယ်။ လူအင်အားအဓိကမကျဘဲ နည်းပညာနဲ့ လက်နက်ဆန်းတွေနဲ့ ပြည်သူလူထု ထောက်ခံမှုက စစ်ပွဲအဆုံးအဖြတ်ပေးပါတယ်။ တပ်မတော်ကသုံးနေတဲ့ လက်နက်တွေဟာ တိုင်းရင်းသားတွေ၊ အချင်းချင်းမို့  သက်ညှာနေတာ သဘောပေါက်စေလိုတယ်။ တရုတ်လက်နက်တွေထုတ် သုံးလာရင် အင်အားပြင်းတဲ့ လက်နက်သုံးဖို့ အဆင့်သင့်ဘဲဆိုတာ သတင်းရထားပါတယ်။ ၀ ကစပြီး မတိုက်တာသိပေမဲ့ ဖုန်ကြားရှင်လို လူမျိုးကို ဖမ်းဆီးဖို့ တားဆီးလာရင် ဝေရှောက်ခန်းတို့ကံကြမ္မာကို တာဝန်ယူတော့မှာ မဟုတ်ဖူးဆိုတာ သိစေလိုပါတယ်။

၃၈။ ယနေ့ဒေါ်အောင်ဆန်းစုကြည်ကို ၀ က ဘယ်လိုဘဲ ထောက်ခံမှူ ကျဆင်းတယ် ပြောပေမဲ့ တိုင်းရင်းသား ရိုးသားကြောက်ရွံမှူကို အသုံးချကာ သူပုန်ခေါင်းဆောင်များက သွေးထိုးလှုံဆော်မှုစနက် အနည်းနဲ့အများရှိပါတယ်။ သူတို့ကို မီးမောင်းထိုးပြလိုတာက ပြည်တွင်းတိုင်းရင်းသားပါတီကြီးခေါင်းဆောင်တွေက ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်လာရင် သူတို့ မဲတွေ ပါကုန်မယ်၊ မလာပါနဲ့လို့ စိုးရိမ်တဲ့အသံကို ကြားမိဟန် မတူကြပါ။ သတ္တိရှိရင် ဝ တပ်နဲ့ခေါင်းဆောင်တွေ ချင်းတောင်တန်းပေါ် ခဏသွားနေကာ ဝ နယ်ရွေးကောက်ပွဲမှာ ဘယ်သူ နိုင်၊ မနိုင် စိန်ခေါ်ကြည့်လိုက်ရအောင်ပါ။ သူတို့ခေါင်းဆောင်ပိုင်း လက်တဆုပ်စာလောက်က သေချာစွာ မဆွေးနွေးသေးဘဲနဲ့ လိုချင်တာမရနိုင်တော့ဖူးအထင်နဲ့ ထင်ရာ မြင်ရာတွေ စွပ်စွဲနေတာ မရင့်ကျက်ဖူးဆိုရပါမယ်။ တရုတ်နောက်မှာ ရှိတယ်ဆိုပြီး ကန့်လန့်တိုက်နေလို့ တရုတ်က တသက်လုံး ရပ်တည်ပေးလိမ့်မယ် ဆိုတဲ့ တွက်ကိန်းမှားသွားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီတကြိမ်ခွင့်ပြုတာဟာ  နောက်ဆုံးလို့ကြားနေရပြီး တကယ်လို့ အစိုးရက တရုတ်ကို အကျိုးစီးပွါးမက်လုံးနဲ့ စည်းရုံးလိုက်ပါက ဗကပ လမ်းအတိုင်း ဝ လိုက်သွားရကာ တခါတည်း ဇာတ်သိမ်းသွားပါမယ်။

ကန့်လန့်ကာနောက်ကွယ်မှ ရုပ်သေးရုပ်ကြိုးဆွဲသူ တရုတ်
၃၉။ တရုတ်ဟာ မြန်မာ - တရုတ် နယ်စပ်မြောက်ပိုင်းဒေသအခြေအနေကို မျက်ခြည်မပြတ် ဂရုစိုက်နေကြောင်း မြန်မာ့အချင်းပွားဘက်များအနေနှင့် တတ်နိုင်သမျှ သည်းခံစိတ်ထားပြီး တိုက်ပွဲများ အပစ်အခတ်ချက်ချင်းရပ်စဲကာ အချင်းပွားမှုဆက် မပြင်းထန်စေရန် ပန်ကြားကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကိန်ရွှမ်က မတ်လ ၉ ရက်နေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။
MNDAA ၁၀၀ ခန့် မော်တော်ယာဉ် ၁၀ စီးဖြင့် အရပ်ဝတ်များဝတ်ဆင်ကာ တရုတ်နိုင်ငံ နမ်စန်မြို့မှ ထွက်ခွာ
လာကြပြီး BP 137 နေရာမှတဆင့် မိမိနယ်မြေအတွင်း စိမ့်ဝင်နေကြောင်း ... နံမည်ကြီး ရဲကျော်သူရ ဖေ့ဘုတ်မှာ သက်ဦးကရေးထားတဲ့ ဖြစ်စဉ်မျိုး အများကြီးရှိနိုင်ပါတယ်။ ဒါဆိုရင် တရုတ်က ကြိုတင်သိနေလို့ ဝင်ထွက်ရမည့် ဂိတ်ကို သတ်မှတ်ပေးနေတာလား၊ မလုပ်ဖို့ တားဆီးရမည့်ဝတ္တရား တရုတ်အစိုးရမှာ မရှိတော့ဖူးလား၊ ယူဆစရာဖြစ်လာလို့ ဆင်သေကို ဆိတ်သားရေနဲ့ဖုံးတယ်လို့ စွပ်စွဲရတာ ဖြစ်ပါတယ်။

၄၀။ နယ်စပ်မျဉ်းကို ကျောပေးထိုင်ထားတဲ့ ရန်သူစခန်းတွေကို တပ်မတော်က တိုက်ရင် ဂဏန်းလက်မပုံသာဝိုင်းလို့ တိုက်ခိုက်ရတာမို့ စခန်းများမှာ ထိုင်ထားတဲ့ ရန်သူရဲ့ပွိုင့်ဖိုတ်ကျည်၊စက်လတ်ကျည်၊ မော်တာ၊RPG ကျည်များဟာ နှစ်ပတ်ကျော်တဲ့အထိ ကုန်ခမ်းသွားတာမရှိဘဲ (တန်ချိန် ၁၂တန် ကုန်ပြီး) ဆက်လက်ပစ်ခတ်နိုင်တာဟာ တရုတ်နယ်စပ်မှ ဖြည့်ပေးလို့ဖြစ်ပါတယ်။ ဒီလိုဖြည့်ပေးနိုင်တာဟာ ဖုန်တာရွှင်တာဝန်ပေးချက်အရ ယူနန်ဒေသ အုပ်ချုပ်ရေးတာဝန်ခံတွေနဲ့ အပေးအယူ ရှိတဲ့ ရမ်ကွမ်း (တပ်မဟာ၂၁၁ တပ်မဟာမှူး၊BP127စခန်းကွပ်ကဲနေ) တရုတ်ရဲနဲ့ ပေါင်းပြီး အုပ်ချုပ်ထောက်ပံ့မှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

၄၁။ တရုတ်က မီးစတဖက် ရေမှုတ်တဖက် ကိုင်နေတယ်လို့ ဆောင်းပါးရှင် ဘားတစ်လစ်တနာက ဆိုထားပါတယ်။ ခရိုင်းမီးယားထက်ပိုဆိုးတဲ့ တရုတ်က ဗီယက်နမ်ကို ဝင်တိုက်တဲ့ ဖြစ်စဉ်လိုမျိုးအထိ တပ်မတော်က အဆိုးဆုံး အခြေအနေကို တွက်ထားလောက်ပါတယ်။ မကြားသေးခင် ဗီယက်နမ်နိုင်ငံကို တပ်ချုပ်သွားရောက်လည်ပတ်ခဲ့စဉ်က နိုင်ငံငယ်တွေ ခြိမ်းချောက်ခံနေရသေးတယ်ဆိုတာ ပြောခဲ့တာမို့ တရုတ်ကိုရည်ရွယ်တာလား ဆိုတာ ခန့်မှန်းမိပါတယ်။ အမေရိကန်နဲ့ တရုတ်စစ်တပ်ကို အနိုင်တိုက်နိုင်ခဲ့တဲ့ ဗီယက်နမ်စစ်တပ်ဟာ အရှေ့တောင်အာရှမှာ ထိပ်တန်း(၁)က ရပ်တည် နေရာယူဆဲဖြစ်ပြီး တရုတ်နဲ့ ရင်ဆိုင်ခဲ့တဲ့ အတွေ့အကြုံ ဖလှယ်နိုင်ပါတယ်။ အဲဒီတုံးက ဗီယက်နမ်ဟာ အမေရိကန်  sanction ရှိနေလို့ ရုရှားဆီက အကူအညိယူခဲ့ရပြီး တဦးတည်း ခံချခဲ့သူဖြစ်ပါတယ်။ 

ယခု မြန်မာနိုင်ငံကတော့ အနောက်နိုင်ငံတွေဟာ တပ်မတော်ကို sanction လုပ်ထားခြင်း ဖြစ်စဉ်တူလာနေပေမဲ့ ဥရောပ အီးယူနဲ့ အစ္စရေး၊ ရုရှားတို့ထံမှ အချိန်မရွေး  အကူအညီတောင်းခံနိုင်သလို မျိုးချစ်စိတ်ဓါတ်ကြောင့် အရေးကြုံလာရင် ဒေါ်အောင်ဆန်းစုကြည်က  အချိန်မရွေး sanction ရုပ်ဖို့ တောင်းဆိုပေးနိုင်ပါတယ်။ လက်ရှိအစိုးရဟာ ဦးသိန်းစိန်အစိုးရမဟုတ်ဘဲ လူထုထောက်ခံတဲ့အစိုးရဆိုတာ တရုတ်သတိပြုရပါမယ်။ တရုတ်ဟာ လက်နက်အင်အား လူအင်အား တောင့်တင်းခိုင်မာတာမှန်ပေမဲ့ မြန်မာလူမျိုးရဲ့ မျိုးချစ်စိတ်ဓါတ်ကို ကျော်လွန်နိုင်မယ် မထင်ပါ။ သမိုင်းကြောင်းအရ သမိန်ဗရမ်း၊ ဆင်ဖြူရှင်လက်ထက်မှသည် တရုတ်စစ်သားများ ပါဝင်ခဲ့တဲ့ ကွမ်းလုံရက်၄၀၊ စီစီဝမ် တာဖန်တိုက်ပွဲကြီးတွေအထိ တရုတ်က တခါမှ တပ်မတော်ကို အနိုင်ရတဲ့ ဖြစ်စဉ် လောက်လောက်လားလား မရှိခဲ့ပါ။ ဗီယက်နမ်နိုင်ငံမှာ တရုတ်အကျိုးစီးးပွါးကို လက်မခံတော့ဘဲ တရုတ်လူမျိုးများကို မောင်းထုတ်ကြရမှာ လေယာဉ်နဲ့ပြန်ပို့ခံရတုံးက ဒဏ်ရာတွေနဲ့ဆင်းလာတဲ့ ဖြစ်စဉ်ကို သင်ခန်းစာယူသင့်ပြီး မြန်မာနိုင်ငံအတွင်း တရုတ်အကျိုးစီးပွါး သုညအထိ မရောက်သွားအောင် မြန်မာစကားပုံ အရ ဘယ်သူ့မပြု ၊ မိမိ(တရုတ်) မှု အတိုင်း သတိထားဆင်ခြင်သင့်ပါတယ်။

၄၂။ နိုင်ငံတကာဖြစ်စဉ်တခုမှာ တရုတ်က ပြိုင်ဖက် ဂျပန်ကို မီးစတဖက်၊ ရေမှုတ်တဖက် ကစားချင်တာနဲ့
မြောက်ကိုးရီးယားကို ဒုံးတွေစမ်းသပ်နေတာကို မသိချင်ယောင်ဆောင်ပေးနေရာမှ အမေရိကန်က တရုတ်တွေ ကြောက်နေတဲ့ ပက်ထရစ်ရော့ ဒုံးခွင်းဒုံးကွန်ယက် လက်တွေ့ချလာမယ် လုပ်တော့မှ တရုတ်က မြောက်ကိုရီးယားကို ဒုံးအပစ်ရပ်ပါလို့ လေသံပြောင်းလာပါတော့တယ်။ 

ယခုလည်း UWSA က တိုက်ပွဲတွေမှာ ပါလာရင် တော့ အမေရိကန် စစ်သင်္ဘောတွေကို ရန်ကုန်ကို အလည်အပတ် ခေါ်ရမလိုဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့အစိုးရ တက်ခါစက တရုတ်နိုင်ငံခြားရေးဝန်ကြီးက လာဖိအားပေးတာကို ရုရှားဖျက်သင်္ဘောကြီးတွေ ချက်ခြင်းရောက်လာတဲ့ ဖြစ်စဉ်အား အမှတ်တရ ဖြစ်စေလိုပါတယ်။ ဆောင်းပါးအချောသတ်နေစဉ်မှာပင် အမေရိကန်ရေတပ် အမြန်ပို့ဆောင်ရေး စစ်သင်္ဘောကြီး USNS Fall River ဟာ(မတ်လ ၂၁ ရက်) မှာ ရန်ကုန်ဆိပ်ကမ်းသို့ တရားဝင်ချစ်ကြည် ရေးခရီးစဉ် ဆိုက်ကပ်ရောက်ရှိ လာခဲ့ပါတယ်။ အရှည်ပေပေါင်း ၃၃၇ ကျော်ရှိတဲ့ ဖောလ်ရေးဗား (တီ-အီး ပီအက်ဖ်-၄) စစ်သင်္ဘောကြီးဟာ အမေရိကန်ရေတပ် သင်္ဘောတစ်စီးအနေနဲ့ မြန်မာဆိပ်ကမ်း သို့ ပထမဆုံးအကြိမ် ၅ ရက်ကြာ လာရောက်လည်ပတ်သော တရားဝင်ခရီး စဉ်ဖြစ်ပြီး ပစိဖိတ် မိတ်ဖက်မှုကို ‘လူသားချင်းစာနာထောက် ထားမှုဆိုင်ရာအကူအညီနှင့် ဘေးအန္တာရာယ် ကယ်ဆယ်တုံ့ပြန်ရေး ကြိုတင်ပြင်ဆင်မှုမစ်ရှင်’ တစ်ခုအဖြစ် သတ်မှတ်ထားပေမဲ့ တရုတ်ကို တန်ပြန်သော အမေရိကန်၏  ‘ဝေဟင်-ရေပြင် တိုက်ပွဲ’ စီမံကိန်းများ၏ အခရာ ဖြစ်တဲ့ အမေရိကန်အမှတ် (၇) ရေတပ်သင်္ဘောမှာ ပစိဖိတ်မိတ်ဖက်မှုအစီအစဉ်မှာ ပါဝင်ပါတယ်။ ဒီစစ်သင်္ဘောကြီးဟာ ပို့ဆောင်ရေးသင်္ဘောဖြစ်တာနဲ့အညီ အမြန် Speedနဲ့ သွားလို့ရတာကြောင့် မြန်မာက အရေးပေါ်လိုအပ်ခဲ့ရင် လက်နက်ခဲယမ်းရိက္ခာပို့နိုင်ဖို့ ရေလမ်းကြောင်းတပါတည်း ကြည့်ရှူသွားနိုင်ပါတယ်။

၄၃။ တိုက်တိုက်ဆိုင်ဆိုင်လား၊ Power Game ကစားတာလား ၊တခုခုတော့ထူးခြားပါတယ်၊အဲ့ဒီ စစ်သင်္ဘောရောက်တဲ့ မတ်လ ၂၁ ရက်နေ့ တနေ့တည်းမှာပင် တပ်ချုပ်ဟာ တရုတ်သံအမတ်ကြီးကို ခေါ်တွေ့ခဲ့ပါတယ်။ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ၎င်းတို့ (မြောက်ပိုင်းအဖွဲ့ကိုဆိုလို) စစ်ရေးအရ အခြေအနေ ဖန်တီးနိုင်ခွင့် မရှိစေရန် ပူးပေါင်းဆောင်ရွက်ရေးတို့အား တပ်ချုပ်က ဆွေးနွေးပြောကြားခဲ့ကြောင်း၊ ဆက်လက်ပြီး သံအမတ်ကြီးက မြန်မာ-တရုတ်နယ်စပ်ကိစ္စရပ်များကြောင့် နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေးနှင့်  တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေမှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွင် ပါဝင်ညှိနှိုင်းဆောင်ရွက်ပေးမှုအခြေအနေများကို ရှင်းလင်းပြောကြား၍ လက်ရှိလောက်ကိုင် ဒေသဖြစ်စဉ်များနှင့်ပတ်သက်ပြီး မြေပြင်တွင် အမှန်တကယ်ဖြစ်ပျက်နေမှုအခြေအနေများ၊ နှစ်ဦးနှစ်ဖက်လုပ်ဆောင်နေမှုအခြေအနေများ၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက် ပူးပေါင်းလုပ်ဆောင်သွားမည့်  ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။

 မျိုးချစ်တပ်မတော်အရာရှိတစ်ဦးက အမေရိကန်စစ်သင်္ဘောရောက်ချိန်နဲ့ကိုက်ကာ power ပြထားပြီး မြောက်ပိုင်းအဖွဲ့ဟာ တရုတ်နယ်စပ်ကို အမှီပြုကာ စစ်ရေးအရတိုက်ကွက်ဖေါ်တာ ခွင့်မပြုဖို့ ပူးပေါင်းဆောင်ရွက်ရန်နဲ့ ယူနန်ပြည်နယ်က ပံ့ပိုးပေးနေမှူများကို ဗဟိုအစိုးရသိအောင် ပြောနေဟန်တူပြီး မှန်ကန်ပါက ဒီလိုပြတ်သားစွာ ပြောဆိုမှူကိုတော့ ကြိုဆိုရမှာ ဖြစ်တယ်လို့ စာရေးသူအား သဘောထားပေးသွားပါတယ်။ တရုတ်ဟာ အာရှမှာ ဗိုလ်ကျတတ်တယ် ဆိုတဲ့  အမေရိကန်သမ္မတဟောင်းအိုဘာမားလက်ထက်က စွပ်စွဲနေသလို မှန်နေသလားမသိတော့ပါ။ တရုတ်ရင်ထဲမှာ ဒီမိုကရေစီအစိုးရကို မလိုလားသူမှန်း ပြည်သူနဲ့တပ်မတော်က သိနှင့်ပြီးဖြစ်ပါတယ်။

၄၄။ ဒါကြောင့်လည်း တရုတ်စီမံကိန်းတွေကို လူထုက စိတ်ကုန်နေကို အစိုးရအဆက်ဆက်က အိမ်နီးချင်း
မိတ် မပျက်လိုတဲ့အတွက် ပြည်သူလူထုကို ဖျောင်းဖျနေရတဲ့ အစိုးရရဲ့ စိတ်ဒုက္ခကို နားလည်ပေးသင့်နေပါပြီ၊
တရုတ်အစိုးရဘက်က ငြိမ်းချမ်းရေး၊ နယ်စပ်တည်ငြိမ်ရေး ဘယ်လိုပဲ အသံကောင်းဟစ်နေပါစေ၊ တရုတ်
ကွန်မြူနစ်ပါတီနဲ့ တရုတ်ပြည်သူ့တပ်မတော်၊ ယူနန်ပြည်နယ်အစိုးရတို့က UWSA နဲ့ MNDAA ၊  KIAတို့ကို တဖက်လှည့်နဲ့ အားပေးနေတာ မြန်မာပြည်သူလူထုက ရိပ်မိနေပြီး မျိုးချစ်စိတ်ဓါတ် ထကြွလာရင် ပြည်တွင်းတရုတ်အကျိုးစီးပွါး ထိခိုက်လာနိုင်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်) 

(ဖြည့်စွက် - သည်ဆောင်းပါးမတင်ဆက်ခင်မှာ ဆောင်းပါးအာဘော်ကို သက်သေခံချက်တခုအဖြစ် တရုတ်အစိုးရက နယ်စပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုနဲ့ ဆိုင်တဲ့ ယူနန်ပြည်နယ်ထဲက ဘဏ်ာစာရင်းတခုကို ပိတ်ဆို့လိုက်တယ်လို့ ကြားသိရပါတယ်)